ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၁၅/၂၀၁၆

From Wikisource
Jump to navigation Jump to search


အပင်မျိုးသစ် အကာအကွယ်ပေးရေးဥပဒေ

(၂၀၁၆ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၁၅။)

၁၃၇၇ ခုနှစ်၊ ပြာသိုလဆန်း ၁၁ ရက်

(၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်)


ပြည်ထောင်စုလွှတ်တော်သည် ဤဥ‌ပဒေကို ပြဋ္ဌာန်းလိုက်သည်။

အခန်း (၁) အမည်နှင့် အဓိပ္ပာယ်ဖော်ပြချက်[edit]

၁။ (က) ဤဥပဒေကို အပင်မျိုးသစ်အကာအကွယ်ပေးရေးဥပဒေ ဟုခေါ်တွင်စေရမည်။

(ခ) ဤဥပဒေသည် ထုတ်ပြန်ကြေညာပြီး တစ်နှစ်ပြည့်မြောက်ပြီးသည့် နေ့မှစတင်၍ အာဏာတည်စေ ရမည်။

၂။ ဤဥပဒေတွင်ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ်သက်ရောက်စေ ရမည်-

(က) အပင်ဆိုသည်မှာ အဏုဇီဝသက်ရှိများမှလွဲ၍ အပင်လောကအတွင်းရှိ မည်သည့်အပင်ကိုမဆို ဆိုသည်။
(ခ) အပင်မျိုးဆိုသည်မှာ ရုက္ခဗေဒဆိုင်ရာ အမျိုးအစားခွဲခြားခြင်း၏ အနိမ့်ဆုံးအဆင့်တွင်ရှိပြီးသီး သန့်ရုပ်သွင်လက္ခဏာများပါရှိသည့် အပင်မျိုးကို ဆိုသည်။
(ဂ) အပင်မျိုးသစ်ဆိုသည်မှာ လက်ရှိအပင်မျိုးများနှင့် အနည်းဆုံး လက္ခဏာတစ်ရပ်ရပ်တွင်သိသာ စွာကွဲလွဲမှုရှိပြီး စိုက်ပျိုးသည့်အခါ ယင်း၏လက္ခဏာရပ်များမှာညီညာမှုရှိ၍ ထပ်ဆင့်မျိုးပွားရာတွင် လည်း ယင်း၏လက္ခဏာရပ်များ ပြောင်းလဲမှုမရှိဘဲ တည်ငြိမ်စွာဖော်ပြနိုင်သောအပင်မျိုးကိုဆိုသည်။
(ဃ) အပင်မျိုးမွေးမြူသူ ဆိုသည်မှာ အပင်မျိုးသစ် သို့မဟုတ် အပင်မျိုးတစ်မျိုးကို မွေးမြူသူ သို့မဟုတ် ရှာဖွေဖော်ထုတ်သူကိုလည်းကောင်း၊ အပင်မျိုးမွေးမြူသူအား အဖိုးအခဖြင့် တာဝန်ပေးအပ်သူလုပ်ငန်း ပိုင်ရှင်ကိုလည်းကောင်း၊ အပင်မျိုးမွေးမြူသူ၏ တာဝန်ကို တရားဝင်ဆက်လက်တာဝန်ယူသည့် ပုဂ္ဂိုလ် ကိုလည်းကောင်း ဆိုသည်။
(င) အပင်မျိုးသစ်ကာကွယ်သည့်အခွင့်အရေးဆိုသည်မှာ အပင်မျိုးမွေးမြူသူက မွေးမြူထုတ်လုပ်လိုက် သည့် အပင်မျိုးသစ်ကို ဤဥပဒေပုဒ်မ ၂၃ ပါလုပ်ငန်းများဆောင်ရွက်ရာတွင်ယင်းမျိုးမွေးမြူသူ၏ ခွင့်ပြု ချက်ဖြင့်ဆောင်ရွက်ရန် ကာကွယ်နိုင်သည့်အခွင့်အရေးကို ဆိုသည်။
(စ) အပင်မျိုးမွေးမြူသူ၏ ရပိုင်ခွင့်အခွင့်အရေးဆိုသည်မှာ ကာကွယ်ခွင့်ရရှိထားသည့်အပင်မျိုးသစ်ကို ဤဥပဒေပုဒ်မ ၂၃ပါ လုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်မည်ဆိုပါက ယင်းအပင်မျိုးမွေးမြူသူကခံ စား ခွင့်ရရှိနိုင်သည့် ရပိုင်ခွင့်အခွင့်အရေးကို ဆိုသည်။
(ဆ) မျိုးပွားနိုင်သည့်အပင်အစိတ်အပိုင်းဆိုသည်မှာ ထပ်မံမျိုးပွားရန်အတွက် အသုံးပြုသည့် မျိုးစေ့ သို့ မဟုတ် အပင်တစ်ပင်လုံး သို့မဟုတ် အပင်၏အစိတ်အပိုင်းများကို ဆိုသည်။
(ဇ) ရိတ်သိမ်းနိုင်သည့်အစိတ်အပိုင်းဆိုသည်မှာ အပင်တစ်ပင်ရှိ စီးပွားဖြစ် အသုံးပြုနိုင်သောအစိတ် အပိုင်း သို့မဟုတ် ယင်းအပင်မှရရှိလာသော ထုတ်ကုန်ကို ဆိုသည်။
(ဈ) အသိအမှတ်ပြုလက်မှတ် ဆိုသည်မှာ အပင်မျိုးသစ်ကို ကာကွယ်ခွင့်ပြုကြောင်း အပင်မျိုးမွေးမြူသူ အား ဤဥပဒေအရ ထုတ်ပေးသောလက်မှတ်ကိုဆိုသည်။
(ည) ဝန်ကြီးဌာန ဆိုသည်မှာ ပြည်ထောင်စုအစိုးရ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကို ဆိုသည်။
(ဋ) ဗဟိုကော်မတီဆိုသည်မှာ ဤဥပဒေအရ ဖွဲ့စည်းထားသော အမျိုးသားအပင်မျိုးသစ်အကာအကွယ် ပေးရေးဆိုင်ရာ ဗဟိုကော်မတီကို ဆိုသည်။
(ဌ) ဦးစီးဌာန ဆိုသည်မှာ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအောက်ရှိ စိုက်ပျိုးရေးသုတေသနဦးစီးဌာနကို ဆိုသည်။

အခန်း (၂) ရည်ရွက်ချက်များ[edit]

၃။ ဤဥပဒေ၏ ရည်ရွယ်ချက်များမှာ အောက်ဖော်ပြပါအတိုင်းဖြစ်သည်-

(က) အပင်မျိုးသစ်မွေးမြူသူများ၏ရပိုင်ခွင့်အခွင့်အရေးကို အကာအကွယ်ပေးရန်၊
(ခ) အပင်မျိုးသစ်မွေးမြူခြင်းလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာစေရန်၊
(ဂ) အပင်မျိုးသစ်မွေးမြူခြင်းလုပ်ငန်းတွင် ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုများ ပိုမိုတိုးတက်လာစေ ရန်၊
(ဃ) အပင်မျိုးသစ်များ မွေးမြူရရှိလာခြင်းဖြင့် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေရန်။

အခန်း (၃) ဗဟိုကော်မတီ ဖွဲ့စည်းခြင်း[edit]

၄။ ဝန်ကြီးဌာနသည် ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် အမျိုးသားအပင်မျိုးသစ်အကာ အကွယ်ပေးရေးဆိုင်ရာ ဗဟိုကော်မတီကို ဝန်ကြီးဌာန၏ ဒုတိယဝန်ကြီးက ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ ဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ်က အတွင်းရေးမှူးအဖြစ်လည်းကောင်း၊ ဤဥပဒေနှင့် ဆက်စပ်အ ကျုံးဝင်သည့်ဝန်ကြီးဌာနများရှိ သက်ဆိုင်ရာဌာနများ၊ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ကျွမ်း ကျင်သူပညာရှင်များနှင့်အခြားသင့်လျော်သူများကို အဖွဲ့ဝင်များအဖြစ်လည်းကောင်း ပါဝင်ဖွဲ့စည်းရမည်။

၅။ ဝန်ကြီးဌာနသည် ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ဗဟိုကော်မတီဖွဲ့စည်းရာတွင်လို အပ်လျှင် ဒုတိယဥက္ကဋ္ဌ နှင့်တွဲဖက်အတွင်းရေးမှူးတို့ကို သတ်မှတ်တာဝန်ပေးအပ်နိုင်သည်။

၆။ ဝန်ကြီးဌာနသည်ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ဗဟိုကော်မတီကို အခါအား လျော်စွာ ပြင်ဆင်ဖွဲ့စည်းနိုင်သည်။

အခန်း (၄) ဗဟိုကော်မတီ၏ လုပ်ငန်းတာဝန်နှင့်လုပ်ပိုင်ခွင့်များ[edit]

၇။ ဗဟိုကော်မတီသည်-

(က) ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအ တွက် အပင်မျိုးမွေးမြူခြင်းဆိုင်ရာ မူဝါဒများ ချမှတ်ရမည်။
(ခ) အပင်မျိုးမွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် သက်ဆိုင်သည့် အစိုးရဌာနများ၊ အပြည် ပြည်ဆိုင်ရာအဖွဲ့အစည်းများ၊ ပြည်တွင်းပြည်ပအဖွဲ့အစည်းများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် ပူးပေါင်း ညှိနှိုင်းဆောင်ရွက်ရမည်။
(ဂ) ကာကွယ်ခွင့်ရရှိထားသော အပင်မျိုးသစ်၏ မျိုးစေ့နှင့် အပင်အစိတ်အပိုင်းများကို နိုင်ငံအချင်းချင်း သဘောတူညီချက်အရ သုတေသနပြုလုပ်နိုင်ရန်အတွက် လိုအပ်သလိုပေးပို့ခြင်းနှင့် လက်ခံခြင်းများ ဆောင်ရွက်ရမည်။
(ဃ) အပင်မျိုးသစ်စစ်ဆေးခြင်းဆိုင်ရာ နည်းပညာကော်မတီနှင့် ဆပ်ကော်မတီများကို ဖွဲ့စည်းခြင်း၊ အခါအားလျော်စွာ ပြင်ဆင်ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်ပေးအပ်ခြင်းများ ဆောင်ရွက်ရမည်။

၈။ ဗဟိုကော်မတီသည်အပင်မျိုးမွေးမြူသူမှ အပင်မျိုးသစ်ကာကွယ်သည့်အခွင့်အရေး လျှောက်ထားလာ သည့်အခါ သတ်မှတ်ချက်များနှင့်ကိုက်ညီပါက ယင်းအပင်မျိုးသစ်ကို ကာကွယ်နိုင်သည့် အသိအမှတ် ပြုလက်မှတ်ထုတ်ပေးရမည်။

၉။ ဗဟိုကော်မတီသည် ဤဥပဒေအရတရားစွဲဆိုရာတွင် အပင်မျိုးသစ်စစ်ဆေးခြင်းဆိုင်ရာ နည်းပညာ ကော်မတီ၏ စစ်ဆေးတွေ့ရှိချက်အပေါ်မူတည်၍ ခွင့်ပြုချက်ပေးနိုင်သည်။

အခန်း (၅) အပင်မျိုးသစ်အဖြစ် အသိအမှတ်ပြုရန် သတ်မှတ်ချက်များ[edit]

၁၀။ အပင်မျိုးမွေးမြူသူမှ အပင်မျိုးသစ်အဖြစ် လျှောက်ထားလာသော အပင်မျိုးသည် အသိအမှတ်ပြု လက်မှတ်ရရှိရန် လျှောက်ထားလာသည့်အချိန်တွင်-

(က) အဆိုပါမျိုး၏ မျိုးစေ့များ သို့မဟုတ် အခြားမျိုးပွားနိုင်သည့် အပင်အစိတ်အပိုင်းများအား မြန်မာ နိုင်ငံအတွင်းတွင် တစ်နှစ်ထက်စော၍သော်လည်းကောင်း၊ အခြားပြည်ပနိုင်ငံများတွင် လေးနှစ်ထက်စော ၍ သော်လည်းကောင်း၊ နှစ်ရှည်ပင်နှင့် နွယ်ပင်များဖြစ်ပါက ခြောက်နှစ်ထက်စော၍သော်လည်းကောင်း စီးပွားဖြစ်စိုက်ပျိုးထုတ်လုပ်ခြင်း၊ အခြားအသုံးပြုမှုများအတွက် ရောင်းချခြင်းမရှိစေရ။
(ခ) အဆိုပါမျိုး၏ ထွက်ကုန်များကို အသုံးပြု၍ ထပ်ဆင့်ထုတ်ကုန်များအတွက် ခွင့်ပြုထားမှုမရှိစေရ။

၁၁။ အပင်မျိုးသစ်အဖြစ် လျှောက်ထားလာသောအပင်မျိုးသည် အများလက်ခံသိရှိထားသည့်အခြားမည် သည့်အပင်မျိုးနှင့်မဆို သိသာစွာကွဲပြားခြားနားသည့် ထူးခြားသောလက္ခဏာရှိရမည်။

၁၂။ အပင်မျိုးသစ်အဖြစ် လျှောက်ထားလာသော အပင်မျိုးသည် စိုက်ပျိုးထုတ်လုပ်ရာတွင်ပတ်ဝန်းကျင် ကြောင့်ဖြစ်ပေါ်နိုင်သည့် ကွဲလွဲချက်များမှအပ ကျန်ထူးခြားသည့် လက္ခဏာများကိုညီညာစွာဖော်ပြနိုင် ရမည်။

၁၃။ အပင်မျိုးသစ်အဖြစ် လျှောက်ထားလာသော အပင်မျိုးသည် သားဆက်အဆင့်ဆင့်မျိုးပွားရာတွင် ယင်း၏ ထူးခြားသောသွင်ပြင်လက္ခဏာများကို တည်ငြိမ်စွာဖော်ပြနိုင်ရမည်။

၁၄။ အပင်မျိုးသစ်ကိုအမည်ပေးရာတွင် နည်းဥပဒေပါပြဋ္ဌာန်းချက်များနှင့်အညီ အမည်ပေးရမည်။

အခန်း (၆) အပင်မျိုးသစ်ကာကွယ်သည့် အခွင့်အရေးလျှောက်ထားခြင်း[edit]

၁၅။ အပင်မျိုးသစ်ကာကွယ်သည့်အခွင့်အရေးကို အောက်ပါပုဂ္ဂိုလ်များအားလုံး လျှောက်ထားနိုင်သည်-

(က) အပင်မျိုးသစ်မွေးမြူသူနိုင်ငံသားများ၊
(ခ) အပင်မျိုးသစ်မွေးမြူသူ မြန်မာနိုင်ငံနယ်နိမိတ်အတွင်း အမြဲနေထိုင်ခွင့်ရရှိထားသော နိုင်ငံခြားသား များနှင့် ၎င်းတို့၏အဖွဲ့အစည်းများ၊
(ဂ) အပင်မျိုးသစ်ကာကွယ်ရေးအတွက် သဘောတူညီမှုရရှိထားသော နိုင်ငံခြားတိုင်းပြည်များမှ အပင် မျိုးသစ်မွေးမြူသည့် အဖွဲ့အစည်းများ၊ ပုဂ္ဂလိကများအားလုံး။

၁၆။ အပင်မျိုးမွေးမြူသူ၏ အပင်မျိုးသစ်သည် သဘာဝပတ်ဝန်းကျင်နှင့် ဇီဝမျိုးစုံ၊ မျိုးကွဲများကိုထိ ခိုက်ခြင်းမရှိမှသာလျှင် ယင်းအပင်မျိုးမွေးမြူသူအား ရပိုင်ခွင့်အခွင့်အရေးကို လျှောက်ထားခွင့်ရှိစေရ မည်။

၁၇။ အပင်မျိုးသစ်ကာကွယ်သည့် အခွင့်အရေးလျှောက်ထားသူသည် နည်းဥပဒေပါပြဋ္ဌာန်းချက်များနှင့် အညီ ဗဟိုကော်မတီသို့ လျှောက်ထားရမည်။

၁၈။ ဗဟိုကော်မတီသည်အပင်မျိုးသစ်အတွက် ကာကွယ်ခွင့်လျှောက်ထားလာသော အပင်မျိုးသစ်ကို စိုက်ပျိုးစစ်ဆေးရန် သက်ဆိုင်ရာအစိုးရဌာနများမှ ကျွမ်းကျင်ပညာရှင်များ ပါဝင်သော အပင်မျိုးသစ်စစ် ဆေးခြင်းဆိုင်ရာ နည်းပညာကော်မတီကို ဝန်ကြီးဌာန၏ သဘောတူညီချက်ဖြင့် ဖွဲ့စည်းတာဝန်ပေးအပ် ရမည်။

၁၉။ အပင်မျိုးသစ်စစ်ဆေးခြင်းဆိုင်ရာ နည်းပညာကော်မတီသည် ဤဥပဒေပါ ပုဒ်မ ၁၀မှ ၁၄ အထိပြ ဋ္ဌာန်းသတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိမရှိ စစ်ဆေး၍ ဗဟိုကော်မတီသို့ တင်ပြရမည်။

၂၀။ အပင်မျိုးသစ်ကာကွယ်သည့် အခွင့်အရေးလျှောက်ထားသူသည် အပင်မျိုးသစ်တစ်မျိုးတည်းကိုအ ပင်မျိုးသစ်ကာကွယ်ခြင်းဆိုင်ရာ သဘောတူညီမှုရရှိထားသော နိုင်ငံခြားတိုင်းပြည်၌ ကာကွယ်ခွင့် လျှောက်ထားခဲ့ပြီး မြန်မာနိုင်ငံတွင် ထပ်မံလျှောက်ထားလာပါက နည်းဥပဒေပါပြဋ္ဌာန်းထားသောဦးစား ပေးအခွင့်အရေးများ ခံစားခွင့်ရရှိစေရမည်။

၂၁။ ဗဟိုကော်မတီသည် အောက်ပါအခြေအနေများတွင် အပင်မျိုးသစ်အတွက် ယာယီကာကွယ်ပိုင်ခွင့် ပေးအပ်ခြင်းနှင့် ရုပ်သိမ်းခြင်းတို့ကို ထုတ်ပြန်ပေးရမည်။

(က) အပင်မျိုးသစ်ကာကွယ်သည့် အခွင့်အရေးလျှောက်ထားခြင်းကို အတည်ပြုပြီးနောက်စမ်းသပ်စစ် ဆေးစဉ် ကာလအတွင်း ယင်းမျိုးသစ်ကို စီးပွားဖြစ်အသုံးချနိုင်ရန် အလို့ငှာယာယီ ကာကွယ်နိုင်သည့် အခွင့်အရေးကို ခံစားခွင့်ပေးအပ်ခြင်း၊
(ခ) ယာယီကာကွယ်ခွင့်ကာလအတွင်း ကာကွယ်ခွင့်လျှောက်ထားခြင်းမှာ ခိုင်လုံမှုမရှိခြင်းနှင့် အပင်မျိုး သစ်စစ်ဆေးခြင်းဆိုင်ရာ နည်းပညာကော်မတီ၏ စိစစ်တင်ပြချက်အရ ကာကွယ်ခွင့်လျှောက်ထားခြင်း ကို ငြင်းပယ်ခြင်းခံရပါက ယာယီကာကွယ်ခွင့်အား ရုပ်သိမ်းခြင်း။

၂၂။ ပုဒ်မ ၂၁၊ ပုဒ်မခွဲ (က) အရ ယာယီကာကွယ်ခွင့်ကို ခံစားခွင့်ရရှိသူသည် ယင်းကာလအတွင်းပုဒ်မ ၂၁၊ ပုဒ်မခွဲ (ခ) ပါ အကြောင်းတစ်စုံတစ်ရာကြောင့် ယာယီကာကွယ်ခွင့်အား ရုပ်သိမ်းခံရပြီးယင်းအခြေ အနေများသည် အခြားပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းအား နစ်နာမှုတစ်စုံတစ်ရာရှိခဲ့ပါက ယင်းထိခိုက်နစ် နာမှုအတွက် လျော်ကြေးပေးဆောင်စေရမည်။

အခန်း (၇) အပင်မျိုးမွေးမြူသူ၏ ရပိုင်ခွင့်အခွင့်အရေးနှင့် ရပိုင်ခွင့်ကိုကာကွယ်နိုင်သည့်အခြေအနေများ[edit]

၂၃။ မည်သူမဆိုပုဒ်မ ၂၈နှင့် ၂၉ ပြဋ္ဌာန်းချက်များပါ ကင်းလွတ်ခွင့်များမှလွဲ၍ ကာကွယ်ခွင့်ရရှိထားသော အပင်မျိုးသစ်၏ မျိုးပွားနိုင်သည့် အစိတ်အပိုင်းများကို အောက်ဖော်ပြပါကိစ္စရပ်များအတွက်အသုံးချ ဆောင်ရွက်မည်ဆိုပါက အပင်မျိုးမွေးမြူသူ၏ ခွင့်ပြုချက်ကို ရယူရမည်-

(က) ထုတ်လုပ်ခြင်း သို့မဟုတ် ထပ်ဆင့်မျိုးပွားခြင်း၊
(ခ) မျိုးပွားရန်အတွက် ပြုပြင်ခြင်း၊
(ဂ) ရောင်းချရန်ကမ်းလှမ်းခြင်း၊
(ဃ) ပြည်တွင်း၊ ပြည်ပစျေးကွက်သို့ တင်ပို့ရောင်းချခြင်း၊
(င) ပြည်ပမှ တင်သွင်းခြင်း၊
(စ) ပုဒ်မ ၂၃၊ ပုဒ်မခွဲ (က) မှ (င) အထိ လုပ်ငန်းများဆောင်ရွက်ရန် သိုလှောင်သိမ်းဆည်းခြင်း။

၂၄။ အပင်မျိုးမွေးမြူသူသည် ပုဒ်မ ၂၃ပါ လုပ်ငန်းများကို လုပ်ကိုင်ခွင့်ပြုရာတွင် ၎င်း၏ရပိုင်ခွင့်များကို ဗဟိုကော်မတီနှင့် ညှိနှိုင်း၍ သတ်မှတ်ပေးနိုင်သည်။

၂၅။ ပုဒ်မ ၂၈ နှင့် ၂၉ ပြဋ္ဌာန်းချက်များပါကင်းလွတ်ခွင့်များမှလွဲ၍ အပင်မျိုးမွေးမြူသူသည် ၎င်း၏ခွင့် ပြုချက်မရှိဘဲ ကာကွယ်ခွင့်ရရှိထားသော အပင်မျိုးသစ်၏ မျိုးပွားအစိတ်အပိုင်းများကို တစ်စုံတစ်ဦး ကအသုံးပြု စိုက်ပျိုးထုတ်လုပ်ရာတွင် ရပိုင်ခွင့်မရရှိခဲ့လျှင် အပင်၏ရိတ်သိမ်းနိုင်သည့် အစိတ်အပိုင်းများ သို့မဟုတ် ရိတ်သိမ်းပြီး အပင်တစ်ပင်လုံးအား ပုဒ်မ ၂၃ပါ ကိစ္စရပ်များလုပ်ကိုင်ခြင်းအတွက် ရပိုင်ခွင့် များကိုသက်ဆိုင်သူထံမှ တောင်းဆိုပိုင်ခွင့်ရှိသည်။

၂၆။ အပင်မျိုးမွေးမြူသူသည်ပုဒ်မ ၂၅ တွင်ဖော်ပြထားသော ရပိုင်ခွင့်ကိုမရရှိခဲ့လျှင် ကာကွယ်ခွင့်ရရှိ ထားသော အပင်မျိုးသစ်၏ထုတ်ကုန်များနှင့်ပတ်သက်၍ ပုဒ်မ ၂၃ပါကိစ္စရပ်များ လုပ်ကိုင်ခြင်းအတွက်ရ ပိုင်ခွင့်များအား သက်ဆိုင်သူထံမှ တောင်းဆိုပိုင်ခွင့်ရှိသည်။

၂၇။ အပင်မျိုးသစ်အတွက် ပုဒ်မ ၂၃၊ ၂၅ နှင့် ၂၆တို့ပါ ပြဋ္ဌာန်းချက်များသည် အောက်ဖော်ပြပါမျိုးများအ ပေါ် အကျိုးသက်ရောက်မှုရှိစေရမည်-

(က) ကာကွယ်ခွင့်ရရှိထားသော အပင်မျိုးသစ်မှတိုက်ရိုက် ထပ်ဆင့်မွေးမြူရရှိသည့်မျိုးများ၊
(ခ) ကာကွယ်ခွင့်ရရှိထားသော အပင်မျိုးသစ်နှင့် သိသာစွာ ကွဲပြားခြားနားခြင်း မရှိသည့်မျိုးများ၊
(ဂ) ကာကွယ်ခွင့်ရရှိထားသော အပင်မျိုးသစ်အား စဉ်ဆက်မပြတ် အသုံးပြု၍ ထုတ်လုပ်ရရှိလာသည့် မျိုးများ။

၂၈။ အပင်မျိုးမွေးမြူသူသည်အောက်ဖော်ပြပါ အခြေအနေများတွင် အပင်မျိုးသစ်ကာကွယ်နိုင်သည့် အ ခွင့်အရေးမှ မဖြစ်မနေ ကင်းလွတ်ခွင့်ပေးရမည်-

(က) စီးပွားဖြစ်မဟုတ်သော စိုက်ပျိုးထုတ်လုပ်ခြင်း၊
(ခ) သုတေသနစမ်းသပ်မှုအတွက် အသုံးပြုခြင်း၊
(ဂ) နည်းဥပဒေတွင်ခွင့်ပြုထားသည့် ပမာဏအရ တောင်သူအချင်းချင်းမျိုးဖလှယ်ခြင်း၊
(ဃ) ပုဒ်မ ၂၇ ပါ ပြဋ္ဌာန်းထားသည့်မျိုးများ ထုတ်လုပ်ခြင်းမှလွဲ၍ အခြားမျိုးသစ်ရရှိရန်အတွက် မျိုးမွေးမြူခြင်းလုပ်ငန်းတွင် အသုံးချခြင်း။

၂၉။ အပင်မျိုးမွေးမြူသူသည် အောက်ဖော်ပြပါ အခြေအနေများတွင် အပင်မျိုးသစ်ကာကွယ်နိုင်သည့်အ ခွင့်အရေး မရှိစေရ-

(က) အပင်မျိုးမွေးမြူသူကိုယ်တိုင် သို့မဟုတ် ၎င်း၏ခွင့်ပြုချက်ဖြင့် မြန်မာနိုင်ငံနယ်နိမိတ်အတွင်းနှင့် နိုင်ငံခြားတိုင်းပြည်များသို့ အပင်မျိုးသစ်ကို တင်ပို့ရောင်းချရာတွင် ကာကွယ်ခွင့်ရရှိထားသောယင်းမျိုး သစ်ကို ထပ်မံမျိုးပွားမှုမရှိခြင်း၊
(ခ) ကာကွယ်ခွင့်ရရှိထားသော အပင်မျိုးသစ်ကို စားသုံးရန်အတွက်သာ တင်ပို့ခြင်း။

၃၀။ ပုဒ်မ ၂၈နှင့် ၂၉ တို့ပါ ကင်းလွတ်ခွင့်များ၊ ပြဋ္ဌာန်းချက်များနှင့် အများပြည်သူ၏အကျိုးမှလွဲ၍ အ ပင်မျိုးမွေးမြူသူ၏ ရပိုင်ခွင့်အခွင့်အရေးကာကွယ်ခြင်းကို ကန့်သတ်ချက် မရှိစေရ။

၃၁။ အပင်မျိုးမွေးမြူသူ၏ ရပိုင်ခွင့်အခွင့်အရေးသည် ဥပဒေနှင့်အညီ ကုန်ထုတ်လုပ်မှု စည်းမျဉ်းသတ် မှတ်ခြင်း၊ ထောက်ခံချက်ပေးခြင်း၊ ဈေးကွက်တင်ပို့ခြင်းနှင့် ပြည်တွင်း၊ ပြည်ပသို့ရောင်းချခြင်းစသည့် အကြောင်းခြင်းရာများနှင့် စပ်လျဉ်းခြင်း မရှိစေရ။

၃၂။ ကုန်ထုတ်လုပ်မှုစည်းမျဉ်းသတ်မှတ်ခြင်း၊ ထောက်ခံချက်ပေးခြင်း၊ ဈေးကွက်တင်ပို့ခြင်းနှင့် ပြည် တွင်း၊ ပြည်ပသို့ရောင်းချခြင်းစသည့် အကြောင်းခြင်းရာများသည် မည်သည့်အခြေအနေတွင်မျှ ဤဥပဒေ ၏အကျိုးသက်ရောက်မှုကို ထိခိုက်ခြင်းမရှိစေရ။

၃၃။ အပင်မျိုးမွေးမြူသူ၏ ရပိုင်ခွင့်အခွင့်အရေးကာကွယ်ခွင့်ကာလကို ကာကွယ်ခွင့်ရရှိသည့်နေ့မှစတင် ၍နှစ်ရှည်ပင်နှင့် နွယ်ပင်မျိုးသစ်များအတွက် ၂၅နှစ် နှင့် အခြားအပင်မျိုးသစ်များအတွက် အနှစ် ၂၀ သတ်မှတ်သည်။

အခန်း (၈) အပင်မျိုးမွေးမြူသူ၏ ရပိုင်ခွင့်အခွင့်အရေးပျက်ပြယ်ခြင်းနှင့် ရုပ်သိမ်းခြင်း[edit]

၃၄။ အောက်ဖော်ပြပါ အခြေအနေများတွင် အပင်မျိုးမွေးမြူသူ၏ရပိုင်ခွင့်အခွင့်အရေး ပျက်ပြယ်စေရ မည်-

(က) အပင်မျိုးသစ်ကာကွယ်သည့်အခွင့်အရေးပေးအပ်ပြီးနောက်ပိုင်း ပုဒ်မ ၁၀ နှင့် ၁၁ ပါ ပြဋ္ဌာန်း ချက်များနှင့် ကိုက်ညီမှုမရှိကြောင်း စစ်ဆေးတွေ့ရှိခြင်း၊
(ခ) အပင်မျိုးသစ်ကာကွယ်သည့် အခွင့်အရေးပေးအပ်ပြီးနောက်ပိုင်း အပင်မျိုးမွေးမြူသူတင်ပြရမည့် မျိုးသစ်နှင့်စပ်လျဉ်းသည့် သတင်းအချက်အလက်များ၊ မှတ်တမ်းမှတ်ရာများသည် ပုဒ်မ ၁၂နှင့် ၁၃ တို့ပါ ပြဋ္ဌာန်းချက်များနှင့် ကိုက်ညီမှုမရှိကြောင်း စစ်ဆေးတွေ့ရှိခြင်း၊
(ဂ) ကနဦးစိစစ်မှုများအရ အပင်မျိုးမွေးမြူသူ၏ ကာကွယ်ပိုင်ခွင့် အခွင့်အရေးကို အမှန်ရရှိသင့်သူအား ပေးအပ်ရမည့်အစား မရရှိသင့်သူအားပေးအပ်ခဲ့ခြင်း။

၃၅။ ပုဒ်မ ၃၄ ပါ ပြဋ္ဌာန်းချက်များမှအပ အခြားမည်သည့် အကြောင်းများကြောင့်အပင်မျိုးမွေးမြူသူ၏ ရပိုင်ခွင့် အခွင့်အရေးပျက်ပြယ်ခြင်း မရှိစေရ။

၃၆။ အောက်ဖော်ပြပါ အခြေအနေများတွင် ဗဟိုကော်မတီသည် အပင်မျိုးမွေးမြူသူ၏ ရပိုင်ခွင့်အခွင့်အ ရေး ကာကွယ်နိုင်သည့် အခွင့်အရေးကို ရုပ်သိမ်းရမည်-

(က) ပုဒ်မ ၁၂ နှင့် ၁၃ တို့ပါ ပြဋ္ဌာန်းချက်များကို ရေရှည်ထိန်းသိမ်းထားနိုင်မှု မရှိခြင်း၊
(ခ) အပင်မျိုးမွေးမြူသူက ဗဟိုကော်မတီသို့ မျိုးသစ်နှင့် စပ်လျဉ်း၍ မျိုးသစ်အဖြစ် ဆက်လက်တည်ရှိ ရန်လိုအပ်သည့် သတင်းအချက်အလက်များ၊ မှတ်တမ်းများကို နည်းဥပဒေပြဋ္ဌာန်းချက်များတွင် သတ်မှတ်ထားသည့်ကာလအတွင်း တင်ပြနိုင်မှု မရှိခြင်း၊
(ဂ) အပင်မျိုးမွေးမြူသူက ၎င်း၏ရပိုင်ခွင့် အခွင့်အရေးကို ဆက်လက်ထိန်းသိမ်းရန်အတွက်ပေးရန်ရှိ သည့် အခွန်အခပေးအပ်ရန် ပျက်ကွက်ခြင်း။

၃၇။ ပုဒ်မ ၃၆ ပါ ပြဋ္ဌာန်းချက်များမှအပ အခြားမည်သည့်အခြေအနေများတွင်မျှ အပင်မျိုးမွေးမြူသူ၏ ရပိုင်ခွင့် အခွင့်အရေးကို ရုပ်သိမ်းခြင်းမရှိစေရ။

အခန်း (၉) ပြစ်မှုနှင့် ပြစ်ဒဏ်များ[edit]

၃၈။ မည်သူမဆို ကာကွယ်ခွင့်ရရှိထားသော အပင်မျိုးသစ်ကို ယင်းအပင်မျိုးမွေးမြူသူ၏ ခွင့်ပြုချက်မရှိ ဘဲ ပုဒ်မ ၂၃ ပါပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကိုအနည်းဆုံးထောင်ဒဏ်ခြောက်လမှ အများဆုံးထောင်ဒဏ် သုံးနှစ်အထိဖြစ်စေ၊ အနည်းဆုံးငွေ ဒဏ်ကျပ် ၁၀သိန်းမှ အများဆုံးငွေဒဏ်ကျပ်သိန်း ၅၀ အထိဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင် သည်။

အခန်း (၁၀) အထွေထွေ[edit]

၃၉။ ဤဥပဒေအရ တရားစွဲဆိုရာတွင် ဗဟိုကော်မတီ၏ ခွင့်ပြုချက်ကို ကြိုတင်ရယူရမည်။

၄၀။ ဤဥပဒေအရ တရားစွဲဆိုသောပြစ်မှုနှင့် သက်ဆိုင်သည့် သက်သေခံပစ္စည်းကို တရားရုံးရှေ့သို့တင်ပို့ ရန် လွယ်ကူခြင်းမရှိပါက ယင်းသက်သေခံပစ္စည်းကို တရားရုံးရှေ့သို့ တင်ပို့ခြင်းမပြုဘဲ မည်ကဲ့သို့ထိန်း သိမ်းထားကြောင်းကို အစီရင်ခံစာ သို့မဟုတ် သက်ဆိုင်ရာ အခြားစာရွက်စာတမ်း အထောက်အထား များဖြင့် တင်ပြနိုင်သည်။ ယင်းသို့ တင်ပြခြင်းကို တရားရုံးရှေ့သို့ သက်သေခံပစ္စည်းတင်ပြသကဲ့သို့မှတ် ယူကာသက်ဆိုင်ရာတရားရုံး၏ ဥပဒေနှင့်အညီ စီမံခန့်ခွဲခြင်း ပြုနိုင်သည်။

၄၁။ အစိုးရဝန်ထမ်းမဟုတ်သော ဗဟိုကော်မတီအဖွဲ့ဝင်များနှင့် အပင်မျိုးသစ်စစ်ဆေးခြင်းဆိုင်ရာနည်း ပညာကော်မတီအဖွဲ့ဝင်များသည် ဝန်ကြီးဌာနက သတ်မှတ်ထားသော စရိတ်ချီးမြှင့်ငွေများကို ခံစားခွင့်ရှိ သည်။

၄၂။ အပင်မျိုးသစ်ကာကွယ်ခွင့် အခွင့်အရေးရရှိရန် လျှောက်ထားရာတွင် လိုအပ်သောစစ်ဆေးမှုများပြု လုပ်ခြင်းအတွက် ကုန်ကျမည့် အခကြေးငွေများကို လျှောက်ထားသူက ပေးဆောင်စေရမည်။

၄၃။ ဗဟိုကော်မတီသည် ဝန်ကြီးဌာန၏ သဘောတူညီချက်ဖြင့် အပင်မျိုးသစ်ကာကွယ်ခွင့် အခွင့်အရေး ရရှိရန် လျှောက်ထားသူက ပေးဆောင်ရမည့် အခွန်အခများကို သတ်မှတ်ပေးရမည်။

၄၄။ ဤဥပဒေပါပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင်-

(က) ဝန်ကြီးဌာနသည် နည်းဥပဒေများ၊ စည်းမျဉ်းနှင့် စည်းကမ်းများကို ပြည်ထောင်စုအစိုးရအဖွဲ့၏သ ဘောတူညီချက်ဖြင့် ထုတ်ပြန်နိုင်သည်။
(ခ) ဝန်ကြီးဌာနနှင့် ဗဟိုကော်မတီသည် အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်း များကို ထုတ်ပြန်နိုင်သည်။


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ် လက်မှတ်ရေးထိုးသည်။


(ပုံ) သိန်းစိန်

နိုင်ငံတော်သမ္မတ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်