ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော် ပြည်သူ့လွှတ်တော်ဥပဒေ

From Wikisource
Jump to navigation Jump to search
ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော် ပြည်သူ့လွှတ်တော်ဥပဒေ  (1974) 
by ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေးကောင်စီ

ပြည်ထောင်စုမြန်မာနိုင်ငံတော်

ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေးကောင်စီ

ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော် ပြည်သူ့လွှတ်တော်ဥပဒေ

[၁၉၇၄ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေးကောင်စီ ဥပဒေအမှတ် ၂။]

ရန်ကုန်မြို့၊ ၁၃၃၅ ခုနှစ်၊ တပို့တွဲလဆန်း ၆ ရက်။

(၁၉၇၄ ခုနှစ်၊ ဇန်နဝါရီလ ၂၈ ရက်။)


အောက်ဖော်ပြပါဥပဒေကို ထုတ်ပြန်ကြေညာသည်။

နိဒါန်း[edit]

ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ လုပ်သားပြည်သူတို့၏ ဆန္ဒဖြင့် ရွေးချယ်တင်မြှောက် ဖွဲ့စည်းမည့် ပြည်သူ့လွှတ်တော်အား ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေးကောင်စီက နိုင်ငံတော်အာဏာကို လွှဲပြောင်းအပ်နှင်းရန်အတွက်လည်းကောင်း၊ ပြည်သူ့လွှတ်တော် အစည်းအဝေးများ စတင်ကျင်းပ၍ နိုင်ငံတော်ကောင်စီ၊ ဗဟိုအာဏာပိုင် အဖွဲ့အစည်းများနှင့် လွှတ်တော် အဖွဲ့အစည်းများကို ရွေးချယ်တင်မြှောက်နိုင်ရန်အတွက်လည်းကောင်း လိုအပ်သည့် အစီအစဉ်များကို ကြိုတင် ပြုလုပ်ထားနိုင်ရန် အလို့ငှာ ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေးကောင်စီသည် အောက်ပါ ဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

အခန်း ၁။ အမည်၊ အာဏာတည်ခြင်းနှင့် အဓိပ္ပာယ်ဖော်ပြချက်[edit]

၁။ ။ (က) ဤဥပဒေကို ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော် ပြည်သူ့လွှတ်တော် ဥပဒေဟု ခေါ်တွင်စေရမည်။

(ခ) ဤဥပဒေသည် ပြည်ထောင်စုမြန်မာနိုင်ငံတော်လှန်ရေးကောင်စီက စတင်ပြဋ္ဌာန်းသည့်နေ့မှစ၍ ပြည်သူ့လွှတ်တော်က ပြည်သူ့လွှတ်တော် ဥပဒေအသစ်တရပ်ကို ပြဋ္ဌာန်းပြီးသည့် အချိန်အထိ အာဏာ တည်ရမည်။


၂။ ။ ဤဥပဒေတွင် ပါရှိသော အောက်ပါစကားရပ်များသည်၊ ဖော်ပြပါအတိုင်း အဓိပ္ပာယ် သက်ရောက်စေ ရမည်-

(က) အခြေခံဥပဒေ ဆိုသည်မှာ ပြည်ထောင်စုဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော်၏ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ဆိုသည်၊
(ခ) ဤဥပဒေ ဆိုသည်မှာ ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော် ပြည်သူ့လွှတ်တော် ဥပဒေ ကို ဆိုသည်၊
(ဂ) လွှတ်တော် ဆိုသည်မှာ ပြည်ထောင်စုဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော်၏ ပြည်သူ့လွှတ်တော်ကို ဆိုသည်၊
(ဃ) ဗဟိုအာဏာပိုင်အဖွဲ့အစည်းများ ဆိုသည်မှာ ဝန်ကြီးအဖွဲ့၊ ပြည်သူ့တရားသူကြီးအဖွဲ့၊ ပြည်သူ့ ဥပဒေ အကျိုးဆောင်အဖွဲ့၊ ပြည်သူ့လုပ်ငန်း စစ်ဆေးရေးအဖွဲ့များကို ဆိုသည်၊
(င) လွှတ်တော်အဖွဲ့အစည်းများ ဆိုသည်မှာ သဘာပတိအဖွဲ့၊ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးရာ ကော်မီတီ၊ လွှတ်တော်ရေးရာကော်မတီများနှင့် လွှတ်တော်မှ ဖွဲ့စည်းထားသော ကော်မီရှင်များနှင့် ကော်မီတီများကို ဆိုသည်၊
(စ) လွှတ်တော်ရေးရာကော်မီတီများ ဆိုသည်မှာ ပြည်သူ့လွှတ်တော်ရေးရာ ကော်မီတီများကို ဆိုသည်၊
(ဆ) ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဆိုသည်မှာ ပြည်ထောင်စုဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော် ၏ ပြည်သူ့လွှတ်တော်သို့ ရွေးချယ်တင်မြှောက်ခြင်းခံရသော ပြည်သူ့ကိုယ်စားလှယ်ကို ဆိုသည်၊
(ဇ) ရွေးချယ်တင်မြှောက်ခြင်းဆိုင်ရာဥပဒေ ဆိုသည်မှာ ၁၉၇၃ ခုနှစ်၊ ပထမအကြိမ် ပြည်သူ့လွှတ်တော် နှင့် ပြည်သူ့ကောင်စီအဆင့်ဆင့် ရွေးချယ်တင်မြှောက်ခြင်းဆိုင်ရာ ဥပဒေကို ဆိုသည်။


အခန်း ၂။ ပြည်သူ့လွှတ်တော်ဖွဲ့စည်းပုံ[edit]

၃။ ။ ရွေးချယ်တင်မြှောက်ခြင်းဆိုင်ရာ ဥပဒေအရ ရွေးချယ်တင်မြှောက်ခြင်းခံရသော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များဖြင့် လွှတ်တော်ကို ဖွဲ့စည်းရမည်။


၄။ ။ ပထမအကြိမ် ကျင်းပမည့် လွှတ်တော်အစည်းအဝေးကို အနည်းဆုံး (၇) ရက် ကြိုတင်၍ ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေးကောင်စီက ဖိတ်ကြားရမည်။ ယင်းအစည်းအဝေး ကျင်းပရန် အတွက် လိုအပ်သည့် အစီအစဉ်များကို ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေးကောင်စီက တာဝန်ယူ ဆောင်ရွက်ရမည်။


၅။ ။ (က) ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေးကောင်စီသည် ပထမအကြိမ် ကျင်းပမည့် လွှတ်တော် အစည်းအဝေးသို့ တက်ရောက်လာသည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအား စိစစ်ရန်အတွက် ကော်မီတီတရပ်ကို သင့်လျော်သော ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်း၍ တာဝန်ပေးအပ်ရမည်၊

(ခ) ယင်းကော်မီတီသည် ပထမအကြိမ် ကျင်းပမည့် လွှတ်တော်အစည်းအဝေးသို့ တက်ရောက်လာသည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအား သက်ဆိုင်ရာ မဲဆန္ဒနယ်များရှိ မဲပေးပိုင်ခွင့်ရှိသော ပြည်သူ့ များက ရွေးချယ်တင်မြှောက်ခြင်းခံရသူ ဟုတ် မဟုတ်ကို သက်ဆိုင်ရာရွေးချယ်တင်မြှောက်ပွဲ ကော်မီ ရှင်မှ ထုတ်ပေးသည့် တရားဝင်ရွေးချယ်တင်မြှောက်ခြင်းခံရကြောင်း အသိအမှတ်ပြုလွှာများအား စိစစ် ၍ အတည်ပြုရမည်။


၆။ ။ ပြည်ထောင်စု မြန်မာနိုင်ငံ တော်လှန်ရေးကောင်စီသည် လွှတ်တော်ရုံးမှ အရာရှိတဦးအား ပထမ အကြိမ် ကျင်းပမည့် လွှတ်တော်အစည်းအဝေးတွင် အခမ်းအနားမှူးအဖြစ် ဆောင်ရွက်ရန်အတွက် တာဝန်ပေးအပ်ရမည်။


၇။ ။ (က) လွှတ်တော်၏ ပထမအကြိမ် အစည်းအဝေးသို့ တက်ရောက်လာသော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များသည် မိမိတို့အထဲမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တဦးအား ယာယီသဘာပတိအ ဖြစ် တင်မြှောက်ရမည်၊

(ခ) ပုဒ်မခွဲ (က) အရ ယာယီသဘာပတိတဦး တင်မြှောက်ရန်အတွက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တဦးက အဆိုတင်သွင်း၍ အခြားပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တဦးက ထောက်ခံပြီး လွှတ်တော်၏ အတည်ပြုချက်ကို ရယူရမည်။


၈။ ။ ယာယီသဘာပတိသည် လွှတ်တော်ရှေ့မှောက်တွင် အောက်ပါအတိုင်း ကတိသစ္စာ ပြုရမည်-

“ပြည်ထောင်စုဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် လုပ်သား ပြည်သူတို့၏ ဆန္ဒဖြင့် ရွေးချယ်တင်မြှောက် တာဝန်ပေးအပ်ခြင်းခံရသော ကျွန်ုပ်/ ကျွန်ုပ်တို့သည် အခြေ ခံ ဥပဒေနှင့် အခြားဥပဒေများကို ထိန်းသိမ်းစောင့်ရှောက်ပါမည်။ လုပ်သားပြည်သူတို့၏ ဆန္ဒနှင့်အညီ ဆိုရှယ်လစ်လူ့ဘောင်ကို ဖြောင့်မတ်မှန်ကန်စွာ တည်ဆောက်ပါမည်။ လုပ်သားပြည်သူတို့၏ အကျိုး စီးပွားကို ဦးထိပ်ထား၍ သစ္စာရှိရှိ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဟု လေးနက်တည်ကြည် စွာ ကတိသစ္စာပြုပါသည်။”


၉။ ။ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များသည် လွှတ်တော်ယာယီ သဘာပတိရှေ့မှောက်တွင် ပုဒ်မ ၈ တွင် ဖော်ပြထားသည့်အတိုင်း ကတိသစ္စာပြုကြရမည်။


၁၀။ ။ ပုဒ်မ ၇ တွင် ဖော်ပြထားသည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များက တင်မြှောက်ထားသော ယာယီသဘာပတိသည် အခြေခံဥပဒေအရ ပြည်သူ့လွှတ်တော်က သဘာပတိအဖွဲ့ကို ရွေးချယ်တင် မြှောက် ဖွဲ့စည်းပြီးသည်အထိ လွှတ်တော်အစည်းအဝေးကို ကြီးကြပ်ကွပ်ကဲရမည်။


၁၁။ ။ လွှတ်တော်သည် အောက်ပါအဖွဲ့အစည်းများကို အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းခြင်းနှင့် ရွေးချယ်တင်မြှောက်ခြင်း ပြုရမည်။

(က) နိုင်ငံတော်ကောင်စီ၊
(ခ) ဗဟိုအာဏာပိုင်အဖွဲ့အစည်းများ-
(၁) ဝန်ကြီးအဖွဲ့၊
(၂) ပြည်သူ့တရားသူကြီးအဖွဲ့၊
(၃) ပြည်သူ့ဥပဒေအကျိုးဆောင်အဖွဲ့၊
(၄) ပြည်သူ့လုပ်ငန်းစစ်ဆေးရေးအဖွဲ့။
(ဂ) လွှတ်တော်အဖွဲ့အစည်းများ-
(၁) သဘာပတိအဖွဲ့၊
(၂) နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေးရာ ကော်မီတီ၊
(၃) လွှတ်တော်ရေးရာ ကော်မီတီများ၊
(၄) အခြား လိုအပ်သော ကော်မီရှင်များနှင့် ကော်မီတီများ။


၁၂။ ။ လွှတ်တော်၏ ပုံမှန်သက်တမ်းသည် ပထမအကြိမ် အစည်းအဝေးကျင်းပသည့် နေ့မှစ၍ လေးနှစ် ဖြစ်သည်။


အခန်း ၃။ သဘာပတိအဖွဲ့[edit]

၁၃။ ။ လွှတ်တော်အစည်းအဝေးများကို ကြီးကြပ်ကွပ်ကဲရန်အတွက် သဘာပတိအဖွဲ့ကို ရွေးချယ်တင် မြှောက်ရမည်။


၁၄။ ။ (က) ပြည်နယ်နှင့် တိုင်း တခုစီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များသည် ပြည်နယ်နှင့်တိုင်း အလိုက် မိမိတို့အထဲမှ သဘာပတိအဖွဲ့ဝင် တဦးကျစီကို ရွေးချယ်တင်မြှောက်ရမည်၊

(ခ) ပုဒ်မခွဲ (က) အရ ရွေးချယ်တင်မြှောက်လိုက်သော သဘာပတိအဖွဲ့ဝင်များ၏ အမည်စာရင်းကို ယာယီသဘာပတိထံ တင်သွင်းရမည်၊
(ဂ) ယာယီသဘာပတိသည် ယင်းကဲ့သို့ တင်သွင်းသော အမည်စာရင်းကို လွှတ်တော်သို့ ဖတ်ကြား တင်ပြ၍ လွှတ်တော်၏ အတည်ပြုချက်ကို ရယူရမည်၊
(ဃ) လွှတ်တော်မှ အတည်ပြုပြီးသော သဘာပတိအဖွဲ့ဝင်များ၏ အမည်စာရင်းကို ယာယီသဘာပတိက လွှတ်တော်သို့ ကြေညာရမည်။


၁၅။ ။ (က) သဘာပတိအဖွဲ့ဝင်များသည် လွှတ်တော်အစည်းအဝေး ကျင်းပသည့်နေ့များတွင် ပြည်နယ် နှင့် တိုင်းအမည် အက္ခရာစဉ်အလိုက် အလှည့်ကျ သဘာပတိများအဖြစ် တာဝန်ယူဆောင်ရွက်ကြရမည်၊

(ခ) ယာယီသဘာပတိသည် ပုဒ်မခွဲ (က) အရ ပထမဦးဆုံးဆောင်ရွက်ရမည့် အလှည့်ကျသဘာပတိထံ ယင်း၏ တာဝန်များကို လွှဲပြောင်းအပ်နှင်းရမည်။


၁၆။ ။ သဘာပတိအဖွဲ့၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များသည် အောက်ပါအတိုင်း ဖြစ်သည်-

(က) လွှတ်တော်၏ ကိုယ်စား လွှတ်တော်အစည်းအဝေးများကို ညှိနှိုင်းကြီးကြပ်ကွပ်ကဲခြင်း၊
(ခ) လွှတ်တော်အစည်းအဝေးများတွင် ပြုလုပ်ဆောင်ရွက်ချက်များသည် အခြေခံဥပဒေနှင့်သော် လည်းကောင်း၊ ဤဥပဒေနှင့်သော်လည်းကောင်း ကိုက်ညီခြင်းရှိစေရန် ညှိနှိုင်း၍ ကြပ်မတ်လမ်းညွှန် ခြင်း၊
(ဂ) လွှတ်တော်အစည်းအဝေးများ၌ ဆုံးဖြတ်ဖြေရှင်းရန် ကိစ္စများပေါ်ပေါက်လာပါက ညှိနှိုင်း၍ ဆုံးဖြတ် ဖြေရှင်းပေးခြင်း၊
(ဃ) သဘာပတိအဖွဲ့ဝင်များသည် အခြားပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များနည်းတူ လွှတ်တော် အစည်းအဝေးများတွင် မဲပေးပိုင်ခွင့်ရှိခြင်း။


၁၇။ ။ အလှည့်ကျသဘာပတိ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များသည် အောက်ပါအတိုင်း ဖြစ်သည်-

(က) လွှတ်တော် အစည်းအဝေးကို ဦးဆောင်ကြီးကြပ်ခြင်း၊
(ခ) လွှတ်တော်တွင်းအဖွဲ့အစည်းများကို လွှတ်တော်က ရွေးချယ်တင်မြှောက်ခြင်းကို ကြီးကြပ်ကွပ်ကဲ ခြင်း၊
(ဂ) လွှတ်တော်လုပ်ငန်း အဝဝသည် အခြေခံဥပဒေ၊ ဤဥပဒေနှင့် ကိုက်ညီမှု ရှိ မရှိ၊ စည်းကမ်း ကျ မကျ ဆုံးဖြတ်၍ ကြပ်မတ်ခြင်း၊
(ဃ) လွှတ်တော်အစည်းအဝေးများကို စည်းကမ်းသေဝပ်စေရန် တာဝန်ယူခြင်း၊
(င) လွှတ်တော်အတွင်းတွင် ထိန်းသိမ်း၍ မရနိုင်လောက်အောင် စည်းကမ်းသေဝပ်မှု ပျက်ပြားသော အခြေအနေများ ပေါ်ပေါက်ပါက လွှတ်တော်အစည်းအဝေးကို ခေတ္တရပ်ဆိုင်းခြင်း၊
(စ) နိုင်ငံတော်၏ ကာကွယ်ရေးနှင့် လုံခြုံရေး ကိစ္စရပ်များကို ဆွေးနွေးစဉ်းစားရန်ရှိသဖြင့်သော်လည်း ကောင်း၊ အခြား လျှို့ဝှက် ကိစ္စရပ်များကို စဉ်းစားဆွေးနွေးရန်ရှိသဖြင့်သော်လည်းကောင်း လွှတ်တော် အစည်းအဝေးကို တံခါးပိတ် ကျင်းပရန် ဆုံးဖြတ်ကြောင်း ကြေညာခြင်း၊
(ဆ) ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တဦး၏ တင်ပြဆွေးနွေးချက်များသည် စည်းကမ်းချက်များနှင့် မကိုက်ညီကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တဦးက တင်ပြလာလျှင် အဆုံးအဖြတ်ပေးခြင်း၊
(ဇ) ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တဦးသည် သတ်မှတ်ခွင့်ပြုထားသော စကားပြောနိုင်သည့် အချိန်ထက် ကျော်လွန်၍ ပြောဆိုနေပါက သတိပေးကြပ်မတ်ခြင်း၊
(ဈ) ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တဦးဦးသည် လွှတ်တော်အစည်းအဝေးတရပ်ကို ရပ်ဆိုင်းရန်၊ သို့မဟုတ် ရွှေ့ဆိုင်းရန် တင်ပြလာပါက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အများစု၏ သဘောတူညီချက် ကို ရယူ၍ ဆောင်ရွက်ခြင်း၊
(ည) လွှတ်တော်တွင် ဆွေးနွေးဆဲ အကြောင်းကိစ္စရပ်တခုကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တဦးဦး က ရွှေ့ဆိုင်းရန်၊ သို့မဟုတ် ရပ်ဆိုင်းရန် တင်ပြလာပါက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အများစု၏ သဘောတူညီချက်ကို ရယူ၍ ဆောင်ရွက်ခြင်း၊
(ဋ) လွှတ်တော်အစည်းအဝေးတွင်မဲခွဲ၍ အဆုံးအဖြတ်ရယူရန် ပေါ်ပေါက်သည့်အခါ လိုအပ်သည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးရေ ပြည့်ရန်အတွက် အစည်းအဝေး တက်ရောက်ရန် ပြည်သူ့လွှတ် တော် ကိုယ်စားလှယ်များအား နှိုးဆော်ခြင်း၊ ယင်းသို့ နှိုးဆော်ပြီးနောက် သင့်လျော်သည့် အချိန်ထိ စောင့် ဆိုင်းသော်လည်း လိုအပ်သည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးရေ မပြည့်ပါက လွှတ်တော်အစည်း အဝေးကို သင့်လျော်သလို ရွှေ့ဆိုင်းခြင်း၊
(ဌ) လွှတ်တော်တွင် တင်ပြသည့် ကိစ္စတရပ်သည် အဓိကကိစ္စ၊ သို့မဟုတ် သာမန်ကိစ္စဟူ၍ အယူအဆ ကွဲလွဲနေပါက ယင်းပြဿနာကို လွှတ်တော်အစည်းအဝေး တက်ရောက်လာသော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ထက်ဝက်ကျော် ဆန္ဒမဲဖြင့် အဆုံးအဖြတ် တောင်းခံခြင်း၊
(ဍ) အကြောင်း ကိစ္စရပ်တခုနှင့် ပတ်သက်၍ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များက မည်သည့်နည်း ဖြင့် ဆန္ဒပေးရမည်ကို ဆုံးဖြတ်သတ်မှတ်ခြင်း၊
(ဎ) အကြောင်းကိစ္စရပ်တခုနှင့် ပတ်သက်၍ လိုအပ်လျှင် လွှတ်တော်၏ ဆန္ဒသဘောထားကို ရယူခြင်း၊ ယင်းဆန္ဒသဘောထားကို ကြေညာခြင်း။


၁၈။ ။ အလှည့်ကျ သဘာပတိသည် အောက်ပါကိစ္စရပ်များကို အရေးယူဆောင်ရွက်ရန် ပေါ်ပေါက်လာပါ က သဘာပတိအဖွဲ့ဝင်များနှင့် ညှိနှိုင်း၍ စုပေါင်းဆုံးဖြတ်ရမည်-

(က) ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တဦးက လွှတ်တော်ရှေ့မှောက်တွင် မဖွယ်မရာပြုမူပြောဆိုသည့် အတွက် လက်ရှိကျင်းပနေသော လွှတ်တော်အစည်းအဝေးများသို့ တက်ရောက်ခွင့်မပြုရန် အကန့် အသတ်ဖြင့် ပိတ်ပင်ခြင်း၊
(ခ) လွှတ်တော်၏ သိက္ခာကိုထိပါးစေသော ရေးသားပြောဆိုမှုနှင့် လွှတ်တော်တွင်း ဆောင်ရွက်ချက်များ ကို အထင်အမြင်မှားစေသော ရေးသားပြောဆိုမှုများအတွက် မည်သို့မည်ပုံ အရေးယူရမည်ကို ညှိနှိုင်းဆုံး ဖြတ်ခြင်း၊
(ဂ) ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တဦးသည် လွှတ်တော်၏ ခွင့်ပြုချက်မရရှိပဲ၊ သို့မဟုတ် ခိုင်လုံ သော အကြောင်းပြချက်မရှိပဲ လွှတ်တော်အစည်းအဝေး တက်ရောက်ရန် ပျက်ကွက်လျှင် မည်သို့အရေး ယူရမည်ကို ညှိနှိုင်းဆုံးဖြတ်ခြင်း၊
(ဃ) ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တဦး၏ တင်ပြဆွေးနွေးချက်ကို တစုံတခုသော အကြောင်း ကြောင့် လွှတ်တော်မှတ်တမ်းတွင် ထည့်သွင်းရန် သင့်မသင့် ညှိနှိုင်းဆုံးဖြတ်ခြင်း၊
(င) ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၏ တင်ပြဆွေးနွေးချက်များအနက် မည်သည့် တင်ပြဆွေး နွေးချက်များကို နိုင်ငံတော်၏ လျှို့ဝှက်ချက်များအဖြစ် သတ်မှတ်သင့်သည်ဟု ညှိနှိုင်းဆုံးဖြတ်ခြင်း၊
(စ) ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တဦးသည် နိုင်ငံတော်၏ လျှို့ဝှက်ချက်များကို ပေါက်ကြားစေရန် ပြုမူပါက မည်ကဲ့သို့ အရေးယူရမည်ကို ညှိနှိုင်းဆုံးဖြတ်ခြင်း၊
(ဆ) လွှတ်တော်အစည်းအဝေး ကျင်းပချိန်၌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တဦးဦးကို ဖမ်းဆီးချုပ် နှောင်ရန်ရှိပါက ညှိနှိုင်းဆုံးဖြတ်ပေးခြင်း။


၁၉။ ။ သဘာပတိအဖွဲ့၏ သက်တမ်းသည် နောက်တကြိမ်ကျင်းပသည့် လွှတ်တော်ပုံမှန် အစည်းအဝေး က သဘာပတိအဖွဲ့ ရွေးချယ်တင်မြှောက်ပြီးသည့်နေ့အထိ ဖြစ်သည်။


၂၀။ ။ ပထမအကြိမ် ကျင်းပမည့် လွှတ်တော်အစည်းအဝေးတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တဦး အား သဘာပတိအဖွဲ့ဝင်တဦးအဖြစ် ရွေးချယ်တင်မြှောက်ပြီးမှ နိုင်ငံတော်ကောင်စီဝင်အဖြစ် လည်း ကောင်း၊ ဗဟိုအာဏာပိုင် အဖွဲ့အစည်းတရပ်ရပ်တွင် အဖွဲ့ဝင်အဖြစ်လည်းကောင်း လွှတ်တော်မှ ရွေးချယ် တင်မြှောက်ခြင်းခံရပါက ယင်းသဘာပတိအဖွဲ့ဝင်နေရာ၌ သက်ဆိုင်ရာပြည်နယ်၊ သို့မဟုတ် တိုင်းမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များက မိမိတို့အထဲမှ သဘာပတိအဖွဲ့ဝင်တဦးကို အစားထိုးရွေးချယ် တင်မြှောက်ရမည်။


အခန်း ၄။ နိုင်ငံတော်ကောင်စီ ဖွဲ့စည်းခြင်း[edit]

၂၁။ ။ လွှတ်တော်သည် နိုင်ငံတော်ကောင်စီကို အောက်ပါအတိုင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် နှစ်ဆယ့်ကိုးဦးဖြင့် ရွေးချယ်တင်မြှောက်ဖွဲ့စည်းရမည်-

(က) ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များက ပြည်နယ်နှင့် တိုင်းအလိုက် မိမိတို့အထဲမှ တဦးကျစီ ရွေးချယ်တင်မြှောက်လိုက်သော နိုင်ငံတော် ကောင်စီဝင်တဆယ့်လေးဦး၊
(ခ) လွှတ်တော်မှ ရွေးချယ်တင်မြှောက်လိုက်သော နိုင်ငံတော်ကောင်စီဝင် တဆယ့်လေးဦး၊
(ဂ) ဝန်ကြီးချုပ်။


၂၂။ ။ (က) ပြည်နယ်နှင့် တိုင်းအသီးသီးမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များသည် ပြည်နယ်နှင့် တိုင်းအလိုက် မိမိတို့အထဲမှ နိုင်ငံတော်ကောင်စီဝင် တဦးကျစီကို လျှို့ဝှက်ဆန္ဒမဲဖြင့် ရွေးချယ်တင်မြှောက် ရမည်။

(ခ) နိုင်ငံတော်ကောင်စီဝင်အဖြစ် ပြည်နယ်နှင့် တိုင်း၊ တခုစီမှရွေးချယ်ပေးလိုက်သော ပြည်သူ့လွှတ် တော် ကိုယ်စားလှယ်များ၏ အမည်စာရင်းကို အလှည့်ကျ သဘာပတိထံ တင်သွင်းရမည်။
(ဂ) ပုဒ်မခွဲ (က) နှင့် (ခ) အရ ရွေးချယ်ခြင်းခံရသော နိုင်ငံတော်ကောင်စီဝင်များ၏ အမည်စာရင်းကို အလှည့်ကျ သဘာပတိက လွှတ်တော်သို့ ကြေညာရမည်။


၂၃။ ။ (က) နိုင်ငံတော်ကောင်စီဝင် တဆယ့်လေးဦးကို လွှတ်တော်မှရွေးချယ်တင်မြှောက်နိုင်ရန် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်များသည် နိုင်ငံတော်ကောင်စီဝင်လောင်းများ၏ အမည်စာရင်းများကို အလှည့် ကျ သဘာပတိထံ တင်သွင်းရမည်။

(ခ) ပုဒ်မခွဲ (က) အရ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များသည် နိုင်ငံတော်ကောင်စီဝင်လောင်းတဦး မှ တဆယ့်လေးဦးအထိ အမည်စာရင်းကို သတ်မှတ်ထားသည့်ပုံစံဖြင့် တင်သွင်းရမည်။
(ဂ) နိုင်ငံတော်ကောင်စီဝင်လောင်း အမည်စာရင်းများကို ရရှိသောအခါ ဆန္ဒအများအနည်းအလိုက် စုဆောင်းစိစစ်၍ နိုင်ငံတော်ကောင်စီဝင်လောင်း နှစ်ဆယ့်တစ်ဦးအထိ အမည်စာရင်းကိုပြုစုပြီး သဘာ ပတိက လွှတ်တော်သို့ ကြေညာရမည်။
(ဃ) နိုင်ငံတော်ကောင်စီဝင်လောင်းများ၏ အမည်စာရင်းထဲမှ နိုင်ငံတော်ကောင်စီဝင် တဆယ့်လေးဦး ကို လွှတ်တော်က လျှို့ဝှက်ဆန္ဒမဲဖြင့် ရွေးချယ်တင်မြှောက်ရမည်။
(င) နိုင်ငံတော်ကောင်စီဝင်များအဖြစ် ရွေးချယ်တင်မြှောက်ခြင်း ခံရသူများ၏ အမည်စာရင်းကို လွှတ်တော်သို့ အလှည့်ကျ သဘာပတိက ကြေညာရမည်။


၂၄။ ။ (က) ပုဒ်မ ၂၂ နှင့် ၂၃ အရ ရွေးချယ်တင်မြှောက်လိုက်သည့် နိုင်ငံတော်ကောင်စီဝင်များသည် မိမိ တို့အထဲမှ ဥက္ကဋ္ဌတဦးနှင့် အတွင်းရေးမှူးတဦးကို လျှို့ဝှက်ဆန္ဒမဲဖြင့် ရွေးချယ်တင်မြှောက်ရမည်။

(ခ) နိုင်ငံတော်ကောင်စီ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့၏ အမည်စာရင်းကို အလှည့်ကျ သဘာပတိက လွှတ်တော်သို့ တင်ပြ၍ အတည်ပြုချက်ရယူရမည်။


၂၅။ ။ နိုင်ငံတော်ကောင်စီဥက္ကဋ္ဌ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များမှာ အောက်ပါအတိုင်းဖြစ်သည်-

(က) လွှတ်တော်က ပြဋ္ဌာန်းလိုက်သော ဥပဒေများ၊ နည်းဥပဒေများ၊ ဆုံးဖြတ်ချက်များကို လက်မှတ်ရေး ထိုး ထုတ်ပြန်ခြင်း၊
(ခ) နိုင်ငံတော်ကောင်စီ၏ အမိန့်များကို လက်မှတ်ရေးထိုးထုတ်ပြန်ခြင်း၊
(ဂ) နိုင်ငံတော်ကောင်စီ အစည်းအဝေးများကို လိုအပ်သလို ခေါ်ယူကျင်းပခြင်း၊
(ဃ) နိုင်ငံတော်ကောင်စီ အစည်းအဝေး အစီအစဉ်များကို နိုင်ငံတော်ကောင်စီ အတွင်းရေးမှူးနှင့် ညှိနှိုင်း၍ ဆုံးဖြတ်အတည်ပြုခြင်း၊
(င) နိုင်ငံတော်ကောင်စီ အစည်းအဝေးများ၌ သဘာပတိအဖြစ် ဆောင်ရွက်၍ ယင်းအစည်းအဝေးများ ကို ကွပ်ကဲကြပ်မတ်ခြင်း။


၂၆။ ။ နိုင်ငံတော်ကောင်စီ အတွင်းရေးမှူး၏တာဝန်နှင့် လုပ်ပိုင်ခွင့်များမှာ အောက်ပါအတိုင်းဖြစ်သည်-

(က) နိုင်ငံတော်ကောင်စီ အစည်းအဝေးများတွင် အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ခြင်း၊
(ခ) နိုင်ငံတော်ကောင်စီ အစည်းအဝေးအစီအစဉ်များကို နိုင်ငံတော်ကောင်စီ ဥက္ကဋ္ဌနှင့် ညှိနှိုင်းရေး ဆွဲခြင်း၊
(ဂ) နိုင်ငံတော်ကောင်စီ အစည်းအဝေးများကို နိုင်ငံတော်ကောင်စီဥက္ကဋ္ဌ၏ သဘောတူညီချက်ဖြင့် ခေါ်ယူကျင်းပခြင်း၊
(ဃ) လွှတ်တော်နှင့် နိုင်ငံတော်ကောင်စီရုံးကို ကြီးကြပ်ကွပ်ကဲ ဦးဆောင်ခြင်း၊
(င) နိုင်ငံတော်ကောင်စီဥက္ကဋ္ဌသည် ယာယီအားဖြင့် တာဝန်ဝတ်တရားများကို ထမ်းဆောင်ခြင်း မပြုနိုင် သည့်အခါတွင် ဥက္ကဋ္ဌ၏ တာဝန်နှင့် ဝတ်တရားများကိုပါ ယာယီ ပူးတွဲထမ်းဆောင်ခြင်း၊
(စ) နိုင်ငံတော်ကောင်စီ အစည်းအဝေး မှတ်တမ်းများကို ထုတ်ပြန်ခြင်းနှင့် ထိန်းသိမ်းထားရှိခြင်း၊
(ဆ) နိုင်ငံတော်ကောင်စီက ပေးအပ်သော အခြားတာဝန်များကိုလည်း ဆောင်ရွက်ခြင်း။


၂၇။ ။ နိုင်ငံတော်ကောင်စီ၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်း ဖြစ်သည်-

(က) လွှတ်တော်အစည်းအဝေးတခုနှင့် တခုအကြား နိုင်ငံတော်၏ အရေးကိစ္စအဝဝတို့ကို ပြဋ္ဌာန်းထား သော ဥပဒေ၊ နည်းဥပဒေများနှင့်အညီ လွှတ်တော်ကိုယ်စား အရေးယူဆောင်ရွက်ခြင်း၊
(ခ) နိုင်ငံတော်ကောင်စီ၏ လုပ်ငန်းတာဝန်များကို စုပေါင်းဦးဆောင်မှု စနစ်အရ ညှိနှိုင်းဆောင်ရွက် ခြင်း၊
(ဂ) ဗဟိုအာဏာပိုင်အဖွဲ့အစည်းများနှင့် လွှတ်တော်အဖွဲ့အစည်းများအတွက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များထဲမှ အမည်စာရင်းများကို ညှိနှိုင်းရွေးချယ်ပြီး လွှတ်တော်သို့ တင်သွင်းခြင်း၊
(ဃ) နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးရာ ကောင်မီတီတွင် ပါဝင်ရမည့် နိုင်ငံတော်ကောင်စီဝင်လေး ဦး၏ အမည်စာရင်းကို ညှိနှိုင်း၍ လွှတ်တော်သို့ တင်သွင်းခြင်း၊
(င) ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များထဲမှ ဒုတိယဝန်ကြီးများအဖြစ် ခန့်ထားနိုင်ရေးအတွက် ဝန်ကြီးအဖွဲ့က တင်သွင်းသော အမည်စာရင်းကို စိစစ်၍ ရွေးချယ်ခန့်အပ်ခြင်း။


အခန်း ၅။ ဗဟိုအာဏာပိုင် အဖွဲ့အစည်းများ ဖွဲ့စည်းခြင်း[edit]

၂၈။ ။ (က) လွှတ်တော်မှ ချမှတ်ထားသော လုပ်ငန်းများကို တာဝန်ယူ ဆောင်ရွက်ရန်အတွက် ဝန်ကြီး အဖွဲ့ကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အနည်းဆုံးတဆယ့်ငါးဦးမှ အများဆုံး နှစ်ဆယ့်ငါးဦးဖြင့် ဖွဲ့စည်းရမည်။

(ခ) ပြည်သူ့တရားသူကြီးအဖွဲ့ကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အနည်းဆုံး ငါးဦးမှ အများဆုံး ကိုးဦးဖြင့် ဖွဲ့စည်းရမည်။
(ဂ) ပြည်သူ့ဥပဒေ အကျိုးဆောင်အဖွဲ့ကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အနည်းဆုံး ငါးဦးမှ အများ ဆုံး ကိုးဦးဖြင့် ဖွဲ့စည်းရမည်။
(ဃ) ပြည်သူ့လုပ်ငန်း စစ်ဆေးရေးအဖွဲ့ကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အနည်းဆုံး ငါးဦးမှ အများဆုံး ကိုးဦးဖြင့် ဖွဲ့စည်းရမည်။
(င) ပုဒ်မခွဲ (က) (ခ) (ဂ) (ဃ) တွင် ဖော်ပြထားသည့် ကန့်သတ်ချက်များအတွင်း ဗဟိုအာဏာပိုင် အဖွဲ့အစည်းအသီးသီးတွင် လိုအပ်သည့် အဖွဲ့ဝင် ဦးရေကို အခြေခံဥပဒေ ပုဒ်မ ၆၄ ပုဒ်မခွဲ (က) နှင့် (ခ) အရ ရွေးချယ် တင်မြှောက်ထားသော နိုင်ငံတော်ကောင်စီဝင်များက သတ်မှတ်ပေးရမည်။
(စ) ဗဟိုအာဏာပိုင် အဖွဲ့အစည်း အသီးသီးကို လွှတ်တော်မှ ရွေးချယ်တင်မြှောက်နိုင်ရန်အတွက် အဖွဲ့အစည်း တရပ်စီအတွက် သတ်မှတ်ထားသော ဦးရေကို သင့်လျော်သောဦးရေဖြင့် ထပ်ဆောင်းထား သော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၏ သီးခြားအမည်စာရင်းများကို အခြေခံဥပဒေပုဒ်မ ၆၄ ပုဒ်မခွဲ (က) နှင့် (ခ) အရ ရွေးချယ်တင်မြှောက်ထားသော နိုင်ငံတော်ကောင်စီဝင်များက အလှည့်ကျ သဘာပတိအဖွဲ့ထံ တင်သွင်းရမည်။
(ဆ) ဗဟိုအာဏာပိုင် အဖွဲ့အစည်းအသီးသီး၏ အဖွဲ့ဝင်လောင်းများ၏ အမည်စာရင်းများကို အလှည့် ကျ သဘာပတိက လွှတ်တော်သို့ ကြေညာပြီး၊ ဗဟိုအာဏာပိုင်အဖွဲ့အစည်း အသီးသီးကို ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်များက လျှို့ဝှက်ဆန္ဒမဲဖြင့် ရွေးချယ်တင်မြှောက်ရမည်။
(ဇ) လွှတ်တော်က ရွေးချယ်တင်မြှောက်သော ဗဟိုအာဏာပိုင် အဖွဲ့အစည်း အသီးသီး၏ အဖွဲ့ဝင် အမည်စာရင်းများကို အလှည့်ကျ သဘာပတိက လွှတ်တော်သို့ ကြေညာရမည်။


၂၉။ ။ ဝန်ကြီးအဖွဲ့သည် ဝန်ကြီးအဖွဲ့ဝင်များထဲမှ ဝန်ကြီးချုပ်တဦးကို လျှို့ဝှက်ဆန္ဒမဲဖြင့် ရွေးချယ်တင် မြှောက်ရမည်။


၃၀။ ။ ဝန်ကြီးချုပ်၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များမှာ အောက်ပါအတိုင်းဖြစ်သည်-

(က) ဝန်ကြီးအဖွဲ့အား ဦးဆောင်မှုပေးခြင်း၊
(ခ) ဝန်ကြီးအဖွဲ့ဝင်များထဲမှ ဒုတိယဝန်ကြီးချုပ်တဦး၊ သို့မဟုတ် ဒုတိယဝန်ကြီးချုပ်များအဖြစ် ရွေးချယ်တင်မြှောက်နိုင်ရန် အမည်စာရင်း တင်သွင်းခြင်း၊
(ဂ) ဝန်ကြီးအဖွဲ့ဝင်များအား ဝန်ကြီးဌာနအလိုက် တာဝန်ခွဲဝေသတ်မှတ်ပေးရန် ဒုတိယဝန်ကြီးချုပ်များ နှင့် ညှိနှိုင်း၍ ဝန်ကြီးအဖွဲ့သို့ တင်ပြခြင်း၊
(ဃ) ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များထဲမှ ဒုတိယဝန်ကြီးများအဖြစ် တာဝန်ပေးအပ်နိုင်ရန် အတွက် ဝန်ကြီးအဖွဲ့၏ သဘောတူညီချက်ဖြင့် နိုင်ငံတော်ကောင်စီသို့ အမည်စာရင်း တင်သွင်းခြင်း၊
(င) ဝန်ကြီးအဖွဲ့၏ အစည်းအဝေးအစီအစဉ်များ ရေးဆွဲခြင်း၊
(စ) ဝန်ကြီးအဖွဲ့၏ အစည်းအဝေးများကို ခေါ်ယူကျင်းပခြင်း၊
(ဆ) ဝန်ကြီးအဖွဲ့၏ အစည်းအဝေးများ၌ သဘာပတိအဖြစ် ဆောင်ရွက်၍ ယင်းအစည်းအဝေးများကို ကွပ်ကဲကြပ်မတ်ခြင်း။


၃၁။ ။ (က) ဝန်ကြီးအဖွဲ့တွင် ဒုတိယဝန်ကြီးချုပ် သုံးဦးအထိ ရွေးချယ်တင်မြှောက်နိုင်သည်။

(ခ) ယင်းကန့်သတ်ချက်အတွင်း ရွေးချယ်တင်မြှောက်ရန် လိုအပ်သော ဒုတိယဝန်ကြီးချုပ်ဦးရေကို နိုင်ငံတော်ကောင်စီက သတ်မှတ်ပေးရမည်။
(ဂ) ဝန်ကြီးအဖွဲ့သည် ဝန်ကြီးချုပ်က တင်သွင်းသော အထက်ပုဒ်မခွဲ (ခ) တွင် သတ်မှတ်သော ဦးရေ၏ နှစ်ဆဖြစ်သော ဝန်ကြီးအဖွဲ့ဝင် အမည်စာရင်းမှ လိုအပ်သော ဒုတိယ ဝန်ကြီးချုပ်၊ သို့မဟုတ် ဒုတိယ ဝန်ကြီးချုပ်များကို လျှို့ဝှက်ဆန္ဒမဲဖြင့် ရွေးချယ်တင်မြှောက်ရမည်။


၃၂။ ။ နိုင်ငံတော်ကောင်စီက သတ်မှတ်ပေးသော ဝန်ကြီးဌာနများအလိုက် ဝန်ကြီးအဖွဲ့ဝင်များအား တာဝန်ခွဲဝေသတ်မှတ်ပေးရန် ဝန်ကြီးချုပ်သည် ဒုတိယဝန်ကြီးချုပ်များနှင့် ညှိနှိုင်းပြီးနောက် ဝန်ကြီး အဖွဲ့သို့ တင်ပြ၍ အတည်ပြုချက်ရယူရမည်။


၃၃။ ။ ဝန်ကြီးဌာနများ၏ အမည်များနှင့် လုပ်ငန်းတာဝန်အသီးသီးတို့ကို လွှတ်တော်၏ သဘောတူညီ ချက်ဖြင့် နိုင်ငံတော်ကောင်စီက အခါအားလျော်စွာ သတ်မှတ်ပြဋ္ဌာန်းရမည်။


၃၄။ ။ ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၏ အမည်နှင့် တာဝန်ခွဲဝေသတ်မှတ်မှုများကို လွှတ်တော်သို့ တင်ပြ၍ အတည်ပြုချက်ရယူရမည်။


၃၅။ ။ ပြည်သူ့တရားသူကြီးအဖွဲ့၊ ပြည်သူ့ဥပဒေ အကျိုးဆောင်အဖွဲ့နှင့် ပြည်သူ့လုပ်ငန်း စစ်ဆေးရေး အဖွဲ့များ၏ ဥက္ကဋ္ဌတဦးစီကို သက်ဆိုင်ရာ အဖွဲ့သည် မိမိအထဲမှ လျှို့ဝှက်ဆန္ဒမဲစနစ်ဖြင့် ရွေးချယ်တင် မြှောက်ပြီး လွှတ်တော်သို့ တင်ပြ အတည်ပြုချက်ရယူရမည်။


အခန်း ၆။ လွှတ်တော်အဖွဲ့အစည်းများ ဖွဲ့စည်းခြင်း[edit]

၃၆။ ။ လွှတ်တော်သည် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးရာကော်မီတီကို အဖွဲ့ဝင်ကိုးဦးဖြင့် ဖွဲ့စည်း ရမည်။


၃၇။ (က) နိုင်ငံတော်ကောင်စီသည် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးရာကော်မီတီကို လွှတ်တော်မှ ဖွဲ့စည်းနိုင်ရန်အတွက် နိုင်ငံတော်ကောင်စီဝင်များထဲမှ နိုင်ငံတော်ကောင်စီ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးမှ အပ၊ နိုင်ငံတော်ကောင်စီဝင် လေးဦးကိုလည်းကောင်း၊ ဝန်ကြီးအဖွဲ့မှ ဝန်ကြီးချုပ်၊ ကာကွယ်ရေးနှင့် ဆိုင် သည့်ဝန်ကြီး၊ နိုင်ငံခြားရေးနှင့်ဆိုင်သည့်ဝန်ကြီး၊ ပြည်ထဲရေးနှင့်ဆိုင်သည့် ဝန်ကြီးနှင့် ဘဏ္ဍာရေးနှင့် ဆိုင်သည့်ဝန်ကြီးတို့ကိုလည်းကောင်း နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးရာကော်မီတီဝင်များအဖြစ် လွှတ်တော်သို့ အမည်စာရင်း တင်သွင်း ရမည်။

(ခ) ပုဒ်မခွဲ (က) အရ နိုင်ငံတော်ကောင်စီက တင်သွင်းသော နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးရာ ကော်မီတီဝင်လောင်းများ၏ အမည်စာရင်းကို အလှည့်ကျ သဘာပတိက လွှတ်တော်သို့ တင်ပြပြီး အတည်ပြုချက်ရယူရမည်။
(ဂ) လွှတ်တော်မှ အတည်ပြုသော နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးရာကော်မီတီဝင်များ၏ အမည် စာရင်းများကို အလှည့်ကျ သဘာပတိက လွှတ်တော်သို့ ကြေညာရမည်။
(ဃ) ယင်းကော်မီတီတွင် ဝန်ကြီးချုပ်က ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ရမည်။


၃၈။ ။ (က) အောက်ပါလွှတ်တော်ရေးရာ ကော်မီတီများကို ဖွဲ့စည်းထားရှိရမည်-

(၁) ဘဏ္ဍာရေးနှင့် အမျိုးသား စီမံကိန်းရေးရာ ကော်မီတီ၊
(၂) သမဝါယမ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် သစ်တောရေးရာကော်မီတီ၊
(၃) ကူးသန်းရောင်းဝယ်ရေးရာ ကော်မီတီ၊
(၄) စက်မှုလက်မှုနှင့် သယံဇာတ ပစ္စည်းရေးရာ ကော်မီတီ၊
(၅) ဆောက်လုပ်ရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးရာကော်မီတီ၊
(၆) သိပ္ပံနှင့် နည်းပညာရေးရာကော်မီတီ၊
(၇) ပြည်သူ့ရေးရာစီမံခန့်ခွဲရေးကော်မီတီ၊
(၈) အပြည်ပြည်ဆိုင်ရာ ဆက်သွယ်ရေးနှင့် နိုင်ငံခြားရေးရာကော်မီတီ၊
(၉) ဥပဒေကြမ်း ရေးရာကော်မီတီ၊
(၁၀) လူမှုရေးနှင့် ပြန်ကြားရေးရာကော်မီတီ၊
(၁၁) တောင်သူလယ်သမား၊ အလုပ်သမားနှင့် လူငယ်ရေးရာကော်မီတီ၊
(၁၂) တိုင်းရင်းသားလူမျိုးများရေးရာကော်မီတီ၊
(၁၃) ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ စိစစ်ရေးကော်မီတီ။
(ခ) လွှတ်တော်ရေးရာ ကော်မီတီတခုစီကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အနည်းဆုံး ငါးဦးမှ အများဆုံး တဆယ့်ငါးဦးဖြင့် ဖွဲ့စည်းရမည်။
(ဂ) ပုဒ်မခွဲ (ခ) တွင် ဖော်ပြထားသည့် ကန့်သတ်ချက်အတွင်း လွှတ်တော်ရေးရာကော်မီတီတခုစီတွင် ပါဝင်ရမည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးရေကို နိုင်ငံတော်ကောင်စီက သတ်မှတ်ပေးရမည်။


၃၉။ ။ (က) နိုင်ငံတော်ကောင်စီသည် ပုဒ်မ ၃၈ တွင် ဖော်ပြထားသည့် လွှတ်တော်ရေးရာ ကော်မီတီများ ကို လွှတ်တော်မှ ရွေးချယ်တင်မြှောက်နိုင်ရန်အတွက် လိုအပ်သော လွှတ်တော်ရေးရာကော်မီတီဝင်ဦးရေ ထက်သင့်လျော်သော ဦးရေဖြင့် ထပ်ဆောင်းထားသော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၏ အမည် စာရင်းကို အလှည့်ကျ သဘာပတိထံ တင်သွင်းရမည်။

(ခ) နိုင်ငံတော်ကောင်စီက တင်သွင်းသော လွှတ်တော်ရေးရာ ကော်မီတီဝင်လောင်းများ၏ အမည် စာရင်းကို အလှည့်ကျ သဘာပတိက လွှတ်တော်သို့ ကြေညာပြီး လိုအပ်သော လွှတ်တော်ရေးရာ ကော်မီတီဝင်ဦးရေကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များက လျှို့ဝှက်ဆန္ဒမဲဖြင့် ရွေးချယ်တင်မြှောက် ရမည်။
(ဂ) လွှတ်တော်က ရွေးချယ်တင်မြှောက်သော လွှတ်တော်ရေးရာ ကော်မီတီဝင်များ၏ အမည်စာရင်းကို အလှည့်ကျသဘာပတိက လွှတ်တော်သို့ ကြေညာရမည်။
(ဃ) လွှတ်တော်ရေးရာကော်မီတီဝင်များကို နိုင်ငံတော်ကောင်စီက လွှတ်တော်ရေးရာ ကော်မီတီအလိုက် တာဝန်ခွဲ​ဝေ၍ ဖွဲ့စည်းပေးရမည်။


၄၀။ ။ နိုင်ငံတော်ကောင်စီသည် လွှတ်တော်ရေးရာ ကော်မီတီများတွင် တာဝန်ယူဦးဆောင်ရမည့် အတွင်းရေးမှူးအသီးသီးကို သက်ဆိုင်ရာ လွှတ်တော်ရေးရာကော်မီတီဝင်များထဲမှ ရွေးချယ်၍ တာဝန် ပေးအပ်ရမည်။


၄၁။ ။ လွှတ်တော်ရေးရာကော်မီတီများတွင် ပါဝင်သော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တဦးသည် လွှတ်တော်ရေးရာကော်မီတီနှစ်ခု ထက်ပို၍ ပါဝင်ဆောင်ရွက်ခွင့်မရှိစေရ။


၄၂။ ။ (က) ပုဒ်မ ၃၉ ပုဒ်မခွဲ (ဃ) အရ နိုင်ငံတော်ကောင်စီက တာဝန်ခွဲဝေဖွဲ့စည်းလိုက်သော လွှတ်တော် ရေးရာ ကော်မီတီများကို အလှည့်ကျ သဘာပတိက လွှတ်တော်သို့ တင်ပြ၍ အတည်ပြုချက် ရယူရမည်။

(ခ) ပုဒ်မခွဲ (က) အရ လွှတ်တော်က အတည်ပြုပြီးသော လွှတ်တော်ရေးရာ ကော်မီတီများကို လွှတ်တော် သို့ ကြေညာရမည်။


အခန်း ၇။ ဥပဒေကြမ်းတင်သွင်းခြင်း၊ ဆွေးနွေးခြင်း၊ အတည်ပြုပြဋ္ဌာန်းခြင်း[edit]

၄၃။ ။ (က) နိုင်ငံတော်ကောင်စီသည် လိုအပ်သည်ဟု ယူဆသော ဥပဒေကြမ်းများကို လွှတ်တော်သို့ တင်သွင်းနိုင်သည်။

(ခ) ဗဟိုအာဏာပိုင် အဖွဲ့အစည်းတရပ်ရပ်သည်သော်လည်းကောင်း၊ လွှတ်တော်အဖွဲ့အစည်း တရပ်ရပ် သည်သော်လည်းကောင်း၊ ဗဟိုအာဏာပိုင် အဖွဲ့အစည်းများနှင့် လွှတ်တော်အဖွဲ့အစည်းများ၏ အဖွဲ့ဝင် မဟုတ်သော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များသည်သော်လည်းကောင်း လိုအပ်သည်ဟု ယူဆသော ဥပဒေကြမ်းများကို နိုင်ငံတော်ကောင်စီမှတဆင့် လွှတ်တော်သို့ တင်သွင်းနိုင်သည်။
(ဂ) ပုဒ်မခွဲ (က) နှင့် (ခ) အရ ဥပဒေကြမ်းများ တင်သွင်းနိုင်သော်လည်း စီးပွားရေးစီမံကိန်းနှင့် ပတ်သက်သည့် ဥပဒေကြမ်း၊ ရ-သုံးခန့်မှန်းခြေငွေစာရင်းနှင့် ပတ်သက်သည့် ဥပဒေကြမ်းနှင့် အခွန်အ ကောက်နှင့် ပတ်သက်သည့် ဥပဒေကြမ်းများကိုမူ ဝန်ကြီးအဖွဲ့ကသာ နိုင်ငံတော်ကောင်စီမှတဆင့် လွှတ်တော်သို့ တင်သွင်းနိုင်သည်။
(ဃ) ပုဒ်မခွဲ (က) (ခ) နှင့် (ဂ) အရ ဥပဒေကြမ်း တင်သွင်းရာတွင် ဥပဒေကြမ်းများ၏ ရည်ရွယ်ချက် များနှင့် အကျိုးအကြောင်း ဖော်ပြချက်များကို အတူပူးတွဲ၍ တင်သွင်းရမည်။
(င) လွှတ်တော်သို့ တင်သွင်းလိုသော ဥပဒေကြမ်းများကို လွှတ်တော်အစည်းအဝေး မကျင်းပမီ အနည်း ဆုံး ရက်ပေါင်း (၂၁) ရက် ကြိုတင်၍ နိုင်ငံတော်ကောင်စီသို့ အရောက်ပေးပို့ရမည်။ သို့ရာတွင် အရေးတ ကြီး ပြဋ္ဌာန်းရန် လိုအပ်သည်ဟု နိုင်ငံတော်ကောင်စီက ယူဆသော ဥပဒေကြမ်းတရပ်ကို သော်လည်း ကောင်း၊ ဗဟိုအာဏာပိုင်အဖွဲ့အစည်းတရပ်ရပ်က ယင်းကဲ့သို့ယူဆပြီး နိုင်ငံတော်ကောင်စီက သဘောတူ သော ဥပဒေကြမ်းတရပ်ကိုသော်လည်းကောင်း ကြိုတင်ပေးပို့ခြင်းမရှိပဲ သဘာပတိအဖွဲ့၏ ခွင့်ပြုချက် ဖြင့် လွှတ်တော်သို့ တင်သွင်းနိုင်သည်။


၄၄။ ။ လွှတ်တော် အစည်းအဝေး အစီအစဉ်တွင် ထည့်သွင်းပြီးဖြစ်သော ဥပဒေကြမ်းများကို ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်များအား အနည်းဆုံး (၇) ရက် ကြိုတင်ဝေငှထားရမည်။


၄၅။ ။ (က) နိုင်ငံတော်ကောင်စီမှ တင်သွင်းသော ဥပဒေကြမ်းများကို နိုင်ငံတော်ကောင်စီ အတွင်းရေး မှူး၊ သို့မဟုတ် နိုင်ငံတော်ကောင်စီဝင်တဦးဦးက လွှတ်တော်တွင် ဖတ်ကြား ရှင်းလင်း တင်သွင်းရမည်။

(ခ) ဗဟိုအာဏာပိုင်အဖွဲ့အစည်း တရပ်ရပ်မှ တင်သွင်းသော ဥပဒေကြမ်းကို သက်ဆိုင်ရာ အဖွဲ့အစည်းမှ အဖွဲ့ဝင်တဦးဦးက လွှတ်တော်တွင် ဖတ်ကြားရှင်းလင်းတင်သွင်းရမည်။
(ဂ) ဗဟိုအာဏာပိုင် အဖွဲ့အစည်းတရပ်ရပ်၏ အဖွဲ့ဝင်မဟုတ်သော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တဦးဦးက တင်သွင်းသည့် ဥပဒေကြမ်းကို သက်ဆိုင်ရာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်က လွှတ် တော်တွင် ဖတ်ကြားရှင်းလင်းရမည်။


၄၆။ ။ ပုဒ်မ ၄၃ အရ တင်သွင်းသော ဥပဒေကြမ်းတရပ်ကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တဦးဦးက ထောက်ခံရမည်။ ယင်းကဲ့သို့ ထောက်ခံရာ၌ မည့်သည့် အကြောင်းကြောင့် ထောက်ခံရကြောင်းကို အကျဉ်းမျှ ရှင်းလင်းတင်ပြရမည်။


၄၇။ ။ (က) ပုဒ်မ ၄၅ အရ တင်သွင်းသည့် ဥပဒေကြမ်းတရပ်ကို လွှတ်တော်မှ မူအားဖြင့် လက်ခံစဉ်းစား ဆွေးနွေးရန် သဘောတူ မတူကို အလှည့်ကျ သဘာပတိက လွှတ်တော်၏ ဆန္ဒကို ရယူရမည်။

(ခ) ပုဒ်မခွဲ (က) အရ လွှတ်တော်မှ လက်ခံသော ဥပဒေကြမ်းကို အလှည့်ကျ သဘာပတိက လွှတ်တော် သို့ ကြေညာရမည်။


၄၈။ ။ (က) ပုဒ်မ ၄၇ အရ လွှတ်တော်မှ ဆွေးနွေးစဉ်းစားရန် လက်ခံပြီးဖြစ်သည့် ဥပဒေကြမ်း တရပ် အပေါ်တွင် ဆွေးနွေးလိုသော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များသည် အမည်စာရင်းများကို သဘာပတိအဖွဲ့ထံသို့ ၂၄ နာရီ ကြိုတင်၍ ပေးပို့ထားရမည်။

(ခ) သဘာပတိအဖွဲ့သည် ပုဒ်မခွဲ (က) အရ ဥပဒေကြမ်းတရပ်အပေါ် ဆွေးနွေးရန်အတွက် အမည် စာရင်း တင်သွင်းထားသော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များနှင့် ညှိနှိုင်း၍ ဆွေးနွေးရန် သတ်မှတ် ပေးရမည်။
(ဂ) ပုဒ်မခွဲ (ခ) အရ ဥပဒေကြမ်းတရပ်အပေါ်တွင် တင်ပြဆွေးနွေးမည့် ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်များ၏ အမည်များကို အလှည့်ကျ သဘာပတိက ကြေညာရမည်။


၄၉။ ။ လွှတ်တော်သို့ တင်သွင်းသည့် ဥပဒေကြမ်းများကို ဆွေးနွေးရာတွင် အောက်ပါ စည်းကမ်းချက် များကို လိုက်နာရမည်-

(က) ဆွေးနွေးချက်သည် ဥပဒေကြမ်းနှင့် တိုက်ရိုက်သက်ဆိုင်ရမည်၊
(ခ) ဥပဒေကြမ်းနှင့် ပတ်သက်သော လိုရင်းအချက်ကိုသာ တင်ပြဆွေးနွေးရမည်၊
(ဂ) ပြည်သူ့ဆန္ဒနှင့် သဘောထားများကို ထင်ဟပ် ဖော်ပြစေရမည်၊
(ဃ) ဓမ္မဓိဋ္ဌာန်ကျကျ ဆွေးနွေးတင်ပြရမည်၊
(င) ဆွေးနွေးတင်ပြရန် ခွင့်ပြုထားသော အချိန်အတွင်းသာ တင်ပြဆွေးနွေးရမည်။
(စ) ဥပဒေကြမ်းတရပ်တွင် ဖော်ပြထားသည့် အပိုဒ်များ၏ ရှေ့နောက်အစီအစဉ်အတိုင်း တင်ပြဆွေးနွေး ရမည်။


၅၀။ ။ ဥပဒေကြမ်းတရပ်အပေါ်တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ ဆွေးနွေးစဉ် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပြင်ဆင်ချက်များ၊ ဖြည့်စွက်ချက်များနှင့် ဖြုတ်ပယ်ချက်များကို အဆိုပြု တင်သွင်းနိုင်သည်။


၅၁။ ။ ဥပဒေကြမ်းကို စတင် တင်သွင်းခဲ့သည့် နိုင်ငံတော်ကောင်စီ၏ ကိုယ်စားလှယ်၊ သို့မဟုတ် ဗဟို အာဏာပိုင်အဖွဲ့အစည်း၊ သို့မဟုတ် လွှတ်တော်အဖွဲ့အစည်းတရပ်ရပ်၏ ကိုယ်စားလှယ်၊ သို့မဟုတ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တဦးဦးသည် နောက်ဆုံးအကြိမ်အဖြစ် ဆွေးနွေးရှင်းလင်း တင်ပြခွင့် ရှိသည်။


၅၂။ ။ (က) ပုဒ်မ ၅၀ အရ ပြင်ဆင်ရန်၊ ဖြည့်စွက်ရန်နှင့် ဖြုတ်ပယ်ရန် အဆိုတင်သွင်းခံရသော ဥပဒေ ကြမ်းနှင့် စပ်လျဉ်း၍ ကိုယ်စားလှယ်များ၏ ဆွေးနွေးတင်ပြချက်များကို မူလ ပြင်ဆင်ရန်၊ ဖြည့်စွက်ရန် နှင့် ဖြုတ်ပယ်ရန်အဆိုပြု တင်သွင်းသူအနေနှင့် ကျေနပ်ပါက မိမိ၏အဆိုကို ပြန်လည်ရုပ်သိမ်းနိုင်သည်။

(ခ) ပုဒ်မခွဲ (က) အရ ပြင်ဆင်ချက်၊ ဖြည့်စွက်ချက်နှင့် ဖြုတ်ပယ်ချက်များကို ပြန်လည်ရုပ်သိမ်းခြင်း မပြု ပါကယင်းပြင်ဆင်ချက်၊ ဖြည့်စွက်ချက်နှင့် ဖြုတ်ပယ်ချက်များနှင့် စပ်လျဉ်း၍ အလှည့်ကျ သဘာပတိ သည် လွှတ်တော်၏ သဘောထားကို ရယူရမည်။
(ဂ) ပြင်ဆင်ချက်များ၊ ဖြည့်စွက်ချက်များနှင့် ဖြုတ်ပယ်ချက်များအပေါ်တွင် လွှတ်တော်၏ သဘောထား ကို ရယူပြီးနောက် ဥပဒေကြမ်း၊ သို့မဟုတ် ပြင်ဆင်ထားသည့် ဥပဒေကြမ်းကို အတည်ပြုပြဋ္ဌာန်းရန် အတွက် လွှတ်တော်၏ အဆုံးအဖြတ်ကို ရယူရမည်။


၅၃။ ။ လွှတ်တော်မှ အတည်ပြုပြဋ္ဌာန်းထားသော ဥပဒေများကို နိုင်ငံတော်ကောင်စီဥက္ကဋ္ဌသည် လက်ခံရ ရှိသည့်နေ့မှစ၍ ခုနစ်ရက်အတွင်း လက်မှတ်ရေးထိုး၍ ထုတ်ပြန်ကြေညာရမည်။


၅၄။ ။ လွှတ်တော်တွင် နည်းဥပဒေကြမ်းများကိုလည်း ဥပဒေကြမ်းများ တင်သွင်းခြင်း၊ ဆွေးနွေးခြင်း၊ အတည်ပြုခြင်းအတွက် သတ်မှတ်ထားသည့် နည်းလမ်းများအတိုင်း တင်သွင်းရမည်။


အခန်း ၈။ အဆိုများ တင်သွင်းခြင်း၊ ဆွေးနွေးခြင်း၊ အတည်ပြုပြဋ္ဌာန်းခြင်း[edit]

၅၅။ ။ (က) ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တဦးသည် လွှတ်တော်တွင် အဆိုတင်သွင်းလိုလျှင် အနည်းဆုံး (၄၈) နာရီ မတိုင်မီ မိမိလက်မှတ်ရေးထိုးထားသော အဆိုလွှာကို သဘာပတိအဖွဲ့သို့ ကြိုတင် ပေးပို့ရမည်။

(ခ) ဝမ်းသာကြောင်းအဆိုများ၊ သို့မဟုတ် ဝမ်းနည်းကြောင်းအဆိုများ၊ သို့မဟုတ် အရေးအပေါ် အခြေ အနေအရ တင်သွင်းရန် လိုအပ်သောအဆိုများကို သဘာပတိအဖွဲ့ထံ ကြိုတင်အကြောင်းကြားထားခြင်း မရှိစေကာမူ အလှည့်ကျ သဘာပတိက တင်သွင်းခွင့်ပြုလျှင် လွှတ်တော်၏ အဆုံးအဖြတ်ကို ရယူ၍ တင်သွင်းဆွေးနွေးနိုင်သည်။
(ဂ) လွှတ်တော်သို့ တင်သွင်းသည့် အဆိုများသည် အောက်ပါ စည်းကမ်းချက်များနှင့် ကိုက်ညီရမည်-
(၁) အများပြည်သူနှင့် သက်ဆိုင်ရမည်၊
(၂) လိုရင်းအချက်ကို ရှင်းလင်းတိကျစွာ ရေးသားဖော်ပြရမည်၊
(၃) အဆိုများကို ရေးသားစီကုံးရာတွင် လွှတ်တော်မှ “ထောက်ခံကြောင်း၊ ယုံကြည်ကြောင်း၊ တိုက် တွန်းကြောင်း၊ လက်ခံကြောင်း၊ ကြေညာကြောင်း” စသည့် သဘောထားမျိုးဖြင့် ရေးသားဖော်ပြရမည်၊
(၄) ဘာသာရေးနှင့် နိုင်ငံရေးတို့ကို ​ရောယှက်သော အဆို၊ တိုင်းရင်းသား စည်းလုံးညီညွတ်​ရေးကို ထိခိုက်သောအဆို၊ သို့မဟုတ် နိုင်ငံတော်က ကျင့်သုံးသော ဆိုရှယ်လစ်စနစ်ကို ပုတ်ခတ်သော အဆို မဖြစ်စေရ၊
(၅) ပြည်သူ့လွှတ်တော်၏ ဆန္ဒသဘောထားကို ထင်ဟပ်ဖော်ပြသော အဆိုမျိုး ဖြစ်စေရမည်။


၅၆။ ။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တဦးက တင်သွင်းသော အဆိုသည် စည်းကမ်းချက်များနှင့် ကိုက်ညီခြင်း ရှိ မရှိ နှင့် တင်သွင်းခွင့် ပြုမည်၊ မပြုမည် ကို သဘာပတိအဖွဲ့က စိစစ်ဆုံးဖြတ်ရမည်။


၅၇။ ။ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များက တင်သွင်းသည့်အဆိုများသည် သဘောထားချင်း တူညီ နေကြောင်းကို သဘာပတိအဖွဲ့မှ တွေ့ရှိပါက သဘောထားချင်းတူညီနေသော အဆိုများကို ပေါင်းစပ်၍ အဆိုတခုတည်းအဖြစ် တင်သွင်းရန် သက်ဆိုင်ရာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များနှင့် ညှိနှိုင်း ဆောင်ရွက်ပေးရမည်။


၅၈။ ။ (က) သဘာပတိအဖွဲ့သည် လွှတ်တော်သို့ တင်သွင်းရန် ခွင့်ပြုထားသည့် အဆိုများကို စိစစ်၍ နိုင်ငံတော်၏အကျိုး လွှတ်တော်အစည်းအဝေးအချိန်နှင့် အဆိုတင်သွင်းသော အကြောင်းကြားစာ လက်ခံရရှိသည့် ရှေ့နောက် အစီအစဉ်ကို အခြေခံသုံးသပ်၍ မည်သည့် အဆိုများအား ဦးစားပေး တင်သွင်းရမည်ကို ဆုံးဖြတ်ရမည်။

(ခ) အဆိုများ တင်သွင်းခွင့်ပြုသည့် အစီအစဉ်ကို သတ်မှတ်ရာတွင် နိုင်ငံတော်ကောင်စီနှင့် ဗဟိုအာ ဏာပိုင် အဖွဲ့အစည်းများမှ တင်သွင်းရန် သဘာပတိအဖွဲ့အား အကြောင်းကြားထားသည့်အဆိုများကို ဦးစားပေး၍ တင်သွင်းခွင့်ပြုရမည်။


၅၉။ ။ (က) နိုင်ငံတော်ကောင်စီကဖြစ်စေ၊ ဗဟိုအာဏာပိုင်အဖွဲ့အစည်း တရပ်ရပ်ကဖြစ်စေ၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် တဦးဦးကဖြစ်စေ တင်သွင်းသော အဆိုတရပ်ကို အလှည့်ကျ သဘာပတိ၏ ခွင့်ပြုချက်ဖြင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များက ဆွေးနွေးခွင့်ရှိသည်။

(ခ) အဆိုတရပ်နှင့် ပတ်သက်၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တဦးသည် တကြိမ်ထက်ပို၍ ဆွေး နွေးခွင့် မရှိစေရ။
(ဂ) လွှတ်တော်သို့ တင်သွင်းရန် အကြောင်းကြားထားသော အဆိုတရပ်အပေါ်တွင် ပါဝင်ဆွေးနွေး တင်ပြလိုသော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၏ အမည်စာရင်းကို သဘာပတိအဖွဲ့ထံ (၂၄)နာရီ ကြိုတင်၍ ပေးပို့ထားရမည်။ ယင်းအမည်စာရင်းကို သဘာပတိအဖွဲ့က စိစစ်၍ ဆွေးနွေးတင်ပြခွင့်ပြု ရမည်။


၆၀။ ။ (က) နိုင်ငံတော်ကောင်စီသည်လည်းကောင်း၊ ဗဟိုအာဏာပိုင်အဖွဲ့အစည်း တရပ်ရပ်သည်လည်း ကောင်း၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တဦးဦးသည်လည်းကောင်း အဆိုတရပ်ကို တင်သွင်းလို သည်ဟု သဘာပတိအဖွဲ့ထံ အကြောင်းကြား၍ အစည်းအဝေး အစီအစဉ်တွင် ထည့်သွင်း ဖော်ပြထား သော်လည်း လွှတ်တော်တွင် ဖတ်ကြား တင်သွင်းခြင်း မပြုသေးမီ ယင်းအဆိုကို ပြန်လည်ရုပ်သိမ်းခွင့် ရှိသည်။

(ခ) အစည်းအဝေး အစီအစဉ်တွင် ပါဝင်သောအဆိုကို လွှတ်တော်တွင် ဖတ်ကြားတင်သွင်း၍ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်တဦးက ယင်းအဆိုကိုထောက်ခံပြီးဖြစ်လျှင် လွှတ်တော် တရပ်လုံး၏ သဘော တူညီချက်ဖြင့်သာ ယင်းအဆိုကို ပြန်လည် ရုပ်သိမ်းခွင့်ရှိသည်။


၆၁။ ။ အစည်းအဝေးအစီအစဉ်တွင် ထည့်သွင်းဖော်ပြထားသော အဆိုတရပ်ပေါ်တွင် ပြင်ဆင်ချက်တရပ် တင်သွင်းလိုပါက ယင်းပြင်ဆင်ချက် အဆိုကို တင်သွင်းမည့်နေ့မတိုင်မီ (၂၄) နာရီ ကြိုတင်၍ သဘာပတိအဖွဲ့ထံ အကြောင်းကြားရမည်။


၆၂။ ။ အဆိုတရပ်ပေါ်တွင် တင်သွင်းသော ပြင်ဆင်ချက် အဆိုသည် အောက်ပါစည်းကမ်းချက်များနှင့် ကိုက်ညီရမည်-

(က) မူလအဆိုတွင် ပါရှိသော ကိစ္စနှင့် တိုက်ရိုက် သက်ဆိုင်ရမည်၊
(ခ) မူလအဆိုနှင့် လုံးဝဆန့်ကျင်သည့် သဘော မသက်ရောက်စေရ၊
(ဂ) မူလအဆိုအပေါ်တွင် အသေးအဖွဲ့သဘောဆောင်သော ပြင်ဆင်ချက်အဆို မဖြစ်စေရ၊
(ဃ) ပြင်ဆင်ချက်အဆို တင်သွင်းရာတွင် မူလအဆိုကို ရေးသားထားသည့် အစီအစဉ်အတိုင်း ရည်ညွှန်း ဖော်ပြရမည်။


၆၃။ ။ (က) ပြင်ဆင်ချက်အဆိုများ လွှတ်တော်သို့ တင်သွင်းပြီးသည့်အခါ ထိုပြင်ဆင်ချက်များနှင့် ပတ်သက်၍ လွှတ်တော်၏ဆန္ဒကို မရယူမီ အလှည့်ကျ သဘာပတိက အဆိုနှင့် ပြင်ဆင်ချက်များကို ဖတ်ပြရမည်။

(ခ) အဆိုအပေါ်တွင် လွှတ်တော်၏ အဆုံးအဖြတ်ကို မရယူမီ ပြင်ဆင်ချက်များအား လက်ခံခြင်း ပြုမည်၊ မပြုမည်နှင့် ပတ်သက်၍ လွှတ်တော်၏ သဘောထားကို ရှေးဦးစွာ ရယူရမည်။
(ဂ) ပြင်ဆင်ချက်များအပေါ်တွင် လွှတ်တော်၏ သဘောထားကို ရယူပြီးနောက် မူလအဆို၊ သို့မဟုတ် ပြင်ဆင်ထားသည့် အဆိုနှင့် စပ်လျဉ်း၍ လွှတ်တော်၏ ဆုံးဖြတ်ချက်ကို ရယူရမည်။


အခန်း ၉။ ပြည်သူ့လွှတ်တော်အစည်းအဝေးများ[edit]

၆၄။ ။ အောက်ပါကိစ္စရပ်များကို လွှတ်တော်၏ ပုံမှန်အစည်းအဝေးများ၌ ဆုံးဖြတ် ဆောင်ရွက်ရမည်-

(က) ရ-သုံးခန့်မှန်းခြေ ငွေစာရင်းနှင့် ပတ်သက်သော ဥပဒေများ၊
(ခ) စီးပွားရေး စီမံကိန်းနှင့် ပတ်သက်သော ဥပဒေများ၊
(ဂ) အခွန်အကောက်နှင့် ပတ်သက်သော ဥပဒေများ၊
(ဃ) အခြားဥပဒေများ၊
(င) နိုင်ငံတော် ကောင်စီနှင့် ဗဟိုအာဏာပိုင်အဖွဲ့အစည်းများ၏ ဆောင်ရွက်ချက်များကို ကြားနာ၍ အဆုံးအဖြတ်ပေးခြင်း။


၆၅။ ။ (က) လွှတ်တော် ပထမအကြိမ် အစည်းအဝေး၏ ပထမနေ့တွင် ပုဒ်မ ၇ တွင် ဖော်ပြထားသည့် ယာယီသဘာပတိက လွှတ်တော်အစည်းအဝေး စတင်ကျင်းပကြောင်း ကြေညာရမည်။

(ခ) လွှတ်တော် အစည်းအဝေးအထမြောက်ရန် လိုအပ်သည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးရေ တက်ရောက်မှသာလျှင် လွှတ်တော်အစည်းအဝေး စတင်ကျင်းပကြောင်း ကြေညာရမည်။


၆၆။ ။ (က) လွှတ်တော်၏ ပုံမှန်အစည်းအဝေးများကို ရုံးပိတ်ရက်များမှအပ လိုအပ်သလို ကျင်းပရမည်။

(ခ) အထူး ကိစ္စရပ်များအတွက် လွှတ်တော်အစည်းအဝေးကို အချိန်၊ သို့မဟုတ် ရက်ကန့်သတ်ချက်မရှိ ကျင်းပနိုင်သည်။


၆၇။ ။ (က) ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များသည် အလှည့်ကျ သဘာပတိ၏ ခွင့်ပြုချက် တောင်းခံ ရရှိပြီးမှသာလျှင် လွှတ်တော်သို့ စကားပြောခွင့်ရှိသည်။

(ခ) ပုဒ်မခွဲ (က) အရ ခွင့်ပြုချက်ရရှိသော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တဦးသည် တကြိမ်လျှင် အများဆုံး မိနစ် ၂၀ အထိသာ တင်ပြဆွေးနွေးရမည်။
(ဂ) ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တဦးသည် မိမိတင်ပြ ဆွေးနွေးခဲ့ခြင်းနှင့် ပတ်သက်၍ ဒုတိယ အကြိမ် ဖြည့်စွက်ရှင်းလင်း တင်ပြလိုလျှင် အလှည့်ကျ သဘာပတိ၏ ခွင့်ပြုချက်ရပါက အချိန်ငါးမိနစ် အထိ ထပ်မံတင်ပြဆွေးနွေးနိုင်သည်။
(ဃ) ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တဦးသည် အဆိုတရပ်ကို စတင်တင်သွင်းခဲ့သူဖြစ်လျှင် အခြားပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၏ ဆွေးနွေးတင်ပြချက်များ၊ မေးမြန်းချက်များ ပြီးဆုံး၍ လွှတ်တော်၏ အဆုံးအဖြတ်ကို မယူမီ မိမိတင်သွင်းခဲ့သော အဆိုနှင့် ပတ်သက်၍ အလှည့်ကျ သဘာပတိ ၏ ခွင့်ပြုချက်အရ အချိန်မိနစ် ၂၀ အထိပြန်လည်ရှင်းလင်း ဖြေကြားခွင့်ရှိသည်။
(င) ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၏ တင်ပြဆွေးနွေးပိုင်ခွင့်ရှိသော အချိန်နှင့် ပတ်သက်၍ ပုဒ်မခွဲ (က) (ခ) (ဂ) တွင် သတ်မှတ်ထားသော်လည်း အလှည့်ကျ သဘာပတိသည် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တဦးဦး၏ တောင်းခံချက်အရ လွှတ်တော်၏ လုပ်ငန်း၊ သို့မဟုတ် ဆွေးနွေးဆဲ ကိစ္စကို အထောက်အကူ ဖြစ်စေမည်ဟု ယုံကြည်ပါက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တဦးအား အချိန်သတ် မှတ်၍ ဆက်လက်တင်ပြ ဆွေးနွေးခွင့်ပြုနိုင်သည်။


၆၈။ ။ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များသည် ပြည်သူ့လွှတ်တော်တွင် တင်ပြဆွေးနွေးရာ၌ ဖြစ်စေ၊ အဆိုတင်သွင်းရာ၌ဖြစ်စေ၊ မေးခွန်း မေးမြန်းရာ၌ဖြစ်စေ-

(က) နိုင်ငံတော်၏ ကျေးဇူးသစ္စာကို ဖေါက်ဖျက်သော၊ နိုင်ငံတော်၏ လွတ်လပ်ရေးနှင့် အချုပ်အခြာ အာဏာကို ထိခိုက်သော၊ နိုင်ငံတော်က လက်ခံကျင့်သုံးသော ဆိုရှယ်လစ်စနစ်ကို ပျက်ပြားစေသော ပြောဆိုခြင်းများကို မပြုလုပ်ရ၊
(ခ) တိုင်းရင်းသားများ၏ စည်းလုံးညီညွတ်ရေး၊ အချင်းချင်း ယိုင်းပင်းကူညီရေး၊ ချစ်ကြည်လေးစား ရေးတို့ကို ထိခိုက်ပျက်ပြားစေမည့်စကားများကို မပြောဆိုရ၊
(ဂ) မည်သည့်ဘာသာ၊ သာသနာကိုမျှ ပုတ်ခတ်ပြောဆိုခြင်း မပြုရ၊ ဘာသာရေးနှင့် နိုင်ငံရေးတို့ကို နှောယှက်၍ ပြောဆိုခြင်း မပြုရ။


၆၉။ ။ (က) ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တဦးသည် ပုဒ်မ ၆၈ တွင် ဖော်ပြထားသည့် တားမြစ်ချက် တခုခုကို ချိုးဖောက် ဆန့်ကျင်ကြောင်း အလှည့်ကျ သဘာပတိက တွေ့ရှိပါက သက်ဆိုင်ရာ တားမြစ် ချက် တရပ်ရပ်ကို ချိုးဖောက်ဆန့်ကျင်၍ မပြောကြားပါရန် နှိုးဆော် သတိပေးရမည့်အပြင် တားမြစ်ချက် တရပ်ရပ်အား ချိုးဖောက်ဆန့်ကျင်ခဲ့သော စကားရပ်များကို ရုပ်သိမ်းရန် ညွှန်ကြားရမည်။

(ခ) ပုဒ်မခွဲ (က) အရ အလှည့်ကျ သဘာပတိ၏နှိုးဆော်သတိပေးချက်ကို ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်က မလိုက်နာပဲ ဆက်လက်ချိုးဖောက်နေပါက ယင်းကိုယ်စားလှယ်အား ဆွေးနွေးပြောဆိုနေခြင်း ကို ရပ်စဲ၍ မိမိနေရာသို့ ပြန်ထိုင်စေရန် ညွှန်ကြားရမည်။
(ဂ) ပုဒ်မခွဲ (ခ) အရ တားမြစ်ချက်ကို မလိုက်နာပါက မည်ကဲ့သို့ အရေးယူရမည်ကို အလှည့်ကျ သဘာပတိက သဘာပတိအဖွဲ့နှင့် တိုင်ပင်ဆောင်ရွက်ရမည်။


၇၀။ ။ (က) လွှတ်တော်၏ ဆန္ဒနှင့် သဘောထားကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ သဘောတူ မတူကို အသံဖြင့်လည်းကောင်း၊ လက်ထောင်မဲပေးခြင်း၊ သို့မဟုတ် မတ်တတ်ရပ်ပြခြင်းအားဖြင့် လည်းကောင်း၊ ဆန္ဒမဲပေးခြင်းဖြင့်လည်းကောင်း ရယူနိုင်သည်။

(ခ) အဆိုတရပ်နှင့် ပတ်သက်၍ လွှတ်တော်၏ အဆုံးအဖြတ် ရယူရာတွင် သဘောတူသည့်မဲနှင့် သဘောမတူသည့်မဲ အရေအတွက်ချင်း တူညီနေပါက ယင်းအဆိုနှင့် ပတ်သက်၍ လွှတ်တော်၏ အဆုံး အဖြတ်ကို အလှည့်ကျ သဘာပတိက သင့်လျော်သလို ဒုတိယအကြိမ် ထပ်မံရယူရမည်။
(ဂ) ပုဒ်မခွဲ (ခ) အရ ဒုတိယအကြိမ် အဆုံးအဖြတ် ရယူရာတွင် မဲအရေအတွက်ချင်း ထပ်မံတူညီနေပါက ယင်းကိစ္စနှင့် ပတ်သက်၍ လွှတ်တော်၏ အဆုံးအဖြတ်ကို တတိယအကြိမ်ရယူရမည်။
(ဃ) ပုဒ်မခွဲ (ဂ) အရ တတိယအကြိမ် ထပ်မံရယူသော်လည်း မဲအရေအတွက်ချင်း ထပ်မံတူညီနေပါက အလှည့်ကျ သဘာပတိသည် မိမိအကြိုက် နှစ်သက်ရာဘက်သို့ မဲပေး၍ ဆုံးဖြတ်ရမည်။


၇၁။ ။ (က) ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များသည် လွှတ်တော်အစည်းအဝေးဖိတ်စာနှင့်အတူ အစည်းအဝေး အစီအစဉ်ရရှိသောအခါ ဖြည့်စွက်လိုသော အကြောင်းကိစ္စရပ်များ ရှိပါက အကျိုး အကြောင်းဖော်ပြချက်နှင့်အတူ နိုင်ငံတော်ကောင်စီသို့ အနည်းဆုံး ၃ရက် ကြိုတင်ပေးပို့ရမည်။

(ခ) နိုင်ငံတော်ကောင်စီနှင့် ဗဟိုအာဏာပိုင် အဖွဲ့အစည်းများသည် လွှတ်တော်သို့ တင်ပြလိုသော အကြောင်းကိစ္စရပ်များကို အစည်းအဝေး အစီအစဉ်တွင် ထည့်သွင်းရန်အတွက် သဘာပတိအဖွဲ့သို့ ပေးပို့ရမည်။
(ဂ) သဘာပတိအဖွဲ့သည် မူလက ရေးဆွဲထားသော ယာယီအစီအစဉ်တွင် ပုဒ်မခွဲ (က) နှင့် (ခ) အရ ရရှိသော အကြောင်းကိစ္စရပ်များကို ဖြည့်စွက်၍ အစီအစဉ်သစ်တရပ်ကို ရေးဆွဲ၍ပြီး လွှတ်တော်သို့ တင်ပြအတည်ပြုချက်ရယူရမည်။
(ဃ) ပုဒ်မခွဲ (ဂ) အရ အစည်းအဝေး အစီအစဉ်ကို လွှတ်တော်မှ အတည်ပြုရန် အလှည့်ကျ သဘာပတိ က တင်ပြသည့်အခါ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များက ဝေဖန်အကြံပေးနိုင်ခွင့်ရှိသည်။
(င) အစည်းအဝေးအစီအစဉ်ကို ပြင်ဆင်ရန်၊ သို့မဟုတ် ဖြည့်စွက်ရန် အဆိုပြုချက်များရှိပါက ယင်းအဆိုပြုချက်များနှင့် စပ်လျဉ်းလိုအပ်လျှင် လွှတ်တော်၏ သဘောထားကို မဲခွဲဆုံးဖြတ်ရယူရမည်။ အကယ်၍ ပြင်ဆင်ရန်၊ သို့မဟုတ် ဖြည့်စွက်ရန်အဆိုများ မရှိပါက အလှည့်ကျ သဘာပတိက လွှတ်တော် ရှေ့မှောက်သို့ တင်သွင်းထားသော အစည်းအဝေး အစီအစဉ်အပေါ်တွင် လွှတ်တော်၏ အတည်ပြုချက်ကို ရယူရမည်။
(စ) နေ့စဉ် အစည်းအဝေးအစီအစဉ်များကိုလည်း သဘာပတိအဖွဲ့က ပြုစု၍ ဖြန့်ဝေရမည်။ ယင်းအစီ အစဉ်တွင် လွှတ်တော်မှ လက်ခံသော အဆိုများနှင့် အကြောင်းကိစ္စရပ်များကို ဖြည့်စွက်၍ ဖော်ပြထည့် သွင်းရမည်။
(ဆ) ပုဒ်မခွဲ (ခ) နှင့် (င) အရ အစည်းအဝေး အစီအစဉ်တွင်ပါဝင်သော နိုင်ငံတော်ကောင်စီနှင့် ဗဟိုအာ ဏာပိုင်အဖွဲ့အစည်းများက တင်သွင်းသော ဥပဒေကြမ်းများကို လွှတ်တော်မှ ဦးစားပေး၍ စဉ်းစားဆုံး ဖြတ်ရမည်။


၇၂။ ။ (က) ရွေးချယ်တင်မြှောက်ခြင်းဆိုင်ရာ ဥပဒေအရ ရွေးချယ်တင်မြှောက်ခြင်းခံရသည့် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်းအနက် ခုနစ်ဆယ့်ငါးရာခိုင်နှုန်း တက်ရောက်ပါက လွှတ်တော် အစည်းအဝေးအထမြောက်သည်။

(ခ) လွှတ်တော်အစည်းအဝေးတရပ်၏ ပထမနေ့တွင် တက်ရောက်လာသော ပြည်သူ့လွှတ်တော် ကိုယ် စားလှယ်များသည် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၏ မှတ်ပုံတင်စာရင်းတွင် လက်မှတ်ရေးထိုး ကြရမည်။
(ဂ) ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ စိစစ်ရေး ကော်မီတီ၏ တင်ပြချက်အရ အစည်းအဝေးအထ မြောက်ကြောင်းကို အလှည့်ကျသဘာပတိက ကြေညာရမည်။
(ဃ) အကယ်၍ အစည်းအဝေး အထမြောက်ရန် လိုအပ်သည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးရေ တက်ရောက်ခြင်း မရှိပါက လွှတ်တော်ကို ရွှေ့ဆိုင်းကြောင်း ကြေညာရမည်။


၇၃။ ။ (က) သဘာပတိအဖွဲ့၊ နိုင်ငံတော်ကောင်စီ၊ ဗဟိုအာဏာပိုင် အဖွဲ့အစည်းများတွင် ပါဝင်သော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအား လွှတ်တော် အစည်းအဝေး ခန်းမတွင် သီးသန့်နေရာ စီစဉ် ပေးရမည်။

(ခ) ပုဒ်မခွဲ (က) တွင် ဖော်ပြထားသည့် အဖွဲ့အစည်းများ၏ အဖွဲဝင်မဟုတ်သော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအား လွှတ်တော်အစည်းအဝေး ကာလအတွက် မိမိတို့ ကိုယ်စားပြုသည့် ပြည်နယ်၊ သို့မဟုတ် တိုင်းအမည်၏ အက္ခရာစဉ်အလိုက် လက်ဝဲမှ လက်ယာသို့ အတန်းလိုက်လွှတ်တော် အစည်း အဝေးခန်းမတွင် နေရာချထား စီစဉ်ပေးရမည်။ ရှေ့ဆုံးတန်း လက်ဝဲဒေါင့် ပထမထိုင်ခုံ နေရာအတွက် ပြည်နယ်၊ သို့မဟုတ် တိုင်းအမည် အက္ခရာကို မဲနှိုက်၍ အလှည့်ကျ သတ်မှတ်ပေးရမည်။


၇၄။ ။ (က) လွှတ်တော်အစည်းအဝေးများတွင်သော်လည်းကောင်း၊ လွှတ်တော်အဖွဲ့အစည်းများ၏ အစည်းအဝေးများတွင်သော်လည်းကောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၏ တင်ပြဆွေးနွေး ချက်များကို ပြည်သူ့လွှတ်တော်ရုံးမှ မှတ်တမ်းတင်ထားရမည်။ ယင်းမှတ်တမ်းများကို ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်များအား ဝေငှရမည်။

(ခ) ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တဦးသည် လွှတ်တော်၊ သို့မဟုတ် လွှတ်တော်အဖွဲ့အစည်း တရပ် ရပ်တွင် တင်ပြဆွေးနွေးခဲ့သည့် စကားရပ်များနှင့် စပ်လျဉ်း၍ မှတ်တမ်း၌ ရှင်းလင်းဖြည့်စွက်ချက်ကို ထပ်မံဖြည့်စွက်ပေးရန် ပြည်သူ့လွှတ်တော်ရုံးသို့ သုံးရက်အတွင်း စာရေးအကြောင်းကြားနိုင်သည်။ သို့သော်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တဦးသည် လွှတ်တော်၊ သို့မဟုတ် လွှတ်တော်အဖွဲ့အစည်း တရပ်ရပ်တွင် မိမိတင်ပြ ပြောဆိုခဲ့သော စကားရပ်များကို ပြင်ဆင်ခွင့်မရှိ။
(ဂ) လွှတ်တော်အစည်းအဝေးတရပ်တွင် ချမှတ်သည့် ဆုံးဖြတ်ချက်များကို မှတ်တမ်းတင်ပြုစု၍ အစည်းအဝေး ပြီးဆုံးသည့်နေ့၌ သဘာပတိအဖွဲ့သို့ တင်ပြပြီး လက်မှတ်ရေးထိုးရယူရမည်။ ထိုနောက် ယင်းဆုံးဖြတ်ချက်များကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအား ဝေငှရမည်။


၇၅။ ။ လွှတ်တော်တွင် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေး ကိစ္စရပ်များကို စဉ်းစားဆွေးနွေးရန်နှင့် အခြားလျှို့ဝှက် အကြောင်းကိစ္စရပ်များကို စဉ်းစားဆွေးနွေးရန်အတွက် လွှတ်တော် အစည်းအဝေးများ ကို တံခါးပိတ် ကျင်းပရမည်။


၇၆။ ။ (က) လွှတ်တော် အစည်းအဝေးများကို တက်ရောက်နားထောင် လေ့လာလိုသူများသည် လွှတ် တော်ရုံးသို့ ခွင့်တောင်းခံနိုင်သည်။

(ခ) လွှတ်တော်ရုံးက စိစစ်ခွင့်ပြုပါက လွှတ်တော်ရုံးမှ လိုအပ်သလို စီစဉ်ဆောင်ရွက်ပေးရမည်။
(ဂ) လွှတ်တော်အစည်းအဝေးများတွင် တက်ရောက်နားထောင်သော ပုဂ္ဂိုလ်များသည် လွှတ်တော်၏ သိက္ခာကို စောင့်ထိန်းရန် ပြဋ္ဌာန်းထားသည့် ဥပဒေနှင့် နည်းဥပဒေများ၊ စည်းကမ်းများ၊ အမိန့်များကို လိုက်နာရမည်။ အကယ်၍ သတ်မှတ်ထားသည့် ဥပဒေနှင့် နည်းဥပဒေများ၊ အမိန့်များ၊ စည်းကမ်းများ ကို မလိုက်နာပါက လွှတ်တော်၏ လုံခြုံရေးအတွက် တာဝန်ရှိသူများက တက်ရောက် လေ့လာခွင့်ကို ရုပ်သိမ်းနိုင်သည်။
(ဃ) လွှတ်တော်အစည်းအဝေးကို တံခါးပိတ် ကျင်းပမည်ဖြစ်ကြောင်း အလှည့်ကျ သဘာပတိက ကြေညာလျှင် ပြင်ပမှ တက်ရောက်နားထောင်သော ပုဂ္ဂိုလ်များသည် အစည်းအဝေးခန်းမမှ ထွက်ခွါပေးရ မည်။


အခန်း ၁၀။ အထွေထွေ[edit]

၇၇။ ။ လွှတ်တော်အစည်းအဝေး စတင်ကျင်းပသည့်နေ့တွင် ကတိသစ္စာမပြုရသေးသော၊ သို့မဟုတ် မှတ်ပုံတင်စာရင်း၌ လက်မှတ်ရေးထိုးခြင်း မပြုရသေးသော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များသည် သဘာပတိကအဖွဲ့က သီးခြားသတ်မှတ်ပေးသည့်နေ့နှင့် အချိန်တွင် အလှည့်ကျ သဘာပတိရှေ့၌ ပုဒ်မ ၉ နှင့် ပုဒ်မ ၇၂ ပုဒ်မခွဲ (ခ) တွင် ဖော်ပြထားသည့်အတိုင်း ကတိသစ္စာပြုရမည့်အပြင် မှတ်ပုံတင်စာရင်းတွင် လက်မှတ်ရေးထိုးရမည်။


၇၈။ ။ ပြည်သူ့လွတ်တော် ကိုယ်စားလှယ်တဦးသည် ကျန်းမာရေးအခြေအနေကြောင့် သော်လည်း ကောင်း၊ အခြားမလွဲမရှောင်နိုင်သည်ကိစ္စ တရပ်ရပ်ကြောင့်သော်လည်းကောင်း လွှတ်တော်အစည်း အဝေးများကို မတက်ရောက်နိုင်ပါက လွှတ်တော်အစည်းအဝေး တက်ရောက်ခြင်းမှ ပျက်ကွက်ခြင်းအ တွက် ခွင့်ပြုပါရန် သဘာပတိအဖွဲ့ထံ ခွင့်ပန်ရမည်။


၇၉။ ။ လွှတ်တော်၏ သိက္ခာကို စောင့်ထိန်းရန် ပြဋ္ဌာန်းထားသော အောက်ပါပြဋ္ဌာန်းချက်တရပ်ရပ်ကို ချိုးဖေါက်လျှင် လွှတ်တော်အား မထေမဲ့မြင်ပြုသည် ပြစ်မှုကို ကျူးလွန်ရာ ရောက်သည်၊ ယင်းသို့ ကျူး လွန်သူတဦးအား ထောင်ဒဏ် ၆ လ အထိဖြစ်စေ၊ ကျပ် ၅၀၀ အထိငွေဒဏ်ဖြစ်စေ၊ သို့မဟုတ် ပြစ်ဒဏ် နှစ်ရပ်လုံးကို ဖြစ်စေချမှတ်ရမည်။

(က) လွှတ်တော်အစည်းအဝေးကျင်းပနေစဉ် အလှည့်ကျ သဘာပတိ၏ ခွင့်ပြုချက်မရရှိဘဲ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်များနှင့် တက်ရောက်ခွင့်ပြုထားသူများမှအပ အခြား မည်သူတဦးမျှ လွှတ်တော်အစည်းအဝေးခန်းမ အတွင်းသို့ မဝင်ရ၊
(ခ) မည်သူမဆို လွှတ်တော်အစည်းအဝေး ကျင်းပနေစဉ် လွှတ်တော်အစည်းအဝေးခန်းမတွင်းသို့ လိမ်လည်ပြောဆို၍၊ သို့မဟုတ် သူတပါး အယောင်ဆောင်၍ ဝင်ရောက်ခြင်း မပြုရ။
(ဂ) လွှတ်တော်အစည်းအဝေး ကျင်းပချိန်၌ဖြစ်စေ၊ အစည်းအဝေးကျင်းပချိန်မဟုတ်သည် အချိန်၌ဖြစ် စေ အလှည့်ကျ သဘာပတိ၏ ခွင့်ပြုချက်မရရှိပဲ လွှတ်တော်အစည်းအဝေးခန်းမ၊ သို့မဟုတ် လွှတ်တော် ဥပစာအတွင်းရှိ အခြား မည်သည် အခန်းမဆို မည်သူမျှ ညအိပ်ညနေမပြုရ။
(ဃ) လွှတ်တော်အစည်းအဝေးခန်းမနှင့် လွှတ်တော်ဥပစာအတွင်းရှိ အခြားမည်သည်အခန်းကိုမဆို လွှတ်တော်နှင့်မဆိုင်သည့် အခြားမည်သည့် ကိစ္စအတွက်မျှ အသုံးမပြုရ။


၈၀။ ။ လွှတ်တော်၏ လုပ်ငန်းများကို အနှောက်အယှက် ဖြစ်စေသော၊ သို့မဟုတ် လွှတ်တော်၏ လုံခြုံမှု ကို အန္တရာယ်ဖြစ်စေသော အောက်ပါပြစ်မှုတရပ်ရပ်ကို ကျူးလွန်ပါက ယင်းကဲ့သို့ ကျူးလွန်သူတဦးအား ထောင်ဒဏ် ၂ နှစ်ထိ ဖြစ်စေ၊ ကျပ် ၂၀၀၀ အထိငွေဒဏ်ဖြစ်စေ၊ သို့မဟုတ် ပြစ်ဒဏ်နှစ်ရပ်လုံးကို ချမှတ် ရမည်။

(က) လွှတ်တော်အစည်းအဝေး၊ သို့မဟုတ် လွှတ်တော်အဖွဲ့အစည်းတရပ်ရပ်၏ အစည်းအဝေး ကျင်းပ နေစဉ် လွှတ်တော်၊ သို့မဟုတ် လွှတ်တော်အဖွဲ့အစည်းတရပ်ရပ်၏ လုပ်ငန်းများကို အနှောက်အယှက် ဖြစ်စေမည့် မည်သည့် စီတန်းလှည့်လည်ခြင်း၊ သို့မဟုတ် ဆန္ဒပြုခြင်းနှင့် ဆူပူနှောက်ယှက်ခြင်းမျိုးကိုမျှ အခါအားလျော်စွာ သတ်မှတ်ထားသော နယ်နိမိတ်အတွင်း မပြုလုပ်ရ။
(ခ) လွှတ်တော်၊ သို့မဟုတ် လွှတ်တော်အဖွဲ့အစည်းတရပ်ရပ်မှ သက်သေခံရန် ခေါ်ယူခြင်းခံရသူတဦး အား မည်သူမဆို မတရားဩဇာလွှမ်းမိုးခြင်း သွေးဆောင်ခြင်း၊ ခြိမ်းခြောက်ခြင်း မပြုရ။
(ဂ) လွှတ်တော်၊ သို့မဟုတ် လွှတ်တော် အဖွဲ့အစည်း တရပ်ရပ်သို့ တင်သွင်းသော ဥပဒေကြမ်း၊ အဆို၊ သို့မဟုတ် အခြားလွှတ်တော်လုပ်ငန်း တခုခုဖြစ်မြောက်ရေးအတွက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နှင့် လွှတ်တော် ဝန်ထမ်းတဦးဦးအား ယင်းတို့၏ အလုပ်ဝတ်တရားဆောင်ရွက်ရာတွင် လပ်ပေးခြင်း၊ အခကြေးငွေပေးခြင်း မပြုရ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ သို့မဟုတ် လွှတ်တော်ဝန်ထမ်းတဦးဦး ကလည်း လပ်ယူခြင်း၊ အခကြေးငွေယူခြင်း မပြုရ၊
(ဃ) လွှတ်တော်အစည်းအဝေးခန်းမ၌ ဖြစ်စေ၊ လွှတ်တော်ဥပစာတွင်ဖြစ်စေ၊ လွှတ်တော် ဥပစာနယ် နိမိတ်၏ ပြင်ပပေ ၅၀၁ အတွင်းဖြစ်စေ မည်သူမဆို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအား မထေမဲ့ မြင်ပြုခြင်း၊ အနှောက်အယှက် ပေးခြင်းမပြုရ။
(င) လွှတ်တော်ဝန်ထမ်းတဦးအား ၎င်း၏ တာဝန် ဝတ်တရားများ ဆောင်ရွက်ရာ၌ ခုခံခြင်း၊ သို့မဟုတ် ဟန့်တားခြင်း မပြုလုပ်ရ။
(စ) လွှတ်တော်၊ သို့မဟုတ် လွှတ်တော်၏ အဖွဲ့အစည်း တရပ်ရပ်ကို လိမ်လည်လှည့်ဖြားရန် အကြံဖြင့် လိမ်လည်၍ အတုပြုလုပ်ထားသည့် စာရွက်စာတမ်း အမှတ်အသားများကို တင်ပြခြင်း မပြုရ။
(ဆ) သဘာပတိအဖွဲ့၏ အမိန့်အရ လျှို့ဝှက်စာထိန်းသိမ်း ထားရှိရမည့်စာရွက်စာတမ်းများကို ပြင်ပသို့ ပေါက်ကြာခြင်း မပြုရ၊ ထိုသို့ တားမြစ်ထားသည့် စာရွက်စာတမ်းပါ ကိစ္စရပ်များကို ပြင်ပသို့ ပြောဆို ခြင်း၊ ရေးသားခြင်း၊ ဖြန့်ချိထုတ်ဝေခြင်း မပြုရ၊
(ဇ) လွှတ်တော်အစည်းအဝေး ခန်းမ၌ဖြစ်စေ၊ လွှတ်တော်ဥပစာတွင်ဖြစ်စေ၊ လွှတ်တော်လုံခြုံရေးအရ တာဝန်ကျသူများမှအပ မည်သူမဆို မည်သည့် လက်နက်ကိုမျှ ယူဆောင်လာခြင်းမပြုရ။


၈၁။ ။(က) ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တဦးက ပုဒ်မ ၇၉၊ သို့မဟုတ် ပုဒ်မ ၈၀ ပါ ပြစ်မှုတခုခုကို ကျူးလွန်လျှင် သဘာပတိအဖွဲ့၏ ကြိုတင်ခွင့်ပြုချက်ကို ရယူပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ စိစစ်ရေးကော်မီတီမှ သက်ဆိုင်ရာ တရားစီရင်ရေးအဖွဲ့တွင် တရားစွဲဆိုရမည်။

(ခ) ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် မဟုတ်သည့် အခြားပုဂ္ဂိုလ်တဦးက ပုဒ်မ ၇၉၊ သို့မဟုတ် ပုဒ်မ ၈၀ အရ ပြစ်မှုတခုခုကို ကျူးလွန်လျှင် လွှတ်တော်ရုံးမှ သက်ဆိုင်ရာ တရားစီရင်ရေး အဖွဲ့တွင် တရားစွဲ ဆိုရမည်။ ထိုပြစ်မှုကို လွှတ်တော် အစည်းအဝေးခန်းမ၌ ကျူးလွန်ပါက အလှည့်ကျ သဘာပတိထံ တင်ပြ၍ အရေးယူ ဆောင်ရွက်ရမည်။


၈၂။ ။ သာမန်အားဖြင့် လွှတ်တော်အစည်းအဝေးများကို ရန်ကုန်မြို့တော်ရှိ အစည်းအဝေးခန်းမတွင် ကျင်းပရမည်။ လွှတ်တော်အစည်းအဝေးခန်းမတွင် ကျင်းပရန် မဖြစ်နိုင်သည့် အခြေအနေမျိုးတွင် အခြားသင့်လျော်သည့် နေရာ၌ ကျင်းပနိုင်သည်။


၈၃။ ။ (က) ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တဦးဦးအား နိုင်ငံတော် သစ္စာဖောက်မှုဖြင့် အရေးယူခြင်း ခံရကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ စိစစ်ရေး ကော်မီတီက သိရှိပါက အခြေခံ ဥပဒေပုဒ်မ ၇၃ ပုဒ်မခွဲ (၃) အရ ယင်းပြည်သူ့ကိုယ်စားလှယ်အား တာဝန်မှလည်းကောင်း၊ ပြည်သူ့လွှတ်တော် အစည်းအဝေးသို့ တက်ရောက်စေခြင်းမှလည်းကောင်း ခေတ္တရပ်စဲစေရန် သဘာပတိအဖွဲ့သို့ တင်ပြ ရမည်။

(ခ) ပုဒ်မခွဲ (က) အရ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ စိစစ်ရေးကော်မီတီ၏ တင်ပြချက်ကို စိစစ်၍ သဘောတူပါက လွှတ်တော်၏ အတည်ပြုချက်ကို ရယူပြီး သက်ဆိုင်ရာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အား လွှတ်တော်အစည်းအဝေး တက်ရောက်ခွင့် ခေတ္တရပ်စဲကြောင်းကို သဘာပတိအဖွဲ့ က ထုတ်ပြန်ကြေညာရမည်။


၈၄။ ။ (က) ပြည်သူ့လွှတ်တော်ရုံးကို ပြည်သူ့လွှတ်တော်၏ ရုံးလုပ်ငန်း ကိစ္စအဝဝတို့ကို တာဝန်ယူ ဆောင်ရွက်ရန်အတွက် ဖွဲ့စည်းထားရှိရမည်။

(ခ) နိုင်ငံတော်ကောင်စီ၏ အတွင်းရေးမှူးသည် ပြည်သူ့လွှတ်တော်ရုံးနှင့် နိုင်ငံတော်ကောင်စီရုံးတို့ကို ဦးဆောင်လမ်းညွှန်၍ ယင်းရုံးတို့၏ ဆောင်ရွက်ချက်များနှင့် ပတ်သက်၍ ပြည်သူ့လွှတ်တော်ကိုလည်း ကောင်း နိုင်ငံတော်ကောင်စီကိုလည်းကောင်း တာဝန်ခံရမည်။


၈၅။ ။ ဤဥပဒေတွင် ပြဋ္ဌာန်းခြင်း မရှိသော ကိစ္စများ ပေါ်ပေါက်လာလျှင် သော်လည်းကောင်း၊ ဤဥပဒေ အတိုင်းဆောင်ရွက်ရာတွင် အခက်အခဲတရပ်နှင့် ကြုံတွေ့ရလျှင်သော်လည်းကောင်း ယင်းအခက်အခဲ များကို ဖြေရှင်းကျော်လွန်နိုင်ရန်အတွက် သဘာပတိအဖွဲ့က ဆုံးဖြတ်ဆောင်ရွက်နိုင်သည်။


(ပုံ) နေဝင်း၊

ဥက္ကဋ္ဌ၊

ပြည်ထောင်စုမြန်မာနိုင်ငံတော်လှန်ရေးကောင်စီ။


ရန်ကုန်မြို့၊ ၁၃၃၅ ခုနှစ်၊ တပို့တွဲလဆန်း ၆ ရက်။

(၁၉၇၄ ခုနှစ်၊ ဇန်နဝါရီလ ၂၈ ရက်။)


အမိန့်အရ၊

(ပုံ) ဒုတိယဗိုလ်မှူးကြီး မြကျော်၊

အတွင်းရေးမှူး၊

ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေးကောင်စီ။