ပြည်စုန်မော်ကွန်း

From Wikisource
Jump to navigation Jump to search
ပြည်စုန်မော်ကွန်း
by ရှင်ထွေးညို
ဟံသာဝတီမူ

နမောတဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

  1. ကြားလော့လွှံ့ဝှန်း ဇမ္ဗူကျွန်းဝယ် နှိုင်းဘက်မဲ့အောင် ပြည်ကြီးထောင်သား ဘုန်းရောင်ပွင့်လင်း အမင်းမင်း၏ မှန်ကင်းသဖွယ် တောင်စွန်ကယ်၍ ပင်လယ်သမုဒြာ မြစ်ဂင်္ဂါမှ အညာဆန်ဆန် နှစ်ဘက်ချွန်လျှင် အမွန်မြစက် ဆန်လစ်တွက်က သန်လျက်ကမ်းခုံ ဇာတိဘုံ၌ ရွေမုံဘဝါး တည်လတ်ထားသည် မင်းဖျားဧက ရာဇာတည်း ။
  2. ဘူမိနက်သန် မှန်သည်မိုးမြေ ကျက်သရေကောင်းနှစ် ပေါ်ရာဖြစ်သား စုလစ်သွန်းသွန်း ရဝေနန်းနှင့် စောင်းတန်းစွင့်စွင့် လေသွန်ဆင့်သား ဘုံမြင့်ဗိမာန် ဝေဇယန်ထက် ကြင်တန်မြောက်သား ရှစ်သောင်းဖျားလည်း တရားပြည့်ဝန်း လနှယ်ထွန်း၏ ကျွန်းကျွန်းနတ်ရှင် စိုးစေချင်ဟု မြေပြင်အလုံး ပန်းနှယ်ကုံး၍ မင်းဆုံးထိမ်းမှတ် ဘိသိက်ဆွတ်က ပွင့်ဝတ်ရွှေတောင် မုနောဆောင်သည် မင်းခေါင်သိကြား သူဇာတည်း ။
  3. နရာတံဆိပ် လူ့ထိပ်နှစ်စုံ ကာမဘုံကို အုပ်ခြုံစိုးပြီး တန်ခိုးမီးဖြင့် ရောင်ညီးဝင်းဝင်း လေးကျွန်းချင်းသား သနင်းလူတွင် စကြာ့ရှင်နှင့် အသွင်နှိုင်းလျက် ခိုင်းကြဘက်၍ အထက်နန်းမ ဖွင့်လတ်ကလျှင် သာလှတိုင်းကား ရပ်ရှားပါးမှ ဝန်းလျားပြည်ထောင် မင်းကုန်အောင်တို့ အခေါင်ရိုညွတ် ပူဇော်လတ်သော် အထွတ်ရွှေဘုန်း နတ်နှင့်နှုန်းသည် ပွင့်တုန်းရှေးကျိုး သမ္ဘာတည်း ။
  4. ရှေးကျိုးပြင်းလှ ရှိန်တေဇဖြင့် ညွတ်ရရှိဝန် နှစ်တိုင်းမှန်သား တုတ်ခွန်ဆက်လျက် ခြေတော်စက်ကို ရွတ်ရကုန်လှာ ရက်မချာတိ ရွှေစာတန်ဆိပ် ကမ္ပည်းလိပ်နှင့် နောင်သိပ်မြဲလှ ပည်းမျှဇမ္ဗူ အဟူမှီခို တောင်မြင်းမိုရ်သို့ နဂိုရ်အဝှန်း သောင်းကျန်းမရှိ ချဘိမာန်စောင် ကြောက်ရွံ့ရှောင်သည် ပြည်ထောင်ဝေးနီး ကြေညာတည်း ။
  5. ကြငှန်းတည်လောက် မင်းဆုံးမြောက်က တယောက်မကျန် မလှန်ကြဝံ့ ညံ့လေစောင်မာန် မပြန်နှစ်ဆစ် မိုးကြိုးပစ်သို့ ရန်မြစ်စတေ သုန်းဖျင်းကျေဟု ကျော်လေသတင်း နှံ့ခြင်းသွေးသီ မချီလှံထား လေးမြားတောင့်လွယ် ပယ်သည်ရန်ငွေ့ မဟေ့လက်တူ မပြူမြင်းဆင် အားလုံးငြင်သည် ညွတ်ဝင်ထံရင်း စကြာတည်း ။
  6. ပြိုင်ပြိုင်ထောက်ထောက် ဇမ္ဗူအောက်တွင် တယောက်မမြင် မထင်တို့ပဲ ဘုန်းဖြင့်ဝှဲသား ဖြင်ပြဲတိုင်းခြေ နန်းရိပ်နေသည် သပြေကျွန်းထက် ပြည်ထောင်ဘက်တို့ လက်နက်ရှင်းရှင်း အကုန်သွင်းလျက် ပြည်မင်းညီတော် တဘော်လိုသီး ဦးရီးကျော်စွာ ကြေဥဿာနှင့် ဖီလာကန့်လန့် ရန်ညွန့်သွယ်သွယ် မာလောနှယ်လျှင် မြေဝယ်အကိုက် တည်စလိုက်သို့ ပယ်သိုက်ရန်ညောင်း မစည်ကောင်းသည် ကျီးပေါင်းသစ်ပင် ပမာတည်း ။
  7. တောင်ပြင်ကျေးခိုင်း ဥဿာတိုင်းနှင့် ညွတ်ကိုင်းတစိ မရှိကော်ရော် သောင်းကျန်းသော်လည်း မျက်တော်မလှုံ့ မိအူထုံ့ဟု မာန်တုံ့မလောင်း နှုတ်ကောင်းခွန်းသာ ချစ်မေတ္တာဖြင့် ရိပ်သာမြိုင်ဝှန် ဟေမဝန်၌ လေသွန်ဖြုန်းဖြုန်း တောနှင့်နှုန်းလျက် ရှုန်းရှုန်းသိမ်းခတ် ညွတ်ကာမျှဉ်းလည်း မညှဉ်းစသာ မှီကာပြိုင်းပြိုင်း ခက်ချင်းဆိုင်းသား ပင်တိုင်းအလျဉ် အင်ကြင်းစဉ်သို့ ဆွေယှဉ်မျိုးပူး တကွဖူး၍ ကျေးဇူးများကြောင်း ထပ်ကာလောင်းလျှင် ပေါင်းပေချင်လျက် အလျင်တဖေါ် အောက်မေ့တော်ဖြင့် မြော်တုံနက်လေး အရှည်သွေးသည် အရေးသို့အောင် ညှာတာတည်း ။
  8. ရွှေတောင်နန်းကို ပြဋ္ဌာန်းစိုးလစ် ယင်းသည့်နှစ်က သက္ကရာဇ်အစွန် လေးခုလွန်သော် မျက်မာန်မရှေး ဘရင်သွေးအား လုပ်ပေးကြံရှာ လျာကာသို့အောင် ညှာတာရှောင်လည်း ကြောင်နှင့်ကြက်မြုံ ပမာတုံသား ထုံးပုံပြင်ကို နတ်ရှင်မှတ်ပြီး မုန်ညင်းသီးရှိ မီးကိုတျင်းတျင်း အကြွင်းမထား ပွါးသော်လောင်ပြန် ရန်လည်းထို့နှယ် ပယ်သော်ကောင်းဟု ကျိုးကြောင်းမြော်တင်း နားတော်သွင်းသည် ခပင်းအားလုံး မတ်ရာတည်း ။
  9. မိဘမခြား ဘိုးဘွားနှင့်ဘေး တူမြေးတမြစ် တနွယ်ဖြစ်လျက် ရင်နှစ်သည်းကြား တဘသားဟု ရှောင်ရှားမျက်နှာ နေချေရှာလည်း တကာမျိုးဆွေ မရိုသေသော် ပဒေသရာဇ် ဖြစ်သည့်ခပင်း ပြည်ထောင်ချင်းနှင့် နှောင်းကြွင်းမြေးသား ဆိုဘွယ်များအံ့ တပါးဝေးလံ သူ့နိုင်ငံကို နွံအံ့ထားထား မိမိအားလည်း တိုင်းကားမလုံ မပိုင်ကုံက ဝန်းခြုံတင်းနာ ကြေညာဟိုးဟိုး တန်ခိုးသတင်း ကျော်စောခြင်းမှ ကင်းအံ့တဖန် အောက်မေ့တွန်သည် မကျန်စီးပွါး နောင်လာတည်း ။
  10. စီးပွါးနောင်လာ ရှုပြီးခါမှ ကျော်စွာတွင်ပြီး ဆွေဦးရီးနှင့် မကြီးမပြင်း ဘသားချင်းကို လက်ရင်းထားထား တလိုင်းအားနှင့် လာငြားထက်အောက် သင်္ဘောမှောက်သို့ တယောက်မကျန် မပြန်တင်းမေး တချက်ထွေးဖြင့် အရေးဆယ်စုံ ရောက်စေတုံအံ့ ကျွန်းဆုံပြင်က လက်စောင်ချ၍ ထိုပရန်လုံး ရဲမက်ရုံးလျက် နှလုံးတစိ မရှိစေအောင် မျက်တောင်မရှောက် မနောက်စေရာ ရေနှင့်ကြာသို့ ပမာမှီငြမ်း ဆွေရိပ်ချမ်းဟု ထောက်လှမ်းမိကာ ဖြန့်ချိမ့်ငှါဟု မကြာနတ်ရှင် သွားအံ့ရင်သည် ပြင်လွင်မဖြစ် စိမ့်ငှါတည်း ။
  11. မှတ်လော့နတ်ရှင် သွားအံ့ရင်သော် ကောင်းကင်အထိပ် မွမ်းမွမ်းချိပ်မျှ ထွန်းရိပ်ရောင်ဖြူ မပူနေမင်း မိုးလဝင်း၍ မြူနှင်းစဲပျောက် မပြောက်တိမ်ခြေ မြစ်မရေလည်း အနေကျကျ ကိုင်းပျရှိမ်းရှိမ်း တောခပ်သိမ်းလည်း ရွက်စိမ်းဟုံဟုံ အထွက်စုံသော် ရွှေငုံခဝဲ ပွင့်ကျင်မြဲသား နှင်းဖွဲဖျန်းနီး သန်မြီးကြွမှု ဆောင်းသို့လု၍ ရတုသာတုန်း တန်ဆောင်မုန်းဟု အဆုန်းဆုတ်ထွက် ဆဲ့တရက်၌ သင့်ကြိုက်ယတြာ မှန်စွာကိန်းခန်း စန်းလက်ထွန်းသည် ကြငှန်းသက်လတ် အခါတည်း ။
  12. ခြင်္သေ့ခံသား ရက်စံနေ့အား တရားပရမေ မျိုးကြင်ဆွေနှင့် ရဝေလှစ်ထွန်း လေသာနန်းထက် နေဝန်းသော်တာ အင်္သာရာသီ မလှမ်းမီက ရာသီလှည့်ပတ် စတုရတ်နှင့် နက္ခတ်စေ့ချဉ်း သိဟ်စဉ်းပေါ်ထွက် ဓနုလက်ဖြင့် ဘဝဂ်တိုင်အောင် ဗိုလ်ကြဉ်းဆောင်သား မိုးခေါင်ကြားချောက် စည်လက်မြှောက်နှင့် ထွန်းတောက်ခရာ ကျာကျာကြွေးရှင် သံလွင်မုရိုး စိန်တံပိုးလည်း သာနိုးပျံ့ပျူး ဆင့်လတ်ကြူးသည် သွားမူးစံပယ် အခါတည်း ။
  13. ကျာကျာကျည်ကျည် လက်မြှောက်မြည်လျက် ရွှေစည်မုရား ကြားလတ်တီးသော် ကောင်းချီးစံရာ နန်းသိင်္ဂါမှ ရတနာတံခွန် ရှေ့ဖျားလွန်လျက် ပြောင်မွန်စီးစီး တမွတ်ထီးနှင့် ရံသီးဂရုသာ မှတ်ရာရံဝန်း တိမ်တိုက်စွန်းက လေးကျွန်းအခေါင် ပြောင်ပြောင်တောက်ရိပ် မိုးထိပ်တူရူ နေမင်းပြူသို့ ရောင်ဖြူချက်ချက် ထွက်သည်မြင်သော် သံရှင်ခြေးခြေး အောင်ဆုပေး၍ ဖွေးဖွေးပန်းမာလ် ပူဇော်သွန်လျက် ဗိမာန်သာလွန်း ရေပေါ်နန်းထက် ကြငှန်းစောထွတ် ရောက်တုံလတ်သော် လက်ခတ်တိုင်းကား မှတ်စိမ့်ကြားသည် မိုးဖျားဘဝဂ် ထွေလာတည်း ။
  14. ကျက်သရေတံဆိပ် မင်းဝံထိပ်မှ ရန်နှိပ်တချက် တော်သည့်ရက်ကို ငံ့လျက်ဝှဲဝှဲ ဖေါင်သာတွဲ၍ မြဲသည်အလို မိဂသိုရ်ဟု မြင်းမိုရ်တောင်စွန်း နေခြည်ထွန်းသား လဝန်းပေါ်ထွက် ဆဲ့တရက်မှ သန့်သက်ကောင်းအင် စန်းလက်ထင်ဟု သဘင်ပွဲကြီး ဖျင်ထပ်ပြီးသော် ကျော်ချီးလူ့ဘော် မျက်ပွင့်ဖျော်သည် ရှုမျှော်မရဲ ရွှေဖေါင်ထဲက ရဲရဲမီးတွင် မြုတေရှင်သို့ မြစ်ခွင်နက်ဖြန် လှေတော်ကန်အံ့ အမှန်သွားလား ရဲတင်းကြားက သုံးပါးနတ်မှန်း ဆန်ဖြူပန်းဖြင့် မြှောက်သွန်းတင့်နိုး သန္တေးရိုးသည် ကောင်းကျိုး ပရမီသွာတည်း ။
  15. ပရမီသွာ နတ်ဒေဝါလည်း မြှောက်လာတန်ခိုး ဗိဿနိုးတို့ ကောင်းကျိုးလက်ငင်း ပေးလတ်လျှင်းသော် ဒုံမင်းသံရှည် လက်မြှောက်မြည်သား ရွှေစည်ခရာ ရင့်ကျာကျူးဟုန် မြေမိုးတုန်မျှ စမုန်မြစ်သာ တောင်လက်ျာက ဧရာတူရူ ဦးစီးပြူလျက် ရောင်ဖြူနေလ ယုဂန်ဝက ထွက်ထပြွမ်းပြွမ်း မိုးလုံးမွမ်းသို့ မင်းခမ်းထွေပြား ကိုးပါးစီဆင် စုလစ်တင်သား ရောင်ထင်မောင်းမောင်း တန်ဆောင်းပြာသာဒ် ကျွန်းဖူးထွတ်နှင့် စွယ်ညွတ်သွယ်သွယ် မျက်လုံးကျယ်လည်း မြစ်လယ်ပြောင်ပြောင် အလျှံဆောင်သည် လင်းရောင်ဆယ်ရပ် မျက်နှာတည်း ။
  16. ပြောင်ပြောင်ရွှေတိ နေခြည်ထိသော် ညိလင့်တနာ နရာမညု တစုအားလုံး ပြည်ခုံးသယောင်း ရွှေလောင်းရွှေဒွါ ဟင်္သာသောင်တင်း ခပင်းမကျန် ပြည်ကြီးမွန်လည်း ဗိမာန်တစင်း စွယ်စုံကျင်းလျက် သနင်းဘုရား ဆွေမြောက်သားနှင့် ရှေ့ဖျားစံပယ် ပင်လယ်ကူးသန်း ကျွန်း၏အမြီး ပြန်ခဲ့ပြီးသို့ ဖြင်ညီးရံကာ အမတ်ရာနှင့် စဉ်လာဆိပ်ကွမ်း မဝေးလွန်သား သင်ပန်းတူရူ ပူဖြူအနောက် လုံးတော်ပေါက်၍ တထောက်ယတြာ နေရာရွှေဘုံ ချဦးတုံသည် ဆွေစုံကျေးဇူး ပွင့်ရာတည်း ။
  17. သည်ဝါရှေ့ဖျား ကြီးခွန်သားနှင့် ဆုန်းသားရေးဆင် နတ်သဘင်လည်း ထိုတွင်ရှုပြီး စောဓီးပြည့်ရှင် အသင့်ရင်သော် ယခင်စွယ်တပ် နားပန်ချပ်၍ ကြာယပ်လူလူ ရွက်ဖြူရွှေတံ စွန်သုတ်ခံသား မင်းစံအချက် ကိုးပါးမျက်တိ ကနက္ကဒဏ် ဗိတာန်ပစ္စူ ဖြန့်တော်မူလျက် ဗိုလ်လူတွေးခေါ် ရှေးသရော်၌ အကျော်တည်ထွန်း ရှေးဥဒါန်းသို့ လေးကျွန်းသခင် မြောက်အံ့ရင်သော် နတ်ရှင်ဘုန်းဟေ့ အဓလေ့ဖြင့် အရှေ့သမုဒြာ ပင်လယ်မှာက စကြာပျံသန်း မိုးရပ်ထွန်းလျက် လဝန်းအတူ ရောက်သောဟူသည် အယူတဝေး ဖြစ်ဘိသေးရှင့် နတ်သွေးသူဇာ စောချမ်းသာနှင့် သွားရာစဉ်ရှည် လိုက်ကြမည်ဟု ရွှေပြည်အနှက် သံကြမြွက်သည် ရွှေစက်ရောက်စေ ခြင်းရာတည်း ။
  18. နတ်စကြာကို အာသာရေးရေး တွေးကြစဉ်တွင် ရေယာဉ်လှေတော် လှော်ခဲ့ထွက်သွား လှော်ကားအန်ထောင် ပဲ့စောင်လှေဦး မြူးလှည့်ဝမ်းလှိုင် ပြုိင်ကြသောင်းသောင်း ဟန်ရေးကောင်းနှင့် မြစ်ကြောင်းရှူရှူ ပင်လယ်ဆူသို့ အူအူဖွေးဖွေး တံပိုးပြေးမျှ မြင်းမွေးပြင်ကျယ် တပယ်ထောက်ရစ် လွန်ပြီးလစ်သော် ရွာသစ်တွင်ပက် တညဉ့်စက်၍ ရွှေငှက်အတူ ပမာမူသား ဇမ္ဗူသနင်း နှစ်ဆွေမင်းကား ညခင်းစည်းခုံ ဖူးလေတုံသည် ကြာမုံလက်အုပ် သွန်းစွာတည်း ။
  19. မတ်ရာညွတ်ရုံး ကျောက်တလုံးဝယ် ပတ်ကုံးတရှက် ကမ်းနှစ်ဘက်မှ လှေတက်ရံဝန်း ထောင်ခြည်ထွန်းသို့ တို့ကျွန်းသခင် ရွှေပြည့်ရှင်ဟု ယင်းတွင်ထိမ်းမှတ် ရှိသည့်နတ်တို့ ညွတ်ခဲ့တုံပေ စောနတ်ဆွေကား ရွှေလှေရောင်မောင်း ငေါင်းရရောင်းနှင့် မြစ်ကြောင်းမာဃ သူဇာကျသို့ မူးဝတလျဉ် လက်ပံစဉ်က စသည်မြင်းမူ မြစ်လုံးဆူမျှ ရှေးရှူမောမော မျက်ရှုပျော၍ ရဲစောပြည့်ရှင် ရေစင်မြစ်သာ ရှုခဲ့ကာလျှင် ငမြာမြစ်ဝ ခန့်တိုင်းကျ၏ မြောက်မှသာလွန်း နပက်ကျွန်း၌ ထွန်းလေတိုင်ဖူး မိုးထိဖြူးသည် စိုင်ရှူးသောက်ကြာ့ အဝါတည်း ။
  20. နပက်ဆိပ်စွန်း အလယ်ကျွန်းမှ သန်းလတ်တုံလျှင်း လှေခပင်းတွင် တစင်းတမူ စွယ်ရောင်ဖြူလျက် စတူရပါဒ် ပြာသာဒ်သွန်းသွန်း စုလစ်နန်းနှင့် ပြောင်ရွှန်းခက်ဖြာ ဂီဝါကွမ်းဘိုး စကားပိုးသား နားရိုးချပ်ကာ ရွှေစကြာကို ဗြဟ္မာလူနတ် ညွတ်လတ်သော့တု ရုပ်ဆိုင်ပြုသား သုံးလူ့တောက်ပ မည်ရကျော်ထင် လှေလျင်ရှေ့ဖျား အများဝန်းချုပ် မင်းကိုအုပ်၍ မြစ်စုပ်မင်းကွန် လွန်ခဲ့တုံမြောက် ကျော်စဉ်ထောက်မှ မိုးသောက်ရွှေတောင် စဲသောင်လှည့်မှတ် ညောင်ဦးပတ်၍ သာထွတ်ရပ်ဟောင်း ဘေးစောလောင်းတို့ နန်းကြောင်းပွင့်စံ မုနောခံသည် ပုဂံရွှေပြည် ဆိုက်လှာတည်း ။
  21. ရပ်ထူးသာမော ပျူစောမည်သာ နေရာရပ်စည် ရွှေပြည်လုံးသူ လူတို့မျက်မြော် ရှုလင့်သော်တည့် ဘုန်းတော်နိုင်ငံ မည်သာခံသည် မင်းစံကျက်သရေ လှေမြုတေကို ပင်ခြေပျိုးပျိုး ရုက္ခဇိုးတို့ မြတ်နိုးစုံမက် အဆက်ဆက်က လျှို့ဝှက်ရှည်လျား အတို့ထားသား ကောင်းဖျားဖွေလာ သစ်ဧရာကား ကမ္ဘာ့ကျက်သရေ ကျွန်းထိပ်ဗွေထက် သပြေဟူသည် ပင်စည်ကြီးဆုံး ဇမ္ဗူတုံးကို အားလုံးဝမ်းတွင်း သွင်းဘိသော့သွင် စပ်လျှင်တင်သည် မထင်ဆစ်မျက် ပွဲရက်မာဂီ ငါးဆီမထေး နဂါးပေးသား ရှေးကမြတ်စွာ ခေတ္တရာစိုးရ စီးထတဆူ လင်းစင်းဟူသား စွယ်ဖြူအယောင် ကြက်ပေါင်မသိမ်း တလိမ်းတသား စပ်ကြားသေသတ် အာပေါဓါတ်မှ ရေနတ်ဖန်သည် ဗိမာန်တည်သို့ ရောင်ခြည်လက်လက် တစက်မစွန်း သံပန်းစေ့စပ် ချောမြေ့ထပ်လျက် ကြောင်ဝပ်စကား ဦးဖျားမျောမျော မလွန်ဆောတည့် တင့်မောမျက်လုံး အလှပြုံးသည် မရုံးစွယ်ရှည် နှစ်မြွာတည်း ။
  22. အရိမဒ်၌ အထွတ်ဘုန်းလှိုင် ရွှေစာတိုင်သို့ ရဲခိုင်တည်ပ ခါတန်ချ၍ ဖြင်မျှမတ်ရာ ဗိုလ်ပါဝန်းပတ် ပဟိုရ်ခတ်က ရိုညွတ်စေတနာ သဒ္ဓါကြည်ယုံ ရွှေစည်းခုံသို့ ကြွတုံသရော် ဘုန်းတော်နိုင်ငံ မည်သာခံသား စွယ်တံသွန်းသွန်း လှေကြငှန်းထက် ကနန်းမြှောက်တင် အလယ်တွင်မူ ကွန်းစင်မင်းစီး ဆွေကြင်မှီးနှင့် စံသီးသာမြူး ကျေးဇူးအသိပ် ပလ္လင်ထိပ်၌ သုံးကျိပ်ခြောက်ယောက် သိကြားထောက်လည်း တယောက်မတန် မန္ဓာတ်ဟန်သို့ ပဲ့စွန်ဆောက်ကာ တပွင့်ကြာနှင့် ရာဇာဓိရာဇ် စံပယ်လစ်သော် အသစ်လတ်လတ် မိုးနတ်ဆွေစုံ တင့်နိုးတုံ၍ များပုံဗိုလ်လူ ကြယ့်နှယ်ပြူလျက် ရှေးရှူပြွမ်းပြွမ်း မျက်စိမွမ်းသည် မြစ်ဝှမ်းဖွေးဖွေး ဖြူခါတည်း ။
  23. အရိမဒ္ဒနာ ရွှေပြည်သာမှ ကြာခဲ့သုံးရက် ထွက်ခဲ့သော်မူ မြတူသမုဒြာ လဟာပြက်ပြက် ပင်လယ်ချက်တွင် နတ်ရှင်သိကြား ဆွေမြောက်သားနှင့် နတ်များရံဝန်း ရေဖျန်းရံကာ ကစားရာတွင် ကွယ်ရာဝှက်နေ အရဖွေသား ရွှေလှေနန္ဒာ ရေကန်မှာသို့ စကြာရှေ့စောင် ယူချေဆောင်က ပြောင်ပြောင်ညီးညီး ကမ္ဗုထီးနှင့် သမီးတူမ ချစ်မြေးစသား မွမ်းမျှခြွေရံ ကြွေ့ကြွေ့ရံလျက် တင့်စံတရာ ပဲ့စွန်ကြာနှင့် ပျံရှာဘနန်း မြစ်ထိပ်ထွန်းသည် တင့်လွန်းလောကီ ချမ်းသာတည်း ။
  24. စံပယ်လှတင့် နတ်ပြည်ပွင့်သို့ စွင့်စွင့်မြစ်ခွင် ဖြုတ်ခြည်းမြင်သော် ယာတွင်ပယ်လျောက် လက်မြှောက်ဦးတိုက် မျှော်လိုက်တရံ ရေ၌စံသား ပုဂံအသည် ပင်လယ်လည်လည်း တည်တည်ပပ မမြင်ရတည့် မိဘဘေးဘိုး မျိုးရိုးစီလျဉ် ဆိုစဉ်မပျက် ဦးနက်ဦးဖြူ ပြောရာမူသား စည်သူဘေးလောင်း သို့လည်းကောင်းလျှင် မြစ်ကြောင်းရိပ်ဖြူ ပွင့်ပေမူကား ဇမ္ဗူတံခွန် ဤလျှင်မှန်ဟု ဆိုဟန်တီးတိုး အံ့ကြစိုးလျက် ပြိုးပြိုးပြက်မျှ ရှုကြစဉ်တွင် ရေယဉ်သွန်လည်း လျင်ဟုန်သည်း၍ တန့်ကြည်းစွယ်ရှင် မြင်ခဲ့မင်းခေါင် ကမ်းလည်းဆောင်သား ပိုက်သောင်အကြေ စလေစာရိပ် စာကြိုဆိပ်တွင် သိပ်သိပ်တလိုက် လှေစဉ်ဆိုက်သည် မြစ်၌ကျယ်ဝန်း လဟာတည်း ။
  25. သပြေသခင် မျက်လဲစင်သော် ကောင်းကင်တံခွန် မိုးဖျားဝှန်မျှ ယုဂန်အဦး ကြယ်စိုင်ရှူးလျှင် မြူးလစ်တရံ ရေပေါ်ပျံသို့ ရောင်လျှံဖွေးဖွေး သလင်းပြေးသား နားရေးလှပ်လှပ် ကြောင်ဝပ်စကား ပဲ့ဖျားပြောင်ပြောင် ပြည်ထောင်ရှေးနှောင်း မစီးတောင်းသား ရွှေလောင်းယာဉ်မွန် ရွှေဗိမာန်ထက် ဝမ်းချွန်ချက်ချက် ရွှေဆောင်ပျက်၍ သရက်ကင်းမုံ ပွင့်ဖူးငုံလျက် ပြောက်စုံစိန်ပန်း ထီးရန်းမလွတ် ကဝတ်လက်ရုံး ပွတ်လုံးမြာတိုင် ရွှေတိနိုင်သား ဝမ်းလှိုင်ကွန်းစင် အလယ်တွင်၌ နတ်ရှင်ဆွေမှီး တူကွစီးလျက် သားကြီးမင်းလျာ ဥပရာနှင့် စကြာပွင့်နန်း တည်လတ်ထွန်းသည် ဆိပ်ခန်းစလင်း ပြင်သာတည်း ။
  26. ဓမ္မရာဇာ မည်သာခေါင်ဖျား စလင်းစားသား တရားနေမျိုး သားသတိုးလည်း မြတ်နိုးရည်ထင် ထွတ်နတ်ရှင်အား ပြောင်လင်ကသာ ယတြာရပြီး ဆင်လေးစီးကို ညီးညီးရောင်ထင် ရွှေကတင်၍ ရင်ပြင်သွင်းသွင်း ကသည့်မြင်းနှင့် များခြင်းကျွဲနွား အများဆိတ်ဝက် သေရက်ဆန်ရေ တွက်ရေမနိုင် မင်းတိုင်းပိုင်မှ အုန်းခိုင်ကွမ်းမွတ် လက်ခတ်လိုတိုင်း ထည်လှိုင်းခင်းနှီး ပတီးလည်းကောင်း ရည်မောင်းချုပ်ချုပ် နီပါးအုပ်နှင့် ပေးခုပ်လက်ဝါး မင်းနှစ်ပါးကို အများဆက်မြောက် နားတော်လျှောက်သည် ထက်အောက်စိုးလိုက် မင်းပါတည်း ။
  27. ပြင်သာစလင်း နှစ်ညဉ့်တင်းမှ သနင်းစံပယ် ယမန်နှယ်တည့် စီးလှယ်ရွှေလောင်း နန်းရိပ်ပေါင်းနှင့် ကတောင်းရံခြွေ လှေတို့ကြငှန်း သရစ်ဆန်းသား နရန်းရွှေခြူ မယူစွယ်ယောက် ကြက်မောက်မှန်ကင်း လှေသုံးစင်းနှင့် မြစ်တွင်းသွန်းသွန်း ရှေ့ဖျားထွန်းမူ ထက်ဝန်းဗိုလ်လူ ကျိုက်ဆူဖွေးဖွေး ဆိပ်သို့ပြေးလျက် သားမြေးမှာစင် မမြင်စဖူး အံ့မူးမေးထောက် ထပ်လှောက်သဲသဲ ကျောက်ရဲသပြေ ဗိုလ်ခြေမပြတ် ဝက်မစွတ်လည်း မျက်မှတ်ရှေးရှု မေးမြုသောင်းသောင်း ရှုခဲ့ရှောင်းမှ မန်းချောင်းဆုံလှာ ကွန်းတဲသာသား လဟာပြင်ထိပ် မင်းပူးဆိပ်၌ မွန်းရိပ်တည့်နီး ဆိုက်ခံမှီးသည် မှုတ်တီးသံလွင် ခရာတည်း ။
  28. ခရာတံပိုး ရိုက်ကြိုးကောင်းကင် ပဲ့တင်ထပ်မျှ မင်းပူးကသည် ပတ္တနဂိုရ် ထို၌ရောက်လျှင်း ပြည်တောင်တွင်းကို နှိပ်နင်းစိုးပြီး ချစ်ဦးရီးလည်း ဆွေမှီးနှစ်ပါး အရှင့်အားကို အခြားမှန်းလျက် လက်ဆောင်ဆက်၍ သုံးရက်ကြာကြာ ထွက်သောခါတုံ မှန်စွာဤမြစ် ကောင်းတေဖြစ်သည် မနစ်မျက်မြင် ကျော်စောထင်သား မည်ပင်သာလွန်း တောင်ခွင်ကျွန်း၌ လန်းလန်းလှတင့် ကြာနှယ်ပွင့်လျက် မျက်ပွင့်မုနော မင်းစောနတ်ရှင် ပူဇော်တင်မှ ရွှင်ရွှင်မြူးမြူး မြစ်တူးဝဲဆင်း ချင်းလေတတ်စွာ စေတနာဖြင့် မဟာပိန္နဲ ရဲရဲမြုတေ ရှင်တော့်မွေကို ရိုသေကော်ရော် ညွတ်ပြီးသော်တုံ လှေတော်ကန်ကန့် လွန်ခဲ့ခန့်တိုင်း ကိုင်းနှင့်လွန်ချီ ဦးစီဆိုက်လေ ပေါက်ကမ်းခြေတွင် ငါးရက်ရွှင်မှ မြေပြင်သာဆုံး မိုးအဖုံး၌ အားလုံးလူဗိုလ် တပ်တာဟိုသည် နဂိုရ်ပန်းစိမ်း တဲသာတည်း ။
  29. ငါးရက်လည်းကောင်း ညောင်းခဲ့စောဓီး ကြွခါနီးလည်း နတ်ကြီးပွယ်ပွယ် တင်သွယ်လူလူ ခရုဖြူနှင့် လှိုင်ကြူထုံရိုး အခိုးမွှန်ပြီး ပန်းဆီမီးတိ ကောင်းချီးကော်ရော် ဂြိုဟ်ပူဇော်မှ လေးဘော်စစ်အင် ရင်လတ်သည်ကား တောင်လည်ဝန်းလျား ခရိုင်စားနှင့် မြောက်အားမြင်းဆင် ကြည်းကြောင်းငင်၍ မြစ်ခွင်နှစ်ဘက် ပိုက်တုံလျက်လျှင် သရက်မြို့ထင် လေးတိုင်စင်နှင့် ရေရှင်ဆောင်ဆောင် စကားတောင်လည်း အခေါင်သွန်းသွန်း တိမ်တိုက်ထွန်း၍ မြင့်သန်းပင်ချုံ ဝါးရုံဆိုင်းဆိုင်း ရွာမြခိုင်းနှင့် မြော်တိုင်းပက်ပါ ပြင်သာကျယ်မော ကျွန်းပေါလောတွင် ရဲစောယှဉ်ဘက် နှစ်ညဉ့်စက်မှ ဖန်းမြက်စည်ရုံး တောအုံပြုံးသည် မဆုံးဖြင်တ အညာတည်း ။
  30. မင်းဖျားပရမေ စောမြုတေကား ရွှေလှေရှေ့စွယ် မှန်ကင်းကြယ်တိ သွယ်သွယ်လှတင့် မိုးလျှပ်ပွင့်သို့ စလင့်ကြာသွင် သောက်ရေတင်နှင့် ရည်ရှင်လှပ်လှပ် ကွမ်းကျပ်ကွမ်းလောင်း မြစ်ကြောင်းလင်းလင်း မင်းခမ်းကျင်းလျက် ဝင်းဝင်းညီးညီး ရွှေထီးဖြူလွ ရေဝယ်ပသော် မြင်ကဗိုလ်လူ တွင်းပလူသို့ အူအူသောင်းသောင်း ဆုကောင်းလည်းပေး သူဌေးသူကြွယ် ဤဝယ်တိုက်တိုက် ဆိုက်လတ်ငြားမူ ခေါင်ဖျားသက်လိုက် ခတ်မကြိုက်တည့် ဆောင်ထိုက်ကျေးဇူး အဖိုးဦးနှင့် သွယ်ဖြူးကောင်းကင် သမိုက်တင်သား မည်ပင်သာလှ ရှင်နှမဟု ခေါ်ထပြဋ္ဌာန်း တောင်ရိပ်ကျွန်း၌ ရွှေနန်းဗိမာန် ပွင့်လတ်ပြန်သည် နက်သန်အောင်မြေ အချာတည်း ။
  31. စကြာတံဆိပ် အစုံနှိပ်လျက် ဘုန်းရိပ်ခြောင်းခြောင်း မျက်ရှိန်စောင်းသား ဘိုးလောင်းမင်းခေါင် ဒွတ္တဘောင်လျှင် ဆောင်သောအလား စောတရားလည်း မိုးဖျားလျှပ်လျှပ် တိမ်ယပ်လေသာ ရတနာတံခွန် ညွန့်သတူရူ အယူမှတ်လေ သပြေသခင် ဤသည်တွင်ဟု ကွန်းစင်ပွင့်နန်း တောင်လတ်ထွန်းက ပျံ့မွှန်းသတင်း တွင်ခြင်းဟိုးဟိုး ကျွန်းလုံးနိုးသည် တန်ခိုးကျော်လှိုက် ရိုက်သံတည်း ။
  32. သံရှင်ထားလျှင် ရွက်ဖျားတစ ရှကမကျဉ်း ကျယ်အောင်လျဉ်းသို့ လက်စဉ်းချက်ချက် သိကောင်းလျက်တည့် ကြောက်ရှက်စိမ်းဆွံ ရွံခဲ့သည်ဟု တာရှည်မလင့် အောင်နန်းမြင့်က စွင့်စွင့်စောဓီး ရောက်လှာပြီးသော် ဦးရီးကျော်စွာ မျိုးတကာနှင့် သည်းချာညီရင်း ဖူးကောင်းလျှင်းသည် သနင်းရွှေစက် အထံတည်း ။
  33. ရှေးတရံလည်း မခံလက်ဝေ သောင်းကျန်းလေရှင့် ရိုသေသဖြင့် မဖူးလင့်တည့် မြို့နှင့်တရှိ ကျောက်ဖျာဖိက ပိအံ့သောဟူ အယူပြတ်ပြတ် နဝင်းသတ်၍ ပတ်ပတ်ရေရှင် ကျုံးမြောင်းပြင်လျက် ရဲချင်ရည်းရည်း ပေါပည်းပြဆောင် ကျည်းချောင်တံခါး ရင်တားတုံးသန် ခပ်သိမ်းဝန်ဖြင့် အားအန်လည်းကြိုး မာန်မကျိုးသည် တန်ခိုးကောင်းတေ လည်းခံတည်း ။
  34. ရှေးဘေးလောင်းတို့ မြုိ့ဟောင်းတည်လတ် စဉ်လွင့်ပြတ်သော် ကုန်းလွတ်လပ်ရိုင်း ဥဿာတိုင်းမှ တလိုင်းနက်ကြံ ဗိုလ်ဝင်ခံ၍ ငဝံငဝ ဆီးလင့်ဆလျက် ယင်းမှဥပါယ် လူပြယယ်ကို အလယ်လည်းမှတ် ဖလှယ်တတ်သော် ညွတ်နှယ်နင်းမိ ရှိအံ့လည်းစိုး လာနိုးစစ်ကူ အားကိုးမူ၍ ဇမ္ဗူလွှံ့ပေါ် ကျွန်းလုံးကျော်သား နောင်တော်နတ်သွင် စည်းစိမ်ရှင်ကို ရန်လျှင်စူးစူး ဖူးလေဦးသည် ကိုယ်ထူးမနိုင် မကံတည်း ။
  35. ရွံ့ပြင်းကြောက်ငြင်း တောင်ငူတွင်၌ မရှင်သိန်းသောင်း ရှုံးပြီးနှောင်းမှ ပန်တောင်းပန်ရာ ယူသောခါလည်း မြစ်မှာနှင်နှင် ဖြင်မျှအကောင် ကညင်မြောင်နှင့် ရေဘောင်မြစ်လယ် ကျွန်းထင်းဆယ်သို့ အံ့ဘွယ်ချောင်းဝ ကုံငသေဆုံး တုံးရရုံးလျှင် ရှုံးလေပွဲတိုင်း တလိုင်းစိမ်းချဉ် လိပ်ပြာစဉ်ကို ဝိညာဉ်လတ်လတ် တပိုင်းပြတ်တို့ တွက်မှတ်ရင်တူ ပြုဘိမူကား လူမမှတ်စွမ်း အကုန်ဘမ်း၍ ဝန်ထမ်းလှေလှော် ကျွန်းရိုးဘော်အံ့ ညီတော်ပြည်မင်း ဘသားချင်းကို လက်ရင်းချုပ်ပေ သာစေတော်ငြား တွင်ကြည်စားအံ့ တရားနေမျိုး မျက်ရှိန်ငြိုးသည် မိုးကြိုးသိကြား လက်သံတည်း ။
  36. ခပ်သိမ်းညီညာ အမတ်ရာတို့ မညှာရန်ငုတ် နတ်အံ့ဘုရား မူထားညီတော် မကော်ရော်ခဲ့ ရှေးသော်မကောင်း နှောင်းသော်တန်စေ မချေတုံပဲ တလဲလဲမူ ပြည်ထဲအရေး ခပ်နှောင့်နှေးဟု ဦးလေးတင်ဝန် ကျေးကျွန်ရဲမက် တောင်ကျွတ်လျက်လျှင် နေ့ရက်ရှည်ကာ အခါလေးမြင့် အရှည်လင့်၍ အသင့်ခံကျင် ညီဟုကြင်လည်း သို့ပင်ကိုယ်လုံ ဝတ်မကုံတည့် ကြံမူတပြီး တလည်းစီးကို သားကြီးရန်ခွင်း အိမ်ရှေ့မင်းနှင့် လက်ရင်းနှောင်းမွေး ရင်သွေးသည်းချာ နော်ရထာကို မကြာလျင်စေ ယူကြချေဟု မိန့်ထွေရိပ်ကာ မာန်တော်ပါသည် အာဏာစက်ဖြင့်လည်းနွှံတည်း ။
  37. ရွက်စိမ်းမလဲ ဖူးကောင်ထဲက ရဲရဲရောင်လျှံ ဝတ်ဆံပွင့်ချပ် အထပ်များစွာ ကြာကမုဒ်သို့ ရွှေနှုတ်ကျက်သရေ မြုတေရနံ့ ပျံ့လတ်လှောင်းက ထီးဆောင်းစည်တီး ဆင်စီးမြင်းသည် ထက်ဝန်းလည်တို့ ရောင်ခြည်ချက်ချက် နတ်ရဲမက်သို့ ထွက်အံ့အလို ရှေးအဆိုလည်း ငါ့ကိုပြလေ မြင်ရစေဟု ဆိုထွေဝံ့တင်း စက်နှယ်မြွင်းသည် ရဲတင်းတီးမှုတ် မညံတည်း ။
  38. မဟာသီဟ စောသူရဟု မွေးဘမည်တူ ကျွန်းဇမ္ဗူတွင် နတ်လူချီးခြင်း အိမ်ရှေ့မင်းနှင့် ပွင့်လင်းကြေညာ နော်ရထာဟု သည်းချာနှောင်းမွေး နတ်ရှင့်သွေးကား လုပ်ရေးကြံဝန် မကြွင်းကျန်တည့် ရဲမာန်လက်နက် ထောင်ထားလျက်လျှင် ညိတ်ညက်စစ်ခြေ သွားကြလေ၍ လှေကားမြစ်တွင်း ဆင်မြင်းကြည်းပိတ် ခြံလှောင်ဆိတ်သို့ ထိတ်ထိတ်လလ မြို့ကခြွံခြွံ ခံမည်ကြံ၍ မြို့ခံအစောက် ခံလင့်ထောက်လည်း လောက်သည်အင်အား ရန်လိုကျားသို့ ကြွားကြွားတိုးစုတ် ခုတ်လျှင်းလေသော် ရှင်စေအသက် မြို့လုံးဆက်၏ တချက်လေးမြား မနားတို့ခင် အောင်ခြင်းလျင်သား မြေပြင်စောင်းထောင် မင်းညီနောင်ကို လက်စောင်ဘုရား သုံးစွဲထားသည် သိကြားမိုးနတ် ကွန်လှံတည်း ။
  39. သုံ့ပန်းမြင်းဆင် လက်ရဖြင်သော် သာရွှင်ထွေငေါ် ဝမ်းတော်လည်းမြောက် မိုးမှအောက်တွင် တယောက်ငါ့သား လေးပါးပါသို့ အမတ်တို့ကား အောင်မျှို့ကြီးလွန်း လက်ရုံးတန်းက လန်းလန်းမဉ္ဇူ ပန်းနှယ်ကြူသား ဇမ္ဗူပွင့်လျှာ တရာခင်းခင်း အိမ်ရှေ့မင်းဟု ခပင်းဝှဲချီး ဝေးနီးကျော်စွာ ကြေညာမကြွင်း ပြည်လုံးနှင်း၏ သားရင်းနှောင်းမွေး ရင်သွေးသည်းချာ နော်ရထာမူ ရတနာအထု တောင်မျှစု၍ ရဲဆုမနှေး ဘခင်ပေးဟု သံလေးလက်ခတ် ထွေတော်မှတ်သည် စောထွတ်ဘုရား နတ်သံတည်း ။
  40. ဝင်ရာမသီး သင်းချပ်တီးသို့ ရွာနီးရွာလက် ပျက်လေတသွန် အရှင့်ဝန်ကို အလွန်ကြိုးစား နားတောင်းများနှင့် လှော်ကားသုံးထောင် ကွပ်ကဲဆောင်သား မည်ခေါင်သံလေး စုက္ကတေးကို အရေးကုံအောင် ရွှေတောင်သင်ဖြူး ကျူးလေသရော် တရုပ်မော်မလွတ် ဂူထွတ်တမျှ သရော်ဝသို့ ရိပ်ကြတင်းကြား ပင်လယ်နားမှ ကင်းဖျားသိမ်းလေ အကြေတကွင်း ထိပ်ထက်နင်း၍ ကြောက်ခြင်းရုရု ဝေးကခုလျှင် လှုလှုတိုင်းကား ရိုက်ချောက်ချားသည် လက်ဖျားဥပဒ် လည်းနွှံတည်း ။
  41. စစ်မြေတာမှ မျက်နှာသုန်ပြေး ဆိတ်ကွယ်ဝေးသို့ ခွပ်ရေးမထင် ကြက်နှယ်ငြင်လျက် ကွယ်မြင်တောင်ထား ရန်တားစစ်အင် တွေ့လိုက်ကျင်လည်း မမြင်တယောက် ရှင်းရှင်းပျောက်၍ ချဲ့မြောက်တိုင်းကား သူရဲသားတို့ မရှားလက်ငင် ရန်ခွင်သားမျိုး ချီကြပိုးလျက် သုံ့ပန်းဆက်သော် ဖြုတ်ချက်မစဲ သေမဲကျွေးစေ ကြိုးကွင်းဖြေ၍ လွှတ်ပေပြွမ်းပြွမ်း ဝတ်စားလွှမ်း၏ ချီးမွမ်းစရာ လူ့ချမ်းသာကို ရှာကာသမ်းမို့ ဆံရှိတို့မျှ ဤသို့ဝမ်းထဲ လူခပဲကို ဆင်းရဲဖြစ်စိမ့် မကြံတည်း ။
  42. ထိုသို့စစ်ခြေ ရှင်းရှင်းကြေမှ ရဲလှေတက်ရပ် ရင်အပ်လှော်ကား ဖိုးဦးဖျားက ကမ်းနားနှစ်ဘက် တောင်ရှည်တက်၍ စဉ်ဆက်ဦးစီး အဖြီးသိပ်သိပ် ပြည်ဆိပ်တူရူ သဲကမ်းဖြူထက် တပ်တူတည်လျှင်း အိမ်ရှေ့မင်းနှင့် ရန်တင်းရှာရှာ နော်ရထာလျှင် တောင်တာခံခံ ရေကြောင်းရံ၍ ရဲစံကိုးကိုး မင်းမျိုးမင်းဆွေ တည်လေကြည်းဘက် နိုင်ချင်ကြက်သို့ အဘက်သင့်စွာ မတ်ရာတလိုက် ရှမ်းမိုက်ရှမ်းရိုင်း နဝင်းခိုင်းလျက် ဆိုင်းဆိုင်းပီပြင် တပ်တာဆင်သည် ဝန်းကျင်ပတ်ပတ် လည်းရံတည်း ။
  43. လေလျှင်ထိလောင်း ခက်ယောင်းသွင်သွင် အင်ကြင်းပင်သို့ လွင်တွင်တည်ပြီး ပြည်မြို့ထီးကို ရံဆီးငါတို့ ဤသို့ပိတ်ရန်း ဆယ်ထပ်ဝန်းလျက် ပိုက်တန်းပတ်ပတ် ခတ်တံ့သည်ဟု သံခြည်ပြထွေ ရိပ်မဲ့လေ၍ ကြည်းရေဖြင့်အား လေးပါးစစ်အင် ကျင်းသည်မြင်သော် ကြက်လျှင်ဖြုန်းဖြုန်း ပျံထွက်ရုန်းသို့ ပြေးပုန်းရှောင်ရှား သွားလားမသာ ရေစာမထင် မြင်းဆင်ကြံ့ထူး အောက်မေ့ဦးလော့ စူးစူးမာန်တော် ပါဘိသော်ကား မတော်လေလောက် မြင်းမိုရ်ညှောက်ကို ရွှေမှောက်နေမျိုး နုတ်နိုင်ရိုးရှင့် အငြိုးဖြစ်ကြောင်း မကြံကောင်းဟု သောင်းသောင်းဗိုလ်လူ ကြွေးကြော်မူသည် မီးတူလန့်စိုး ကြောက်ရွံ့တည်း ။
  44. သောင်းသောင်းညံညံ အသံပြင်းထွေ ပင်လယ်ဝေသို့ ကြားထွေကြောက်မက် အသက်ဆံဖျား ထားသားအမူ ကျိုက်ကျိုက်ဆူမျှ လိုတူမှတ်ပြီး ဦးရီးယောက်ဖ နှမမျိုးဆွေ တိုင်ပင်လေမှ မင်းစေတသား လားလတ်တုံလာ ခုံမြောက်စွာသား မတ်ရာတို့ဝယ် ဆိုဘွယ်ဘွယ်နှင့် မျိုးနွှယ်စုံထွေ ညီကြပေမှ ရိုသေနှိမ့်ချ တတ်လှထွေငေါ် နှမတော်လျှင် ထိုရော်ရှေးရှေး အသာသွေးလျက် ဆိုရေးမိန့်တွန် သနားဝန်ကို မပြန်ဝံ့ဝံ့ နူးညံ့သခင် ကြောင်းလမ်းထွင်သည် အလျင်ဝပ်ဝပ် ကျိုးနွံတည်း ။
  45. လေးကျွန်းအောင်မြင် ပင်လယ်ဝင်သော် ဤတွင်လည်းရောက် စကြာပေါက်သို့ လန့်ကြောက်ရန်သူ ဇမ္ဗူဝန်းချုပ် ဗဟိုအုပ်လည်း နိုင်ရုပ်မထင် စောနတ်ရှင်မူ သို့စင်မျက်တော် မရှေးသော်လည်း ညီတော်ပြည်မင်း သားချင်းတူကွ ကျွန်ုပ်စသည် ကြောင့်ကြဆယ်ရေး ဖြစ်တုံသေးရှင့် အရေးလှုလှု မရှုမျက်နှာ မာန်တော်ပါမူ မျက်နှာမသိ မချိမျိုးဆွေ ပျံ့လွင့်လေအံ့ သပြေကျွန်းထက် ပြည်ထောင်ဘက်ကို နှိပ်လျက်စိုးမိုး တို့ဘေးဘိုးလျှင် မင်းရိုးငါ့ဘ မောင်ကြီးစသည် နှောင်းမှမြေးမြစ် ဆက်ရစ်လေလေ မကျေကျေးဇူး စန္ဒကူးသို့ နံ့မြူးမပြယ် အနွယ်မကင်း ကျော်စောခြင်းဖြင့် သတင်းလှောင်းလှောင်း ဖြစ်သော်ကောင်း၏ တပေါင်းတရုံး ရွှေစက်အုံးသည် နှလုံးတံရှိ မကွဲတည်း ။
  46. စကားသိမ်းမွေး အသာသွေး၍ စုဝေးမျိုးဆွေ လွန်လေရှည်လျား ရှေ့နှောင်းများကို ပိုက်ထားကြိမ်ဘန် မင်း၏မာန်ဖြင့် ပါဟန်ရိပ်ကာ မိန့်ချင်စွာလည်း ပြန်ငှါမရက် ချစ်စိတ်မြွက်၍ ဝမ်းထွက်သားချင်း နှမရင်းကို သနင်းပြည့်ရှင် မျက်နှာမြင်သော် အကြင်မျှလောက် ကျူစိတ်နှောက်လည်း မနောက်စတေ ဒီဒါရေလျှင် ကြည်ထွေသန့်လွင် မြူရိပ်စင်သို့ ရောက်ဝင်ထံပါး ရှစ်သောင်းဖျားလျှင် တရားပြည့်လျှမ်း မေတ္တာမွမ်း၍ မင်းခမ်းအလျောက် လေးဆူမြောက်သား လက်ကောက်သံလေး ရည်ရှင်ပေးမှ မင်းရေးချေငံ ဖျည်တားကျံသော် အရွံလည်းပါ သင်္ခယာနှင့် ကျော်စွာစုံပေါင်း လုပ်ကြံကောင်းသည် အကြောင်းပြန်လှာ လော်လဲတည်း ။
  47. ထိုသရော်မှတ် မိန့်တော်နတ်ရှင် အပြစ်တင်က လွင်မျှပွက်ပြီး မှုကြီးရှည်စွာ ဗျာပါသည်းညံ ခံလှမြတ်ဆုံး မြေနှလုံးဖြင့် မရုံးမျိုးဆွေ ဝါးစည်းပြေသို့ ကြေခဲ့နိုး၍ စိုးဘိသေးတော့ မလျော့မသည်း ဖေါင်နှယ်တည်းရှင့် ခိုက်ဆည်းရန်ရှာ လွှားကာကိုင်ကိုင် ရဲမက်ဆိုင်၍ ပြိုင်ပြုိင်ထောက်ထောက် တယောက်မကျန် အားအင်သန်သို့ စောင်မာန်မရှုတ် မျက်ရှိန်ထုတ်သည် အဟုတ်ကျင့်ကြ ပေခဲတည်း ။
  48. စောင်မာန်မကျိုး လန်တန်နိုးလည်း အခိုးစူးစူး ဝမ်းလေဦးလော့ ကူးစိမ့်ဆင်မြင်း ကျုံးမြောင်းချင်း၍ မြို့ရင်းကြပ်ကြပ် ဗိုလ်တိထပ်စိမ့် ရွပ်ရွပ်လိုစိုး အကျိုးမျက်မြင် ညီဟုကြင်၍ မြင်လျှင်တဘန် နှင်းပေးပြန်အံ့ မိန့်ဟန်မပျက် ငါ့နှုတ်ထွက်ကား လေးချက်ထိပ်ပေါ် မြင်းမိုရ်သော်လည်း မတော်ဖြင့်အား လည်းငြားမသိ သင်္ကာရှိ၏ ကတိသံမှို နှုတ်လျှင်ဆိုသည် မာန်ကိုမပြန် ဘော်လဲတည်း ။
  49. ဇမ္ဗူကြငှန်း ထိပ်ထက်ထွန်းသား ဦးစွန်းစတေ သပြေစုလစ် ဓမ္မရာဇ်လည်း တလှစ်များစွာ သတ္တဝါကို ကြမ္မာအလျောက် ဘေးဘျမ်းရောက်က လန့်ကြောက်တွေးခေါ် မမြော်မြေမိုး လျှိုးလိမ့်မရာ ခွင့်မသာမူ ကွယ်ရာရန်တား ထောင်ထားကိုယ်ကို လွတ်ပါလိုသော် ထက်ပိုထက်ဝါး မှားငြားမသိ ပြုချေမိအံ့ ရှိစေနတ်တု လှုလှုစောင်မာန် တရံဘန်မျှ လွန်လွန်ကျူးကျူး ကျုံးမြောင်းတူး၍ လှံဦးမြားသွား ကာလွှားရင်တည် သွေးခြည်တပေါက် ယင်တသောက်မျှ ရောက်စိမ့်မကြံ သည်းညည်းခံဆုံး အားလုံးမျိုးဆွေ သင်္ကာပြေ၍ လက်ဝေတောင်းပန် သနားဝန်ဟု အလွန်ကော်ရော် ခွင့်ကိုမြော်သည် ညီတော်မိုက်ထွေ ဝမ်းထဲတည်း ။
  50. တသောင်းမက ဤသို့စသား ချေပတုံ့ခေါက် ရောက်သောခါလည်း အရာမထင် ရထားရှင်နှင့် မြင်းဆင်ရစေ ပိုက်မသွေသော် မခွေမရက် တပ်မင်းပျက်သို့ ရွာလက်စွန်နား ဆွေဝါးမကြွင်း လက်ရင်းသိပ်သိပ် တဖြင်ရိပ်ဖြင့် မိုးထိပ်နှံမြောက် ရွှေစက်အောက်တွင် ရောက်လင့်သော့အား ကိုယ်စားလုပ်ကြံ ခံကြပြီးမှ အတီးလွန်လေ ကျွန်းသပြေထက် ရေမြေစိုးခြင်း မင်းဟုနိုင်ထက် ခုနစ်ရက်တိ ရဲမက်ဗိုလ်ခြေ ရံပေဘူးသား အထူးကျိုးဆက် ရှင်တော်ထက်ဝယ် ဖိုလ်မဂ်နှစ်တန် နိဗ္ဗာန်ပြည့်နီး ဆင်းရဲကြီးသည် ကျွတ်ပြီးတစိ သီဝလိကို ကြားမိသတင်း နှလုံးသွင်း၍ ရံခြင်းလည်းဖြေ မိန့်လျှင်းလေသည် ဆိုထွေတံထစ် အမြဲတည်း ။
  51. ဦးရီးယောက်ဖ နှမညီသား ထွေတော်ကြားက လက်ဖျားလက်ရင်း မီးပြင်းသံတွေ ကြေစိမ့်မြိုက်မြိုက် ဖိုချင့်တိုက်လည်း ကျိုက်ကျိုက်ဆူဝေ သီဒါရေလျှင် ကျလေတစက် ချမ်းငြိမ်းမြက်သို့ ငြိမ်သက်အလွန် ကြောင့်ကြဝန်မှ ပြေတန်လျှင်းစွာ ခွင့်လမ်းသာသော် အရာသိခြင်း ညီပြည်မင်းလည်း သနင်းစောစစ် ဓမ္မရာဇ်ကို ရိုချစ်အတိ ဆံရှိမျှလောက် မစွန်းပြောက်ဟု ရွှေမှောက်ဘုရား နတ်ရှင့်အားလျှင် သနားစိမ့်ကြောင်း သစ္စာတောင်းသည် ရွံ့ညောင်းပြေချင် မရဲတည်း ။
  52. နေ့ရက်ဆုံးဖြတ် အချိန်မှတ်သား နက္ခတ်ပင်တိုင် ခိုင်လေပြီးမှ မှုတ်တီးမုရိုး မြေမိုးကောင်းကောင်း ပဲ့တင်ကြူးကြော် လက်မြှောက်ဆော်၍ ညီတော်ရင်းမူ ဝမ်းထွက်ဟူသည် မဖြူစိတ်လက် ကိုယ်နှင့်တွက်၍ ကျန်းခက်လေနိုး သင်္ကာစိုးသော် တန်းခိုးပွင့်ရာ ရတနာအချုပ် ရှင်တော်ရုပ်၌ လက်အုပ်ရင်တူ သက်သေမူလျက် ဗိုလ်လူချမ်းသာ စီးပွါးရှာ၍ ရေးရာမြော်တင်း အိမ်ရှေ့မင်းနှင့် သားချင်းလိုပါ နော်ရထာလည်း နောင်လာမကျန် ပြည်ထဲဝန်ကို ဆော်ဘန်ထမ်းရွက် မနှောင့်ရှက်တည့် မပျက်သစ္စာ မြဲစေရာဟု ကြောင်းခြာတကွ ကတိကဖြင့် ဘဝထိမ်းမှတ် နှုတ်တော်လွှတ်သည် ပြတ်ပြတ်ဧကန် မလွဲတည်း ။
  53. ရှင်တော်ဖူးသည် ကျေးဇူးပေါပည်း တောင်မည်းမည်း၌ လက်တည်းညီတော် ဆိုသရော်တည့် မြော်တုံကျိုးကြောင်း နှောင်းသို့ရှေးလာ တရာမကျန် သားစွန်မြေးဆက် နှောင့်ရှက်မမူ ဗိုလ်လူချမ်းသာ ရှာအံ့စတေ မလှန်သွေဟု မိုးမြေအောက်ထက် ဘဝဂ်တိုင်တန်း သက်သေညွှန်းလျက် တခွန်းနှုတ်နက် သစ္စာရွက်ပြီး ဦးရီးယောက်ဖ စသည်သောင်းသောင်း သူမကောင်းနှင့် ပေါင်းပေါင်းပျစ်ပျစ် အရှင်စစ်ကို တရစ်သွေမြောက် ရောက်အံ့တရှိ ကြံချေမိသော် ထိစေဘေးဒဏ် ဝန်လည်းလေးထွေ စေ့မျှရေလျက် ကြိမ်စေတုံလျှင်း နှလုံးသွင်းသည် ခပင်းတံထစ် လည်းစွဲတည်း ။
  54. စောတရားလည်း လေးပါးစစ်အင် စစ်တုရင်၌ တဖျင်ရိပ်စောင်း ရထားကြောင်းနှင့် ထောင်းထောင်းမြင်းတပ် မင်းကိုယ်ကြပ်လျက် မအပ်မချင်း လက်နိုင်သွင်း၍ ဝိုက်ကွင်းပွဲမ ရောက်လှာရသို့ အံ့ကြရေးကြီး ကြံတိုင်းပြီးသော် မျက်သီးထုပ်လောက် ရန်ညှောက်ထွေငေါ် ပြုလတ်သော်တည့် မယ်တော်ရင်နှစ် သားချင်းစစ်ကို နှောင်းပြစ်ပြင်တား ဆွေဝါးမျိုးဘော် မတော်မရာ မျက်နှာရက်ရက် ဖျက်သည်မမူ မယူကျေးမက် အတိုင်းပက်လျှင် တချက်တဘန် နှင်းပေပြန်၍ တမ်းခွန်မြောက်ထိုက် ဇမ္ဗူတိုက်တွင် ကျော်လှိုက်သတင်း ပေးဆောက်နှင်းသည် မင်းချင်းအခေါင် လွတ်၏တည်း ။
  55. ဇမ္ဗူအလွှံ့ ချစ်တင်းနှံ့ပြီး ကောင်းချီးကျူးဟန် မိုးဖျားဝှန်မျှ ဗိမာန်သာလွန်း နန်းအထိပ်၌ နေထက်ထိုက်လျှင် မြန့်တိုက်အဟို ဘုန်းရိပ်ခိုသား နဂိုရ်အဝှန်း လူရဟန်းကို သိမ်းမြန်းမကွာ မတ်ရာခပင်း မကြွင်းမှုလယ် အနွယ်သွေးသွေး မိထွေးမိကြီး ဆွေနီးမျိုးရင်း သားချင်းမလွတ် ညီလတ်ညီထွေး စားကျေးမပျက် မင်းဇနက်သို့ အုပ်ကျက်ကျော်ထွေ ပရမေအခေါင် တောတောင်မကြွင်း သတင်းတေဇော် တန်းခိုးတော်ကား မွန်ကျော်ကျွန်းလုံး ပတ်၏တည်း ။
  56. ဘုရားမြတ်စွာ နိဂြောဓါ၌ တကာမျိုးဆွေ မရိုသေသော် သပြေထင်စွာ ပြာဋိဟာဖြင့် အသာခဏ ညွတ်ကုန်ရသို့ နှိမ့်ချလက်ငင်း ညီပြည်မင်းလည်း ထံရင်းကျိုးနွံ ဦးဝန်ခံလျက် လွှားရံနှစ်ဘက် ကခွင်ထက်တွင် ရဲပေါင်းတင်သား တိုက်ဆင်ဆယ်စီး အသီးလည်းကောင်း ရွှေအသောင်းဖြင့် ကွမ်းလောင်းကွမ်းအုပ် လုပ်လတ်ပြီးသော် ဦးရီးယောက်ဖ အကုန်စသား ရဲကနှင်နှင် ရည်ရှင်ကိုးပါး ရွှေဖလားနှင့် အများကိုယ်စီ လက်အုပ်ချီလျက် အပြီနှစ်ထောင်း တက်လတ်ရှောင်းသည် ဆွေပေါင်းအညီ ညွတ်၏တည်း ။
  57. သာယာဝတီ အညီသင်းခိုင် ခရိုင်စားကျေး ညီတော်ထွေးလည်း မနှေးလျင်စွာ ဖူးလာတုံမြောက် ပြည်တန်ပေါက်တိ မုန်သောင်နှင်နှင် ငါးစီးဆင်နှင့် သံရှင်လက်သုံး ဆက်လက်ပြုံး၍ ပခုံးနှစ်ဘက် လူတို့ရှက်သား ပင်ထွက်နံကြီး ပတီးပစ္စူ အဖြူပြာနု ကျီးဥရထည်း ကျည်းကဘန်သား ဆေးစွန်ပြောက်စုံ ရှေ့တော်ပုံသည် သောင်းရုံအဘိုး ပြတ်၏တည်း ။
  58. ကညင်မြောင်၌ လိုယောင်စီးပွါး ပဲကူးအားနှင့် ပြည်သားတပဲ ယှဉ်ကြတွဲ၍ ဆင်းရဲပျောက်ကြောင်း ပေါင်းထစကား ပွင့်ထွက်ပျားသို့ နှုတ်ဖျားသံရှင် အညွန့်ဝင်သော် နန်းခွင်ပွင့်တုန်း ရွှေမှောက်ဘုန်းနှင့် မှုန်းလေနွှံချုပ် ဝန်းဘိအုပ်သော် မလှုပ်အဖြိုး ရေပြည့်အိုးသို့ တရိုးတည်းပင် အရှင်ပြတ်ပြတ် မှတ်ဘိသော့အား စောတရားကို မခြားနှလုံး အုံးအံ့ရွှေစက် သစ္စာရွက်၍ ရဲခက်ပြောင်လင် ဆင်လေးစီးနှင့် ဖြင်ညီးလက်ဆောင် ကုန်အောင်ထွေပြား ဆက်လတ်ကြားသည် လက်ဝါးဦးထိပ် မတ်၏တည်း ။
  59. စကြာရှေ့တည် ပင်လယ်လည်သော် ရည်လေရာရာ လက်အုပ်ကြာဖြင့် မြှောက်လှာဦးစွန်း စောကြငှန်းဟု မာန်ကျန်းပယ်လွှင့် တိုင်းကားပွင့်သို့ ချင့်သည်စစ်ခြေ ပါထွေနှောင့်နှေး မြေတာဝေးသား ကလေးမိုးညှင်း မကြွင်းကုန်အောင် အုန်းဘောင်သီပေါ မောတို့ခပဲ မိုးနဲညောင်ရွှေ နေသည်တလျှောက် ရောက်စောက်ကြာအင်း ခပ်သိမ်းမင်းတို့ သံညင်းထွေသံ ရွှေစာပျံကို ကျိုးနွံထိပ်ထက် ရွက်ကုန်လျက်တည့် ပြက်ပြက်စေတနာ ရောက်ကုန်လှာသည် အာဏာ စက်ရဟတ်၏တည်း ။
  60. အရှေ့အနောက် တောင်မြောက်နှံ့အောင် ပြည်ထောင်ဝန်းလျား ပယ်လယ်နားမှ ကုလားတလိုင်း မခိုင်းမရှက် လက်ဆက်မတန် ဦးဝန်ချထွေ စေလတ်သည်တည်း ကမ္ပည်းထပ်ကာ ယွန်းမင်းမှာလည်း ရွှေကြာတံဆိပ် ချစ်ရိပ်ဆင့်အောင် လက်ဆောင်အပေါင်း ကြေးနင်းမောင်းနှင့် နှုတ်ကောင်းခွန်းသာ လျှောက်ရလှာသော် အာဏာရဟတ် လေးကျွန်းပတ်သား မန္ဓာတ်အတူ တန်ခိုးဟူသား ဇမ္ဗူချက်တွင် နှိုင်းဘက်မရ အသောကယောင် ဒွတ္တဘောင်နှင့် ဘုန်းခေါင်လေဟု မှတ်၏တည်း ။
  61. ဘုရားမြတ်မွန် မြိုက်နိဗ္ဗာန်သား ခါလွန်မြင့်စွာ သာသနာ၏ သင်္ချာနှစ်ထောင် အခေါင်သွယ်လစ် ဆဲ့ခြောက်နှစ်တွင် ရန်စစ်အောင်မြင် ဘဝရှင်ကား တိုင်းခွင်ပွင့်လင်း ခဏခြင်းဝယ် ဆင်မြင်းမညောင်း ပြန်ကျင်ရှောင်း၍ တပေါင်းသင်နှစ် နွေသစ်စပ်အောင် စက်တိပြောင်သား အခေါင်ရန်နှိပ် ဖိုးဦးထိပ်၌ အသိပ်ညွတ်လျှိုး တိုးကြကုန်လှာ မျိုးတကာကို ချမ်းသာအဝ သောက်စေရဟု လေးလပတ်ပတ် ဘုန်းမိုးဆွတ်မှ လက်ခတ်တိုင်းကား အများညီရုံ ထားခဲ့တုံသည် မှုကုံနောင်လာ ကျေးဇူးတည်း ။
  62. နမန္တာနှင့် စူဠာဗျို့ဟတ် တိထီမှတ်သား ရက်မြတ်ခိုင်ကျန်း တည်သည့်ကျွန်းဝယ် နွယ်ပန်းဆိုက်တုံ ပေါက်ကင်းငုံနှင့် ပင်ချုံထက်ဝန်း ခေါင်ဗွေထွန်းသည် ကောင်းလွန်းရာသီ နာရီပါဒ်ဆုံး ဆောင်လုံးနေတည် ညောင်းတာရှည်ဟု ရွှေပြည်ဗိမာန် ပြန်အံ့သောငှါ မင်္ဂလာနှင့် ဂြဟာသန္တေး ဂြိုဟ်စာပေးမှ ဦးဆေးကင်ပွန်း သွန်းသည်ရှေ့ဖျား စွယ်ခွင်ကြားဝယ် ဘုရားမြေစာ ချပ်လာနုတ်မင်း ခရုသင်းနှင့် သံညင်းသက်သက် ဘဝဂ်ကြားကျော် ဇေယခေါ်သည် လှေတော်ကန်ခဲ့ မူးမူးတည်း ။
  63. သလင်းမှန်ကူ ခရုဖြူနှင့် ဆုယူလည်းပေး ဗြဟ္မာ့မြေးတို့ သံလေးတွတ်တွတ် ရွတ်ဆဲဆဲလျှင် ဝှဲဝှဲကွန်းစင် အလယ်တွင်၌ ပလ္လင်ရွှေထီး ညီးညီးမောက်မောက် မိုးမြင့်ဆောက်လျက် ကြက်မောက်နားရစ် စုလစ်မွန်းချွံ အလျှံတပြက် စွန်းနှစ်ဘက်၌ ကြာကွက်ကျီးရန်း အလှဆန်းသား မကန်းရုပ်ကောင်း တုရင်မောင်းနှင့် အလောင်းစောထွတ် စီးတော်မှတ်သား မိုးနတ်လည်းဖန် ပြည်ကြီးမွန်ဟု ဗိမာန်ရေနန်း စင်္ကြံကျွန်းတွင် လျှံထွန်းစွယ်မြွာ တည်တုံလာက ရွှေကြာအတူ ဖွေးဖွေးဖြူမျှ ရှေးရူရိုညွတ် လိုက်ကုန်လတ်သည် ဝန်းပတ်ခရိုင် သင်းမှူးတည်း ။
  64. ချမ်းဆေးကြက်ဆောင်း ရာသီပြောင်း၍ တပေါင်းလေရှင် ထက်ဝန်းတက်သည် မင်းလွင်ပျံလျက် ဆဲ့ငါးရက်၌ လှေတက်ကန်မူး အဘိုးဦးဝယ် ကျေးဇူးကြီးလှ ရှင်နှမကို ကြဲထပန်းမာလ် ပန်ခဲ့တုံပြီး ဖြင်ညီးရံစောင် မိုးနတ်ယောင်သို့ ဘိုးခေါင်ရေကျ မတေဝဝယ် ဖြင်တဟူသည် ရပ်စည်သာလွန်း မြို့ရှေ့ထွန်းသည် ကျွန်း၏အချက် နှစ်ညဉ့်စက်မှ ထွန်းတက်ပြောင်ပြောင် နေတန်းဆောင်သို့ ရန်မှောင်ပယ်ဖျောက် ရောက်လေပွတ်လယ် ပြင်သာကျယ်သား ကျွန်းလယ်သရက် တထောက်စက်မှ နံနက်မိုးဖုံး1 ကွန်းတော်ပြုံးသည် မင်းဆုံးသုံးလူ့ အမှူးတည်း ။
  65. ထိုကဖြန့်မိုး တောင်ညာစိုးသား တန်ခိုးပွင့်လင်း မိစိုးမင်း၏ သားချင်းဖြစ်ထ မြေထဲရသား ညီမနှင့်မတ် လောကနတ်ကို ရိုညွတ်အစုံ ဖူးလင့်တုံမှ အပုံအယင် ကြည်းတောင်ဖြင်မျှ ဝန်းကျင်သွေးသွေး သတင်းမွှေး၍ ရန်မှေးသင်လာ စောချမ်းသာ၏ သွားရာအကြိုက် ထွက်နပ်လိုက်မှ ထို၌ကွန်းမြင့် ငါးရက်ဖွင့်၏ မျက်ပွင့်သားမြူး သံလွင်ကြူး၍ ကျောက်ဦးမြင်ပါ ညောင်ရွာထက်ဝန်း ယင်ပေါင်တန်းသို့ နတ်ပန်းမိုးလှပ် နှာရွပ်စွယ်ကြား အောင်းသားလူလူ ကျွန်းတူရူ၌ ဇမ္ဗူသနင်း စက်လတ်လျှင်းသော် တောက်လင်းလှေတော် လွန်လေဆော်သည် သံကြော်ရဲတင်း တထူးတည်း ။
  66. သောင်ရိပ်မြိုင်ယံ ရွှေငှက်ပျံသို့ ခြွေရံသောင်းသောင်း မင်းစီးလောင်းနှင့် တန့်ညောင်းရွာစဉ် လျဉ်ခဲ့အင်လတ် ပင်ကျွတ်ဝင်းဝင်း ဝတ်ငုံကင်းသား အင်ကြင်းစည်ထွန်း တောင်ခွင်ကျွန်း၌ ကြငှန်းဆွေစုံ စက်ပြီးတုံမှ ဘုမ္မလက်သန် မွန်သည်ဗွေထိပ် တောင်ခွင်ဆိပ်၌ နေရိပ်ဖြန့်ကြက် စောင်ဖြူပြက်၍ ရဲမက်ကာရံ ဗိုလ်ရှုခံလျက် နက်စံရဲဖျား ပြည်တိုင်းကား၏ စီးပွါးမြော်တင်း ပွဲပြင်ခင်းမျှ မြစ်တွင်းကြောလယ် အံ့ဘွယ်ဝန်းလျား လှော်ကားတက်ရပ် ရင်ထပ်လှေရုံ ပေါမျှပုံသည် ချတုံခရိုင် ကျောက်ဆူးတည်း ။
  67. မဟာသာလ မည်ရသတင်း ပျံ့ပျံ့ရွှင်းသား အင်ကြင်းထက်ဝန်း တောင်ခွင်ကျွန်းက ရွာလင်းစသား ပတ္တနဂိုရ် ထိုကစောထွတ် ကြွတုံလတ်သော် ချွေဆွတ်ရွက်ဟောင်း လေညောင်းပြန်လျှောက် တောင်မြောက်ထက်ဝန်း သံလွင်မွှန်းလျက် တပြက်အညာ ပြင်သာစဲကောက် မကွေးအောက်တွင် ထောက်ခဲ့တုံပြီး ကျွန်းမြီးစပ်ကာ မြစ်ဧရာလည်း လက်ယာကမ်းမေး ချုတ်ချုတ်ပြေးသား မကွေးတောင်ဖျား ပုထိုးသားကို တရားမင်းခေါင် ကွမ်းပန်းတောင်နှင့် မီးရောင်ထက်ဝန်း ပန်းကားငါးမည် ပူဇော်သည်ကား နတ်ရည်လှတင့် တောင်ညာမြင့်နှင့် မျက်ပွင့်ရစ်ထုံး မတ်ရာရုံးလျက် ပတ်ကုံးဗိုလ်တပ် နှစ်မြောင်ကြပ်၍ ကွမ်းချပ်ကွမ်းစည်း ဇရည်းကြေးမုံ အစုံပေါက်ပေါက် ကြဲလတ်မြှောက်သည် လက်အောက်ရိုသေ ညွတ်နူးတည်း ။
  68. နှစ်တိုင်းနှင်နှင် မကွေးတွင်၌ သောင်ပြင်တပြက် စဲရပ်ထွက်သား လှေတက်စုန်ဆန် နေတန်သွားလား မပြဲ့အားတည့် ဘုရားနတ်စံ ဘုန်းတော်ပြွံ၍ ဆယ်လံမျှလောက် မြစ်တွင်ပေါက်၏ ချောက်ချောက်ပေါပေါ ဘေးလောင်းစောတို့ သဘောရှုလွန် ပင်လယ်ပြန်သို့ မွန်ချွန်ချက်ချက် တံခွန်ရွက်လည်း ခြူးခက်ခြူးခိုင် နဂါးဆိုင်တိ မဏ္ဍိုင်လျှပ်လျှပ် ထပ်သည်ရံစောင် လှေကုန်အောင်နှင့် ရွှေဖေါင်လျင်မြတ် ဝက်မစွတ်၌ ကျောက်ပွတ်ကမ်းခြေ ဆိုက်ပြီးလေမှ သပြေပင်ဝ တထောက်ချ၍ ထိုမှစလင်း ပြင်သာနင်းသော် ရန်တင်းမစိုး ကျွန်းလုံးနိုးသည် သတိုးသားတော်လည်း ဖူးတည်း ။
  69. သံရှင်သွားနှင့် ရွက်ဖျားရှနိုး အဝှန်းစိုးသား သတိုးမည်ပင် စလင်းရှင်နှင့် နတ်သွင်မင်းခေါင် ဗိုလ်ရှုဆောင်၍ ကြည်းတောင်ထိုမှ တာငန်းချသော် မြတ်လှအကျော် ဘဝါးတော်ဝယ် ပူဇော်ရှိမြှောက် ရောက်လတ်တုံလျှင် တင်ခဲ့တရက် ကြွလတ်ထွက်သော် အချက်ဗဟို သိကြားသိုသည် စွယ်ကြိုဘုရား ရှင်တော်စားဝယ် ငါးပါးရှိခိုး တုံ့ဝပ်ကျိုးမှ မစိုးမရိမ် ဖေါင်ရွှေအိမ်ထက် စဲတိမ်ကြီးခေါင် စလေသောင်က ပိုက်တောင်နေချုပ် လှေရံအုပ်လျက် နံနက်ရောင်ဖြူ ကောင်းကင်ပြူသို့ စဉ့်ကူအညာ ထီးလိုင်ကာ၏ ထားရာအဟုတ် ရန်ငုတ်နုတ်ခွင်း ရှေးသောမင်းတို့ ဆိပ်ခင်းရောက်ပြီ မှီလေကျွန်းခွင် ဆယ်ရက်တင်သည် သံလွင်မုရိုးလည်း ကြူးတည်း ။
  70. သောင်ရိပ်ယုဂန် နေခြည်ပြန်သော် မလွန်ခဲ့ရက် တန့်ကြည့်ထက်လည်း ရွှေစက်ဘဝါး ခြေတော်သွား၍ တရားနတ်ရှင် ဖူးလေကျင်သော် သခင်ထေရ ထိုကစသည် ဝေးကလားလာ တကာချိုးသောက် မှီတင်းလောက်သား အစောက်ဆယ်လံ အနံထိုမျှ အလျားမှသည် တာမနှစ်ဆယ် ကန်နားဝယ်လည်း စပယ်မုလေး နံ့မွှေးကွမ်းလင် ငှက်ပျောပင်တုံ ဝန်းကျင်ဝိုက်ဝိုက် စိုက်တုံအုန်းကွမ်း ရိပ်ချမ်းတချက် သရက်လည်းကောင်း နွေသန်တောင်းလျှင် မိကျောင်းရေလင် အပင်မပြတ် နဝတတ်သို့ သာထွတ်တရာ ဤကမ္ဘာထက် နောင်လာမကြွင်း ဇမ္ဗူမင်းတို့ မှန်ကင်းစတေ မှတ်ရစ်စေဟု သပြေရိပ်ဆောင်း တည်ခဲ့ရှောင်းသည် တင့်ကြောင်းကန်တော်လည်း တူးတည်း ။
  71. လောကနန္ဒာ မြစ်ဆိပ်သာမှ စကြာကွန်းပြောက် တမိုးသောက်သော် အရောက်မီလာ သမြင်စွာဝယ် ရတနာကွန်းစင် နန်းဖေါင်တင်မှ ပြောင်လွင်ပြောင်ရွှန်း မိုးကြယ်ထွန်းသို့ ရံဝန်းကိုယ်လုပ် နတ်ရုပ်ယောင်မြိုက် စဉ်စီလိုက်လျက် ပွတ်တိုက်လုံးညီ စေတီဂူကျောင်း နုမော်ရှောင်းမှ မျိုးကောင်းသရက် ပင့်ထက်မကျန် ပန်းမာလ်စုံစွာ မြင်းကပါနှင့် စပ်ကာဆိုင်းဆိုင်း မြိုင်ရိပ်ခိုင်းသား ကွန်းတိုင်းဆိပ်ယံ ဖေါင်တော်ခံလျက် တင့်စံတရာ မင်းချမ်းသာဖြင့် နရာထိပ်မိုး တန်ခိုးကြီးထူ လာတော်မူက ဗိုလ်လူဖွေးဖွေး ဆိပ်သို့ပြေးလျက် သားမြေးခေါ်ငင် ရှုလင့်မြင်သော် နတ်ရှင်လူမျိုး ဘုန်းတော်မိုးတိ ဖြိုးဖြိုးသွန်းကြဲ ပျောက်မစဲတည့် မင်းပွဲသောင်းသောင်း တက်နွယ်ချောင်းဟု မြစ်လောင်းအညာ ပြင်သာပွတ်ရုံ ဆိုက်လေတုံသည် စည်းခုံတည်ထား အဦးတည်း ။
  72. ထိုဝယ်သီးသီး နေကျပြီး၍ မှူးကြီးမတ်ရာ ရံဝန်းကာနှင့် စကြာခြေလှ ဆန့်လတ်ကြွသော် ဣန္ဒနီလာ မည်သာခေါ်တွင် ကျောက်အပြင်ထက် မျက်ရှင်တွေခဲ စုတည့်ကြဲသို့ ရဲရဲပြောင်ပြောင် အရောင်ညီးညီး သားသမီးနှင့် ဖြင်ညီးမျိုးဆွေ ရံအုပ်တွေလျက် မိုးမြေတရှက် အလျှံတက်မျှ ဖွင့်စက်ရွှေကြာ ဝတ်ဆံဖြာသား ကြေညာလှပ်လှပ် ပတ်ကုံးစပ်၍ ကြပ်ကြပ်လည်းကောင်း ကြာပတ်ခေါင်းနှင့် မောင်းမောင်းညီးညီး ချရားသီးထက် ရွှေထီးလှတင့် ကိုးထပ်ဆင့်သား မျက်ပွင့်ရိပ်မြုံ ရွှေစည်းခုံ၌ ဆွေစုံတန်ခိုး ရင့်စိမ့်ချိုးသည် ဖြိုးဖြိုးရဲခေါင် တက်လူးတည်း ။
  73. သမုဒ္ဒရာဇ် ဖြစ်သည်မကြွင်း ဆဲ့ကိုးသင်းနှင့် မာန်တင်းကျန်းခက် ငှက်ဘီလူးကို တောင့်မူးသံရှင် မြားမာတင်၍ ထိုတွင်သတ်ပြီး ပြူစောထီး၏ ရပ်သီးထောင်မှတ် အရိမဒ်ကို တလတ်စိုးသည့် နေမျိုးမြတ်စွာ နော်ရထာလည်း သာသနာအညွန့် ဖြန့်ခဲ့သောထွေ စွယ်တော်မွေကို သပြေသခင် ရောက်သည်မြင်သော် ကိုယ်ထင်မာဃ ကျလေဘူးသား ကျေးဇူးဆောင်ယောင် သိကြားတောင်ဟု အခေါင်ရိုက်ရာ သတင်းသာတည့် စဉ်လာထက်တိုက် မိုးသံရိုက်သို့ ကြားလိုက်လေသွန် မှတ်ရတွန်ရှင့် တတန်နောက်မှ ဤကာလတွင် မြော်ရတပ်တပ် တိမ်ရပ်လင်းလင်း တူးရွင်းတောင်ထိပ် သိကြားရိပ်ဖြင့် တံဆိပ်ကြငှန်း မှန်းလေဘုံသို့ အစုံသို့ပင် တို့နတ်ရှင်ကို ဆွေခင်ရှေးနှောင်း မမြင်တောင်းဟု အပေါင်းဗိုလ်တပ် နှစ်မြောင်စပ်သည် ရင်သပ်မေးထောက် အံ့မူးတည်း ။
  74. ထီးလိုင်သခင် တောင်တင်ခပ်သွယ် အနောက်ဝယ်မူ အပယ်မည်သာ ရတနာနှင့် စပ်ကာလုံခြုံ နဂါးရုံဟု တွင်ရုံပေါင်းချုပ် ရှင်တော်ရုပ်ကို လက်အုပ်ရွှေကြာ ဖြန့်သောခါလျှင် သဒ္ဓါချက်ချက် ပီတိစက်ဖြင့် လက်လက်ရဲရဲ တံကဲပလ္လင် ဗောဓိပင်၌ ညွန့်ရှင်ရွက်စိမ်း ခပ်သိမ်းတင့်တော် သုံးလူ့ဘော်ကို ပူဇော်မျက်ရှု ရွှင်ကြောင်းပြု၍ ဝတ္ထုမိုးမြေ တိမ်မြုပ်လေလည်း ဘော်ပေမေးမြန်း ရေစက်သွန်း၍ မော်ကွန်းစာရင်း သွင်းခဲ့ဆွေစုံ ထိုမြုိ့တုံလည်း အဖုံလူနတ် ရိုညွတ်ကော်ရော် စည်းခုံတော်နှင့် တခေါ်မျှလောက် မြစ်အောက်လွှံ့ထင် ရန်အောင်မြင်ဟု မည်ပင်သာထပ် ရွှေစရပ်နှင့် ပဏ္ဍပ်ရိပ်သာ သုဓမ္မာကို အရာမပြောင်း ငွေတသောင်းဖြင့် စောလောင်းတဘန် လုပ်ဆောင်ပြန်သည် အလွန်ကုသိုလ် ဆည်းပူးတည်း ။
  75. ဆဲ့တရက်လျှင် ဆက်ခဲ့စခန်း ပြင်သာကျွန်းမှ ပြစ်စွန်းမတင် ရောင်ထင်လျှံဝေ မင်းစီးလှေနှင့် တောင်ဗွေချက်မ ဘုရားလှတွင် စကြာ့သနင်း စက်ခဲ့လျှင်းမှ ပလင်းအညာ ပြင်သာကျယ်မှတ် ကူးလတ်ခတ်က ပြာသာဒ်ဗိမာန် တိမ်တံခွန်နှင့် မလွန်ဖေါင်ဦး အမော်ကူးတွင် ရှည်ကျူးသွယ်ဝိုက် လူးတားကြိုက်၍ ဆိုက်ခဲ့မင်းခေါင် သောက်ကြယ်ပြောင်သို့ ရွှေတောင်ရွာမည် ရေယဉ်သည်လည်း တန့်ပြည်မထင် လူးတားပင်တည့် မြစ်ခွင်ကူးသန်း အလှဆန်းသား ဆူးပန်းခရီး ဖရဲသီးနှင့် ဖြင်ညီးကိုင်းပဲ ကျွန်းပုလဲတွင် ဝှဲဝှဲသာငြိမ် ဖေါင်အိမ်ဆိုက်လျက် ပြင်ထိပ်စက်သည် ရွှေငှက်ဟင်္သာ အဟန်တည်း ။
  76. နတ်ရှင်မင်းစော ကြက်တွန်ဘောက ဆီးတောမင်းရွာ ခွါခဲ့လက်စောင်း သံအိုင်ချောင်းမှ ချမ်းဆောင်းမပြေ စုန်လေပြန်လစ် ကျွန်းမြီးရစ်သော် ပေါ်လစ်တန့်လူ သဲကမ်းဖြူထက် အတူယှဉ်စုံ နေစာလှုံသား ကြင်တုံမရက် ဟင်္သာငှက်ကို တပြက်မြင်လျှင် ပုံပြင်ခင်းခင်း မျိုးသည်ရင်းနှင့် သနင်းဘုရား ချစ်ရိပ်ပွါးလျက် ပင်ဖျားသိပ်သိပ် ရွက်စိပ်ဆိုင်းဆိုင်း ထောက်ကြည့်တိုင်းလျှင် မြစ်ကိုင်းပွင့်စင် အသိပ်မြင်သား ရေရှင်ထွတ်တင်း မုရင်းစိုက်ဝန်း အလှဆန်းသည် ဆိုက်ခန်းသာရောက် မင်းကွန်းတည်း ။

ပြီး၏။