ဘုရားဖူးသွားကြစို့ -ဆရာ

From Wikisource
Jump to navigation Jump to search
ဗုဒ္ဓဘာသာသင်ခန်းစာ ပထမတန်း (ဆရာလမ်းညွှန်)
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
သင်ခန်းစာ (၇) ဘုရားဖူးသွားကြစို့ (ကျောင်းသားကိုင်သို့)
339258ဗုဒ္ဓဘာသာသင်ခန်းစာ ပထမတန်း (ဆရာလမ်းညွှန်) — သင်ခန်းစာ (၇) ဘုရားဖူးသွားကြစို့ (ကျောင်းသားကိုင်သို့)ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၇)

ဘုရားဖူးသွားကြစို့

သင်ယူမှုဦးတည်ချက် ။ ။ (က) ဘုရားဖူးသွားရောက်တတ်သော အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်လာစေရန်၊

(ခ) ဘုရားစေတီပုထိုးများတွင်ယဉ်ကျေးစွာ သွားလာပြုမူတတ်စေရန်။

စာသင်ချိန် (၁) ။ ။ ၃ဝ မိနစ်

သင်ထောက်ကူပစ္စည်း ။ ။ မွေတော်ကက္ကူ၊ ကျိုက္ခမီ ရေလယ်ဘုရား၊ ရွှေတိဂုံစေတီတော်၊ ကျိုက်ထီးရိုး စေတီတော်၊ အာနန္ဒာစေတီတော်၊ တောင်ကွဲစေတီတော်၊ မြောက်ဦးသျှစ် သောင်းဘုရား၊ ကောင်းမှုတော်စေတီတို့ ပါဝင်သော စေတီပုထိုးပုံ ရုပ်ပုံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍ကလေးများအား စေတီပုထိုးပုံအမျိုးမျိုးပြပြီး ရောက်ဖူးသောဘုရား၊ မရောက်ဖူးသောဘုရား ခွဲခြားခိုင်းပါ။

[သတိပြုရန် 1]

֍မိမိတို့ရပ်ကွက်ရှိ ဘုရားပုံနှင့် နှိုင်းယှဉ်ကြည့်ကြပါစေ။

֍“ဘယ်ဘုရားတွေကို ရောက်ဖူးသလဲ၊ ဘယ်သူတွေနဲ့ ဘယ်လိုသွားကြသလဲ ဟုမေးပါ။

မှတ်ချက် ။ ။ ရပ်ဝေးဒေသများတွင်ရှိသော ဘုရားများကို ကလေးများ သိရှိနိုင်လိမ့် မည် မဟုတ်ပေ။ သို့ရာတွင် ကလေးများ ကြားဖူးနားဝ ရှိစေရန်သာ ရည်ရွယ်ပြောပြခြင်း ဖြစ်သည်။

စာသင်ချိန် (၂)

သင်ထောက်ကူပစ္စည်း ။ ။ ပန်းခူးနေပုံ၊ ကိုယ်လက်သန့်စင်နေပုံ၊ သန့်ရှင်းသပ်ရပ်စွာ ဝတ်ဆင်ထားသော ကလေးပုံ၊ ပန်းစည်းကို ပွေ့ထားသော ကလေးပုံ၊ ဖိနပ်ချွတ်နေပုံ၊ ပန်းရေချမ်း ကပ်နေပုံ၊ ဘုရားရှိခိုးနေပုံ၊ စေတီတော်ပေါ်တွင် လှည့်လည်ဖူးမြော်နေပုံ ကတ်ပြားများ။

သင်ယူမှုလုပ်ငန်းစဉ်

“သားတို့၊ သမီးတို့ ဘုရားဖူးသွားရင် ဘယ်လိုသွားရမလဲဆိုတာကို ပြောပြမယ်”ဟု နိဒါန်းပျိုးပြီး ဘုရားဖူးသွားသည့် လုပ်ငန်းစဉ်များကို ရုပ်ပုံများဖြင့် ရှင်းလင်းပြောပြပါ။ ကျောင်းသားအရေအတွက်အပေါ် မူတည်ပြီး သင့်လျော်သလို အုပ်စုဖွဲ့ပါ။

֍ထို့နောက်

-ကိုယ်လက်သန့်စင်နေပုံ၊
-သန့်ရှင်းသပ်ရပ်စွာ ဝတ်ဆင်ထားသော ကလေးပုံ၊
- ပန်းစည်းကို ပွေ့ထားသော ကလေးပုံ၊
-ဖိနပ်ချွတ်နေပုံ၊
-ပန်းရေချမ်းကပ်နေပုံ၊
-ဘုရားရှိခိုးနေပုံ၊
-စေတီတော်ပေါ်တွင် လှည့်လည်ဖူးမြော်နေပုံ ကတ်ပြားများကို အုပ်စု အားလုံးအားဝေပေးပြီး ဘုရားဖူးသွားသည့် လုပ်ငန်းစဉ်များကို 

֍အစဉ်အတိုင်း စီခိုင်းပါ။ အစဉ်လိုက်မှန်ကန်အောင် ပထမဆုံး စီနိုင်သော အုပ်စုကို အနိုင်ပေးပါ။

စာသင်ချိန် (၃)

သင်ထောက်ကူပစ္စည်း ။ ။ ဘုရားဖူးသွားကြစို့ ကဗျာ။

သင်ယူမှုလုပ်ငန်းစဉ်

֍“ဘုရားပေါ်မှာ ဘာတွေ တွေ့ သလဲ၊ လူတွေ ဘာလုပ်နေသလဲ၊ ဘုရားပေါ်ရောက်ရင် ဘာတွေ လုပ်ရသလဲဟု မေးပြီး ဘုရားဖူးသွားခြင်း လုပ်ငန်းစဉ်များကို ပြန်လည် ပြောပြပါ။

֍ထို့နောက် ကဗျာကို ဟန်အမူအရာ၊ အသံနေအသံထားဖြင့် ရွတ်ဆိုပြပြီး ကဗျာ အဓိပ္ပာယ်ကို ကလေးများ နားလည်အောင် ရှင်းပြပါ။

ဘုရားဖူး သွားကြစို့

ဘယ်သွားမှာလဲ ကိုကြီးရယ်၊
ညီလေး လိုက်ချင်တယ်။
ကုန်းမြင့်ပေါ်ဝယ် တည်လို့ထား၊
စေတီတော်သို့ သွား။
အဝတ်အစား သပ်ရပ်စွာ၊
ဝတ်ဆင်ခဲ့ပါကွာ။
ရေချမ်းလှူကာ ပန်းကပ်လို့၊
ဘုရားရှိခိုးစို့။

֍ကဗျာရွတ်ဆိုပြီးသောအခါ ဘုရားဖူးသွားလျှင် ဘုရားပေါ်တွင် ပြေးလွှားဆော့ကစားခြင်း၊ အော်ဟစ်ခြင်း၊ စကားကျယ်ကျယ်ပြောခြင်း၊ ဘုရားရှိခိုးနေသူများကို အနှောင့် အယှက်ပေးခြင်းများ မပြုလုပ်ကြရန် ကလေးများအား အသိပေး ပြောပြပါ။

စာသင်ချိန် (၄)

သင်ထောက်ကူပစ္စည်း ။ ။ စေတီပုံများနှင့် ရောင်စုံခဲတံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍စေတီပုံများကို ဆေးခြယ်ကြပါစေ။

֍ပြီးစီးပါက ကလေးများအား ချီးကျူးစကား ပြောကြားပါ။

֍ထို့နောက် ငြိမ်သက်စွာ ထိုင်စေပြီး “ဆရာက သားတို့၊ သမီးတို့ကို ဆုမွန်ကောင်း တောင်းပေးမယ်၊ အားလုံး မျက်လုံးမှိတ်ထားရအောင်ဟု ပြောပါ။

֍ဆရာက အောက်ပါအတိုင်း ဆုမွန်ကောင်းတောင်းပေးပြီး စာသင်ချိန်ကို အဆုံးသတ်ပါ။ “သားတို့၊ သမီးတို့ ဘုရားစေတီတွေကို သွားပြီး ကုသိုလ်ကောင်းမှုတွေ ပြုလုပ်နိုင်ကြ ပါစေ၊ ဘုရားစေတီတွေပေါ်မှာလည်း ယဉ်ယဉ်ကျေးကျေး ပြုမူပြောဆိုသွားလာတဲ့ လိမ္မာတဲ့ ကလေးတွေ ဖြစ်ကြပါစေ

  1. ကလေးများအားလုံး ဖြေခွင့်ရပါစေ။