ပေါ်နွေလလျှင်-ချီ ရတု

From Wikisource
Jump to navigation Jump to search
ပေါ်နွေလလျှင်-ချီ ရတု
by နတ်သျှင်နောင်
စစ်ချီ မယ်ဘွဲ့ရတု

ပေါ်နွေလလျှင် တောင်ကခြိမ့်မြူး မင်းလွင်ဦးနှင့် ပျံ့ပျူးချုပ်ထိုင်း မုန်တိုင်းဆင်လို တိမ်ညိုမှိုင်းထပ် ပြက်လျှပ်ပြကာ စိမ်းပါမိုးပန်း ထွေထွေစွန်းက ရေသွန်းသာကြည် ပျော်ရမည်ကို မြရည်သတ်မှတ် ရောက်ခဲလတ်ဟု ချစ်ထွတ်တင်သည် ပြာစင်ရွှန်းလတ် ဖြူပန်းမွတ်လျှင် ကြာညွတ်ဖယောင်း နေရှိန်ပျောင်းသို့ ဆင့်လောင်းလွမ်းဝှန် ရှိလိမ့်ဟန်ကို တိမ်စွန်လေလျှင် ဖူးရောက်ချင်သည် ငှက်သွင်ပျံကြွ မတတ်သော ။

မြော်ချေကလျှင် ကာလအလျောက် ပိတောက်လျံခဲ ရွှေရည်စွဲက (ပုလဲငုံသွယ်) အလှယ်လှယ်တိ စံပယ်ဖြူမွှေး စံကားသေးတို့ မြတ်လေးစုံမက် ကျွန်ုပ်လက်ဖြင့် ရွေးလျက်ရွရွ မဆင်ရတည့် ကာလသို့အောင် ရည်စောင်ပန်းမှန် မလီလွန်ကဲ့ ချိန်တန်သို့သည် ပြန်မည်လေသာ မရောက်လှာဟု ကြံကာခွေ၍ နေလိမ့်မည်ကို ရှိသည်မှုရန် မင်းရေးဝန်ကြောင့် လျှောက်ပန်စေ့မျှ မချေရသော် ပြိုက်ကျသွယ်ဖြည်း နှင်းထက်ညည်း၍ ဝမ်းနည်းလျက်ပင် ပျောင်းလိမ့်တင်သည် ညက်စင်စံများ အထွတ်သော ။

ဖျော်ဖြေမှလျှင် ယုယသံချို ပြေလိုစိမ့်သား ကျူးပိုက်ဖြား၍ ချီသွားမူးမူး ရှေ့ရက်ဦးက မကျူးထင်ထင် ကဆုန်တွင်ကို ကျိုင်းစင်မြခဲ စစ်ပွဲရန်နှည် ပြန်လျှင်းမည်ဟု နှုတ်ခြည်ပေါ်သာ ဆိုလေရှာသော် မလ္လာရနံ့ ထုံပျံ့ပန်းသတ် ခြူးနက်ဆင့်ကုံး စိန်ပွင့်အုံးဝယ် ပင့်ရုံးရွရွ လက်သင်မ၍ သက်မျှငယ်ချစ် ပျောင်းလိမ့်ဖြစ်ကို စိစစ်မိမိ သတိချုပ်ဆည် ပြေမည်မျှဝေး ချစ်ဝန်လေးခဲ့ ရေးရေးဖူးချင် မယ်သို့လျင်သည် ငှက်ရှင်လျှံမျှ ရဟတ်သော ။