ပုဋဒူသကဇာတ်

From Wikisource
Jump to navigation Jump to search
ပုံတော်စုံ ငါးရာငါးဆယ် ဇာတ်ဝတ္ထု by မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော်
၂၈၀။ ပုဋဒူသကဇာတ် (၃-၃-၁၀)

တိကနိပါတ်-ဥဒပါနဝဂ်

၁၀။ ပုဋဒူသကဇာတ်

အထုပ်ဖျက် မျောက်

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့် တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် အဒ္ဓါဟိ နူန မိဂရာဇာ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤပုဋဒူသကဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် တယောက်သော အထုပ်ကို ဖျက်ဆီးတတ် သူငယ်ကို အကြောင်းပြု၍ ဟောတော်မူ၏။ သာဝတ္ထိပြည်၌ တယောက်သော အမတ်သည် ဘုရားအမှူးရှိသော ရဟန်းသင်္ဃာကို ဘိတ်၍ ဥယျာဉ်၌နေစေ၍ အလှူပေးသည်ရှိသော် ဆွမ်းမဘုဉ်းပေးမီအကြား၌ ဥယျာဉ်၌ လှည့်လည်လိုကုန်သော အရှင်တို့သည် လှည့်လည်စေကုန်သတည်းဟု။ လျှောက်၏။ ရဟန်းတို့သည် ဥယျာဉ်၌ လှည့်လည်ကုန်၏။ ထိုခဏ၌ ဥယျာဉ်စောင့်သည် အရွက်နှင့်ပြည့်စုံသော သစ်ပင်သို့တက်၍ ကြီးကုန် ကြီးကုန်သော အရွက်တို့ကိုခူး၍ ဤအထုပ်ကား ပန်းထုပ် ဖြစ်လတ္တံ့၊ ဤအထုပ်ကား သစ်သီးထုပ်ဖြစ်လတ္တံ့ဟု အထုပ်ကိုပြု၍ သစ်ပင်ရင်းသို့ ချ၏။ ထိုဥယျာဉ်စောင့်၏ သူငယ်သည် ချတိုင်း ချတိုင်းသော အထုပ်တို့ကို ဖျက်ဆီး၏။ ရဟန်းတို့သည် ထိုအကြောင်းကို ဘုရားအား လျှောက်ကြကုန်၏။ သဗ္ဗညူ မြတ်စွာဘုရားသည် ရဟန်းတို့ ယခုအခါ၌ သာလျှင် ဤသူငယ်သည် အထုပ်ကို ဖျက်ဆီးတတ်သည် မဟုတ်သေး၊ ရှေး၌လည်း အထုပ်ကို ဖျက်ဆီးဘူးသလျှင်ကတည်းဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ် မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ဗာရာဏသီပြည်၌ တဦးသော ပုဏ္ဏားမျိုး၌ ဖြစ်၍ အရွယ်ရောက်လတ်သော် အိမ်၌နေလျက် တနေ့သ၌ တစုံတခုသော ပြုဘွယ်ကိစ္စကြောင့် ဥယျာဉ်သို့ သွား၏။ ထိုဥယျာဉ်၌ များစွာကုန်သော မျောက်တို့သည် နေကုန်၏။ ဥယျာဉ်စောင့်သည် ဤနည်းဖြင့် သစ်ရွက်ထုပ်တို့ကို ချ၏။ မျောက်ကြီးသည် ချတိုင်းချတိုင်းကုန်သော သစ်ရွက်ထုပ်တို့ကို ဖျက်ဆီး၏။ ဘုရားလောင်းသည် ထိုမျောက်ကြီးကိုခေါ်၍ ဥယျာဉ်စောင့်သည် ချအပ်သော သစ်ရွက်ထုပ်ကို ဖျက်ဆီး၍ တပါးသော အလွန်နှစ်သက်ဘွယ်ရှိသော သစ်ရွက်ထုပ်ကို ပြုလိုယောင်တကားဟုဆို၍-

၈၈။ အဒ္ဓါဟိ နူန မိဂရာဇာ၊ ပုဋကမ္မဿ ကောဝိဒေါ။
တထာ ဟိ ပုဋံ ဒူသေတိ၊ အညံ နူန ကရိဿတိ။

ဟူသော ရှေးဦးကသောဤဂါထာကို ဆို၏။

၈၈။ မိဂရာဇာ၊ မျောက်မင်းသည်။ အဒ္ဓါ ဟိ၊ စင်စစ်လျှင်။ ပုဋကမ္မဿ၊ သစ်ရွက်ထုပ်သောအမှု၌။ ကောဝိဒေါ နူန၊ လိမ္မာ ယောင်တကား။ တထာဟိ၊ ထို့ကြောင့်လျှင်။ ပုဋံ၊ အထုပ်ကို။ ဒူသေတိ၊ ဖျက်ဆီး၏။ အညံ၊ တပါးသော နှစ်သက်ဘွယ်ရှိသော အထုပ်ကို။ ကရိဿတိ နူန၊ ပြုလတ္တံ့လာ။

ထိုစကားကိုကြား၍ မျောက်သည်-

၈၉။ န မေ မာတာ ဝါ ပိတာ ဝါ၊ ပုဋကမ္မဿ ကောဝိဒေါ။
ကတံ ကတံ ခေါ ဒူသေမ၊ ဧဝံ ဓမ္မမိဒံ ကုလံ။

ဟူသော နှစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော ဤဂါထာကို ဆို၏။

၈၉။ အမ္ဘော ပုရိသ၊ အို ယောက်ျား။ မေ၊ ငါ၏။ မာတာ ဝါ၊ အမိသည်၎င်း။ ပိတာ ဝါ၊ အဘသည်၎င်း။ ပုဋကမ္မဿ၊ သစ်ရွက်ထုပ်သော အမှု၌။ န ကောဝိဒေါ၊ မလိမ္မာ။ မယံ၊ ငါတို့သည်။ ကတံ ကတံ ခေါ၊ ပြုတိုင်းပြုတိုင်းသော သစ်ရွက်ထုပ်ကိုသာလျှင်။ ဒူသေမ၊ ဖျက်ဆီးကုန်၏။ ဣဒံ ကုလံ၊ ဤမျောက်မျိုးသည်။ ဧဝံ ဓမ္မံ၊ ဤသို့ ဖျက်ဆီးတတ်သော သဘောရှိ၏။

ထိုစကားကိုကြားလျှင် ဘုရားလောင်းသည်-

၉၀။ ယေသံ ဝေါ ဧဒိသော ဓမ္မော အဓမ္မော ပန ကီဒိသော။
မာ ဝေါ ဓမ္မံ အဓမ္မံ ဝါ၊ အဒ္ဒသာမ ကုဒါစနံ။

ဟူသော သုံးခုမြောက်ဖြစ်သော ဤဂါထာကို ဆို၏။

၉၀။ မိဂရာဇာ၊ မျောက်မင်း။ ယေသံ ဝေါ၊ အကြင် သင်တို့၏။ ဓမ္မော၊ တရားသည်။ ဧဒိသော၊ ဤသို့ သဘောရှိ၏။ အဓမ္မော ပန၊ တရားမဟုတ်သော အကျင့်မည်သည် တမူကား။ ကီဒိသော၊ အဘယ်သို့ သဘောရှိအံ့နည်း။ ဝေါ၊ သင်တို့၏။ ဓမ္မံ ဝါ၊ တရားကို၎င်း။ အဓမ္မံ ဝါ၊ တရားမဟုတ်သော အကျင့်ကို၎င်း။ ကုဒါစနံ၊ တရံတဆစ်။ မာ အဒ္ဒသာမ၊ ငါတို့မမြင်လိုကုန်။

ဤသို့ဆို၍ မျောက်အပေါင်းကို ကဲ့ရဲ့၍ ဖဲ၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ အထုပ်ကို ဖျက်ဆီးသော သူငယ်သည် ထိုအခါ မျောက်ကြီး ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ပညာရှိယောက်ျား ဖြစ်ဘူးပြီဟု ဇာတ်ကိုပေါင်းတော်မူ၏။

မျောက်သတ္တဝါ၊ ဓမ္မတာ၊ မြင်ရာ တွေ့တိုင်းဖျက်

ဆယ်ခုတို့၏ပြည့်ကြောင်းဖြစ်သော ပုဋဒူသကဇာတ်သည် ပြီး၏။

*****