ပိလိန္ဒဝစ္ဆတ္ထေရဝတ္ထု

From Wikisource
Jump to navigation Jump to search
ပုံတော်စုံ ဓမ္မပဒဝတ္ထုတော်ကြီး ဗြာဟ္မဏဝဂ်
by အရှင်ဓမ္မဿာမီဘိဝံသ
၂၅။ ပိလိန္ဒဝစ္ဆတ္ထေရဝတ္ထု
325510ပုံတော်စုံ ဓမ္မပဒဝတ္ထုတော်ကြီး ဗြာဟ္မဏဝဂ် — ၂၅။ ပိလိန္ဒဝစ္ဆတ္ထေရဝတ္ထုအရှင်ဓမ္မဿာမီဘိဝံသ


၂၅။ အရှင်ပိလိန္ဒဝစ္ဆမထေရ် ဝတ္ထု

အကက္ကသံအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဝေဠုဝန်ကျောင်းတော်၌ နေတော်မူစဉ် အရှင်ပိလိန္ဒဝစ္ဆမထေရ်ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

သူယုတ်မာဟု ဆိုလေ့ရှိသော်လည်း ဒေါသမရှိခြင်း

ထိုရှည်သောသက်တော်ရှိသော ပိလိန္ဒဝစ္ဆမထေရ်သည် “သူယုတ်မာ- လာဦးလော့၊ သူယုတ်မာ- သွားချေဦးလော့၊” ဤသို့စသော စကားတို့ကိုဆိုလျက် လူတို့ကိုလည်းကောင်း၊ ရဟန်းတို့ကိုလည်းကောင်း သူယုတ်မာဟူသော ခေါ်ဝေါ်ခြင်းဖြင့်သာလျှင် ခေါ်ဝေါ်ပြောဆိုလေ့ရှိသတတ်။ ထိုအခါ တစ်နေ့သ၌ များစွာသောရဟန်းတို့သည် ဘုရားရှင်အား “မြတ်စွာဘုရား- အရှင်ပိလိန္ဒဝစ္ဆမထေရ်သည် ရဟန်းတို့ကို သူယုတ်မာဟူသော ခေါ်ဝေါ်ခြင်းဖြင့် ခေါ်ဝေါ်ပြောဆိုလေ့ ရှိပါသည်ဘုရား”ဟု လျှောက်ကြားကြလေကုန်၏။ ဘုရားရှင်သည် ထိုပိလိန္ဒဝစ္ဆမထေရ်ကို ခေါ်တော်မူပြီးလျှင် “ချစ်သားပိလိန္ဒဝစ္ဆ- သင်သည် ရဟန်းတို့ကို သူယုတ်မာဟူသော ခေါ်ဝေါ်ခြင်းဖြင့် ခေါ်ဝေါ် ပြောဆိုလေ့ရှိသည်ဟူသည် မှန်သလော”ဟု မေးတော်မူသောကြောင့် “မြတ်စွာဘုရား- ဟုတ်မှန်ပါသည်ဘုရား”ဟု နားတော်လျှောက်သည်ရှိသော် ရှည်သောသက်တော်ရှိသော ထိုပိလိန္ဒဝစ္ဆမထေရ်၏ ရှေး၌နေခဲ့ဖူးသော ခန္ဓာအစဉ်ကို နှလုံးသွင်းတော်မူ၍ “ချစ်သားရဟန်းတို့- သင်တို့သည် ပိလိန္ဒဝစ္ဆရဟန်းအား မကဲ့ရဲ့ကြကုန်လင့်၊ ချစ်သားရဟန်းတို့- ပိလိန္ဒဝစ္ဆရဟန်းသည် ဒေါသစိတ်ရှိသည်ဖြစ်၍ ရဟန်းတို့ကို သူယုတ်မာဟူသော ခေါ်ဝေါ်ခြင်းဖြင့် ခေါ်ဝေါ် ပြောဆိုသည်မဟုတ်ပေ။ ချစ်သားရဟန်းတို့- ဝစ္ဆရဟန်းအား ဘဝငါးရာတို့သည် မရောပြွမ်းဘဲ ရှိကုန်၏။ ထိုအလုံးစုံသော ဘဝငါးရာတို့သည် ပုဏ္ဏားမျိုး၌ ဖြစ်ခြင်းရှိကုန်၏။ ထိုဝစ္ဆရဟန်းသည် ရှည်ကြာစွာသော ကာလပတ်လုံး သူယုတ်မာဟူသော ခေါ်ဝေါ်ခြင်းဖြင့် လေ့ကျက်ခြင်းရှိ၏။ ရဟန္တာမည်သည်ကား သူတစ်ပါးတို့ကို ထိခိုက်သည့်အစွမ်းဖြင့် ကြမ်းကြုတ်ခက်ထန်ခြင်းသည် မရှိ၊ လေ့ကျက်ဖူးသည့် အစွမ်းဖြင့်သာလျှင် ငါ့သားတော် ပိလိန္ဒဝစ္ဆသည် ဤသို့ ပြောဆိုလေ့ရှိ၏”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

(၄ဝ၈) အကက္ကသံ ဝိညာပနိံ၊ ဂိရံ သစ္စမုဒီရယေ။
ယာယ နာဘိသဇေ ကဉ္စိ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။

ယာယ ဂိရာယ၊ အကြင်စကားဖြင့်။ ကဉ္စိ၊ တစ်စုံတစ်ယောက်သောသူကို။ နာဘိသဇေ၊ အမျက်ထွက်စေသဖြင့် မကပ်ငြိစေရာ။ အကက္ကသံ၊ မကြမ်းကြုတ်သော။ ဝိညာပနိံ၊ အနက်ကို သိစေတတ်သော။ သစ္စံ၊ မှန်သောသဘောရှိသော။ တံ ဂိရံ၊ ထိုစကားကို။ ဥဒီရယေ၊ မြွက်ဆိုရာ၏။ တသ္မာ၊ ထို့ကြောင့်။ တံ၊ ထိုသူကို။ အဟံ၊ ငါဘုရားသည်။ ဗြာဟ္မဏံ၊ ဗြာဟ္မဏဟူ၍။ ဗြူမိ၊ ဟောတော်မူ၏။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာသောသူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။

အရှင်ပိလိန္ဒဝစ္ဆမထေရ် ဝတ္ထုပြီး၏။