ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၄၄/၂၀၁၄

From Wikisource
Jump to navigation Jump to search
လျှပ်စစ်ဥပဒေ  (2014) 
by သိန်းစိန်

လျှပ်စစ်ဥပဒေ
(၂၀၁၄ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၄၄။)
၁၃၇၆ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း၅ ရက်
( ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်)

ပြည်ထောင်စုလွှတ်တော်သည်ဤဥပဒေကိုပြဋ္ဌာန်းလိုက်သည်။

အခန်း(၁) အမည်နှင့်အဓိပ္ပာယ်ဖော်ပြချက်[edit]

၁။ ဤဥပဒေကို လျှပ်စစ်ဥပဒေဟု ခေါ်တွင်စေရမည်။

၂။ ဤဥပဒေတွင်ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ်သက်ရောက် စေရမည် -

(က) လျှပ်စစ်ဓာတ်အားဆိုသည်မှာ စွမ်းအင်အရင်းအမြစ်တစ်မျိုးမျိုးကို အသုံးပြု၍ ထုတ်လုပ်ရရှိသည့် လျှပ်စစ်ဓာတ်အားကိုဆိုသည်။

(ခ) လျှပ်စစ်ဆိုင်ရာလုပ်ငန်းဆိုသည်မှာ လျှပ်စစ်ဓာတ်အားနှင့် စပ်လျဉ်း၍စူးစမ်းရှာဖွေခြင်း၊ တည်ဆောက်ခြင်း၊ ထုတ်လုပ်ခြင်း၊ ပို့လွှတ်ခြင်း၊ ဖြန့်ဖြူးခြင်း၊ အသုံးပြုခြင်း၊ ရောင်းဝယ်ခြင်း၊ ဖလှယ်ခြင်း၊ ဓာတ်အားစနစ်ကွပ်ကဲခြင်း၊ လျှပ်စစ်စမ်းသပ်စစ်ဆေး ခြင်းနှင့် လျှပ်စစ်ဆိုင်ရာ လုပ်ငန်းစစ်ဆေးခြင်းများကို ဆိုသည်။

(ဂ) လျှပ်စစ်ဆိုင်ရာလုပ်ပိုင်ခွင့်ဆိုသည်မှာ လျှပ်စစ်ဆိုင်ရာလုပ်ငန်းများကို လုပ်ကိုင်ခွင့် ပြုနိုင်သည့် လုပ်ပိုင်ခွင့်ကိုဆိုသည်။

(ဃ) ခွင့်ပြုမိန့်ဆိုသည်မှာ လျှပ်စစ်ဆိုင်ရာလုပ်ငန်းတစ်ခုခုကို လုပ်ကိုင်ဆောင်ရွက်ရန် ပုဒ်မ (၇) အရ ခွင့်ပြုမိန့် ထုတ်ပေးနိုင်သူအဖြစ် သတ်မှတ်ခြင်းခံရသူက ထုတ်ပေးသော ခွင့်ပြုမိန့်ကို ဆိုသည်။

(င) လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းဆိုသည်မှာ နည်းပညာတစ်ခုခုအသုံးပြု‌၍ စွမ်းအင်အရင်းအမြစ် တစ်မျိုးမျိုးမှ စီးပွားဖြစ် လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းကို ဆိုသည်။

(စ) ဓာတ်အားပို့လွှတ်ရေးစနစ်ဆိုသည်မှာ လျှပ်စစ်ဓာတ်အားထုတ်လုပ်သည့်ပင်ရင်းမှ ပင်မ ဓာတ်အားခွဲရုံသို့လည်းကောင်း၊ ပင်မဓာတ်အားခွဲရုံအချင်းချင်းသို့လည်းကောင်း ဓာတ်အား လိုင်းကြိုးများ၊ ဓာတ်အားလိုင်းတိုင်များ၊ ဓာတ်အားခွဲရုံများ၊ ထရန်စဖော်မာများနှင့် ဆက်စပ် ပစ္စည်းများကိုအသုံးပြု၍ ဓာတ်အားပို့လွှတ်သည့်စနစ်ကိုဆိုသည်။

(ဆ) လျှပ်စစ်ဓာတ်အားဖြန့်ဖြူးခြင်းဆိုသည်မှာ လျှပ်စစ်ဓာတ်အားသုံးစွဲသူများထံသို့ သတ်မှတ်ထားသော ဗို့အား၊လျှပ်စီးနှင့် ကြိမ်နှုန်းတို့ဖြင့်စနစ်တကျ ဓာတ်အား ဖြန့်ဖြူးခြင်းကို ဆိုသည်။

(ဇ) လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးစနစ်ဆိုသည်မှာ လျှပ်စစ်ဓာတ်အား ထုတ်လုပ်သည့် စက်ရုံနှင့် ဓာတ်အားခွဲရုံတို့မှ ဓာတ်အားလိုင်းကြိုးများ၊ ဓာတ်အားလိုင်းတိုင်များ၊ ဓာတ်အားခွဲရုံများ၊ ထရန်စဖော်မာများနှင့် ဆက်စပ်ပစ္စည်းများကိုအသုံးပြု၍ လျှပ်စစ် ဓာတ်အားဖြန့်ဖြူးသည့် စနစ်ကိုဆိုသည်။

(ဈ) လျှပ်စစ်ဓာတ်အားရောင်းဝယ်ခြင်းဆိုသည်မှာ ပြည်တွင်းမှဖြစ်စေ၊ ပြည်ပမှဖြစ်စေ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်း၊ ပို့လွှတ်ခြင်း၊ ဖြန့်ဖြူးခြင်းနှင့် ဖလှယ်ခြင်းကိစ္စရပ် များကို လျှပ်စစ်ဆိုင်ရာလုပ်ငန်းလုပ်ကိုင်သူနှင့် ဆက်သွယ်၍ စီးပွားရေးလုပ်ငန်းအဖြစ် ဆောင်ရွက်ခြင်းကို ဆိုသည်။

(ည) 'လျှပ်စစ်ဓာတ်အားအသုံးပြုခြင်းဆိုသည်မှာ သတ်မှတ်ထားသည့်ဗို့အား၊ လျှပ်စီးနှင့် ကြိမ်နှုန်းရှိသော လျှပ်စစ်ဓာတ်အားကို သတ်မှတ်ချက်များနှင့်အညီ ရယူအသုံးပြုခြင်းကို ဆိုသည်။

(ဋ) လျှပ်စစ်ဓာတ်အားစနစ်ဆိုသည်မှာ မဟာဓာတ်အားလိုင်းစနစ်နှင့် ဒေသဆိုင်ရာ လျှပ်စစ် ဓာတ်အားစနစ်တို့ကို ဆိုသည်။

(ဌ) မဟာဓာတ်အားလိုင်းစနစ်ဆိုသည်မှာ လျှပ်စစ်ဓာတ်အားပေးစက်ရုံကြီးများ၊ ပင်မ ဓာတ်အားခွဲရုံများ၊ ဓာတ်အားပို့လွှတ်ရေးလိုင်းများ၊ ဓာတ်အားဖြန့်ဖြူးရေးခွဲရုံများနှင့် ဓာတ်အားဖြန့်ဖြူးရေးလိုင်းများကို ချိတ်ဆက်၍ လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း၊ ပို့လွှတ်ခြင်း၊ ဖြန့်ဖြူးခြင်း ပြုလုပ်နေသော တစ်နိုင်ငံလုံးနှင့်ဆိုင်သောစနစ်ကို ဆိုသည်။

(ဍ) ဒေသဆိုင်ရာလျှပ်စစ်ဓာတ်အားစနစ်ဆိုသည်မှာ မဟာဓာတ်အားလိုင်းနှင့် ဆက်သွယ်မှု မရှိဘဲ နယ်နိမိတ်တစ်ခုအတွင်း၌ သီးခြားစနစ်တစ်ခုအဖြစ် ဓာတ်အားပေးနေသော လျှပ်စစ်ဓာတ်အားစနစ်ကိုဆိုသည်။

(ဎ) လျှပ်စစ်ဓာတ်အားလိုင်းနယ်မြေဆိုသည်မှာ လျှပ်စစ်ဓာတ်အားလိုင်းတစ်လျှောက် လျှပ်စစ်အန္တရာယ်ကင်းရှင်းရန် ဝန်ကြီးဌာနကသတ်မှတ်ထားသော အကွာအဝေး အတွင်းရှိ နယ်မြေကိုဆိုသည်။

(ဏ) ဓာတ်အားစနစ်ကွပ်ကဲခြင်းဆိုသည်မှာ မဟာဓာတ်အားလိုင်းစနစ်အတွင်း လျှပ်စစ် ဓာတ်အားထုတ်လုပ်ခြင်း၊ ပို့လွှတ်ခြင်းနှင့် ဖြန့်ဖြူးခြင်းတို့ကို နည်းပညာ စံချိန်စံညွှန်း နှင့်အညီ စီမံကွပ်ကဲခြင်းကို ဆိုသည်။

(တ) လျှပ်စစ်ဆိုင်ရာလုပ်ငန်းစစ်ဆေးခြင်းဆိုသည်မှာ လျှပ်စစ်စူးစမ်းရှာဖွေခြင်း၊ လျှပ်စစ် ဓာတ်အားစနစ် ကွပ်ကဲခြင်း၊ လျှပ်စစ်ဓာတ်အားရောင်းဝယ်ခြင်းနှင့် လျှပ်စစ်ဓာတ်အား ဖလှယ်ခြင်းလုပ်ငန်းတို့မှအပ အခြားလျှပ်စစ်ဆိုင်ရာလုပ်ငန်းများနှင့် စပ်လျဉ်း၍ လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရန် သတ်မှတ်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ခြင်း ရှိမရှိ စစ်ဆေးခြင်းကိုဆိုသည်။

(ထ) လျှပ်စစ်ဆိုင်ရာပစ္စည်းကိရိယာစစ်ဆေးခြင်းဆိုသည်မှာ လျှပ်စစ်ဆိုင်ရာလုပ်ငန်းများတွင် အသုံးပြုသောလျှပ်စစ်ပစ္စည်းများ၊ စက်ပစ္စည်းများ၊ ဓာတ်အားလိုင်းများ၊ လျှပ်စစ် တိုင်းတာရေး ကိရိယာများ၏ကြံ့ခိုင်မှုနှင့် စံချိန်စံညွှန်းစစ်ဆေးခြင်းကိုဆိုသည်။

(ဒ) ဝန်ကြီးဌာနဆိုသည်မှာ ဤဥပဒေပါလုပ်ငန်းတာဝန်များကို ဆောင်ရွက်ရန်အလို့ငှာ ပြည်ထောင်စုအစိုးရအဖွဲ့က တာဝန်ပေးအပ်သော သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဌာနကို ဆိုသည်။

(ဓ) ဝန်ကြီးဆိုသည်မှာ ပြည်ထောင်စုအစိုးရအဖွဲ့က တာဝန်ပေးအပ်သော သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးကိုဆိုသည်။

(န) လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ဆိုသည်မှာ သတ်မှတ်ထားသော လျှပ်စစ်ဓာတ်အား ပေးရေးနယ်နိမိတ်တွင် လျှပ်စစ်ဓာတ်အားလုပ်ငန်းများကို ထိရောက်စွာဆောင်ရွက် နိုင်ရန် ဝန်ကြီးဌာနက ပြည်ထောင်စုအစိုးရအဖွဲ့၏သဘောတူညီချက်ဖြင့် ဖွဲ့စည်း ထားသော အဖွဲ့ကိုဆိုသည်။

(ပ) လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းဆိုသည်မှာ လျှပ်စစ်ဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ရန် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့တစ်ခုခုနှင့်သော်လည်းကောင်း၊ ဝန်ကြီး ဌာနလက်အောက်ရှိ လုပ်ငန်းတစ်ခုခု သို့မဟုတ် လုပ်ငန်း၏ အစိတ်အပိုင်းတစ်ခုခု နှင့်သော်လည်းကောင်း၊ ပြည်တွင်းပြည်ပ ပုဂ္ဂလိကလုပ်ငန်းရှင်တို့ အစုစပ်လုပ်ငန်းအဖြစ် ဖွဲ့စည်းတည်ထောင်ထားသော လုပ်ငန်းကို ဆိုသည်။

(ဖ) ပုဂ္ဂလိကလျှပ်စစ်ဓာတ်အားထုတ်လုပ်သူဆိုသည်မှာ လျှပ်စစ်ဆိုင်ရာလုပ်ငန်း လုပ်ကိုင် ခွင့်ကို တည်ဆဲဥပဒေများနှင့်အညီ ရယူပြီးလျှပ်စစ်ဓာတ်အားထုတ်လုပ်သူနှင့် ထုတ်လုပ် ရောင်းချသူကို ဆိုသည်။

(ဗ) လျှပ်စစ်ဓာတ်အားသုံးစွဲသူဆိုသည်မှာ တည်ဆဲဥပဒေများနှင့်အညီ လျှပ်စစ်ဓာတ်အား ရယူ သုံးစွဲသူကိုဆိုသည်။

(ဘ) အသေးစားလျှပ်စစ်ဆိုင်ရာလုပ်ငန်းဆိုသည်မှာ ၁၀ မဂ္ဂါဝပ်အထိထုတ်လုပ်ပေးနိုင်သော လျှပ်စစ်ဆိုင်ရာလုပ်ငန်းကိုဆိုသည်။

(မ) အလတ်စားလျှပ်စစ်ဆိုင်ရာလုပ်ငန်းဆိုသည်မှာ ၁၀ မဂ္ဂါဝပ်အထက်မှ ၃၀မဂ္ဂါဝပ်အထိ ထုတ်လုပ်ပေးနိုင်သော လျှပ်စစ်ဆိုင်ရာလုပ်ငန်းကိုဆိုသည်။

(ယ) အကြီးစားလျှပ်စစ်ဆိုင်ရာလုပ်ငန်းဆိုသည်မှာ ၃၀ မဂ္ဂါဝပ်အထက် ထုတ်လုပ်ပေး နိုင်သော လျှပ်စစ်ဆိုင်ရာလုပ်ငန်းကိုဆိုသည်။

(ရ) လျှပ်စစ်အန္တရာယ်ကင်းရှင်းကြောင်းလက်မှတ်ဆိုသည်မှာ လျှပ်စစ်ဆိုင်ရာ လုပ်ငန်း များကို သတ်မှတ်ချက်များနှင့်အညီ စစ်ဆေးပြီး စစ်ဆေးရေးမှူးချုပ်က ထုတ်ပေးသည့် လက်မှတ်ကို ဆိုသည်။

(လ) လျှပ်စစ်ပစ္စည်းအရည်အသွေးစစ်ဆေးချက်လက်မှတ်ဆိုသည်မှာ လျှပ်စစ်ပစ္စည်းများကို သတ်မှတ်ထားသောဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့် အညီစစ်ဆေး၍ သတ်မှတ် အရည်အသွေးနှင့် ကိုက်ညီကြောင်းတွေ့ရှိရသဖြင့် စစ်ဆေးရေးမှူးချုပ်က ထုတ်ပေးသည့် လက်မှတ်ကို ဆိုသည်။

(ဝ) လျှပ်စစ်ပစ္စည်းထုတ်လုပ်သူဆိုသည်မှာ လျှပ်စစ်ဓာတ်အားထုတ်လုပ်သည့် စက်များ၊ လျှပ်စစ်ဓာတ်အားသုံးစွဲသည့် စက်ပစ္စည်းများနှင့် လုပ်ငန်းသုံးကိရိယာများကို သတ်မှတ် ထားသော စံချိန်စံညွှန်းများနှင့်အညီ ထုတ်လုပ်သူကိုဆိုသည်။

(သ) ကော်မရှင်ဆိုသည်မှာ ဤဥပဒေအရဖွဲ့စည်းသော လျှပ်စစ်ဆိုင်ရာလုပ်ငန်းကြီးကြပ်မှု ကော်မရှင်ကိုဆိုသည်။

(ဟ) စစ်ဆေးရေးမှူးချုပ်ဆိုသည်မှာ ဤဥပဒေပါတာဝန်နှင့် လုပ်ပိုင်ခွင့်များကို ကျင့်သုံး ဆောင်ရွက်ရန် ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ဝန်ကြီးဌာနက ခန့်အပ်သော ပုဂ္ဂိုလ်ကိုဆိုသည်။

(ဠ) လျှပ်စစ်ကျွမ်းကျင်မှုဆိုင်ရာလက်မှတ်ဆိုသည်မှာ သတ်မှတ်ထားသော လျှပ်စစ်ဆိုင်ရာ လုပ်ငန်းများ လုပ်ကိုင်ရန်စစ်ဆေးရေးမှူးချုပ်က ထုတ်ပေးသောလျှပ်စစ်နှင့် စပ်လျဉ်း၍ ကျွမ်းကျင် ကြောင်းလက်မှတ်ကို ဆိုသည်။

အခန်း (၂) ရည်ရွယ်ချက်များ[edit]

၃။ ဤဥပဒေ၏ရည်ရွယ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်-

(က) နိုင်ငံတော်အစိုးရ၏မူဝါဒများနှင့်အညီ လျှပ်စစ်ဆိုင်ရာကိစ္စရပ်များကို စနစ်တကျစီမံခန့်ခွဲခြင်းဖြင့် လျှပ်စစ် ဓာတ်အားကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်စေရန်၊ နိုင်ငံတော်၏လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်စေရန်နှင့် လျှပ်စစ်ဆိုင်ရာလုပ်ငန်းများကို ကြီးကြပ်ကွပ်ကဲရန်၊

(ခ) ပြည်ထောင်စုက စီမံခန့်ခွဲခွင့်ရှိသည့် အကြီးစားလျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးရေးလုပ်ငန်းများအပြင် တိုင်းဒေသကြီးများနှင့် ပြည်နယ်များတွင် အလတ်စားနှင့်အသေးစားလျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးရေး လုပ်ငန်းများကိုပိုမိုအားပေးရန်၊

(ဂ) လျှပ်စစ်ဓာတ်အားကို အန္တရာယ်ကင်းရှင်းစွာနှင့် ပိုမို ကျယ်ပြန့်စွာ အသုံးပြုနိုင်စေရန်၊

(ဃ) လျှပ်စစ်ဆိုင်ရာ လုပ်ငန်းများကို ပြဋ္ဌာန်းထားသည့် စံချိန် စံညွှန်းနှင့်အညီ ဆောင်ရွက်စေရန်၊

(င) လျှပ်စစ်ဆိုင်ရာ လုပ်ငန်းများတွင် ပြည်တွင်း ပြည်ပမှ ရင်းနှီးမြှုပ်နှံမှုများ ပိုမို ပါဝင်လာစေရန်၊

(စ) ခေတ်နှင့်လျော်ညီသော လျှပ်စစ်ဓာတ်အားခ နှုန်းထားများ သတ်မှတ်နိုင်ရေးအတွက် မျှတသော၊ ပွင့်လင်း မြင်သာသော၊ ကျိုးကြောင်းဆီလျော်သော နည်းဥပဒေများ၊ စည်းမျဉ်းများ ရေးဆွဲ ပြဋ္ဌာန်းပေးနိုင်ရန်၊

(ဆ) လျှပ်စစ်ဓာတ်အားသုံးစွဲသူများသည် စံချိန်စံညွှန်းနှင့်ကိုက်ညီသောဗို့အားနှင့် ကြိမ်နှုန်းရှိသည့် လျှပ်စစ်ဓာတ် အားကို အသုံးပြုခွင့်ရရှိစေရန်နှင့် စံချိန်စံညွှန်းမကိုက်ညီသော လျှပ်စစ်ဓာတ်အားကြောင့် သုံးစွဲသူများ၏လျှပ်စစ် ပစ္စည်းများပျက်စီးဆုံးရှုံးရခြင်းမှ အကာအကွယ်ပေးနိုင်ရန်၊

(ဇ) မြန်မာနိုင်ငံကအတည်ပြုလက်မှတ်ရေးထိုးထားသော ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ နိုင်ငံတကာစာချုပ် များနှင့်အညီ လေးစားလိုက်နာ ဆောင်ရွက်မှုရှိစေရန်။

အခန်း (၃) ကော်မရှင်ဖွဲ့စည်းခြင်းနှင့်ကော်မရှင်၏လုပ်ငန်းတာဝန်များ[edit]

၄။ ပြည်ထောင်စုအစိုးရအဖွဲ့သည်-

(က) လျှပ်စစ်ဆိုင်ရာလုပ်ငန်းများကို ထိရောက်အောင်မြင်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် နိုင်ငံတော် သမ္မတက တာဝန်ပေးအပ်သည့် သင့်လျော်သောပုဂ္ဂိုလ်တစ်ဦးအား ဥက္ကဋ္ဌအဖြစ် ဦးဆောင်စေလျက် သက်ဆိုင်ရာ ပညာရှင်များ ပါဝင်သော ကော်မရှင်ကို ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက် ရယူ၍ ဖွဲ့စည်းရမည်။

(ခ) ကော်မရှင်ဥက္ကဋ္ဌကို ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်အဖြစ် သတ်မှတ်ပေးရမည်။

(ဂ) ပုဒ်မခွဲ (က)အရ ဖွဲ့စည်းသောကော်မရှင်တွင် ဥက္ကဋ္ဌအပါအဝင် အဖွဲ့ဝင် ငါးဦး သို့မဟုတ် ခုနှစ်ဦး ဖြင့် ဖွဲ့စည်း ရမည်။

(ဃ) ကော်မရှင်၏ သက်တမ်းနှင့် လုပ်ထုံးလုပ်နည်းများကို သတ်မှတ်ပေးရမည်။

၅။ ကော်မရှင်၏လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည်-

(က) လျှပ်စစ်ဆိုင်ရာလုပ်ငန်းများ စနစ်တကျဖွံ့ဖြိုးတိုးတက်စေရန် သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်း များနှင့် ပုဂ္ဂလိက အဖွဲ့အစည်းများအား လိုအပ်သော အကြံဉာဏ်ပေးခြင်း၊

(ခ) အမျိုးသားလျှပ်စစ်စွမ်းအားမူဝါဒ ပြုစုရေးဆွဲရာတွင် လိုအပ်သော အကြံဉာဏ်ပေးခြင်း၊

(ဂ) ခေတ်နှင့်လျော်ညီသော လျှပ်စစ်ဓာတ်အားခနှုန်းထားများ သတ်မှတ်နိုင်ရန်အတွက် လိုအပ်သော အကြံဉာဏ် ပေးခြင်း၊

(ဃ) တိုင်းဒေသကြီး၊ပြည်နယ်၊ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အသီးသီးတွင် လိုအပ် ပါက လျှပ်စစ်ဆိုင်ရာလုပ်ငန်းကြီးကြပ်မှုကော်မရှင်ခွဲများဖွဲ့စည်းပေးခြင်းနှင့် ယင်းကော်မရှင်ခွဲများ၏ လုပ်ငန်း တာဝန်များကို သတ်မှတ်ပေးခြင်း၊

(င) လျှပ်စစ်ကဏ္ဍတစ်ခုလုံး၏အခြေအနေများကို နိုင်ငံတကာ လျှပ်စစ်စံချိန်စံညွှန်းများနှင့် နှိုင်းယှဉ် လေ့လာပြီး စောင့်ကြည့်စစ်ဆေးခြင်း၊ အကဲဖြတ်ခြင်း၊ ပြန်လည်ဆန်းစစ်ခြင်းနှင့် တွေ့ရှိချက်များအရ အစိုးရဌာန၊အစိုးရအဖွဲ့ အစည်းများ၊ပုဂ္ဂလိကအဖွဲ့အစည်းများ၊ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံသူများအား လိုအပ်သလိုဆောင်ရွက်နိုင်ရန် အကြံဉာဏ် ပေးခြင်း၊

(စ) ပုဂ္ဂလိကကုမ္ပဏီများအတွက် ရင်းနှီးမြှုပ်နှံရန် သင့်လျော်သောအခြေအနေများ ဖန်တီးပေးရန်နှင့် လျှပ်စစ် ဓာတ်အားကဏ္ဍ၏နည်းဥပဒေများကို လိုက်နာစေရန် ဆောင်ရွက်ခြင်း၊

(ဆ) နိုင်ငံပိုင်အဖွဲ့အစည်းများ၊ ကုမ္ပဏီများ၊ လုပ်ငန်းအဖွဲ့များ၊ အခြားဆက်စပ်ဝန်ကြီးဌာနများနှင့် ပူးပေါင်း ဆောင်ရွက်ခြင်း၊

(ဇ) လျှပ်စစ်ဓာတ်အားကဏ္ဍ တိုးတက်စေရန် လိုအပ်သော နည်းပညာများနှင့် အတတ်ပညာများ ရရှိစေရေးအတွက် ပြည်တွင်း ပြည်ပမှ ကျွမ်းကျင်သူများ၊ အဖွဲ့အစည်းများနှင့် ညှိနှိုင်းရယူခြင်း၊

(ဈ) လျှပ်စစ်ဓာတ်အားစနစ်၏နည်းပညာဆိုင်ရာစည်းမျဉ်းများနှင့် စံချိန်စံညွှန်းများပြုစုရေးဆွဲရာတွင် ကြပ်မတ် ဆောင်ရွက်ခြင်း၊

(ည) လျှပ်စစ်ဓာတ်အားစနစ်နှင့်သင့်လျော်သော လျှပ်စစ်ဓာတ်အားကွန်ရက်ဆိုင်ရာလုပ်ထုံးလုပ်နည်း (Grid Code) အားပြင်ဆင် ရေးဆွဲနိုင်ရေးအတွက် ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများ၊ လုပ်ငန်းအဖွဲ့များနှင့် ပူးပေါင်း ဆောင်ရွက်ခြင်း၊

(ဋ) လျှပ်စစ်ဓာတ်အားပေးရေးလုပ်ငန်းများဆောင်ရွက်နေသော ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် အဖွဲ့အစည်း များက ၎င်းတို့၏လုပ်ငန်းများတွင်အသုံးပြုနိုင်သည့် ဝန်ဆောင်မှုစံချိန်စံညွှန်းများကို လိုက်နာစေရန်ကြပ်မတ်ဆောင်ရွက် ခြင်း၊

(ဌ) လျှပ်စစ်ဓာတ်အားကဏ္ဍအပေါ် စောင့်ကြည့်စစ်ဆေးခြင်း၊ အကဲဖြတ်ခြင်းနှင့် ပြန်လည်ဆန်းစစ်ခြင်းတို့ကို ရည်ရွယ်၍ နိုင်ငံတကာလျှပ်စစ်လုပ်ငန်းစံချိန်စံညွှန်းများ၊ ဝန်ဆောင်မှုများ၊ ဆောင်ရွက်မှုမှတ်တမ်းများနှင့် နှိုင်းယှဉ် ပြီး လျှပ်စစ်ဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်နေသော အစိုးရဌာန၊အစိုးရအဖွဲ့အစည်းများ၊ပုဂ္ဂလိကအဖွဲ့အစည်းများ၊ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံသူများ၏ ဆောင်ရွက်ချက်များ၊ လျှပ်စစ်ဓာတ်အားစနစ်နှင့် လျှပ်စစ်ဓာတ်အားကဏ္ဍတစ်ခုလုံး ၏ ဆောင်ရွက်ချက်များကို ခွဲခြမ်းစိတ်ဖြာ၍ ပြည်ထောင်စုအစိုးရအဖွဲ့သို့ အစီရင်ခံ တင်ပြခြင်း၊

(ဍ) အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများ၊ ပုဂ္ဂလိကအဖွဲ့အစည်းများ၊ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံသူများ၏ ဆောင်ရွက် ချက်များမှ ရရှိလာသည့်သတင်းအချက်အလက်များအနက်မှ ပြည်သူလူထုသိသင့်သိထိုက်သည့် သတင်းအချက် အလက်များကို ပွင့်လင်းမြင်သာမှုရှိစေရေးအတွက် ပြည်သူလူထုသို့ အသိပေးခြင်းနှင့် ပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊

(ဎ) လျှပ်စစ်ဆိုင်ရာပစ္စည်းကိရိယာများ ထုတ်လုပ်ခြင်း၊ တင်သွင်းခြင်း၊ တင်ပို့ခြင်း၊ ဖြန့်ဖြူးရောင်းချခြင်း၊ အသုံးပြုခြင်းတို့တွင် သတ်မှတ်စံချိန်စံညွှန်းနှင့်ကိုက်ညီခြင်း ရှိ မရှိ စစ်ဆေးခြင်းဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ ပြည်ထောင်စုအစိုးရအဖွဲ့သို့ အကြံပြု တင်ပြခြင်း၊

(ဏ) ကော်မရှင်၏လုပ်ငန်းအစီရင်ခံစာကို ပြည်ထောင်စုအစိုးရအဖွဲ့သို့အနည်းဆုံး ခြောက်လတစ်ကြိမ် တင်ပြခြင်း၊

(တ) ပြည်ထောင်စုအစိုးရအဖွဲ့က ပေးအပ်သော လျှပ်စစ်ဆိုင်ရာ အခြားလုပ်ငန်းတာဝန်များကို ဆောင်ရွက်ခြင်း၊

(ထ) ကော်မရှင်သည် လုပ်ငန်းများဆောင်ရွက်ရာတွင် ဘက်လိုက်မှုမရှိဘဲ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ခြင်း။

၆။ နိုင်ငံဝန်ထမ်းမဟုတ်သော ကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ပြည်ထောင်စုအစိုးရအဖွဲ့က သတ်မှတ်ပေးသည့် ချီးမြှင့်ငွေ၊ စရိတ်နှင့် အဆောင်အယောင်များကို ခံစားခွင့်ရှိသည်။

အခန်း (၄) ခွင့်ပြုမိန့်ထုတ်ပေးနိုင်သူများနှင့် ယင်းတို့၏တာဝန်များ[edit]

၇။ အောက်ဖော်ပြပါ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများအား ခွင့်ပြုမိန့် ထုတ်ပေးနိုင်သူများအဖြစ် သတ်မှတ်သည်-

(က) ဝန်ကြီးဌာနနှင့် အခြားသက်ဆိုင်ရာဝန်ကြီးဌာန၊

(ခ) သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့များ၊

(ဂ) သက်ဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့များ။

၈။ ဝန်ကြီးဌာနသည် ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့်-

(က) ပြည်ထောင်စုက စီမံခန့်ခွဲခွင့်ရှိသည့် အကြီးစားလျှပ်စစ်ဓာတ်အား စူးစမ်းရှာဖွေခြင်း၊ တည်ဆောက်ခြင်း၊ ထုတ်လုပ်ခြင်း၊ ပို့လွှတ်ခြင်း၊ ဖြန့်ဖြူးခြင်း၊ ရောင်းဝယ်ခြင်းနှင့် ဖလှယ်ခြင်းလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်ခွင့် ရှိသည်။

(ခ) ပုဒ်မခွဲ (က) ပါလျှပ်စစ်ဆိုင်ရာ လုပ်ငန်းများနှင့် စပ်လျဉ်း၍ ပြည်တွင်း ပြည်ပမှ ရင်းနှီးမြှုပ်နှံ လုပ်ကိုင် ဆောင်ရွက်လိုသူ များအား ခွင့်ပြုမိန့်ထုတ်ပေးခြင်း၊ ကြီးကြပ် စစ်ဆေးခြင်းနှင့် ခွင့်ပြုမိန့် ရုပ်သိမ်းခြင်းတို့ကို တည်ဆဲဥပဒေ များနှင့်အညီ ပွင့်လင်း မြင်သာစွာ ဆောင်ရွက်နိုင်သည်။

(ဂ) ပြည်ထောင်စုက စီမံခန့်ခွဲခွင့်ရှိသည့် အကြီးစားလျှပ်စစ်ဓာတ်အားနှင့် စပ်လျဉ်း၍ စူးစမ်းရှာဖွေခြင်း၊ တည် ဆောက်ခြင်း၊ ထုတ်လုပ်ခြင်း၊ ပို့လွှတ်ခြင်း၊ ဖြန့်ဖြူးခြင်း၊ ရောင်းဝယ်ခြင်းလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်နိုင် ရန် လျှပ်စစ်ဓာတ်အားပေး ရေးအဖွဲ့ သို့မဟုတ် လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းကို ဖွဲ့စည်းနိုင်သည်။

(ဃ) ပုဒ်မခွဲ (ဂ) အရ လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းကို ဖွဲ့စည်းရာတွင်-

(၁) သက်ဆိုင်ရာ လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့၏ နိုင်ငံတော်က မတည်ထုတ်ပေးထားသော ရင်းနှီးငွေများကို လည်းကောင်း၊ ဌာနကပိုင်ဆိုင်သော ငွေကြေးနှင့်ရွှေ့ပြောင်းနိုင်သောပစ္စည်းများ၊ မရွှေ့မပြောင်းနိုင်သော ပစ္စည်းများ ကိုလည်းကောင်း၊ ရရန်ပိုင်ခွင့် နှင့် ပေးရန်တာဝန်များကိုလည်းကောင်း လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းက ဆက်ခံစေရမည်။
(၂) ဘဏ္ဍာရေးဆိုင်ရာကိစ္စရပ်များကို ယင်းလျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းက သီးခြား လွတ်လပ်စွာ စီမံခွင့်ရှိစေရန် ဆောင်ရွက်ပေးရမည်။

(င) ပုဒ်မခွဲ (ဂ) အရ ဖွဲ့စည်းသော လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ သို့မဟုတ် လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေး ရှင်းကို စီးပွားရေးဆန်ဆန်ဆောင်ရွက်နိုင်ရန် အများနှင့်သက်ဆိုင်သော ကော်ပိုရေးရှင်း အဖြစ်သင့်လျော်သည့်အချိန် တွင် တည်ထောင် ဆောင်ရွက်ခွင့်ပြုနိုင်သည်။

၉။ (က) သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့သည် မိမိဒေသအတွင်း ပြည်ထောင်စုက စီမံခန့်ခွဲခွင့်ရှိသည့် အကြီးစားလျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးရေးမှအပ မဟာဓာတ်အားလိုင်းနှင့် ဆက်သွယ် ခြင်းမရှိသော တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်က စီမံခန့်ခွဲခွင့်ရှိသည့် အလတ်စားနှင့် အသေးစားလျှပ်စစ် ဓာတ်အားထုတ်လုပ်ခြင်းနှင့် ဖြန့်ဖြူးခြင်းလုပ်ငန်းတို့ကိုခွင့်ပြုမိန့်ထုတ်ပေးခြင်း၊ ကြီးကြပ်စစ်ဆေးခြင်းနှင့် ခွင့်ပြုမိန့် ရုပ်သိမ်းခြင်းတို့ကို တည်ဆဲဥပဒေများနှင့် အညီဆောင်ရွက် ရမည်။

(ခ) သက်ဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့သည် မိမိဒေသ အတွင်းရှိမြို့နှင့် ကျေးရွာများအတွက် လျှပ်စစ်ဆိုင်ရာလုပ်ငန်း လုပ်ပိုင်ခွင့်ခွင့်ပြုမိန့်ထုတ်ပေးခြင်း၊ ကြီးကြပ် စစ်ဆေးခြင်း နှင့် ခွင့်ပြုမိန့်ရုပ်သိမ်း ခြင်းကို တည်ဆဲဥပဒေများနှင့်အညီ ဆောင်ရွက်ရမည်။

(ဂ) သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့နှင့်သက်ဆိုင်ရာကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့သည် ပုဒ်မခွဲ(က) သို့မဟုတ် (ခ) တို့အရ ဆောင်ရွက်ရာတွင် ပြည်ထောင်စု လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးရေးဆိုင်ရာ လုပ်ငန်းများနှင့် ဆက်စပ်ပါက ဝန်ကြီးဌာနနှင့် ညှိနှိုင်း ဆောင်ရွက်ရမည်။

၁၀။ ဝန်ကြီးဌာန၊ သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့နှင့် သက်ဆိုင်ရာကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့များသည် လျှပ်စစ်ဆိုင်ရာလုပ်ငန်းများကို လုပ်ကိုင် ဆောင်ရွက်ရာတွင်-

(က) အသုံးပြုရန် လိုအပ်သော မြေပမာဏကို တည်ဆဲဥပဒေများနှင့်အညီ ရယူအသုံးပြုခွင့် ရှိသည်။

(ခ) ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေနှင့်အညီ ပတ်ဝန်းကျင်နှင့် လူမှုစီးပွားဝန်းကျင် သက်ရောက်မှုတို့ကို ဆန်းစစ်ခြင်း၊ ထိခိုက်မှု အနည်းဆုံးနည်းလမ်းဖြင့် ဆောင်ရွက်ခြင်း၊ထိခိုက်မှုများအတွက် ပြန်လည်ပေးလျော်ခြင်းနှင့် ပတ်ဝန်းကျင်ထိန်းသိမ်း​ရေးရန်ပုံ ငွေ ထည့်ဝင်ခြင်းတို့ကို ဆောင်ရွက်ရမည်။ ယင်းအချက်များကို ပုဂ္ဂလိကလုပ်ငန်းလုပ်ကိုင်ခွင့်ရရှိသူများလည်း လိုက်နာစေရန် ဆောင်ရွက်ရမည်။

(ဂ) လျှပ်စစ်ဓာတ်အားစနစ်အတွင်း တည်ဆောက်အသုံးပြုနေသော လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးနှင့် ပို့လွှတ် ရေးလိုင်းများ၊ ဓာတ်အားခွဲရုံများ၊ဓာတ်အားပေးစက်ရုံများနှင့်ဆက်စပ်​အဆောက်အအုံများကိုတည်ဆဲဥပဒေများနှင့် အညီ တိုးချဲ့ခြင်း၊ ပြုပြင်ခြင်း နှင့် ပြောင်းရွှေ့ တည်ဆောက်ခြင်းတို့ ဆောင်ရွက်ခွင့်ရှိသည်။

အခန်း (၅) လျှပ်စစ်ဆိုင်ရာလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်ခွင့်[edit]

၁၁။ လျှပ်စစ်ဆိုင်ရာလုပ်ငန်းတစ်ခုခုကို ပြည်တွင်းပြည်ပမှ ရင်းနှီးမြှုပ်နှံ လုပ်ကိုင်ဆောင်ရွက်လိုသူသည် ခွင့်ပြုမိန့်ရရှိရန် ခွင့်ပြု မိန့်ထုတ်ပေးနိုင်သူထံ သတ်မှတ်ချက်များနှင့်အညီ လျှောက်ထားရမည်။

၁၂။ ပြည်ထောင်စုကစီမံခန့်ခွဲခွင့်ရှိသည့် အကြီးစားလျှပ်စစ်ဆိုင်ရာလုပ်ငန်းများဖြစ်ပါက ခွင့်ပြုမိန့်ထုတ်ပေးနိုင်သူ ဝန်ကြီးဌာနသည် ပြည်တွင်း ပြည်ပမှ ရင်းနှီးမြှုပ်နှံလုပ်ကိုင်ဆောင်ရွက်လိုသည့်မည်သည့်ပုဂ္ဂိုလ်၊ အဖွဲ့အစည်းကိုမဆို ပြည်ထောင်စုအစိုးရ အဖွဲ့၏ သဘောတူညီချက်ဖြင့် ခွင့်ပြုမိန့် ထုတ်ပေးနိုင်သည်။

၁၃။ ပြည်ထောင်စုက စီမံခန့်ခွဲခွင့်ရှိသည့် အကြီးစားလျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးရေးမှအပ မဟာဓာတ်အား လိုင်းနှင့် ဆက်သွယ်ခြင်းမရှိသော တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်က စီမံခန့်ခွဲခွင့်ရှိသည့်အလတ်စားနှင့် အသေးစား လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းနှင့် ဖြန့်ဖြူးခြင်းလုပ်ငန်းဖြစ်ပါက ခွင့်ပြုမိန့်ထုတ်ပေးနိုင်သူ တိုင်းဒေသ ကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့သည် ပြည်တွင်းပြည်ပမှ ရင်းနှီးမြှုပ်နှံ လုပ်ကိုင်ဆောင်ရွက်လိုသည့် မည်သည့် ပုဂ္ဂိုလ်၊ အဖွဲ့အစည်းကိုမဆို တည်ဆဲဥပဒေများနှင့်အညီ ခွင့်ပြုမိန့် ထုတ်ပေးနိုင်သည်။

၁၄။ ခွင့်ပြုမိန့်ရရှိသူသည် မဟာဓာတ်အားလိုင်းစနစ်သို့ လျှပ်စစ်ဓာတ်အား ရောင်းချလိုပါက ဝန်ကြီးဌာနသို့ လျှောက်ထားရမည်။ ဝန်ကြီးဌာနသည် ယင်းလျှောက်ထားချက်ကို စိစစ်ပြီး ခွင့်ပြုခြင်း သို့မဟုတ် ငြင်းပယ်ခြင်း ပြုနိုင်သည်။

၁၅။ သက်ဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့သည် မိမိဒေသ အတွင်းရှိမြို့နှင့် ကျေးရွာများအတွက်လျှပ်စစ်ဆိုင်ရာ လုပ်ပိုင်ခွင့်များနှင့်စပ်လျဉ်း၍ ပြည်တွင်းပြည်ပမှ ရင်းနှီးမြှုပ်နှံ လုပ်ကိုင်ဆောင်ရွက်လိုသည့် မည်သည့်ပုဂ္ဂိုလ်၊ အဖွဲ့အစည်းကိုမဆို သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အစိုးရအဖွဲ့ နှင့် ညှိနှိုင်းပြီး တည်ဆဲဥပဒေ များနှင့်အညီ ခွင့်ပြုမိန့် ထုတ်ပေးနိုင်သည်။

၁၆။ ခွင့်ပြုမိန့်ထုတ်ပေးနိုင်သူသည်-

(က) ပုဒ်မ ၁၁ အရ လျှောက်ထားချက်များကို လက်ခံရရှိသည့်အခါ သတ်မှတ်ချက်များနှင့်အညီ စိစစ်ပြီး ခွင့်ပြုမိန့် ထုတ်ပေးခြင်း သို့မဟုတ် ငြင်းပယ်ခြင်း ပြုနိုင်သည်။

(ခ) ခွင့်ပြုမိန့်ထုတ်ပေးရန် စိစစ်ရာတွင် ပွင့်လင်းမြင်သာမှုနှင့် တရားမျှတမှုတို့ကို အခြေခံပြီးလျှပ်စစ်ဆိုင်ရာ လုပ်ငန်း၏ ယှဉ်ပြိုင် နိုင်စွမ်းရှိမှုနှင့် ရေရှည်တည်တံ့စွာ ဆောင်ရွက်နိုင်မှုတို့ကို အခြေခံစိစစ်ရမည်။ လုပ်ငန်း ဆောင်ရွက်ရန် ငြင်းပယ်ပါကငြင်းပယ် ကြောင်း လျှောက်ထားသူအား ပြန်ကြားရမည်။

၁၇။ ခွင့်ပြုမိန့်ထုတ်ပေးနိုင်သူက ခွင့်ပြုမိန့်ထုတ်ပေးရာတွင်လုပ်ကိုင်ခွင့်သက်တမ်းသတ်မှတ်ခြင်းနှင့် သက်တမ်း တိုးမြှင့်ခြင်းတို့ကို တည်ဆဲဥပဒေများနှင့်အညီ သတ်မှတ်ရမည်။

၁၈။ ခွင့်ပြုမိန့်ရရှိသူသည် စစ်ဆေးရေးမှူးချုပ်ထံမှ လျှပ်စစ်အန္တရာယ်ကင်းရှင်းကြောင်း လက်မှတ်ရရှိမှသာ လျှပ်စစ် ဓာတ်အား ထုတ်လုပ်ခြင်းနှင့် ဖြန့်ဖြူးခြင်းလုပ်ငန်းများ ဆောင်ရွက်ခွင့်ရှိသည်။

၁၉။ (က) ခွင့်ပြုမိန့်ရရှိသူသည်ခွင့်ပြုမိန့်ပါလုပ်ငန်းကို အခြားအဖွဲ့အစည်းများနှင့် ပူးတွဲဆောင်ရွက်ခြင်း၊ အခြား အဖွဲ့အစည်းများ သို့ လုပ်ငန်းလွှဲပြောင်းခြင်း၊ ခွင့်ပြုမိန့်ပါ လုပ်ငန်းတစ်ခုလုံးကိုဖြစ်စေ၊တစ်စိတ်တစ်ဒေသကိုဖြစ်စေ ရောင်းချခြင်း၊ပေါင်နှံခြင်း၊ အငှားချထားခြင်း၊ လဲလှယ်ခြင်းနှင့် ပေးကမ်းခြင်းတို့ကို ပြုလုပ်လိုပါက ခွင့်ပြုမိန့် ထုတ်ပေးနိုင်သူထံ သတ်မှတ်ချက်များနှင့်အညီ လျှောက်ထားရမည်။

(ခ) ပုဒ်မခွဲ (က) အရ လျှောက်ထားချက်ရရှိသည့်အခါ ခွင့်ပြုမိန့်ထုတ်ပေးနိုင်သူသည်စိစစ်ပြီးခွင့်ပြုခြင်း သို့မဟုတ် ငြင်းပယ်ခြင်း ပြုနိုင်သည်။

၂၀။ ခွင့်ပြုမိန့်ရရှိသူသည် ခွင့်ပြုမိန့်ပါ လျှပ်စစ်ဆိုင်ရာလုပ်ငန်းကို လုပ်ကိုင်ဆောင်ရွက်ရာတွင် ဝန်ကြီးဌာနက ထုတ်ပြန်သော နည်းဥပဒေများ၊ စည်းမျဉ်းစည်းကမ်း၊ အမိန့်ကြော်ငြာစာ၊ အမိန့်၊ညွှန်ကြားချက်နှင့် လုပ်ထုံး လုပ်နည်းများကို လိုက်နာရမည်။

၂၁။ (က) ခွင့်ပြုမိန့်ရရှိသူသည် ဤဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်း၊ အမိန့်နှင့် ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ရန် ပျက်ကွက်ခြင်းကြောင့်သော်လည်းကောင်း၊ သတ်မှတ်ထားသည့် အရည်အသွေးနှင့် စံချိန်စံညွှန်းဆိုင်ရာ သတ်မှတ်ချက်များကို လိုက်နာဆောင်ရွက်ရန် ပျက်ကွက်ခြင်းကြောင့် သော်လည်းကောင်း၊ လူပုဂ္ဂိုလ်တစ်ဦးဦး သို့မဟုတ် လုပ်ငန်း အဖွဲ့အစည်းတစ်ခုခုကို ထိခိုက်နစ်နာ ဆုံးရှုံးမှု ဖြစ်ပွားစေပါက ဥပဒေအရ တာဝန်ရှိစေရမည်။

(ခ) သက်ဆိုင်ရာဝန်ကြီးဌာနသည် ပုဒ်မခွဲ (က)ပါကိစ္စရပ်များအတွက် အရေးယူရန် နည်းဥပဒေများ၊ လုပ်ထုံး လုပ်နည်းများကို တိကျစွာ သတ်မှတ်ပြဋ္ဌာန်းရမည်။

၂၂။ (က) ခွင့်ပြုမိန့်ရရှိသူသည် မိမိ၏ပေါ့ဆစွာ ဆောင်ရွက်မှုကြောင့် လူပုဂ္ဂိုလ်တစ်ဦးဦး သို့မဟုတ် လုပ်ငန်းအဖွဲ့ အစည်းတစ်ခုခုကို ထိခိုက်နစ်နာ ဆုံးရှုံးမှု ဖြစ်ပွားစေပါက ဥပဒေအရ တာဝန်ရှိစေရမည်။

(ခ) သက်ဆိုင်ရာ ဝန်ကြီးဌာနသည် ပုဒ်မခွဲ (က)ပါ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ နည်းဥပဒေများ၊ လုပ်ထုံး လုပ်နည်းများတွင် တိကျစွာ ဖော်ပြ သတ်မှတ်ရမည်။

၂၃။ (က) ခွင့်ပြုမိန့်ရရှိသူများ ဆောင်ရွက်နေသော လျှပ်စစ်ဆိုင်ရာလုပ်ငန်းတစ်ရပ်ရပ်တွင် သဘာဝဘေး အန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးမှုများ အပါအဝင် မလွန်ဆန်နိုင်သောဖြစ်ရပ်တစ်ခုခုကြောင့် လူပုဂ္ဂိုလ်တစ်ဦးဦး သို့မဟုတ် လုပ်ငန်းအဖွဲ့အစည်းတစ်ခုခုကို ထိခိုက်နစ်နာ ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပွားစေပါက ဥပဒေအရ တာဝန် မရှိစေရ။

(ခ) သက်ဆိုင်ရာဝန်ကြီးဌာနသည် လျှပ်စစ်ဆိုင်ရာလုပ်ငန်းများနှင့် သက်ဆိုင်သည့်မလွန်ဆန်နိုင်သော ဖြစ်ရပ် များကို နည်းဥပဒေ များ၊ လုပ်ထုံးလုပ်နည်းများတွင် တိကျစွာ ဖော်ပြ သတ်မှတ်ရမည်။

၂၄။ လျှပ်စစ်ဓာတ်အားသုံးစွဲသူတစ်ဦးဦး၏ပေါ့ဆမှုကြောင့် အခြားသော လျှပ်စစ်ဓာတ်အားသုံးစွဲသူကိုဖြစ်စေ၊ လျှပ်စစ်ဆိုင်ရာ လုပ်ငန်း တစ်ရပ်ရပ်ကိုဖြစ်စေ နစ်နာပျက်စီး ဆုံးရှုံးစေပါက ထိခိုက်ဆုံးရှုံးသည့်တန်ဖိုးအတွက် ဝန်ကြီးဌာနက သတ်မှတ်သည့် နည်းလမ်းအတိုင်း တွက်ချက်ထားသည့် နစ်နာကြေးကို ပေးလျော်ရမည်။

၂၅။ ခွင့်ပြုမိန့်ရရှိသူသည် လုပ်ကိုင်ခွင့်ကာလကုန်ဆုံးချိန်တွင် ပြန်လည်လွှဲပြောင်းပေးရမည့် လုပ်ငန်းများနှင့် စပ်လျဉ်း၍ မူလအခြေအနေအတိုင်းသော်လည်းကောင်း၊ ခွင့်ပြုမိန့်ရရှိစဉ်က စည်းကမ်းချက်များအရသော်လည်း ကောင်း သဘောတူညီထားသည့် အတိုင်း သက်ဆိုင်ရာသို့ လွှဲပြောင်းပေးရမည်။

၂၆။ ခွင့်ပြုမိန့်ရရှိသူသည် အောက်ပါအတိုင်း လိုက်နာ ဆောင်ရွက်ရမည်-

(က) လျှပ်စစ်ဓာတ်အား စူးစမ်းရှာဖွေခြင်းကို ဥပဒေနှင့်အညီ ဆောင်ရွက်ရမည်။

(ခ) လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်း၊ ပို့လွှတ်ခြင်းနှင့် ဖြန့်ဖြူးခြင်းများတွင်-

(၁) လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း၌ လျှပ်စစ်ဆိုင်ရာလုပ်ကိုင်ခွင့်အမိန့်အရ သတ်မှတ်ထားသည့် လျှပ်စစ် စွမ်းအားကိုသာ ထုတ်လုပ်ရမည်။
(၂) လျှပ်စစ်ဓာတ်အားတိုင်းတာရေးပစ္စည်းကိရိယာများ၊ အကာအကွယ်ပြုပစ္စည်းကိရိယာများကို သတ်မှတ်ချက် များနှင့်အညီ စနစ်တကျ တပ်ဆင်ထိန်းသိမ်း အသုံးပြုရမည်။

၂၇။ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်း၊ ပို့လွှတ်ခြင်း၊ ဖြန့်ဖြူးခြင်း၊ အသုံးပြုခြင်းနှင့် စပ်လျဉ်း၍ လျှပ်စစ်အန္တရာယ် မတော်တဆ ဖြစ်ပေါ်ခဲ့လျှင် ခွင့်ပြုမိန့်ရရှိသူနှင့် လျှပ်စစ်ဆိုင်ရာလုပ်ပိုင်ခွင့်ရရှိသူတို့သည် စစ်ဆေးရေးမှူးချုပ်နှင့် သက်ဆိုင်ရာဌာနတာဝန်ခံထံ အမြန်ဆုံး အကြောင်းကြားရမည်။

အခန်း (၆) အရည်အသွေးနှင့် စံချိန်စံညွှန်းဆိုင်ရာ သတ်မှတ်ချက်များ[edit]

၂၈။ လျှပ်စစ်ဆိုင်ရာပစ္စည်းကိရိယာများ တင်သွင်းခြင်း၊ထုတ်လုပ်ခြင်းနှင့် ရောင်းချခြင်းလုပ်ငန်းများ ဆောင်ရွက်ရန် ခွင့်ပြုမိန့် ရရှိသူများသည် ဤဥပဒေအရ ထုတ်ပြန်ထားသော နည်းဥပဒေများ၊ စည်းမျဉ်း စည်းကမ်းနှင့် လုပ်ထုံး လုပ်နည်းများတွင်ပါရှိ သည့် လျှပ်စစ်ဆိုင်ရာပစ္စည်းကိရိယာများ၏ အရည်အသွေးနှင့် စံချိန်စံညွှန်းဆိုင်ရာ သတ်မှတ်ချက်တို့ကို လိုက်နာရမည်။

၂၉။ ဝန်ကြီးဌာနသည် စက်ရုံအလုပ်ရုံများ၊ ယင်းတို့တွင်တပ်ဆင်ထားသော စက်ပစ္စည်းကိရိယာများ၊စီးပွားရေးဆိုင်ရာ အဆောက်အအုံများ၊ ပြည်တွင်း ပြည်ပမှ ထုတ်လုပ် တင်သွင်းရောင်းချသော လျှပ်စစ်ဆိုင်ရာ ပစ္စည်းကိရိယာများနှင့် စပ်လျဉ်းသည့်အရည်အသွေးနှင့် စံချိန်စံညွှန်းဆိုင်ရာ စစ်ဆေးခြင်းတို့ကို ဆောင်ရွက်ရမည်။

အခန်း (၇) လျှပ်စစ်ဆိုင်ရာလုပ်ငန်းနှင့် လျှပ်စစ်ဆိုင်ရာ ပစ္စည်းကိရိယာများစစ်ဆေးခြင်း[edit]

၃၀။ လျှပ်စစ်ဆိုင်ရာ လုပ်ငန်းစစ်ဆေးခြင်းနှင့် လျှပ်စစ်ဆိုင်ရာပစ္စည်း ကိရိယာစစ်ဆေးခြင်းလုပ်ငန်းများကို ဝန်ကြီး ဌာနက ဆောင်ရွက်ရမည်။

၃၁။ ဝန်ကြီးဌာနသည် လျှပ်စစ်ဆိုင်ရာလုပ်ငန်းစစ်ဆေးခြင်းနှင့် လျှပ်စစ်ဆိုင်ရာပစ္စည်းကိရိယာ စစ်ဆေးခြင်း လုပ်ငန်းများကို ဆောင်ရွက်နိုင်ရန် အလို့ငှာ စစ်ဆေးရေးမှူးချုပ်တစ်ဦးကို ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘော တူညီချက်ဖြင့် ခန့်အပ်တာဝန်ပေးရမည်။ စစ်ဆေးရေးမှူးချုပ်သည် လျှပ်စစ်ဆိုင်ရာလုပ်ငန်းတစ်ခုခုကို စီးပွားရေး အလို့ငှာ တစ်နည်းနည်းဖြင့် လုပ်ကိုင်ဆောင်ရွက်နေသူ မဖြစ်စေရ။

၃၂။ စစ်ဆေးရေးမှူးချုပ်၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည်-

(က) လျှပ်စစ်အန္တရာယ် ကင်းရှင်းစေရေးဆောင်ရွက်ခြင်းနှင့် လျှပ်စစ်ဆိုင်ရာ ပစ္စည်းကိရိယာများ၏ အရည်အသွေး စစ်ဆေးခြင်း၊

(ခ) ပြည်ထောင်စုအစိုးရအဖွဲ့နှင့်အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ၊ ဒေသတွင်းဆိုင်ရာအဖွဲ့အစည်းများနှင့် ချုပ်ဆိုထားသော စာချုပ်များတွင်ပါရှိသည့်စည်းကမ်းများကို ခွင့်ပြုမိန့်ရရှိသူအား အသိပညာပေးခြင်းနှင့် လိုက်နာ စေရန် ဆောင်ရွက်ခြင်း၊

(ဂ) မည်သည့်ဒေသတွင်မဆို လျှပ်စစ်ဆိုင်ရာလုပ်ငန်းစစ်ဆေးခြင်းနှင့် လျှပ်စစ်ဆိုင်ရာပစ္စည်းကိရိယာစစ်ဆေးခြင်း လုပ်ငန်းတို့ကို ဆောင်ရွက်ရန် လျှပ်စစ်ဆိုင်ရာလုပ်ငန်းတစ်ခုခုကို စီးပွားရေးအလို့ငှာ တစ်နည်းနည်းဖြင့် လုပ်ကိုင် ဆောင်ရွက်နေသူမဟုတ်သည့် စစ်ဆေးရေးမှူးများအား တာဝန်ပေးအပ်ခြင်း၊

(ဃ) လျှပ်စစ်ကျွမ်းကျင်မှုဆိုင်ရာလက်မှတ်၊လျှပ်စစ်ပစ္စည်းအရည်အသွေးစစ်ဆေးချက်လက်မှတ်၊ လျှပ်စစ်အန္တရာယ် ကင်းရှင်းကြောင်း လက်မှတ်များကို သတ်မှတ်ချက်များနှင့်အညီ စစ်ဆေး၍ ထုတ်ပေးခြင်း သို့မဟုတ် ရုပ်သိမ်းခြင်း၊

(င) လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းနှင့် ဖြန့်ဖြူးခြင်းလုပ်ငန်းမှတ်ပုံတင်လက်မှတ်များကို သတ်မှတ်ချက်များနှင့် အညီ ထုတ်ပေးခြင်း၊

(စ) လျှပ်စစ်အန္တရာယ်ဖြစ်ပွားမှုနှင့် စပ်လျဉ်း၍ တာဝန်ရှိသူများနှင့် လိုအပ်သော သက်သေများကို စစ်ဆေးခြင်း၊

(ဆ) ဝန်ကြီးဌာနနှင့် ကော်မရှင်တို့က ပေးအပ်သော စစ်ဆေးခြင်းဆိုင်ရာ အခြားတာဝန်များ ဆောင်ရွက်ခြင်း။

၃၃။ စစ်ဆေးရေးမှူးချုပ်၊ စစ်ဆေးရေးမှူးများနှင့် ယင်းတို့က တာဝန်ပေးအပ်သူများသည် လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရာတွင် မည်သည့်နေရာ၊ မည်သည့်အဆောက်အအုံအတွင်း သို့မဆို သတ်မှတ်ချက်များနှင့်အညီ ဝင်ရောက် စစ်ဆေးခွင့်ရှိသည်။

၃၄။ ဝန်ကြီးဌာနသည် လျှပ်စစ်ဆိုင်ရာလုပ်ငန်းနှင့် လျှပ်စစ်ဆိုင်ရာပစ္စည်း ကိရိယာစစ်ဆေးခြင်း လုပ်ငန်းတို့နှင့် စပ်လျဉ်း၍ အရည်အသွေးအတည်ပြုနိုင်ရန် လိုအပ်သော နိုင်ငံတကာအဆင့်မီဓာတ်ခွဲခန်းများကို တည်ထောင် ဖွင့်လှစ်ထားရှိရမည်။

အခန်း (၈) လျှပ်စစ်ဓာတ်အားစနစ်ဖွံ့ဖြိုးမှုစီမံရေးနှင့် ထိန်းညှိကွပ်ကဲရေး[edit]

၃၅။ ဝန်ကြီးဌာနသည်-

(က) နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို စီမံခြင်းနှင့် ဓာတ်အားစနစ်ကွပ်ကဲခြင်းလုပ်ငန်းကို လျှပ်စစ် ဓာတ်အား ကွန်ယက်ဆိုင်ရာလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျစီမံဆောင်ရွက်နိုင်ရန် သင့်လျော်သည့်နေရာ များတွင် လျှပ်စစ်ဓာတ်အား ကွပ်ကဲရေးဌာနများကို လိုအပ်သလို ဖွဲ့စည်းရမည်။

(ခ) ပုဒ်မခွဲ (က) အရ ဖွဲ့စည်းသော လျှပ်စစ်ဓာတ်အားကွပ်ကဲရေးဌာန၏ လုပ်ငန်းတာဝန်များကို သတ်မှတ်ပေးရ မည်။

၃၆။ ဝန်ကြီးဌာနသည်-

(က) လျှပ်စစ်ဆိုင်ရာလုပ်ငန်းများ ခေတ်နှင့်အညီဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ခေတ်မီနည်းစနစ်များ၊ ပညာရှင်များ၊ ကျွမ်းကျင်သူ များ ပေါ်ထွက်လာစေရန် လိုအပ်သောသင်တန်းကျောင်းများ ဖွင့်လှစ်ခြင်းနှင့် လေ့ကျင့်ပညာပေးခြင်း တို့ကို ဆောင်ရွက်နိုင်သည်။

(ခ) ပုဒ်မခွဲ (က) ပါလုပ်ငန်းများကို အခြားမည်သည့်ပုဂ္ဂိုလ်၊ အဖွဲ့အစည်းကိုမဆို ဆောင်ရွက်ရန်ခွင့်ပြုနိုင်သည်။

(ဂ) လျှပ်စစ်ဓာတ်အားစနစ်ဖွံ့ဖြိုးမှုစီမံရေးဆောင်ရွက်ရာတွင် ကျေးလက်ဒေသမီးလင်းရေးလုပ်ငန်းများ ဆောင်ရွက် သည့် ဝန်ကြီး ဌာန၊ အဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်းရမည်။

အခန်း (၉) လျှပ်စစ်ဆိုင်ရာ စံချိန်စံညွှန်းများနှင့် စစ်ဆေးမှုနည်းစနစ်များ[edit]

၃၇။ ဝန်ကြီးဌာနသည်လျှပ်စစ်ဆိုင်ရာလုပ်ငန်းများအတွက် လိုအပ်သော စံချိန်စံညွှန်းများ၊ စစ်ဆေးမှုနည်းစနစ်များကို ထုတ်ပြန်ရမည်။

၃၈။ လျှပ်စစ်ဆိုင်ရာ စံချိန် စံညွှန်းများ စစ်ဆေးချက် ရလဒ်များနှင့် စပ်လျဉ်း၍ ဝန်ကြီးဌာန၏ ဆုံးဖြတ်ချက်သည် အပြီးအပြတ် အတည်ဖြစ်စေရမည်။

၃၉။ လျှပ်စစ်ဓာတ်အားစနစ်အတွင်းသို့ ဆက်သွယ်မည့်အခြားဌာန၊ အဖွဲ့အစည်းများ၏ ဓာတ်အားပေးစက်ရုံ၊ ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများသည် ဝန်ကြီးဌာန၏ သတ်မှတ် စံချိန် စံညွှန်းများနှင့် ကိုက်ညီရမည်။

၄၀။ ခွင့်ပြုမိန့်ရရှိသူများသည် ဝန်ကြီးဌာနကထုတ်ပြန်ထားသည့်နည်းဥပဒေများ၊ စံချိန်စံညွှန်းများ၊ လုပ်ထုံလုပ်နည်းများနှင့်အညီ လုပ်ကိုင်ဆောင်ရွက်ရမည့်အပြင် သက်ဆိုင်ရာ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများ၏လိုအပ်သော စစ်ဆေးမှုကို ခံယူရမည်။

အခန်း (၁၀) လျှပ်စစ်ဓာတ်အားခနှုန်းထားနှင့် ဝန်ဆောင်မှုစရိတ်များ[edit]

၄၁။ ဝန်ကြီးဌာနသည်လျှပ်စစ်ဓာတ်အားသုံးစွဲသူများထံမှ လျှပ်စစ်ဓာတ်အားခနှုန်းထားနှင့် ဝန်ဆောင်မှုစရိတ်များ သတ်မှတ်ခြင်းနှင့် စပ်လျဉ်း၍ ဒေသအလိုက်သင့်လျော်သောနှုန်းထားကို ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီ ချက်ဖြင့် သတ်မှတ်ခွင့်ရှိသည်။ ယင်းလျှပ်စစ်ဓာတ်အားခနှုန်းထားများကို အခါအားလျော်စွာ ပြောင်းလဲ သတ်မှတ်နိုင် သည်။

၄၂။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ ဦးစီးအဖွဲ့များသည် မိမိဒေသအတွင်း မိမိအစီအစဉ်ဖြင့် ထုတ်လုပ်ဖြန့်ဖြူးသော ဒေသဆိုင်ရာ လျှပ်စစ် ဓာတ်အားစနစ်တွင်လျှပ်စစ် ဓာတ်အားခနှုန်းထားနှင့် ဝန်ဆောင်မှုစရိတ်များနှင့် စပ်လျဉ်း၍ ဒေသအလိုက် သင့်လျော်သောနှုန်းထားကို ဝန်ကြီးဌာနနှင့် ညှိနှိုင်း သတ်မှတ်ခွင့်ရှိသည်။ ယင်းလျှပ်စစ်ဓာတ်အားခနှုန်းထားများကို အခါအားလျော်စွာ ပြောင်းလဲသတ်မှတ်နိုင်သည်။

အခန်း (၁၁) ခွင့်ပြုမိန့်ထုတ်ပေးနိုင်သူ၏ အရေးယူပိုင်ခွင့်[edit]

၄၃။ ခွင့်ပြုမိန့်ထုတ်ပေးနိုင်သူသည် ခွင့်ပြုမိန့်ရရှိသူက ခွင့်ပြုမိန့်ပါ စည်းကမ်းချက် သို့မဟုတ် သက်ဆိုင်ရာက ထုတ်ပြန်သောအမိန့် သို့မဟုတ် ညွှန်ကြားချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်လျှင်ဖြစ်စေ၊ ဤဥပဒေပါပြစ်မှုတစ်ရပ်ရပ် ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင်ဖြစ်စေထိုသူကို အောက်ပါအရေးယူမှုတစ်ရပ်ရပ်ကို ချမှတ်နိုင်သည်-

(က) ဒဏ်ကြေးငွေ ပေးဆောင်စေခြင်း၊

(ခ) ခွင့်ပြုမိန့်ကို ကာလအကန့်အသတ်ဖြင့် ရပ်ဆိုင်းခြင်း သို့မဟုတ် ပယ်ဖျက်ခြင်း။

အခန်း (၁၂) တားမြစ်ချက်များ[edit]

၄၄။ မည်သူမျှ ခွင့်ပြုမိန့်မရှိဘဲ လျှပ်စစ်ဆိုင်ရာလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်ခြင်း မပြုရ။

၄၅။ ခွင့်ပြုမိန့်ရရှိသူ မည်သူမျှခွင့်ပြုမိန့်ပါလုပ်ငန်းမှအပ အခြားမည်သည့်လျှပ်စစ်ဆိုင်ရာလုပ်ငန်းကိုမျှ လုပ်ကိုင် ဆောင်ရွက်ခြင်း မပြုရ။

၄၆။ မည်သူမျှ လျှပ်စစ်ကျွမ်းကျင်မှုဆိုင်ရာလက်မှတ်မရရှိဘဲ လျှပ်စစ်တပ်ဆင်ခြင်းနှင့် ပြင်ဆင်ခြင်း လုပ်ငန်းကို ဆောင်ရွက်ခြင်း မပြုရ။

၄၇။ မည်သူမျှလျှပ်စစ်အန္တရာယ်ကင်းရှင်းကြောင်းလက်မှတ်မရရှိဘဲ လျှပ်စစ်ဓာတ်အားကိုထုတ်လုပ်ခြင်း၊ ပို့လွှတ် ခြင်း၊ ဆက်သွယ်အသုံးပြုခြင်း မပြုရ။

၄၈။ မည်သူမျှသတ်မှတ်ထားသည့်စံချိန်စံညွှန်းနှင့် ကိုက်ညီမှုမရှိသော လျှပ်စစ်ဆိုင်ရာပစ္စည်းကိရိယာများကို ပြည်ပမှ တင်သွင်းခြင်း၊ ပြည်တွင်း၌ထုတ်လုပ်ခြင်း၊ ပြည်ပသို့တင်ပို့ခြင်း၊ ဖြန့်ဖြူး ရောင်းချခြင်း မပြုရ။

၄၉။ ခွင့်ပြုမိန့်ရရှိသူ မည်သူမျှသက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများ၏ ခွင့်ပြုချက်မရရှိဘဲ အခြားမည်သည့် အဖွဲ့အစည်းနှင့်မဆို လျှပ်စစ်ဆိုင်ရာလုပ်ငန်းများကို ပူးတွဲဆောင်ရွက်ခြင်း မပြုရ။

၅၀။ ခွင့်ပြုမိန့်ရရှိသူ မည်သူမျှခွင့်ပြုမိန့်ကိုဖြစ်စေ၊ ခွင့်ပြုမိန့်ပါလုပ်ငန်းတစ်ခုလုံး သို့မဟုတ် တစ်စိတ်တစ်ဒေသ ကိုဖြစ်စေ လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်ခွင့် ခွင့်ပြုမိန့်ထုတ်ပေးခဲ့သည့်သက်ဆိုင်ရာ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်း များ၏ ခွင့်ပြုချက်မရှိဘဲ ရောင်းချခြင်း၊ပေါင်နှံခြင်း၊ အငှားချထားခြင်း၊ လဲလှယ်ခြင်း သို့မဟုတ် အခြားတစ်နည်း နည်းဖြင့် လွှဲပြောင်းပေးအပ်ခြင်း မပြုရ။

၅၁။ မည်သူမျှ လျှပ်စစ်ဓာတ်အားလိုင်းနယ်မြေအတွင်း အဆောက်အအုံဆောက်လုပ်ခြင်း၊ သစ်ပင်စိုက်ပျိုးခြင်းနှင့် အခြားတစ်နည်းနည်းဖြင့် ဆောင်ရွက်ခြင်း မပြုရ။

၅၂။ ခွင့်ပြုမိန့်ရရှိသူ၏ ခွင့်ပြုချက်မရှိဘဲ မည်သူမျှ လျှပ်စစ်ဓာတ်အားကို သွယ်တန်းရယူခြင်း၊ ဖြုန်းတီးခြင်း၊ အသုံးပြုခြင်း မပြုရ။

၅၃။ မည်သူမျှလျှပ်စီးကြောင်းလွှဲပေးခြင်း၊ လျှပ်စစ်ဓာတ်အားပေးသည့်လိုင်းကို ဖြတ်တောက်ခြင်း၊ လျှပ်စစ်ဆိုင်ရာ လုပ်ငန်း တစ်ခုခုတွင် အသုံးပြုသည့် လျှပ်စစ်ပစ္စည်းကိရိယာများကို ဖျက်ဆီးခြင်း မပြုရ။

အခန်း (၁၃) ပြစ်မှုနှင့်ပြစ်ဒဏ်များ[edit]

၅၄။ မည်သူမဆို ပုဒ်မ ၄၄ ပါ တားမြစ်ချက်ကိုဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံး ကျပ်တစ်သိန်းမှ အများဆုံး ကျပ်ငါးသိန်း အထိငွေဒဏ်ချမှတ်ရမည်။ ယင်းပြစ်မှုကို ထပ်မံကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကိုတစ်နှစ်ထက်မပိုသော ထောင်ဒဏ်ချမှတ်ရမည့်ပြင် ငွေဒဏ်လည်းချမှတ်နိုင်သည်။

၅၅။ ခွင့်ပြုမိန့်ရရှိသူ မည်သူမဆို ပုဒ်မ ၄၅ ပါ တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင်ထိုသူကို အနည်းဆုံးကျပ်တစ်သိန်းမှ အများဆုံးကျပ်ငါးသိန်းအထိ ငွေဒဏ်ချမှတ်ရမည်။ ယင်း ပြစ်မှုကို ထပ်မံကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံး တစ်နှစ်မှ အများဆုံး သုံးနှစ် အထိ ထောင်ဒဏ်ချမှတ်ရမည့်ပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။

၅၆။ မည်သူမဆို ပုဒ်မ ၄၆ ပါ တားမြစ်ချက်ကိုဖောက်ဖျက်ကျူးလွန်ကြောင်းပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကိုအနည်းဆုံး ကျပ်ငါးသောင်းမှ အများဆုံး ကျပ်သုံးသိန်း အထိ ငွေဒဏ် ချမှတ်ရမည်။

၅၇။ မည်သူမဆို ပုဒ်မ ၄၇ ပါတားမြစ်ချက်ကိုဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကိုအနည်းဆုံး ကျပ်သုံးသိန်းမှ အများဆုံး ကျပ်တစ်ဆယ်သိန်းအထိ ငွေဒဏ်ချမှတ်ရမည်။

၅၈။ မည်သူမဆို ပုဒ်မ ၄၈ ပါ တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံးတစ်နှစ်မှ အများဆုံးသုံးနှစ်အထိ ထောင်ဒဏ်ချမှတ်ရမည့်ပြင် ကျပ်သိန်းသုံးဆယ်အောက် မလျော့သည့်ငွေဒဏ် ချမှတ်ရမည်။ ပြစ်မှုနှင့် သက်ဆိုင်သော ပစ္စည်းများကို ဖျက်ဆီးရမည်။

၅၉။ ခွင့်ပြုမိန့်ရရှိသူ မည်သူမဆို ပုဒ်မ ၄၉ ပါ တားမြစ်ချက်ကို ဖောက်ဖျက် ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံးကျပ်တစ်သိန်းမှ အများဆုံးကျပ်ငါးသိန်းအထိ ငွေဒဏ်ချမှတ်ရမည်။ ယင်းပြစ်မှုကို ထပ်မံကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို တစ်နှစ်ထက်မပိုသော ထောင်ဒဏ် ချမှတ်ရမည့်ပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။

၆၀။ ခွင့်ပြုမိန့်ရရှိသူ မည်သူမဆို ပုဒ်မ ၅၀ ပါ တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံးကျပ်တစ်သိန်းမှ အများဆုံးကျပ်ငါးသိန်းအထိ ငွေဒဏ်ချမှတ်ရမည်။ ယင်းပြစ်မှုကို ထပ်မံ ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံးတစ်နှစ်မှ အများဆုံး သုံးနှစ်အထိ ထောင်ဒဏ်ချမှတ်ရမည့်ပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။

၆၁။ မည်သူမဆို ပုဒ်မ ၅၁ ပါ တားမြစ်ချက်ကိုဖောက်ဖျက်ကျူးလွန်ကြောင်းပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကိုအနည်းဆုံး ကျပ်တစ်သိန်းမှ အများဆုံးကျပ်သုံးသိန်းအထိ ငွေဒဏ်ချမှတ်ရမည်။ ယင်းပြစ်မှုကို ထပ်မံ ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ချမှတ်ရမည့်ပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။

၆၂။ မည်သူမဆို ပုဒ်မ ၅၂ ပါ တားမြစ်ချက်ကိုဖောက်ဖျက်ကျူးလွန်ကြောင်းပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကိုအနည်းဆုံး ကျပ်တစ်သိန်းမှ အများဆုံးကျပ်သုံးသိန်းအထိ ငွေဒဏ်ချမှတ်ရမည်။ ယင်းပြစ်မှုကို ထပ်မံ ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင် ခြင်းခံရလျှင် ထိုသူကို နှစ်နှစ်ထက် မပိုသော ထောင်ဒဏ်ချမှတ်ရမည့်ပြင် ငွေဒဏ်လည်းချမှတ်နိုင်သည်။

၆၃။ မည်သူမဆို ပုဒ်မ ၅၃ ပါ တားမြစ်ချက်ကိုဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကိုအနည်းဆုံး ငါးနှစ်မှ အများဆုံး ဆယ်နှစ်အထိ ထောင်ဒဏ် ချမှတ်ရမည့်ပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။

၆၄။ မည်သူမဆို ဤဥပဒေပါ တားမြစ်ချက် တစ်ရပ်ရပ်ကို ဖောက်ဖျက် ကျူးလွန်ရာတွင် အားပေး ကူညီကြောင်း သို့မဟုတ် ကျူးလွန်ရန် ပူးပေါင်း ကြံစည်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကိုသက်ဆိုင်ရာပြစ်မှုပါ ပြစ်ဒဏ်အတိုင်းချမှတ် ရမည်။

အခန်း (၁၄) နစ်နာကြေး၊လျော်ကြေး[edit]

၆၅။ ပုဒ်မ ၅၄၊ ၅၅၊ ၅၆၊ ၅၇၊ ၅၈၊ ၅၉၊ ၆၀၊ ၆၁၊ ၆၂ နှင့် ၆၃ တို့ပါ ပြစ်မှုတစ်ရပ်ရပ်ကို ကျူးလွန်သူသည် မိမိ၏ ကျူးလွန်မှုကြောင့် ခွင့်ပြုမိန့်ရရှိသူတွင် ထိခိုက်ဆုံးရှုံးမှုတစ်စုံတစ်ရာပေါ်ပေါက်ပါက ယင်းထိခိုက်ဆုံးရှုံးသည့်တန်ဖိုး အတွက် ဝန်ကြီးဌာနက သတ်မှတ်သည့် နည်းလမ်းအတိုင်း တွက်ချက်ထားသည့် နစ်နာကြေးကို ပေးလျော်ရမည်။

၆၆။ ပုဒ်မ ၆၅ အရ သတ်မှတ်သည့် နစ်နာကြေးကို သတ်မှတ်ချက်များနှင့်အညီ ကောက်ခံခွင့် ရှိစေရမည်။

၆၇။ မည်သူမဆို ဓာတ်အားပို့လွှတ်ဖြန့်ဖြူးမှုကို ပြတ်တောက်စေရန်ပြုလုပ်ပါက နစ်နာဆုံးရှုံးသည့် ဓာတ်အား ပမာဏနှင့်ညီမျှ သော တန်ဖိုးကို ဝန်ကြီးဌာနက သတ်မှတ်သည့် နည်းလမ်းအတိုင်း တွက်ချက်၍ နစ်နာကြေးအဖြစ် ပေးဆောင်စေရမည်။

၆၈။ ခွင့်ပြုမိန့်ရရှိသူ သို့မဟုတ် ယင်းကတာဝန်ပေးအပ်ထားသူ၏ ပေါ့လျော့မှုကြောင့်ဖြစ်စေ၊ တာဝန်ပျက်ကွက်မှု ကြောင့်ဖြစ်စေ၊ ဓာတ်လိုက်မှု၊ မီးလောင်မှုဖြစ်ပွားပြီး တစ်ဦးတစ်ယောက် ထိခိုက်ဒဏ်ရာရလျှင် သို့မဟုတ် မသန် မစွမ်းဖြစ်လျှင် သို့မဟုတ် သေဆုံးလျှင် ထိခိုက်နစ်နာသူသည် ခွင့်ပြုမိန့် ရရှိသူထံမှ လျော်ကြေးကို အောက်ပါအတိုင်း တောင်းခံခွင့် ရှိစေရမည်-

(က) ထိခိုက်နစ်နာသူသည် တည်ဆဲအလုပ်သမားလျော်ကြေးအက်ဥပဒေနှင့်အကျုံးဝင်သူဖြစ်ပါက ယင်းဥပဒေအရ သတ်မှတ်ထားသော လျော်ကြေး။

(ခ) ထိခိုက်နစ်နာသူသည် တည်ဆဲအလုပ်သမားလျော်ကြေးအက်ဥပဒေနှင့်အကျုံးဝင်သူမဟုတ်ပါက ဤဥပဒေအရ ထုတ်ပြန်သည့် နည်းဥပဒေများက သတ်မှတ်သော လျော်ကြေး။

အခန်း (၁၅) အယူခံခြင်း[edit]

၆၉။ ပုဒ်မ ၆၅၊ ၆၆ နှင့် ၆၇ တို့အရ ချမှတ်သည့်နစ်နာကြေး သို့မဟုတ် လျော်ကြေးပေးဆောင်ရန် အမိန့်နှင့် စပ်လျဉ်း၍ မကျေနပ်သူသည် အမိန့်ကို လက်ခံရရှိသည့်နေ့မှ ရက်ပေါင်း ၃၀ အတွင်း ဝန်ကြီးထံ အယူခံနိုင်သည်။

၇၀။ ပုဒ်မ ၆၉ အရ အယူခံမှုတွင် ဝန်ကြီးသည်အမိန့်ကိုပြင်ဆင်ခြင်း၊ပယ်ဖျက်ခြင်းနှင့်အတည်ပြုခြင်းတို့ပြုနိုင်သည်။

အခန်း(၁၆)

အထွေထွေ

၇၁။ ဤဥပဒေပါ ပြစ်မှုများကို ရဲအရေးယူပိုင်ခွင့်ရှိသော ပြစ်မှုများအဖြစ် သတ်မှတ်သည်။

၇၂။ ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်-

(က) ဝန်ကြီးဌာနသည် နည်းဥပဒေများ၊ စည်းမျဉ်းနှင့် စည်းကမ်းများကို ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီ ချက်ဖြင့် ထုတ်ပြန်နိုင်သည်။

(ခ) ဝန်ကြီးဌာန၊ ကော်မရှင်နှင့် ဝန်ကြီးဌာနက တာဝန်ပေးအပ်သောအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းအသီးသီးတို့ သည် လိုအပ်သော အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်နိုင်သည်။

၇၃။ ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ ဥပဒေနှင့် လျှပ်စစ်ဥပဒေ (၁၉၈၄ ခုနှစ်၊ ပြည်သူ့လွှတ်တော် ဥပဒေအမှတ် ၇) အရ ထုတ်ပြန်ခဲ့သည့် နည်းဥပဒေများ၊ စည်းမျဉ်းစည်းကမ်း၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံး လုပ်နည်းများကို ဤဥပဒေနှင့် မဆန့်ကျင်သရွေ့ ကျင့်သုံးနိုင်သည်။

၇၄။ လျှပ်စစ်ဥပဒေ (၁၉၈၄ ခုနှစ်၊ ပြည်သူ့လွှတ်တော် ဥပဒေအမှတ် ၇) ကို ဤဥပဒေဖြင့် ရုပ်သိမ်းလိုက်သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ကျွန်ုပ်လက်မှတ်ရေးထိုးသည်။

(ပုံ) သိန်းစိန်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်