ဗြဟ္မဒတ္တဇာတ်

From Wikisource
Jump to navigation Jump to search
ပုံတော်စုံ ငါးရာငါးဆယ် ဇာတ်ဝတ္ထု by မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော်
၃၂၃။ ဗြဟ္မဒတ္တဇာတ် (၄-၃-၃)

စတုက္ကနိပါတ် - ကုဋိဒူသကဝဂ်

၃။ ဗြဟ္မဒတ္တဇာတ်

တောင်းလျှင်မုန်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် ဒွယံ ယာစနကော အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဗြဟ္မဒတ္တဇာတ်ကို အာဠဝီပြည်ကိုမှီ၍ အဂ္ဂါဠဝစတေီ၌ သီတင်း သုံးနေတော်မူစဉ် ကုဋိကာရသိက္ခာပုဒ်ကို အကြောင်းပြု၍ ဟောတော်မူ၏။ (ပစ္စုပ္ပန်ဝတ္ထုသည်ကား အောက် မဏိကဏ္ဌဇာတ်၌လာသလျှင်ကတည်း) ဤဗြဟ္မဒတ္တဇာတ်၌ကား သဗ္ဗညူ မြတ်စွာဘုရားသည် ရဟန်းတို့ သင်တို့သည် တောင်းခြင်းများကုန်လျှက် ဝိညတ်များကုန်လျက် နေကုန်သောဟူသည် မှန်သလောဟု မိန့်တော်မူ၍ ဘုန်းတော်ကြီးသော အရှင်ဘုရား မှန်ပေ၏ဟု နားတော်လျှောက်သည်ရှိသော် ထိုအာဠဝီရဟန်းတို့ကို ကဲ့ရဲ့တော်မူ၍ ရဟန်းတို့ ရှေးပညာရှိတို့သည် ရေမြေကို အစိုးရသော မင်းသည် ဘိတ်အပ်ကုန်လျှက်လည်း သစ်ရွက်ထီး, တလွှာ ဘိနပ်အစုံကို တောင်းလိုကုန်သည်ရှိသော် ဟိရိဩတ္တပ္ပ ပျက်အံ့သည်မှ ကြောက်ခြင်းကြောင့် လူများအလယ်၌ မဆိုမူ၍ ဆိတ်ကွယ် ရာအရပ်၌ ဆိုကုန်၏ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ကပိလတိုင်း ဥတ္တရပဉ္စာလမြို့၌ ဥတ္တရပဉ္စာလ မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် နိဂုံးရွာဝယ် ပုဏ္ဏားမျိုး၌ဖြစ်၍ အရွယ်ရောက်လတ်သော် တက္ကသိုလ်ပြည်၌ ခပ်သိမ်းသော အတတ်တို့ကိုသင်၍ နောင်အဘို့၌ ရသေ့ရဟန်းပြု၍ ဟိမဝန္တာ၌ ရှာမှီးအပ်သော တောသစ်မြစ် သစ်သီး ကြီးငယ်ဖြင့် မျှတလျက် ကြာမြင့်စွာနေ၍ ချဉ်ဆားမှီဝဲအံ့သောငှါ လူ့ပြည်သို့ လှည့်လည်သည်ရှိသော် ဥတ္တရပဉ္စာလမြို့သို့ရောက်၍ မင်း၏ဥယျာဉ်၌နေ၍ နက်ဖြန် ဆွမ်းခံသော် မြို့သို့ဝင်၍ မင်းအိမ်တံခါးသို့ ရောက်၏။ မင်းသည် ဘုရားလောင်း၏ ငြိမ်သက်ခြင်း၌ ကြည်ညို၍ မြတ်သောပြာသာဒ်အပြင်၌ နေ။ စေ၍ မင်းအားထိုက်သော ဘောဇဉ်ကို ဘုဉ်းပေးစေ၍ ဝန်ခံခြင်းကိုယူ၍ ဥယျာ၌လျှင် နေစေ၏။ ဘုရားလောင်းသည် တနေ့မပြတ် မင်းအိမ်၌လျှင် စားလျက်နေ၏။ မိုဃ်းကာလ လွန်လတ်သော် ဟိမဝန္တာသို့သွားလို၍ ခရီးသွားသော ငါ့အား တလွှာဘိနပ်နှင့် သစ်ရွက်ထီးကို ရခြင်းငှာ သင့်၏။ မင်းကို တောင်းအံ့ဟု ကြံ၏။ ကြံပြီး၍ ဘုရားလောင်းသည် တနေ့သ၌ ဥယျာဉ်သို့ လာ၍ ရှိခိုး၍ နေသော မင်းကို ဘိနပ်, ထီးကို တောင်းအံ့ဟု ကြံ၍ တဖန် သူတပါးကို ဤဥစ္စာကို ပေးပါဟု တောင်းသောသူသည် ငိုသည် မည်၏။ မရှိဟူ၍ဆိုသော ဥစ္စာရှင်သည်လည်း အတူ ငိုသောသူ မည်၏။ ငိုသောငါ့ကို လူများသည် မမြင်စေလင့်၊ အတူငိုသော မင်းကြီးကိုလည်း လူများသည် မမြင်စေလင့် ဆိတ်ကွယ်ရာအရပ်၌ နှစ်ယောက်ကုန်သော ငါတို့သည်လည်း ငို၍ ဆိတ်ဆိတ်ဖြစ်ကြ ကုန်အံ့ဟု ကြံ၏။ ကြံပြီး၍ ထိုအခါ မင်းကို မြတ်သောမင်းကြီး ဆိတ်ကွယ်ခြင်းကို အလိုရှိဟု ဆို၏။

မင်းသည် ထိုစကားကို ကြား၍ မင်းချင်းယောက်ျားတို့ကို ဖဲစေ၏။ ဘုရားလောင်းသည် ငါတောင်းသော် မင်းမပေးအံ့၊ ငါ့အား ချစ်ခြင်းသည် ပျက်လတ္တံ့၊ ထို့ကြောင့် ငါ မတောင်းဟု ထိုနေ့၌ ဘိနပ်၏အမည်ကို ယူခြင်းငှာ မတတ်နိုင်၍ မြတ်သောမင်းကြီး သွားဦးတော့၊ နောက်တနေ့မှ သိရအံ့ဟု ဆို၏။ နောက်တနေ့ မင်းသည် ဥယျာဉ်သို့ လာသောကာလ၌ ထို့အတူလျှင် ဆိုပြန်၏။ တဖန်လည်း ထို့အတူသာလျှင် ဆိုပြန်၏။ ဘုရားလောင်းသည် ဤသို့ တောင်းခြင်းငှာ မတတ်နိုင်ဘဲလျက်လျှင် တဆယ့်နှစ်နှစ်တို့သည် လွန်လေကုန်၏။ ထိုအခါ မင်းသည် ငါ၏အရှင်ကား မြတ်သောမင်းကြီး ဆိတ်ကွယ် ရာအရပ်ကို လို၏ဟုဆို၍ ပရိသတ်ကို ဖဲစေသော် တစုံတခုကို ဆိုခြင်းငှမဝံ့၊ ဆိုခြင်းငှာ အလိုရှိသော ငါ့အရှင်အား တဆယ့်နှစ်နှစ်တို့သည် လွန်ကုန်၏။ ကြာမြင့်စွာသော ကာလပတ်လုံး မြတ်သောအကျင့်ကို ကျင့်သောအရှင်သည် ငြီးငွေ့၍ မင်းစည်းစိမ်တို့ကို ခံစားလို၍ မင်းအဖြစ်ကို တောင့်တယောင်တကား၊ မင်းအဖြစ်၏ အမည်ကိုကား ထုတ်ဖော်အံ့သောငှာ မတတ်နိုင်၍ ဆိတ်ဆိတ် နေလောင်တကား၊ ယနေ့ ငါ၏ အရှင်အား ငါသည် မင်းအဖြစ်ကို အစပြု၍ အကြင်ဝတ္ထုကို အလိုရှိအံ့၊ ထိုဝတ္ထုကို ပေးအံ့ဟု ကြံ၏။ ကြံပြီး၍ ထိုမင်းသည် ဥယျာဉ်သို့သွား၍ ရှိခိုး၍ နေ၏။

ဘုရားလောင်းသည် ဆိတ်ကွယ်ရာ အရပ်ကို အလို ရှိ၏ဟု ဆိုလတ်သော် ပရိသတ်ကို ဖဲစေ၍ တစုံတခုကို ဆိုခြင်းငှာ မစွမ်းနိုင်သော ဘုရားလောင်းကို အရှင်ဘုရား အရှင်ဘုရားတို့သည် တဆယ့်နှစ်နှစ်တို့ပတ်လုံး ဆိတ်ကွယ်ရာအရပ်ကို အလိုရှိ၏ဟုဆို၍ ဆိတ်ကွယ်ရာကို ရသော်လည်း တစုံတခုကို ဆိုခြင်းငှါ မစွမ်းနိုင်ကုန်၊ အကျွန်ုပ်သည် အရှင်ဘုရားအား မင်းအဖြစ်ကို အစပြု၍ အလုံးစုံကို ဘိတ်၏။ ကြောက်ခြင်း မရှိသည်ဖြစ်၍ အကြင်ဝတ္ထုကို အလိုရှိ၏။ ထိုဝတ္ထုကို တောင်းကုန်လော့ဟု ဆို၏။ မြတ်သောမင်းကြီး အကြင်ဝတ္ထုကို တောင်းအံ့၊ ထိုဝတ္ထုကို ပေးအံ့လောဟု ဆို၏။ အရှင်ဘုရား ပေးအံ့ဟု ဆို၏။ မြတ်သောမင်းကြီး ခရီးသွားသော ငါ့အား တလွှာဘိနပ်ကို၎င်း၊ သစ်ရွက်ထီးကို၎င်း ရခြင်းငှါ သင့်၏။ အရှင်ဘုရား အရှင်ဘုရားတို့သည် ဤမျှလောက်သောဝတ္ထုကို တဆယ့်နှစ်နှစ်တို့ပတ်လုံး တောင်းခြင်းငှာ မစွမ်းနိုင်ကုန်သလောဟုဆို၏။ မြတ်သောမင်းကြီး မစွမ်းနိုင်သည် ဟုတ်၏ဟု ဆို၏။ အရှင်ဘုရား အဘယ့်ကြောင့် ဤသို့ပြုကုန်သနည်းဟု ဆို၏။ မြတ်သောမင်းကြီး ဤမည်သောဝတ္ထုကို ပေးပါလော့ဟု တောင်းသောသူသည် ငိုသည်မည်၏။ မရှိဟူ၍ ဆိုသောသူသည် အတူငိုသည် မည်၏။ တောင်းအပ်သော သင်သည် အကယ်၍ မပေးငြားအံ့၊ ထိုငါ၏ငိုခြင်း၊ သင်မင်းကြီး၏ အတုငိုခြင်း မည်သည်ကို လူများသည် မမြင်စေသ တည်းဟု ဆိတ်ကွယ်ရာကို တောင့်တ၏ဟု ပြလိုရကား-

၈၉။ ဒွယံ ယာစနကော ရာဇ၊ ဗြဟ္မဒတ္တ နိဂစ္ဆတိ။
အလာဘံ ဓနလာဘံ ဝါ၊ ဧဝံဓမ္မာ ဟိ ယာစနာ။

၉၀။ ယာစနံ ရောဒနံ အာဟု၊ ပဉ္စာလာနံ ရထေသဘ။
ယော ယာစနံ ပစ္စက္ခာတိ၊ တမာဟု ပဋိရောဒနံ။

၉၁။ မာ မဒ္ဒသံသု ရောဒန္တံ၊ ပဉ္စာလာ သုသမာဂတာ။
တုဝံ ဝါ ပဋိရောဒန္တံ၊ တသ္မာ ဣစ္ဆာမဟံ ရဟော။

ဟူသော ဤဂါထာတို့ကို ဆို၏။

၈၉။ ဗြဟ္မဒတ္တရာဇ၊ ဗြဟ္မဒတ်မင်း။ ယာစနကော၊ တောင်းသောသူသည်။ အလာဘံ ဝါ၊ ဥစ္စာကိုမရခြင်းကို၎င်း။ ဓနလာဘံ ဝါ၊ ဥစ္စာရခြင်းကို၎င်း။ ဣတိ၊ ဤသို့။ ဒွယံ၊ နှစ်ပါးသော သဘောသို့။ နိဂစ္ဆတိ၊ ရောက်တတ်၏။ ဟိ-သစ္စံ၊ မှန်၏။ ယာစနာ၊ တောင်းခြင်းတို့သည်။ ဧဝံဓမ္မာ၊ ဤသို့ ရခြင်း, မရခြင်း သဘောရှိကုန်၏။

၉၀။ ပဉ္စာလာနံ ရထေသဘ၊ ပဉ္စာလတိုင်း၏ အထွတ် အမြတ်ဖြစ်သော မင်းကြီး။ ယာစနံ၊ တောင်းခြင်းကို။ ပဏ္ဍိတာ၊ ပညာရှိတို့သည်။ ရောဒနံ၊ ငိုခြင်းဟူ၍။ အာဟု၊ ဆိုကုန်၏။ ယော၊ အကြင်သူသည်။ ယာစနံ၊ တောင်းခြင်းကို။ ပစ္စက္ခာတိ၊ ပယ်၏။ တံ၊ ထိုပယ်ခြင်းကို။ ပဏ္ဍိတာ၊ ပညာရှိသည်။ ပဋိရောဒနံ၊ အတူ ငိုခြင်းဟူ၍။ အာဟု၊ ဆိုကုန်၏။

၉၁။ ရောဒန္တံ၊ ငိုသော ငါ့ကို၎င်း။ ပဋိရောဒန္တံ၊ အတူငိုသော။ တုဝံ ဝါ၊ သင့်ကို၎င်း။ သုသမာဂတာ၊ အညီအညွှတ် ကောင်းစွာ လာကုန်သော။ ပဉ္စာလာ၊ ပဉ္စာလတိုင်းသူတို့သည်။ မာ အဒ္ဒသံသု၊ မမြင်စေကုန်သတည်းဟု။ မနသိကရောမိ၊ နှလုံးထား၏။ တသ္မာ၊ ထို့ကြောင့်။ အဟံ၊ ငါသည်။ ရဟော၊ ဆိတ်ကွယ်ရာအရပ်ကို။ ဣစ္ဆာမိ၊ အလိုရှိ၏။

မင်းသည် ဘုရားလောင်း၏ ရိုသေခြင်းလက္ခဏာ၌ ကြည်ညို၍ ဆုပေးလိုရကား-

၉၂။ ဒဒါမိ တေ ဗြာဟ္မဏ ရောဟိဏီနံ၊
ဂဝံ သဟဿံ သဟ ပုင်္ဂဝေန။
အရိယော ဟိ အရိယဿ ကထံ န ဒဇ္ဇာ၊
သုတွာန ဂါထာ တဝ ဓမ္မယုတ္တာ။

ဟူသော လေးခုမြောက်သောဤဂါထာကို ဆို၏။

၉၂။ ဗြာဟ္မဏ၊ မကောင်းမှုကို အပပြုသော ရှင်ရသေ့။ တေ၊ သင့်အား။ ပုင်္ဂဝေန၊ နွားလားနှင့်။ သဟ၊ တကွ။ ရောဟိဏီနံ ဂဝံ၊ နီသော အဆင်းရှိသော နွားမတို့၏။ သဟဿံ၊ တထောင်ကို။ ဒဒါမိ၊ ပေး၏။ ဟိ-သစ္စံ၊ မှန်၏။ တဝ၊ သင်၏။

ဓမ္မယုတ္တာ၊ တရားနှင့်ယှဉ်ကုန်သော။ ဂါထာ၊ စကားတို့ကို။ သုတွာန၊ နာရ၍။ အရိယော၊ မြတ်သောအကျင့်နှင့် ပြည့်စုံသောသူသည်။ အရိယဿ၊ မြတ်သောအကျင့်နှင့် ပြည့်စုံသောသူအား။ ကထံ န ဒဇ္ဇာ၊ အဘယ်ကြောင့် မလှူဘဲ နေအံ့နည်း။

ဘုရားလောင်းသည်ကား မြတ်သောမင်းကြီး ငါသည် ကိလေသာကာမ, ဝတ္ထုကာမတို့၌ အလိုမရှိ၊ အကြင် ထီး, ဘိနပ်ကို ငါသည် တောင်း၏။ ထို ထီး, ဘိနပ်ကိုသာလျှင် ငါ့အား ပေးလော့ဟု ဆို၍ တလွှာဘိနပ် သစ်ရွက်ထီးကိုယူ၍ မြတ်သောမင်းကြီး မမေ့လျော့ ဖြစ်လော့၊ အလှူပေးလော့၊ သီလစောင့်လော့၊ ဥပုသ်ဆောက်တည်လော့ဟု မင်းကို ဆုံးမ၍ မင်းတောင်းပန်စဉ်လျှင် ဟိမဝန္တာသို့ သွား၍ ထိုဟိမဝန္တာ၌ အဘိညာဉ်, သမာပတ်တို့ကို ဖြစ်စေ၍ ဗြဟ္မာပြည်သို့ လား၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ အာနန္ဒာသည် ထိုအခါ မင်း ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ရသေ့ ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

တောင်းသူ, ပယ်သူ၊ ငိုသည်ဟူ၊ တောင်းယူများက မုန်းတတ်လှ

သုံးခုတို့၏ပြည့်ကြောင်းဖြစ်သော ဗြဟ္မဒတ္တဇာတ်သည် ပြီး၏။

*****