ပြိဿရာသီ ကဆုန်လဘွဲ့ လူးတား

From Wikisource
Jump to navigation Jump to search
ပြိဿရာသီ ကဆုန်လဘွဲ့ လူးတား  (1781) 
by ဦးယာ

နှစ်သိန်းစက်ကျယ်၊ တသွယ်ထိရ[1]
ပြိဿရာသီ၊ ပထဝီဓာတ် ပညတ်လေ[2]။ ။

သပြေညွန့်နု၊ ရတုမာသ၊
ကဆုန်လဟု၊ ပြည့်ထဝင်းဝါ၊
ဝိသာခါနှင့်၊ စန္ဒာလဝန်း၊
ယှဉ်ပြိုင်ထွန်းသော်၊ လေးကျွန်းလှည့်ပတ်၊
ဟတ္ထိတာရာ၊ ထပ်တူပါ၍၊ နေ့မှာတသွယ်၊
ကြယ်ကြတ္တိကာ၊ သူရိယာနှင့်၊
ယှဉ်လှာမယွန်း၊ မွန်းတည့်ဘဝါး၊
ရငြားနှစ်ခု၊ တိုင်ပင်စု၍၊
ရွက်နုဖူးစီ၊ နာရီနေ့ဝယ်၊
သုံးဆယ်ကကျော်၊ နှစ်ခုပေါ်လျက်၊
ညဉ့်သော်နှစ်ဆယ်၊ ရှစ်ခုသွယ်၏[3]
လှည့်ကယ်ရစ်ပတ်၊ ဝါယောဓာတ်တည့်[4]
သွင်းခတ်မှိုင်းရီ၊ လေဝန်းချီ၍[5]
ရာသီလိုက်သင့်၊ ရွှေပွင့်စကား၊
မြသားရိုးနေ[6]၊ ပန်းမိုးစွေ၏၊
ညောင်ရေသဘင်၊ ပျော်ရွှင်သွင်းလောင်း[7]
ပျိုတော်ပေါင်းလည်း၊ ယဉ်ပျောင်းတုတ်တီ၊
ရွှေပိုးစီသို့[8]၊ လုပ်လီလုပ်လဲ့၊
ပင်ကိုယ်နွဲ့နှင့်၊ နတ်ကဲ့လိုလို၊
ပြာညိုပွင့်တောက်၊ နီလာကျောက်သို့၊
နှင်းပေါက်သော်မော်၊ ပန်းထီးပေါ်တက်၊
မာရဘက်ကို၊ မလျက်ဘယ်ညာ[9]
အင်္ကျီမှာလျှင်၊ ရွှေဇာမှော်ပွင့်၊
ဆင်တိုင်းတင့်လျက်၊ ဘုန်းမြင့်စိန္တေ၊
ဓာတ်တော်မွေတွင်၊ ရိုသေကြည်လင်၊
ဆုပန်ဆင်သည်[10]။ ။
သဘင်ညောင်ရေပွဲတည့်လေ။ ။

ညံ့ပြေတည့်ပြာဝင်း ခြောက်ပြစ်ကင်း[11]။ ။
ယဉ်မင်းရွှေရုပ်မယ်[12]။ ။
ရှုဘွယ်တည့်မြခဲ ကျောက်မျက်ရွဲ။ ။
ပုလဲကြေးမုံ။ ။
တူစုံတည့်ယှဉ်တွဲ လည်ချင်းနွှဲ။ ။

မှတ်ချက်[edit]

  1. တသွယ်ထိန [ဘ]၊ တသွယ်ဒိန [ဟ]၊ တသွယ်ထိရ [မ] [ဦးကျော်ထွန်းအာဘော်]
  2. ပညတ်နာမ ခေါ်ကြလေ [မ] [ဟ]
  3. ရှစ်ခုကယ်၏ [မ] [ဟ]
  4. စုံမြိုင်ရပ်က [မ] [ဟ]
  5. လဝန်းချီ၍ [မ] [ဟ]
  6. ရွှေဖီစကား၊ မြသားလျှံဝေ [မ] [ဟ]
  7. ညောင်ရေသဘင် (သည်ပွဲတွင်၌) ပျော်ရွှင်သွန်းလောင်း [မ]
  8. ယဉ်ပျောင်းဟန်ချီ၊ ရွှေပိုးတီသို့ [မ] [ဟ]
  9. ပန်းထီးပေါ်တွင်၊ ရွှေလှော်နုညက်၊ မာလာခက်ကို၊ ဘရက်ဘယ်ညာ [ဘ]။ ပန်းတည်ပေါ်တက်၊ မာလာပက်၍၊ ဘယက်ဘယ်ညာ [မ]။ ပန်းထည်ပေါ်တက်၊ မာလာမက်၍၊ ဘယက်ဘယ်ညာ [ဟ]
  10. ရှိပန်ဆင်သည် [မ] [ဟ]
  11. သပြေတည့်ပြာဝင်း ခြောက်ပစ်ကင်း။ [ဘ]။ ယဉ်မူတည့်ပြာဝင်း ခြောက်ပြစ်ကင်း [မ] [ဟ]
  12. ယဉ်မင်းရွှေရုပ်နှယ် [မ] [ဟ]
  • မူရင်း - ရေနံချောင်း တွင်းစားကြီးဦးဘိုးဂုဏ် လက်ရေးမူ
  • [ဟ] - ဟံသာဝတီပုံနှိပ်တိုက်၊ ရန်ကုန်မြို့၊ ၁၉၀၇-ခုနှစ်ထုတ် စာအုပ်မူ
  • [မ] - မြန်မာစာညွန့်ပေါင်းကျမ်း၊ တတိယတွဲမူ
  • [ဘ] - ဘားနတ်ပိဋကတ်တိုက်ပေမူ၊ ရန်ကုန်မြို့

This work was published before January 1, 1929, and is in the public domain worldwide because the author died at least 100 years ago.

Public domainPublic domainfalsefalse