ဗကဇာတ် -၁

From Wikisource
Jump to navigation Jump to search
ပုံတော်စုံ ငါးရာငါးဆယ် ဇာတ်ဝတ္ထု by မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော်
၃၈။ ဗကဇာတ်

ဧကကနိပါတ်-ကုလာဝကဝဂ်

၈။ ဗကဇာတ်

တယောက်သည် တယောက်အား လှည့်ပတ်ခြင်းအကြောင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလူကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် နာစ္စန္တံ နိကတိပ္ပညော အစရှိသောဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဗကဇာတ်ကို ဇေတဝန် ကျောင်းတော်၌နေတော်မူစဉ် သင်္ကန်းစီးပွားပြုသောရဟန်းကို အကြောင်းပြု၍ ဟောတော်မူ၏။ ဇေတဝန် ကျောင်းတော်၌နေသော တယောက်သောရဟန်းသည် အလုံးစုံသော သင်္ကန်းကိုပြုအပ်သော ဖြတ်ခြင်း စပ်ခြင်း စီရင်ခြင်း ချုပ်ခြင်းအစရှိသော အမှုသည်ရှိ၏။ ထိုအမှု၌ အလွန်လိမ်မာ၏။ ထိုရဟန်းသည် ထိုအမှု၌လလိမ်မာသည်၏အဖြစ်ကြောင့် သင်္ကန်းကိုပွားစေ၏။ ထို့ကြောင့် သင်္ကန်းစီးပွားပြုတတ်သောရဟန်းဟူ၍သာလျှင် ထင်ရှား၏။ ဤရဟန်းသည် အဘယ်သို့ပြုသနည်းဟူမူကား ဆွေးမြေ့သောပုဆိုးနွမ်းတို့၌ လက်အမှုကိုပြု၍ ကောင်းသောအတွေ့ရှိသော နှစ်သက်ဘွယ်သောသင်္ကန်းကိုပြု၍ ဆိုးသည်၏ အဆုံး၌ မုံ့ညက်ရေဖြင့်ဆိုး၍ ခရုသင်းဖြင့်ပွတ်၍ အရောင်ရှိသည်ကို နှစ်သက်ဘွယ်ရှိသည်ကိုပြု၍ထား၏။ သင်္ကန်းအမှုကို ပြုခြင်းငှါ မသိကုန်သောရဟန်းတို့သည် အစာမချေသေးသော သင်္ကန်းလျာပုဆိုးတို့ကို ယူကုန်၍ ထိုရဟန်း၏အထံသို့ လာကုန်၍ ငါတို့သည် သင်္ကန်းအမှုကို ပြုခြင်းငှာမသိကုန်၊ ငါတို့အား သင်္ကန်းကို ပြုကုန်လောဟု ဆိုကုန်၏။

ထိုရဟန်းသည် ငါ့သျှင်တို့ သင်္ကန်းကိုပြုအပ်သည်ရှိသော် ကြာမြင့်မှပြီး၏။ ငါပြုအပ်ပြီးသော သင်္ကန်းသည်သာလျှင် ရှိ၏။ ဤသင်္ကန်းလျာ ပုဆိုးတို့ကိုထားခဲ့၍ ထိုသင်္ကန်းကိုယူ၍ သွားကုန်လောဟု ထုတ်၍ပြ၏။ ထိုရဟန်းတို့သည် ထိုသင်္ကန်း၏ အဆင်း၏ ပြည့်စုံခြင်းကိုမြင်လျှင် အကြောင်းကိုမသိကုန်၍ ခိုင်၏ဟူသော အမှတ်ဖြင့် အစာမချေမသေးကုန်သော ပုဆိုးတို့ကို သင်္ကန်းစီးပွားပြုသော ရဟန်းအားပေး၍ ထိုသင်္ကန်းနွမ်းကို ယူ၍သွားကြကုန်၏။ ထိုသင်္ကန်းကို ရဟန်းတို့သည် အတန်ငယ် ညစ်နွမ်းသောကာလ၌ ရေနွေးဖြင့် ဖွပ်လျှော်သည်ရှိသော် ထိုသင်္ကန်းသည် မိမိ၏သဘောကိုပြ၏။ ထိုထိုအရပ်၌ ဆွေးသောအရာသည် ထင်၏။ ထိုရဟန်းတို့သည် နှလုံးမသာမယာ ဖြစ်ကြကုန်၏။ ဤသို့ လာတိုင်းလာတိုင်းကုန်သော ရဟန်းတို့ကို သင်္ကန်းနွမ်းတို့ဖြင့် လှည့်ပတ်၏။ ထိုရဟန်းသည် အလုံးစုံသောအရပ်၌ ထင်ရှားသည် ဖြစ်၏။ ဇေတဝန် ကျောင်းတော်၌ ထိုရဟန်းကဲ့သို့ တခုသောရွာငယ်၌လည်း တယောက်သော သင်္ကန်းစီးပွားပြုသောရဟန်းသည် ပုဆိုးနွမ်းဖြင့်လှည့်စား၏။ ထိုရဟန်းအား အတူတကွ ဆည်းကပ်ဘူးသော အဆွေခင်ပွန်းဖြစ်ကုန်သော မြင်ဘူးသော အဆွေခင်ပွန်းဖြစ်ကုန်သော ရဟန်းတို့သည် အရှင်ဘုရား ဇေတဝန် ကျောင်းတော်၌ သင်္ကန်းစီးပွားပြုသော တယောက်သောရဟန်းသည် ဤသို့ပုဆိုးနွမ်းဖြင့် လှည့်စား၏ဟု ကြားကုန်၏။

ထိုအခါ ထိုရဟန်းအား ဤသို့အကြံသည်ဖြစ်၏။ ယခုငါသည် မြို့၌နေသောရဟန်းကို လှည့်စားအံ့ဟု ညစ်နွမ်းသောသင်္ကန်းကို အလွန်နှစ်သက်ဘွယ်ရှိသည်ကိုပြု၍ ကောင်းစွာဆိုး၍ ထိုသင်္ကန်းကိုရုံ၍ ဇေတဝန်ကျောင်းသို့သွား၏။ ဇေတဝန်ကျောင်း၌နေသော လှည့်စားသောရဟန်းသည် ထိုသင်္ကန်းကိုမြင်လျှင်။ လောဘကိုဖြစ်စေ၍ အရှင်ဘုရား ဤသင်္ကန်းကို အရှင်ဘုရားတို့သည် ပြုအပ်သလောဟု မေး၏။ ငါ့သျှင် ဟုတ်၏ဟု ဆို၏။ အရှင်ဘုရား ဤသင်္ကန်းကို အကျွန်ုပ်အားပေးလော့၊ အရှင်ဘုရားတို့သည် တပါးသောသင်္ကန်းကို ရကုန်လတ္တံ့ဟု ဆို၏။ ငါ့သျှင် ရွာငယ်၌နေသောငါတို့သည် ရခဲသောပစ္စည်းရှိကုန်၏။ ဤင်္ကန်းကို ငါသည် သင့်အားပေး၍ မိမိသည် အဘယ်သင်္ကန်းကိုရုံရအံ့နည်းဟုဆို၏ အရှင်ဘုရား အကျွန်ုပ်၏အထံ၌ အစာမချေကုန်သေးသော သင်္ကန်းလျာပုဆိုးတို့သည် ရှိကုန်၏။ ထိုသင်္ကန်းလျာ ပုဆိုးတို့ကို ယူ၍ အရှင်ဘုရားတို့အား သင်္ကန်းကိုပြုကုန်လောဟု ဆို၏။ ငါ့သျှင် ငါသည် ဤသင်္ကန်း၌ လက်မှုဖြင့်ဖြစ်စေအပ်၏။ သင်သည်ကဤသို့ ဆိုသည်ရှိသော် ငါသည် အသို့ပြုခြင်းငှါ တတ်ကောင်းအံ့နည်း၊ ထိုသင်္ကန်းကို ယူကုန်လောဟု ဇေတဝန် ကျောင်းတော်၌နေသောရဟန်းအား နွမ်းသောသင်္ကန်းကိုပေး၍ အစာမချေကုန်သေးသော သင်္ကန်းလျာပုဆိုးတို့ကိုယူ၍ ဇေတဝန် ကျောင်းတော်၌နေသောရဟန်းကို လှည့်စား၍ ဖဲလေ၏။

ဇေတဝန်ကျောင်း၌နေသော ရဟန်းသည်လည်း ထိုသင်္ကန်းကိုရုံ၍ နှစ်ရက်သုံးရက်လွန်သဖြင့် ရေနွေးနှင့်ဖွပ်လျော်သည်ရှိသော် ဆွေးမြေ့ပုဆိုးနွမ်း၏။ အဖြစ်ကို သိ၍ ရှက်၏။ ရွာ၌နေသော သင်္ကန်းစီးပွားပြုသောရဟန်းသည် ဇေတဝန်ကျောင်း၌နေသောရဟန်းကို လှည့်စားသတတ်ဟု ထိုရွာ၌နေသောရဟန်း၏ လှည့်စားသည်၏အဖြစ်သည် သံဃာ၏အလယ်၌ ထင်ရှားဖြစ်၏။ ထိုအခါ တနေ့သ၌ ရဟန်းတို့သည် တရားသဘင်၌ ထိုစကားကို ပြောဟောကုန်လျက် မြတ်စွာဘုရားသည် ကြွတော်မူလာ၍ ရဟန်းတို့ ယခုအခါ၌ အဘယ်စကားဖြင့် စည်းဝေးကြကုန်သနည်းဟု မေးတော်မူ၏။ ထိုရဟန်းတို့သည် ထိုအကြောင်းကို ကြားလျှောက်ကုန်၏။ မြတ်စွာဘုရားသည် ရဟန်းတို့ ဇေတဝန်ကျောင်း၌နေသော သင်္ကန်းစီးပွားပြုသောရဟန်းသည် ယခုသာလျှင် သူတပါးကိုလှည့်စားသည် မဟုတ်သေး၊ ရှေး၌လည်း လှည့်စားဘူးသည်သာလျှင်တည်း၊ ရွာငယ်၌နေသောရဟန်းသည်လည်း ယခုသာလျှင် ဇေတဝန်ကျောင်း၌နေသော သင်္ကန်းစီးပွားပြုသောရဟန်းကို လှည့်စားသည်မဟုတ်သေး၊ ရှေး၌လည်း လှည့်စားဘူးသည်သာလျှင်တည်းဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ တောအရပ်၌ ဘုရားလောင်းသည် မထင်ရှားသော ပဒုမာရောက်သောအိုင်ကို မှီ၍ဖြစ်သော ရေခတက်ပင်၌ ရုက္ခဇိုဝ်းနတ်၏အဖြစ်ဖြင့် ဖြစ်၏။ ထိုအခါ တပါးသော မကြီးလွန်းသောအိုင်ငယ်ဝယ် နွေအခါရေနည်း၏။ ဤအိုင်၌ များစွာကုန်သောငါတို့သည်လည်း ရှိကုန်၏။ ထိုအခါ တခုသောဗျိုင်းသည် ငါးတို့ကိုမြင်၍ တခုသောအကြောင်းဖြင့် ဤငါးတို့ကိုလှည့်စား၍ စားအံ့ဟု သွား၍ ရေနား၌ ကြံလျက်နေ၏။ ထိုအခါ ဗျိုင်းကို ငါးတို့သည်မြင်ကုန်၍ အရှင်သည် အဘယ်ကိုကြံ၍ နေသနည်းဟု မေးကြကုန်၏။ ငါသည် သင်တို့ကို ကြံ၍ နေ၏ဟု ဆို၏။ အရှင်ငါတို့ကို အသို့ကြံသနည်းဟု မေးကုန်၏။ ဤအိုင်၌ ရေနည်း၏။ အစာနည်း၏။ နေ့သည်ကား များ၏။ ယခု ဤငါးတို့ကို အသို့ပြုကုန်လတ္တံ့နည်းဟု ငါသည် သင်တို့ကို ကြံလျက်နေ၏။ ငါ့စကားကို သင်တို့ အကယ်၍ လိုက်နာကုန်အံ့၊ ငါသည် သင်တို့တွင် တကောင်တကောင်ကို နှုတ်သီးဖြင့်ယူ၍ တခုသော ငါးပါးသောအဆင်းရှိသော ကြာတို့ဖြင့် ဖုံးလွှမ်းသောအိုင်ကြီးသို့ဆောင်၍ လွှတ်အံ့ဟုဆို၏။

အရှင်ကမ္ဘာဦးမှစ၍ ငါးတို့ကို ကြံသောဗျိုင်းမည်သည် မရှိ၊ သင်သည် ငါတို့တွင် တကောင်တကောင်ကို စားလိုသလောဟု မေးကြကုန်၏။ ငါသည် သင်တို့ကို မစားအံ့၊ အိုင် ရှိ, မရှိအဖြစ်ကို ငါ့အား သင်တို့သည် မယုံကြည်ကြကုန်အံ့၊ တခုသောငါးကို ငါနှင့်တကွ အိုင်ကိုကြည့်စိမ့်သောငှါ လိုက်စေကုန်ဟု ဆို၏။ ငါးတို့သည် ဗျိုင်းစကားကိုယုံကုန်၍ ဤငါးသည် ရေ၌၎င်း ကြည်း၌၎င်း စွမ်းနိုင်သောငါးတည်း၊ ဤငါးကိုဆောင်၍သွားလောဟု တခုသော မည်းနက်သောငါးကြီးကို ပေးကုန်၏။ ဗျိုင်းသည် ထိုငါးကြီးကိုယူဆောင်၍ အိုင်၌ လွှတ်၍ အလုံးစုံသောအိုင်ကိုပြ၍ တဖန်ဆောင်ခဲ့၍ ထိုငါးတို့၏အထံ၌ လွှတ်၏။ ထိုငါးကြီးသည် ငါးတို့အား အိုင်၏ ပြည့်စုံခြင်းကို ချီးမွမ်း၏။ ငါးတို့သည် ငါးကြီးစကားကိုကြားကြကုန်၍ သွားလိုကုန်သည်ဖြစ်၍ အရှင်ကောင်းပေစွ ငါတို့ကိုယူ၍ သွားပါလေလောဟု ဆိုကုန်၏။ ဗျိုင်းသည် ရှေးဦးစွာ မည်းနက်သော ငါးကြီးကိုလျှင်ယူ၍ အိုင်များသို့ဆောင်၍ အိုင်ကိုပြ၍ အိုင်နား၌ပေါက်သော တခုသောရေခတက်ပင်၌နား၍ ထိုငါးကြီးကို သစ်ခွကြား၌ထား၍ နှုတ်သီးဖြင့်ပေါက်လျက် အသက်ကုန်ခြင်းသို့ရောက်စေ၍ အသားကိုစား၍ အရိုးတို့ကို သစ်ပင်ရင်း၌ချခဲ့၍ တဖန်လာ၍ ငါသည် ထိုငါးကို အိုင်၌လွှတ်ခဲ့ပြီ၊ တပါးသောငါးသည် လာစေသတည်း ဟု ဆို၏။ ဤနည်းဖြင့်လျှင် တကောင် တကောင်ကို ယူ၍ အလုံးစုံသော ငါးတို့ကိုစား၍ တဖန် လာပြန်သည်ရှိသော် တခုသောငါးကိုမျှလည်း မမြင်။

ဤအိုင်၌ တခုသော ပုဇွန်သည်ကား ကြွင်းသေး၏။ ဗျိုင်းသည် ထိုပုဇွန်ကိုလည်း စားလိုသည်ဖြစ်၍ အိုပုဇွန် ငါသည် ခပ်သိမ်းသော ငါးတို့ကိုဆောင်၍ ပဒုမာတို့ဖြင့် ဖုံးလွှမ်းသောအိုင်၌ လွှတ်အပ်ကုန်ပြီ၊ လာလော့ သင့်ကိုလည်းဆောင်အံ့ဟု ဆို၏။ သင်သည် ငါ့ကိုဆောင်၍ သွားသည်ရှိသော် အသို့ယူလတ္တံ့နည်းဟု မေး၏။ ကိုက်၍ယူအံ့ဟု ဆိုလေ၏။ သင်သည် ဤသို့ယူ၍ သွားသည်ရှိသော် ငါ့ကိုချလတ္တံ့၊ ငါသည် သင်နှင့်တကွ မလိုက်ဝံ့ဟု ဆို၏။ မကြောက်လင့် ငါသည် သင့်ကို ကောင်းမွန်စွာယူ၍ သွားအံ့ဟုဆို၏။ ထိုအခါ ပုဇွန်သည် ဤဗျိုင်းအား ငါးကိုဆောင်၍ အိုင်နား၌ လွှတ်ခြင်းမည်သည် မရှိ။ ငါ့ကို အကယ်၍ လွှတ်မူကား ကောင်း၏။ အကယ်၍ မလွှတ်မူကား ဗျိုင်း၏လည်ကိုဖြတ်၍ သတ်အံ့ဟုကြံ၏။ ထိုအခါ ဗျိုင်းကို အဆွေဗျိုင်း သင်၏ယူခြင်းသည် ကောင်းသောယူခြင်းမဟုတ်၊ ငါတို့၏ ကိုင်ဆွဲခြင်းမူကား ကောင်းသော ကိုင်ဆွဲခြင်းတည်း၊ ငါသည် လက်မဖြင့် လည်ကို အကယ်၍ ကိုင်ဆွဲရအံ့၊ သင့်လည်၌ ကောင်းစွာကိုင်ဆွဲ၍ သင်နှင့်တကွ လိုက်အံ့ဟု ဆို၏။ ဗျိုင်းသည် ပုဇွန်သည် ငါ့ကို လှည့်စားလို၏ဟု မသိသည်ဖြစ်၍ ကောင်းပြီဟု ဝန်ခံ၏။

ပုဇွန်သည် မိမိလက်မဖြင့် ပန်းဘဲတို့၏ညှပ်ဖြင့် ညှပ်ဘိသကဲ့သို့ ညှပ်၏။ ဗျိုင်းသည် ဗုဇွန်ကိုဆောင်ပြီးသော် အိုင်ကိုပြ၍ ရေခတက်ပင်သို့ ရှေ့ရှုသွား၏။ ပုဇွန်သည် ဦးရီး ဤအိုင်ကား ထိုမှာတည်း၊ ဦးရီးကား ဤအရပ်သို့ အဘယ့်ကြောင့် ဆောင်သနည်းဟု ဆို၏။ ဗျိုင်းသည်လည်း ပုဇွန်အား ငါသည် အဘယ်မှာ သင့်ဦးရီး ဟုတ်သနည်း၊ သင်သည် ငါ၏နှမသားမဟုတ်ဟု ဆိုလေ၏။ ဆိုပြီး၍ ငါ့ကိုချီသွားသော ဤဗျိုင်းသည် ငါ၏ကျွန်တည်းဟူသောအမှတ်ကို သင်ပြုယောင်တကား၊ ရေခတက်ပင်ရင်း၌ ထိုငါးရိုးစုကို ရှုလော့၊ ငါသည် ထိုအလုံးစုံသော ငါးတို့ကို စာအပ်ကုန်သကဲ့သို့ ထို့အတူသာလျှင် သင့်ကိုလည်း ငါစားအံ့ဟု ဆို၏။ ပုဇွန်သည် ထိုငါးတို့ကို မိမိတို့၏ မိုက်သည်၏အဖြစ်ဖြင့် သင်သည် စားရကုန်၏။ ငါသည်ကား သင့်အား စားစိမ့်သောငှမပေးအံ့၊ သင့်ကိုပင်လျှင် ပျက်စီးခြင်းသို့ရောက်စေအံ့၊ ထိုစကားသည် မှန်၏။ သင်သည် မိုက်သောကြောင့် ငါလှည့်စားသည်ကို မသိ၊ သေရကုန်သော် နှစ်ယောက်ကုန်သော ငါတို့သည်လည်း သေရကုန်အံ့၊ ငါသည် သင့်ဦးခေါင်းကိုဖြတ်၍ မြေ၌ကျစေအံ့ဟု ဆို၍ ညှပ်ဖြင့် နှိပ်ဘိသကဲ့သို့ လက်မတို့ဖြင့် လည်ကိုနှိပ်၏။ ဗျိုင်းသည် ခံတွင်းကိုဖွင့်လျက် မျက်စိတို့မှ မျက်ရေယိုလျက် သေဘေးမှကြောက်သည်ဖြစ်၍ အရှင်သင့်ကို မစားပါအံ့၊ သင်သည် ငါ့အား အသက်ကိုပေးလောဟု ဆို၏။ အကယ်၍ မစားသည်ဖြစ်အံ့၊ ဤသို့ မစားသည်ရှိသော် အိုင်သို့သက်၍ ငါ့ကို အိုင်၌လျှင် လွှတ်လောဟု ဆို၏။ ဗျိုင်းသည် ပြန်၍ အိုင်သို့သာလျှင်သက်၍ ပုဇွန်ကို အိုင်နားဝယ် ညွန်အပြင်၌ထား၏။ ပုဇွန်သည် ကတ်ကြေးဖြင့် ကြာရိုးကို ဖြတ်သကဲ့သို့ ဗျိုင်း၏ လည်ကို ဖြတ်၍ ရေသို့ဝင်၏။ ထိုအံ့ဘွယ်သရဲကိုမြင်၍ ရေခတက်ပင်၌ စောင့်သောနတ်သည် ကောင်းချီးကိုပေးလျှက် တောကို ပဲ့တင်ထပ်စေလျက် သာယာသောအသံဖြင့်-

၃၈။ နာစ္စန္တံ နိကတိပ္ပညော၊ နိကတျာ သုခ မေဓတိ။
အာရာဓေတိ နိကတိပ္ပညော၊ ဗကော ကက္ကဋကာမိဝ။

ဟူသော ဤဂါထာကို ဆို၏။

၃၈။ ဘော၊ အချင်းတို့။ နိကတိပ္ပညော၊ လှည့်ပတ်တတ်သော ပညာရှိသော ပုဂ္ဂိုလ်သည်။ နိကတျာ၊ လှည့်ပတ်သဖြင့်။ အစ္စန္တံ၊ စင်စစ်။ သုခံ သုခသ္မိံ၊ ချမ်းသာရာ၌။ န ဧဓတိ၊ မတည်ရ။ ကက္ကဋကာ၊ ပုဇွန်မှ။ ဗကော၊ ဗျိုင်းသည်။ ဂီဝစ္ဆေဒံ၊ လည်ပြတ်ခြင်းသို့။ ပါပုဏိဣဝ၊ ရောက်သကဲ့သို့။ တထာ၊ ထို့အတူ။ နိကတိပ္ပညော၊ စဉ်းလဲစဉ်းစားဖြစ်သောပညာရှိသော ပုဂ္ဂိုလ်သည်။ အတ္တနာ၊ မိမိသည်။ ကတပါပဿ၊ ပြုအပ်သော မကောင်းမှု၏။ ဖလံ၊ အကျိုးကို။ အာရာဓေတိ၊ ရ၏။

ဤသို့ဘုရားလောင်းသည် တောအလုံးကို ပဲ့တင်ထပ်စေလျှက် တရားကိုဟော၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ရဟန်းတို့ ယခုသာလျှင် ရွာ၌နေသော သင်္ကန်းစီးပွားပြုသော ထိုရဟန်းသည် ဇေတဝန်ကျောင်း၌နေသောရဟန်းကို လှည့်စားသည် မဟုတ်သေး၊ လွန်လေပြီးသောအခါ၌လည်း လှည့်စားဘူးသည်သာလျှင်တည်းဟု ဤဓမ္မဒေသနာကိုဆောင်၍ အနုသန္ဓေကိုစပ်၍ ယခုအခါ ဇေတဝန်ကျောင်း၌နေသော သင်္ကန်းစီးပွားပြုသောရဟန်းသည် ထိုအခါ ဗျိုင်းဖြစ်ဘူးပြီ၊ ယခုအခါ ရွာ၌နေသော သင်္ကန်းစီးပွားပြုသောရဟန်းသည် ထိုအခါ ပုဇွန်ဖြစ်ဘူးပြီ၊ ယခုအခါ ဘုရားသည်လျှင် ထိုအခါ ရုက္ခဇိုဝ်းနတ် ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

ကောက်ကျစ်သူများ၊ သတိထား၊ စဉ်းစားကြရန် ဗျိုင်းသဏ္ဌာန်

ရှစ်ခုမြောက်သော ဗကဇာတ်သည် ပြီး၏။

*****