ပြည်ထောင်စုမြန်မာနိုင်ငံ အုပ်ချုပ်ရေးစနစ်သစ်ဖော်ထုတ်ခြင်း

From Wikisource
Jump to navigation Jump to search
ကြေညာချက်အမှတ် (၉၇)  (1972) 
by ဗိုလ်နေဝင်း

ပြည်ထောင်စုမြန်မာနိုင်ငံတော်
ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေးကောင်စီ
(ပြည်ထောင်စုမြန်မာနိုင်ငံအုပ်ချုပ်ရေးစနစ်သစ်ဖော်ထုတ်ခြင်း)
ကြေညာချက်အမှတ် (၉၇)
ရန်ကုန်မြို့၊ ၁၃၃၃ ခုနှစ်၊ နှောင်းတန်းခူးလဆန်း ၁ ရက်။
(၁၉၇၂ ခုနှစ်၊ မတ်လ ၁၅ ရက်)။

အကြောင်းအရာ။ ။ ပြည်ထောင်စုမြန်မာနိုင်ငံအုပ်ချုပ်ရေးစနစ်သစ်ဖေါ်ထုတ်ခြင်း။

အပိုင်း ၁
နိဒါန်း

၁။ ပြည်ထောင်စုမြန်မာနိုင်ငံတွင် ယနေ့တည်ရှိနေသော အုပ်ချုပ်ရေးစနစ်သည်၊ အခြေခံအားဖြင့် ဗြိတိသျှကိုလိုနီဘဝတွင် မြန်မာနိုင်ငံ၌ တပ်ဆင်ခဲ့သော အုပ်ချုပ်ရေးစနစ်ကို အနည်းငယ်ပြုပြင်ထားသည့် စနစ်သာဖြစ်ရာ၊ ပြည်ထောင်စုမြန်မာနိုင်ငံ၏အကျိုး၊ တိုင်းရင်းသားလုပ်သားပြည်သူတို့၏ အကျိုးကိုထိရောက်စွာ မသည်ပိုးမဆောင်ရွက်နိုင်သဖြင့်၊ ယင်းသို့ ဆောင်ရွက်နိုင်စိမ့်သောငှါ၊ အုပ်ချုပ်ရေးစနစ် သစ်ကို ဖော်ထုတ်ရန် လိုအပ်နေပါသည်။

၂။ ထို့ပြင်၊ တိုင်းရင်းသား လုပ်သားပြည်သူများပါဝင်၍ ရေးဆွဲဆဲဖြစ်သော ပြည်ထောင်စုမြန်မာနိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအသစ်ကို မြှော်မှန်း၍ အုပ်ချုပ်ရေးစနစ်ကို ဆီလျော်နိုင်သမျှ ဆီလျော် အောင်ပြုပြင်ကာ၊ ဆိုရှယ်လစ် ဒီမိုကရေစီ ယန္တရားတပ်ဆင်ရေးအတွက် အသင့်ဖြစ်နိုင်သမျှဖြစ်အောင် ပြင်ဆင်ထားရန်လိုအပ်ပါသည်။

၃။ ထို့ကြောင့်၊ ပြည်ထောင်စု မြန်မာနိုင်ငံ၊ တော်လှန်ရေးကောင်စီသည်၊ အုပ်ချုပ်ရေးယန္တရားကို ပြန် လည်ဖွဲ့စည်း၍ လုပ်ကိုင်ပုံနည်းစနစ်များကို အသစ်ပြဋ္ဌာန်းလိုက်ပါသည်။

အပိုင်း ၂
ပြဋ္ဌာန်းချက်

၄။ ပြည်ထောင်စုမြန်မာနိုင်ငံ၊ တော်လှန်ရေးကောင်စီသည်-

(က) ပြည်ထောင်စုမြန်မာနိုင်ငံအစိုးရ၊ ဝန်ကြီးဌာနများကို ပူးတွဲဇယားပါအတိုင်း ပြုပြင်ဖွဲ့စည်းလိုက် သည်။
(ခ) အတွင်းဝန်ရုံးကို ရုပ်သိမ်း၍ အတွင်းဝန်ရုံးက စွဲကိုင်ကျင့်သုံးနေသည့် လုပ်ပိုင်ခွင့်နှင့်တာဝန်များကို သက်ဆိုင်ရာ ဝန်ကြီးအား လွှဲအပ်ပြီးလျှင်၊ ဝန်ကြီးက မိမိလက်အောက်ရှိ အဖွဲ့အစည်းအသီးသီးသို့ ထပ်ဆင့်၍ သင့်လျှော်သလို လွှဲအပ်ရန်ဖြစ်သည်။

၅။ ဝန်ကြီးဌာနတခုစီတွင်ပါဝင်သော အစိုးရ၏အဖွဲ့အစည်းများကို သတ်မှတ်သည့်အတိုင်း ပြုပြင်ဖွဲ့ စည်း၍ ပြုပြင်ဖွဲ့စည်းသည့် အဖွဲ့အစည်း အသစ်များသည်၊ သက်ဆိုင်ရာ အဖွဲ့အစည်းအဟောင်းများ၏ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်နှင့် တာဝန်များကို ဆက်ခံရန်ဖြစ်သည်။

၆။ ပြည်ထောင်စုမြန်မာနိုင်ငံ အုပ်ချုပ်ရေးစနစ်သစ်တွင် ပြောင်းလဲထားသည့် အခေါ်အဝေါ်များသည်၊ သက်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းဥပဒေ၊ စည်းကမ်း ဥပဒေ၊ အမိန့်ကြော်ငြာစာ၊ ညွှန်ကြားချက်စသည်တို့တွင် ဆီလျော်သလို ပြုပြင်ပြောင်းလဲပြီးသကဲ့သို့ ဖြစ်စေရမည်။

၇။ ဝန်ကြီးဌာနများနှင့် အစိုးရ၏အဖွဲ့အစည်းများသည်၊ ယခင် ဗြိတိသျှကိုလိုနီဘဝကတည်းက တည်ရှိခဲ့ သော အတွင်းဝန်ရုံးလက်စွဲကိုရုပ်သိမ်း၍၊ အသစ်ပြဋ္ဌာန်းလိုက်သော အစိုးရ၏ လုပ်ကိုင်ပုံနည်းစနစ်များ အတိုင်း လိုက်နာလုပ်ဆောင်ရမည်။

၈။ အထက်ပါပြဋ္ဌာန်းချက်များသည်၊ ဥပဒေကဲ့သို့ အာဏာတည်စေရမည်။

အပိုင်း ၃
တာဝန်ပေးအပ်ခြင်း

၉။ လက်ရှိဝန်ကြီးဌာနများအား တာဝန်ယူနေသည့်ဝန်ကြီးနှင့် ဒုတိယဝန်ကြီးများသည်၊ မိမိတို့အသီးသီး တာဝန်ယူလျက်ရှိကြသော လက်ရှိအတိုင်း ဆက်လက်တည်ရှိသည့် ဝန်ကြီးဌာနများကိုသော်၎င်း၊ လက်ရှိ ဝန်ကြီးဌာနများကို ပူးပေါင်း၍၊ အသစ်ဖွဲ့စည်းသည့် ဝန်ကြီးဌာနများကိုသော်၎င်း၊ ဆက်လက် တာဝန်ယူ ဆောင်ရွက်ကြရန်ဖြစ်သည်။

(ပုံ) ဗိုလ်နေဝင်း၊
ဥက္ကဋ္ဌ၊
ပြည်ထောင်စုမြန်မာနိုင်ငံ၊ တော်လှန်ရေးကောင်စီ။

ဇယား – လက်ရှိဝန်ကြီးဌာနများအားပြုပြင်ဖွဲ့စည်းပုံ[edit]

အမှတ်စဉ် လက်ရှိဝန်ကြီးဌာနများ အမှတ်စဉ် ပြုပြင်ဖွဲ့စည်းပုံ
အစိုးရအဖွဲ့နှင့် ဥက္ကဋ္ဌရုံး တော်လှန်ရေးကောင်စီဥက္ကဋ္ဌရုံး
ဝန်ကြီးချုပ်ရုံး
နိုင်ငံခြားရေး နိုင်ငံခြားရေး
ကာကွယ်ရေး ကာကွယ်ရေး
တရားရေး တရားရေး
ပြည်ထဲရေး ပြည်ထဲရေးနှင့် သာသနာရေး
ဒီမိုကရေစီဒေသန္တရအုပ်ချုပ်ရေး
လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး
သာသနာရေး
လူမှုဝန်ထမ်း လူမှုဝန်ထမ်း
၁၀ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး
၁၁ ပြန်ကြားရေး ပြန်ကြားရေး
၁၂ ယဉ်ကျေးမှု ယဉ်ကျေးမှု
၁၃ ပညာရေး ၁၀ ပညာရေး
၁၄ ကျန်းမာရေး ၁၁ ကျန်းမာရေး
၁၅ အလုပ်သမား ၁၂ အလုပ်သမား
၁၆ လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောရေး ၁၃ လယ်ယာနှင့် သစ်တော
၁၇ လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေး
၁၈ သတ္တုတွင်း ၁၄ သတ္တုတွင်း
၁၉ စက်မှုလက်မှု ၁၅ စက်မှု
၂၀ ပြည်သူ့လုပ်ငန်းနှင့် အိမ်ယာဆောက်လုပ်ရေး ၁၆ ဆောက်လုပ်ရေး
၂၁ သယ်ယူပို့ဆောင်ရေးနှင့်လမ်းပန်းဆက်သွယ်ရေး ၁၇ ပို့ဆောင်ဆက်သွယ်ရေး
၂၂ ကုန်သွယ်ရေး ၁၈ ကုန်သွယ်ရေး
၂၃ သမဝါယမ ၁၉ သမဝါယမ
၂၄ ဘဏ္ဍာရေးနှင့်အခွန် ၂၀ စီမံကိန်းနှင့် ဘဏ္ဍာရေး
၂၅ အမျိုးသားစီမံကိန်း
ရှင်းလင်းချက်။ ။ ပြုပြင်ဖွဲ့စည်းသည့် ဝန်ကြီးဌာန အမှတ် ၆ သည် လက်ရှိဝန်ကြီးဌာနအမှတ် ၅၊ ၆၊ ၇၊ ၈ ကိုသော်၎င်း၊ ပြုပြင်ဖွဲ့စည်းသည့် ဝန်ကြီးဌာနအမှတ် ၇ သည် လက်ရှိဝန်ကြီးဌာနအမှတ် ၉၊ ၁၀ ကို သော်၎င်း၊ ပြုပြင်ဖွဲ့စည်းသည့် ဝန်ကြီးဌာနအမှတ် ၁၃ သည် လက်ရှိဝန်ကြီးဌာန အမှတ် ၁၆၊ ၁၇ ကိုသော် ၎င်း၊ ပြုပြင်ဖွဲ့စည်းသည့် ဝန်ကြီးဌာနအမှတ် ၂၀ သည် လက်ရှိဝန်ကြီးဌာနအမှတ် ၂၄ နှင့် ၂၅ ကိုသော် ၎င်း၊ ပူးပေါင်းဖွဲ့စည်းသည့် ဝန်ကြီးဌာနများဖြစ်သည်။