ဖန်နန်းစကြာ-ချီ ရတု

From Wikisource
Jump to navigation Jump to search
"ဖန်နန်းစကြာ" ချီ ရတု
by စိန္တကျော်သူ ငဩ
၁၁၁၆ ခု၊ နတ်တော်လ ရတနာသိင်္ခ၌ အလောင်းမင်း နန်းတက်စဉ် သွင်းသည်

ဖန်နန်းစကြာ မြောက်မျက်နှာမှ ဗြိစ္ဆာသို့လု နှင်းစုပြုသား ဓနုဝေါဟာ လသော်တာလည်း ပမာပတ်နှယ် ဆယ်လုံးကြယ်နှင့် ယှဉ်ဆွယ်ပွင့်လန်း နတ်တော်ဆန်းက ရာနန်းချုပ်ကိုင် ဘုန်းထွတ်တိုင်လျှင် တူပြိုင်တန်ခိုးလနှယ်တိုး၍ ရန်မျိုးပျောက်စင် နန်းဥကင်ထက် ကြာသွင်ရံဝန်း ရွေသိန်းသန်းနှင့် နှုန်းနှန်းနတ်တူ စံတော်မူလျက် လေးဆူပွင့်ရန် လောင်းရင့်မှန်ကို စိတ်ဉာဏ်ရွယ်လှိုင်း မဆုတ်ဆိုင်းသည် ကြံတိုင်းပြီးမြောက်မည်ဘုရား

မာန်ကျန်းတက်လှာ မြေချက်ချာဝယ် သုံးရွာလုံးရှင် အောင်ပွဲဆင်သို့ သောင်းခွင်ညာကျေ ကျွန်းသပြေထက် တိုင်းခြေဝေးလံ မိန့်တော်သံကို မခံရွက်သေး ကျေးအရပ်ရပ် ပျပ်ဝပ်ကျိုးနွံ ကျွန်ရိုးခံ၍ သက်နှံညွတ်ခေါက် ရွှေစက်အောက်သို့ ဖူးရောက်သောခါ တည်းခိုရာဟု တာတသောင်းကျော် ရွှေမြို့တော်ကို နှိုးဆော်နတ်ဖန် တည်မည်ရန်သား စိတ်ဆန္ဒလျောက် ကြံတိုင်းမြောက်၍ သုံးထောက်ခိုင်တန့် ဘုန်းနှင့်ခန့်လည်း ဆံညွတ်တပိုင်း မျှမရိုင်းသည် စံခိုင်းမှီးလောက်သည်ဘုရား

ရန်မှန်းဘက်ရှာ ဝတိံသာနှင့် စံရာတရည် မြို့ရွှေပြည်ကို တည်မည်ခန့်ရွယ် မြစ်ပင်လယ်သို့ နက်ကျယ်သာလှ ကျုံးတာချက ခယညွတ်ပျောင်း ကျွန်တော်ပေါင်းတို့ သောင်းသောင်းပြီးထု တာငန်းလုလျက် ရုံးစုညီညာ သူ့ထက်ငါတည့် မျက်နှာလန်းရွှင် ခန့်စီရင်၏ အင်ခုနစ်ဖြာ စုံသောခါမူ ထောင်ရာခံတွင်း ဖန်ဆင်းရွတ်ဖတ် မော်ကွန်းမှတ်လည်း မတတ်အားရာ ဗြဟ္မာလူနတ် ဆိုရေးကတ်လိမ့် သူရဿတီ နတ်ဒေဝီလျှင် စဉ်စီအားလှိုင်း မှန်းကာတိုင်းသည် သံပိုင်းချီးမြှောက်မည်ဘုရား