Jump to content

ပါဠိဖတ်နည်း

From Wikisource
ပါဠိဖတ်နည်း
by ဓမ္မဗျူဟာ
ပါဠိဖတ်နည်း
325612ပါဠိဖတ်နည်း — ပါဠိဖတ်နည်းဓမ္မဗျူဟာ


ဗျည်း, သရများ

[edit]

၁။ ပါဠိဘာသာ၌ အက္ခရာ ၄၁-လုံး ရှိ၏။

(သရအက္ခရာ ၈-လုံးနှင့် ဗျည်းအက္ခရာ ၃၃-လုံး ဖြစ်၏)

သရ ၈-လုံး - အ အာ ဣ ဤ ဥ ဦ ဧ ဩ

ဗျည်း ၃၃-လုံး -အုပ်စုဗျည်း ၂၅-လုံး နှင့် အုပ်စုမဲ့ဗျည်း ၈-လုံး ဖြစ်၏။

အုပ်စုဗျည်း ၂၅-လုံး (ထုံးစံရေးထုံး)

[edit]

ဇယား (၁)

က က-အုပ်စု
စ-အုပ်စု
ဋ-အုပ်စု
တ-အုပ်စု
ပ-အုပ်စု

အုပ်စုမဲ့ဗျည်း ၈-လုံး - ယ ရ လ ဝ သ ဟ ဠ ံ-


ဇယား (၁) ၌ ဖော်ပြသောဗျည်းတို့မှာ ရေးထုံးအတိုင်း(ထုံးစံအတိုင်း)သာ ဖော်ပြထားခြင်း ဖြစ်သည်၊ အမှန်စင်စစ်ရေးထုံးမှာ အောက်ပါအတိုင်း ဖြစ်၏။

အုပ်စုဗျည်း ၂၅-လုံး (ပါဠိရေးထုံးအစစ်)

[edit]

ဇယား (၂)

က် ခ် ဂ် ဃ် င် က-အုပ်စု
စ် ဆ် ဇ် ဈ် ဉ် စ-အုပ်စု
ဋ် ဌ် ဍ် ဎ် ဏ် ဋ-အုပ်စု
တ် ထ် ဒ် ဓ် န် တ-အုပ်စု
ပ် ဖ် ဗ် ဘ် မ် ပ-အုပ်စု

အုပ်စုမဲ့ဗျည်း ၈-လုံး - ယ် ရ် လ် ဝ် သ် ဟ် ဠ် ံ-

ံ-သည် အစက်အပြောက်ကလေးမျှသာ ဖြစ်၏၊ မြန်မာလို သေးသေးတင်ဟု ခေါ်၏၊ (နိဂ္ဂဟိတ်၊ ဗိန္ဒုဟုလည်း ခေါ်၏။)

သရသည် မိမိချည်းသက်သက် အသံထွက်နိုင်သောအက္ခရာ ဖြစ်၏။

ရွတ်ဖတ်ရာ၌ သရတိုကို မျက်စိတစ်မှိတ်(သို့) လက်ဖျစ်တတွက် ကြာမျှ၊

သရရှည်ကို သရတိုထက် ၂-ဆ ကြာမျှ ရွတ်ရ၏။

ဗျည်းမှာမူ မိမိချည်းသက်သက် အသံမထွက်နိုင်၊ သရနှင့် ပေါင်းစပ်မှသာ အသံ ထွက်နိုင်သောအက္ခရာ ဖြစ်၏။

.. ဗျည်းနှင့် သရတို့ ပေါင်းစပ်ပုံကို အောက်ပါအတိုင်း မှတ်သားရမည်။

က် + အ = က

က် + အာ = ကာ စသည်၊

နိဂ္ဂဟိတ်ကို သရတို အ, ဣ, ဥ နောက်တွင်သာ ပေါင်းစပ်နိုင်၏၊ သရရှည် အာ, ဤ, ဦ နှင့် ပေါင်းစပ်လျှင် ထို အာ, ဤ, ဦ တို့သည် မိမိဆိုင်ရာ သရတို အ, ဣ, ဥ သို့ ပြောင်း၏။

သရ ၂-လုံး ပေါင်းစပ်ပုံ

[edit]

ဌာန်တူသော သရ ၂-လုံး ပေါင်းလျှင်

                          ပုံစံ - အ + အာ = အာ
                               ဣ + ဤ = ဤ
                               ဥ + ဦ = ဦ သို့ ပြောင်းလဲ၏၊

ဌာန်မတူသော သရ ၂-လုံး ပေါင်းလျှင်

                        ပုံစံ -အ + ဣ /ဤ = ဧ           
                            အ + ဥ /ဦ = ဩ သို့ပြောင်းလဲ၏။

အသံဖြစ်ရာနေရာ(ဌာန်) - သရတို သရရှည်

[edit]

အ အာ လည်ချောင်း

ဣ ဤ အာစောက်

ဥ ဦ နှုတ်ခမ်း

လည်ချောင်းနှင့် အာစောက်

လည်ချောင်း နှင့် နှုတ်ခမ်း

စကားလုံးတစ်ခုဖြစ်ရန် အက္ခရာ(စာလုံး)များ ပေါင်းထားခြင်းဖြစ်ရာ ပါဠိအက္ခရာများ ပေါင်းစပ်ပုံကို သိမှသာလျှင် ပါဠိစကားလုံးများ၏ အသံထွက်ပုံကို (အလွတ်မှတ်ပုံ မဟုတ်ဘဲ) သိပါမည်၊ ထို့ကြောင့် ပါဠိအက္ခရာများ ပေါင်းစပ်ပုံကို ရှေးဦးစွာ လေ့လာရပါမည်။

၂။ အက္ခရာများ ပေါင်းစပ်ပုံ (ဆင့်ပုံ-သို့-တွဲပုံ)

[edit]

၁။ ဗျည်းအက္ခရာများ ပေါင်းစပ်ပုံ (ဆင့်ပုံ-သို့-တွဲပုံ)

[edit]

(၁) အုပ်စုဗျည်းများ ပေါင်းစပ်ပုံ

[edit]

ဆိုင်ရာအုပ်စု အချင်းချင်းသာ တွဲခွင့် ရှိ၏၊ ထိုသို့ တွဲရာတွင် ၁ နှင့် ၁, ၁ နှင့် ၂, ၃ နှင့် ၃, ၃ နှင့် ၄ ဆင့်ရ၏။ နံပါတ်-၅ ကိုမူ ဆိုင်ရာအုပ်စုဗျည်း ၅-ခုလုံးနှင့် ဆင့်ခွင့် ရှိ၏။ (ဤသို့ တိကျသောစနစ် ရှိ၏။)

အုပ်စုဗျည်းများ တွဲပုံ(ဆင့်ပုံ)

[edit]

ဇယား (၃)

က္က က္ခ ဂ္ဂ ဂ္ဃ င်္က င်္ခ င်္ဂ င်္ဃ က-အုပ်စု
စ္စ စ္ဆ ဇ္ဇ ဇ္ဈ ဉ္စ ဉ္ဆ ဉ္ဇ ဉ္ဈ ည စ-အုပ်စု
ဋ္ဋ ဋ္ဌ ဍ္ဍ ဍ္ဎ ဏ္ဋ ဏ္ဌ ဏ္ဍ ဏ္ဏ ဋ-အုပ်စု
တ္တ တ္ထ ဒ္ဒ ဒ္ဓ န္တ န္ထ န္ဒ န္ဓ န္န တ-အုပ်စု
ပ္ပ ပ္ဖ ဗ္ဗ ဗ္ဘ မ္ပ မ္ဖ မ္ဗ မ္ဘ မ္မ ပ-အုပ်စု

(၂) အုပ်စုမဲ့ဗျည်းများ ပေါင်းစပ်ပုံ

[edit]

အုပ်စုမဲ့ဗျည်း ၈-လုံးအနက် ယ, ရ, ၀, ဟ ၄-လုံးသည် အောက်ပါသင်္ကေတ အသွင် ပြောင်းဆင့်ကြ၏။

ဇယား (၄)

ဗျည်း သင်္ကေတ ပုံစံများ
ျ (ယပင့်) ကျ ချ ဂျ တျ ပျ ဗျ မျ ယျ လျ
ြ (ရရစ်) ကြ ခြ တြ ဒြ ပြ ဗြ မြ
ွ (ဝဆွဲ) ကွ ခွ တွ ဒွ ဓွ နွ ယွ သွ ဟွ
ှ (ဟထိုး) ဉှ ဏှ နှ မှ ဝှ ဠှ

အုပ်စုမဲ့ဗျည်း ၈-လုံးအနက် ယ, လ, ဝ, သ ၄-လုံးသည် လုံးတူ ၂-လုံး ဆင့်ကြ၏။ ယျ, လ္လ, ဿ, ဝွ > ဗ္ဗ,

နှစ်လုံးဆင့်များ

[edit]
  • ၁။ ည သည် ဉ နှစ်လုံးဆင့်
  • ၂။ ဋ္ဌ သည် ဋ နှင့် ဌ နှစ်လုံးဆင့်
  • ၃။ ဍ္ဎ သည် ဍ နှင့် ဎ နှစ်လုံးဆင့်
  • ၄။ ဿသည် သ နှစ်လုံးဆင့်

နာသိကဗျည်း

[edit]

(နှာခေါင်းသံဖြင့် ရွတ်ဆိုရသောဗျည်း) မှာ ၆-လုံး ရှိ၏၊

၎င်းတို့မှာ င် ဉ် ဏ် န် မ် နှင့် ံ-

နိဂ္ဂဟိတ် (ံ-) သည် အလွန်ထူးခြား၏၊ ယင်းသည် ကျန်နာသိကဗျည်း ၅-လုံးသို့ (သဒ္ဒါနည်းအရ) ပြောင်းလဲနိုင်၏၊ နိဂ္ဂဟိတ် (ံ-)သည် ကျန်နာသိကဗျည်း ၅-လုံး၏ အတိုကောက်(ပုံစံတို)ဟု အကြမ်းအားဖြင့် မှတ်ထားနိုင်၏။

ပုံစံ - ကမ် = ကံ၊ လောကဓမ္မ = လောကဓမ် - လောကဓံ၊ သရဏဂုဏ် - သရဏဂုံ

၂။ ဗျည်းနှင့် သရအက္ခရာများ ပေါင်းစပ်ပုံ (ဆင့်ပုံ-သို့-တွဲပုံ)

[edit]
  • (၁) ဗျည်းနှင့် အ-သရ တွဲပုံ ပုံစံ - က် + အ (အ) (-) = က

မှတ်ချက်။ ။ စင်စစ် ဇယား-၁ တွင် ဖော်ပြထားသော အက္ခရာများမှာ ရေးထုံးအတိုင်း(ထုံးစံအတိုင်း)သာ ဖော်ပြထားခြင်း ဖြစ်သည်၊ အမှန် စင်စစ် ထိုဗျည်းတို့မှာ ‘အ’သရနှင့် တွဲပြီးသားပုံစံ ဖြစ်၏၊

(ပုံစံ က - က် + အ) (က်သည် ဗျည်းအစစ်) (ကသည် က်-ဗျည်းနှင့် အ-သရ တွဲထားခြင်း ဖြစ်၏၊)

  • (၂) ဗျည်းနှင့် အာ-သရ တွဲပုံ ပုံစံ - က် + အာ (အာ) ( ာ)= ကာ
  • (၃) ဗျည်းနှင့် ဣ-သရ တွဲပုံ ပုံစံ - က် + ဣ (အိ) ( ိ) = ကိ
  • (၄) ဗျည်းနှင့် ဤ-သရ တွဲပုံ ပုံစံ - က် + ဤ (အီ) ( ီ) = ကီ
  • (၅) ဗျည်းနှင့် ဥ-သရ တွဲပုံ ပုံစံ - က် + ဥ (အု) ( ု) = ကု
  • (၆) ဗျည်းနှင့် ဦ-သရ တွဲပုံ ပုံစံ - က် + ဦ (အူ) ( ူ) = ကူ
  • (၇) ဗျည်းနှင့် ဧ-သရ တွဲပုံ ပုံစံ - က် + ဧ (‌အေ) (​ေ) = ကေ
  • (၈) ဗျည်းနှင့် ဩ-သရ တွဲပုံ ပုံစံ - က် + ဩ (အော) (‌ော) = ကော
  • (အာ) စသည်သည် အသံထွက်၊( ာ) စသည်သည် ရေးထုံး ဖြစ်၏။

၃။ ပါဠိဖတ်နည်း ပုံသေနည်း

[edit]

၁။ နှစ်လုံးဆင့်လျှင်၊ အထက်တွင်၊ သတ်ပင် မြဲဧကန်။

နှစ်လုံးဆင့် (ပါဌ်ဆင့်) စာလုံးတို့ကိုတွေ့လျှင် အထက်ကစာလုံး၌ အသတ် ထည့် ဖတ်ရမည်၊ အောက်စာလုံးသည် ပင်ကိုယ်အက္ခရာအသံ ဖြစ်၏။

(လုံးကြီးတင်, ချောင်းငင်, သဝေထိုး, ရေးချ, သေးသေးတင်တို့သည် အောက် စာလုံး(အက္ခရာ)နှင့်သာ ဆိုင်သောကြောင့် အောက်စာလုံးနှင့်သာ တွဲဖတ်ရ၏။)

ပုံစံ - စက္ကဝါဠေသု - (စက်ကဝါဠေသု) = (စက်ကဝါလေသု)
          ဒုက္ခ - (ဒုက်ခ) = (ဒုတ်ခ)

အသံထွက် မှတ်ရန်မှာ -

(၁) အုပ်စုဗျည်း ၂၅-လုံးတွင် အုပ်စုတူချင်း ဖြစ်သော အမှတ်စဉ် ၁ နှင့် ၃- အသတ်တို့သည် အသံတူကြ၏။ ဆိုလိုချက် -

က-သတ် နှင့် ဂ-သတ် အသံတူသည်။ (ပုံစံ - အက်, အဂ် = အက်)
စ-သတ် နှင့် ဇ-သတ် အသံတူသည်။ (ပုံစံ - အစ်, အင် - အစ်)
ဋ-သတ် နှင့် ဍ-သတ် အသံတူသည်။ (ပုံစံ - အဋ်, အဍ် = အဋ်) (အတ်) 
တ-သတ် နှင့် ဒ-သတ် အသံတူသည်။ (ပုံစံ - အတ်, အဒ် = အတ်)
ပ-သတ် နှင့် ဗ-သတ် အသံတူသည်။ (ပုံစံ - အပ်, အဗ် = အပ်)

(၂) အမှတ်စဉ် ၅ မှ နှင့် -အသတ်တို့သည်လည်းကောင်း၊ ဏ, န, မ - အသတ်တို့သည်လည်းကောင်း အသံတူကြ၏။

ပုံစံ - အင်, အဉ် = အင် (သဉ္စ - သင်စ၊ အညတရာ = အင်ဉတရာ) 
=အဏ်, မန်, အမ် - အန် (သမန္တာ - သမန်တာ၊ ကဏ္ဋက - ကန်တက၊ ဘုမ္မာ - ဘုမ်မာ)

၂။ သဝေလည်း ထိုး၊ တ-သတ် မျိုး၊ ဖတ်ရိုး စ-သတ်သံ။ (က, ပ-သတ်များလည်း နည်းတူ) (အေသံ)

သဝေထိုးလည်း ပါ၊ တ-သတ်လည်း ပါလျှင် အသံထွက်သောအခါ စ-သတ် သံဖြင့် အသံထွက်ပါ။

ပုံစံ- ခေတ္တ = (ခေတ်တ) (ခစ်တ)
    မေတ္တ = (မေတ်တ) (မစ်တ)
   ဥပေက္ခာ = (ဥပေက်ခါ) (ဥပစ်ခါ)

၃။ သဝေလည်း ထိုး၊ န-သတ် မျိုး၊ ဖတ်ရိုး င-သတ်သံ။ (ဉ, မ-သတ်များလည်း နည်းတူ) (အေသံ)

သဝေထိုးလည်း ပါ၊ န-သတ်လည်း ပါလျှင် င-သတ်သံဖြင့် အသံထွက်ပါ။

ပုံစံ- ဒဿေန္တိ = (ဒသ်သေန်တိ) (ဒသ်သင်တိ)
    ပူရေန္တံ = (ပူရေန်တံ) (ပူရင်တံ)

၄။ သဝေ- ရေးချ၊ သတ်မြင်က၊ ဖတ်ကြ ဝ-ဆွဲသံ။ (အောသံ)

သဝေထိုးလည်း ပါ၊ ရေးချလည်း ပါ၊ အသတ်တစ်ခုလည်း ပါနေပါက ဆွဲသံဖြင့် ဖတ်ပါ။

ပုံစံ- သောတ္ထိ = (သောတ်ထိ) (သွတ်ထိ) 
    ဟောန္တု = (ဟောန်တု) (ဟွန်တု) 
  • ၄-က။ အောသံနောက်က၊ စ, တ, ပ၊ ဝဆွဲ တ-သတ်သံ။

ရှေ့စာလုံးသည် အော (ဩ)အသံ ဖြစ်၍ အသတ်စာလုံးသည် စ, တ, ပ အသတ်တစ်ခုခု ဖြစ်လျှင် ဝဆွဲ တ-သတ်သံဖြင့် ဖတ်ပါ။ (လိုရင်းမှာ အုပ်စုဗျည်း အမှတ်စဉ်-၁ များဖြစ်ကြသော စ, တ, ပ-သတ်များကို တ-သတ်သံဖြင့် ဖတ်ပါ။)

ပုံစံ- သောတ္ထာနံ = (သောတ်ထာနံ) (သွတ်ထာနံ)


* ၄-ခ။ အောသံနောက်က၊ ဉ, န, မ၊ ဝဆွဲ န-သတ်သံ။'

ရှေ့စာလုံးသည် အော (ဩ)အသံ ဖြစ်၍ အသတ်စာလုံးသည် ဉ, န, မ အသတ်တစ်ခုခု ဖြစ်လျှင် ဝဆွဲ န-သတ်သံဖြင့် ဖတ်ပါ။ (လိုရင်းမှာ အုပ်စုဗျည်း အမှတ်စဉ်-၅ များဖြစ်ကြသော င, ဉ, ဏ, န, မ-သတ် တို့ကို န-သတ်သံဖြင့် ဖတ်ပါ။)

ပုံစံ- ဟောန္တု = (ဟောန်တု) (ဟွန်တု)

၅-က။ အိ, အု နှစ်ဝ၊ က, စ, ပ၊ ဖတ်ကြ တ-သတ်သံ။

ရှေ့စာလုံးသည် အိ, အု (ဣ, ဥ)အသံတစ်ခုခု ဖြစ်၍ အသတ်စာလုံးသည် က, စ, ပ အသတ်တစ်ခုခု ဖြစ်လျှင် တ-သတ်သံဖြင့် ဖတ်ပါ။ (လိုရင်းမှာ အုပ်စုဗျည်း အမှတ်စဉ်-၁ များဖြစ်ကြသော က, စ, ဋ, တ, ပ-သတ်များကို တ-သတ်သံဖြင့် ဖတ်ပါ။)

ပုံစံ- ဘိက္ခု = (ဘိက်ခု) (ဘိတ်ခု)
   ဥပ္ပဇ္ဇေယျ = (ဥပ်ပဇ်ဇေယျ) (အုတ်ပစ်ဇေယ)

၅-ခ။ အိ အု နှစ်ဝ၊ င, ဉ, ယ၊ ဖတ်ကြ န-သတ်သံ။

ရှေ့စာလုံးသည် အိ, အု (ဣ, ဥ)အသံတစ်ခုခု ဖြစ်၍ အသတ်စာလုံးသည် င, ဉ, ယ အသတ်တစ်ခုခု ဖြစ်လျှင် န-သတ်သံဖြင့် ဖတ်ပါ။ (လိုရင်းမှာ အုပ်စုဗျည်း အမှတ်စဉ်-၅ များဖြစ်ကြသော င, ဉ, ဏ, န, မ-သတ်များကို န-သတ်သံဖြင့် ဖတ်ပါ။)

ပုံစံ- အဘိညာယ = (အဘိဉ်ဉာယ) (အဘိန်ညာယ) 
     ဝိညူဟိ = (ဝိဉ်ဉူဟိ) (ဝိန်ညူဟိ)
     ပုည = (ပုဉ်ည) (ပုန်ည)
     သုည = (သုဉ်ဉ) (သုန်ည)

၆။ အုပ်စုမဲ့ထပ် ထိုအသတ် ရွတ်ဖတ်ကြိမ်နှစ်သံ။

အုပ်စုဗျည်းနှင့် အုပ်စုမဲ့ဗျည်း အထပ်(အဆင့်)တို့ကို ဖတ်သောအခါ အသတ် အတွက် တစ်ကြိမ်၊ အဆင့်အတွက် တစ်ကြိမ်၊ နှစ်ကြိမ်အသံ ထွက်ရမည်။

ပုံစံ- သကျ = သက်ကျ (အသတ်တစ်ကြိမ်၊ အဆင့်တစ်ကြိမ်)
    အမှေ = အမ်မှေ
   စကြဝဠ = စက်ကြဝဠ

၇။ သ-သတ်ကို တ၊ လ-သတ်ကို န၊ ဖတ်မှ အသံမှန်။

ပုံစံ- ဒဿန = (ဒသ်သန) (ဒတ်သန) 
   ဓမ္မဿဝန = (ဓမ်မသ်သဝန) (ဓမ်မတ်သဝန) 
   ပလ္လင်္ကေ = (ပလ်လင်ကေ) (ပန်လင်ကေ)

ပါဠိအသံထွက်၌ ဂရုစိုက်ဖွယ်များ

[edit]

၁။ ယပင့်, ရရစ် မပါသောစာလုံးများကို ယပင့်, ရရစ် သံများ ထည့်မဖတ်ရပါ။

(၁) ‘ပ’ ကို “ပ”ဟုသာ အသံထွက်ရသည်၊ ပြ၊ ပျဟု အသံမထွက်ရပါ။

(ဥပမာ- ပစ္စယ - ပစ်စယ- ဟု သာ၊ ပြစ်(ပျစ်)စယဟု အသံမထွက်ရ)

(၂) ‘ဗ’ကို ‘ဗ’ဟုသာ၊ ဗြ၊ ဗျ-ဟု အသံမထွက်ရပါ။

(သဗ္ဗညုတ- သဗ်ဗဉ်ဉုတ၊ သဗ်ဗြဉ်(ဗျဉ်)ဉုတ×)

(၃) ‘မ’ကို ‘မ’ဟုသာ၊ မြ၊ မျ-ဟု အသံမထွက်ရပါ။

(မေတ္တာ - မေတ်တာ - မစ်တာ ၊ မျစ်တာ x)

၂။ (၁) ‘ယ’ကို ‘ယ’-ဟုသာ ဖတ်ရမည်။

(၂) ‘ရ’ကိုမူ အင်္ဂလိပ်အက္ခရာ R နှင့်တူစွာ လျှာလိပ်သံဖြင့် ဖတ်ရမည်၊

‘ယ’ ဟု မဖတ်ရ။ (ရတနံ = ရတနံ ၊ ယတနံ x)

၃။ မ-သတ်သည် ပါးစပ်ပိတ်၍ နှာခေါင်းမှ အသံထွက်ရသည်။

၄။ ပါဠိ၌ ဝစ္စပေါက် လုံးဝမရှိပါ၊ ထို့ကြောင့် ဝစ္စပေါက်သံ မပါအောင် ဂရုစိုက်ပါ။

၅။ တဆက်တည်း ရွတ်ရမည့်နေရာ၌ တဆက်တည်း ဖတ်၍၊ ဖြတ်၍ ရွတ်ရမည့် နေရာ၌ ဖြတ်၍ ရွတ်ရန်။

ပါဠိဖတ်နည်း အကျဉ်းချုပ်ဇယား

[edit]
သရသံ အသတ် အသံထွက်
က, ဂ က်
စ, ဇ စ်
ဋ, ဍ တ်
တ, ဒ တ်
ပ, ဗ ပ်
အိ, အု က, စ, ပ တ်
င, ဉ, ယ န်
အေ က, တ, ပ စ်
ဉ, န, မ င်
အော စ, တ, ပ ွတ်
ဉ, န, မ ွန်