ဗုဒ္ဓဘာသာ မိသားစု -ဆရာ

From Wikisource
Jump to navigation Jump to search
339269ဗုဒ္ဓဘာသာသင်ခန်းစာ ပထမတန်း (ဆရာလမ်းညွှန်) — သင်ခန်းစာ (၁၈) ဗုဒ္ဓဘာသာ မိသားစု (ကျောင်းသားကိုင်သို့)ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၁၈)

ဗုဒ္ဓဘာသာ မိသားစု

သင်ယူမှုဦးတည်ချက် ။ ။ ဗုဒ္ဓဘာသာ မိသားစုများ တစ်နေ့တာ ဆောင်ရွက်သည့်လုပ်ငန်းများကို သိရှိစေရန်။

စာသင်ချိန် (၁) ။ ။ ၃ဝ မိနစ်

သင်ထောက်ကူပစ္စည်း ။ ။ ဖတ်စာ၊ ဇာတ်လမ်း၊ ဗုဒ္ဓဘာသာမိသားစု သရုပ်ဖော်ပုံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍ဗုဒ္ဓဘာသာမိသားစု သရုပ်ဖော်ပုံများကို ကြည့်ရှုစေပြီး “သူတို့က ဘယ်သူတွေလဲ၊ ဘာလုပ်နေကြတာလဲ”ဟု မေးပါ။

[သတိပြုရန် 1]

֍အောက်ပါ ဗုဒ္ဓဘာသာမိသားစု ဖတ်စာကို ဖတ်ပြပါ။

ဗုဒ္ဓဘာသာမိသားစု

သားတို့အိမ်မှာ ဖေဖေက ဗုဒ္ဓဘာသာပါ။
မေမေကလည်း ဗုဒ္ဓဘာသာပါ။
ကိုကိုနဲ့ မမကလည်း ဗုဒ္ဓဘာသာပါ။
သားလည်း ဗုဒ္ဓဘာသာပဲ။
ဒါကြောင့် သားတို့မိသားစုလေးဟာ ဗုဒ္ဓဘာသာမိသားစုလေးပါ။

တိုးတိုးနှင့် မေမေ

တိုးတိုးက မေမေ့ဘေးတွင် စာထိုင်ဖတ်နေပြီး မေမေ့ကို လှမ်းကြည့်လိုက်သည်။ “မေမေ့ကို သားမေးစရာတစ်ခုရှိတယ်။ ဘာဖြစ်လို့ ဗုဒ္ဓဘာသာဝင်လို့ ခေါ်ကြတာလဲ မေမေ”။ “ဗုဒ္ဓဘုရားရှင်ရဲ့ အဆုံးအမတွေက ဘာတွေလဲ မေမေ” “မကောင်းတာတွေ မလုပ်ရဘူး၊ ကောင်းတာတွေကို လုပ်ရမယ်၊ စိတ်ကို ဖြူအောင် ထားရမယ်။ အဲဒါတွေက ဘုရားရှင်ရဲ့ အဆုံးအမတွေဖြစ်တယ် သားလေးရဲ့”

֍ထို့နောက် အောက်ပါမေးခွန်းများကို မေးပါ။

-သားတို့၊ သမီးတို့ကရော ဘယ် ဘာသာဝင်တွေလဲ။
-ဗုဒ္ဓဘုရားရဲ့ အဆုံးအမတွေကရော ဘာတွေလဲ။
-သားတို့၊ သမီးတို့ရော ဘာဖြစ်လို့ ဗုဒ္ဓဘာသာ ကိုးကွယ်တာလဲ။

စာသင်ချိန် (၂)

သင်ထောက်ကူပစ္စည်း ။ ။ ဗုဒ္ဓဘာသာမိသားစုပုံနှင့် ရောင်စုံခဲတံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍ဗုဒ္ဓဘာသာမိသားစုပုံကို ဆေးရောင်ခြယ်ကြပါစေ။

စာသင်ချိန် (၃)

သင်ထောက်ကူပစ္စည်း ။ ။ ဗုဒ္ဓဘာသာမိသားစု ရုပ်ပုံ။

သင်ယူမှုလုပ်ငန်းစဉ်

֍ဗုဒ္ဓဘာသာမိသားစု ရုပ်ပုံကို အတန်းရှေ့တွင် ချိတ်ဆွဲပြီး ကလေးများအား သေချာစွာ လေ့လာခိုင်းပါ။

֍“ဘယ်သူတွေ ဘာလုပ်နေကြလဲ”ဟု မေးပြီး ကလေးတိုင်းကို ဖြေခွင့်ပေးပါ။

֍“အဲဒီအလုပ်တွေကို ကလေးတို့ရော လုပ်သလား၊ အိမ်မှာ ဘယ်သူတွေ လုပ်သလဲ” စသည်ဖြင့် မေးမြန်းပါ။

ကလေးများအနေဖြင့် ကိုယ်တိုင် မလုပ်နိုင်သေးလျှင် မိဘများကို ကူညီရမည် ဖြစ် ကြောင်းနှင့် မိဘများ ကုသိုလ်ကောင်းမှုလုပ်နေလျှင် မနှောင့်ယှက်သင့်ကြောင်း စသည်ဖြင့် ပြောပြပါ။

စာသင်ချိန် (၄)

သင်ထောက်ကူပစ္စည်း ။ ။ မိဘ ဦးတော်တင် ကဗျာ။

သင်ယူမှုလုပ်ငန်းစဉ်

֍ကဗျာမရွတ်ဆိုမီ ဗုဒ္ဓဘာသာမိသားစု၏ တစ်နေ့တာလုပ်ငန်းများကို အနည်းငယ် ပြန်လည်ရှင်းပြပေးပါ။

֍နံနက်အိပ်ရာထ ဘုရားရှိခိုး၊ ဘုရားဆွမ်းတော်တင်ခြင်း၊ ရေကပ်လှူခြင်း၊ ဘုန်းတော် ကြီးများကို ဆွမ်းလောင်းလှူခြင်း၊ ညအိပ်ရာဝင် ဘုရားရှိခိုးခြင်း၊ ဖေဖေ၊ မေမေတို့ကို ကန်တော့ခြင်း စသည်တို့ကို ပြန်လည်ပြောပြပါ။

֍ထို့နောက် အသုံးပြုခဲ့ပြီးဖြစ်သော “မိဘ ဦးတော်တင်” ကဗျာကို ဆရာက တိုင်ပေးပြီး လိုက်ဆိုပါစေ။ ဆရာနှင့်အတူ သံပြိုင်ဆိုကြပါစေ။

မိဘ ဦးတော်တင်

ညစဉ် ညစဉ် အိပ်ရာဝင်၊
မိဘဦးတော်တင်။
ဦးတော်တင်ကာ အိပ်ပျော်က၊
အိပ်မက်လှလှ မြင်မက်ရ။
အိပ်မက်ထဲက နတ်သမီးတွေ၊
အလှမျိုးစုံပေ။
ပန်းရောင်တွေ မျိုးစုံကြား၊
ပြေးပြေးလွှားလွှား အတူကစား။
ပျော်ပျော်ပါးပါး တဟားဟား။

֍ကဗျာရွတ်ဆိုပြီးသောအခါ ကလေးအားလုံးကို မျက်စိမှိတ်ထားစေပြီး “သားတို့၊ သမီး တို့လည်း လိမ္မာတဲ့ ဗုဒ္ဓဘာသာကလေးငယ်များ ဖြစ်ကြပါစေ” စသည်ဖြင့် ဆုတောင်း ပေးပြီး စာသင်ချိန်ကို အဆုံးသတ်ပါ။

  1. တော်စပ်ပုံကို မေးလိုရင်းဖြစ်ပါသည်။ အသံနေအသံထားဖြင့် ဖတ်ပြပါ။ ဇာတ်လမ်းပါ ပြောစကားများကို ပြန်မေးပါ။