ပျိုးကြဲ ပျိုးစိုက်ဖွဲ့ လွမ်းချင်း

From Wikisource
Jump to navigation Jump to search
ပျိုးကြဲ ပျိုးစိုက်ဖွဲ့ လွမ်းချင်း
by ဦးကြီး

မိုး-စရိုက်ပေမို့၊
ပျိုးစိုက်ကယ် ပျော်ပျော်၊
လက်စားငယ်ခေါ်သည်၊
မျက်ဝါးဖော် သူငယ်ချင်းတွေနှင့်၊
လယ်ခင်းပြန့် သမန်းပြင်မှာ၊
အငန်းတွင် သူငါဆင်းပါလို့၊
မူရာချင်း မြို့သူမှီပေါင်၊
တို့တူညီ သံချိုတေးငယ်နှင့်၊
ဖန်ညိုအေး ချိန်လောက်ဆီကို၊
အိမ်ရောက်မီ ကြဲရပြန်တယ်လေး။ ။

တိုထဘီငယ်၊ ဟိုဆီဖုံးရုံ၊
အလုံးခြုံလို့၊ ကုန်းပုံကညီ၊
ခေါင်းရေနှက်တဲ့ တဘက်နီနှင့်၊
ပလီလိုက်တာ၊
ကုပ်ပေါ်ရောက်တဲ့ ဆံတောက်ဟာကို၊
တကြော့ချည်ရုံး၊ လျော့ရီထုံးလို့၊
ပွင့်လုံးငယ် ခတ္တာ၊ ယောင်မငိုက်အောင်၊
ထောင်စိုက်ကာနှင့်၊ ကြိုက်ရှာတဲ့မောင်၊
မမြင်စမ်းစေရ၊
သွင်ပန်းကာ လောင်လိမ့်မယ်၊
တောခေါင်တဲ့ မြောက်ရွာကို၊
မရောက်လာ မြို့တော်ယွန်းဆီက၊
ကန်သင်းခုံ မို့မောင်စွန်းကို၊
လွမ်းလိမ့်မယ်လေး။ ။

This work was published before January 1, 1929, and is in the public domain worldwide because the author died at least 100 years ago.

Public domainPublic domainfalsefalse