ပရိတ်တော်အကြောင်း သိကောင်းစရာ (ဆရာ)

From Wikisource
Jump to navigation Jump to search
ဗုဒ္ဓဘာသာသင်ခန်းစာ ဆဋ္ဌမတန်း (ဆရာလမ်းညွှန်)
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
၃၃။ ပရိတ်တော်အကြောင်း သိကောင်းစရာ(ကျောင်းသားကိုင်သို့)
348415ဗုဒ္ဓဘာသာသင်ခန်းစာ ဆဋ္ဌမတန်း (ဆရာလမ်းညွှန်) — ၃၃။ ပရိတ်တော်အကြောင်း သိကောင်းစရာ(ကျောင်းသားကိုင်သို့)ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၃၃)

သင်ခန်းစာခေါင်းစဉ်။ ။ ပရိတ်တော်အကြောင်း သိကောင်းစရာ ။

ယေဘုယျရည်ရွယ်ချက်။ ။ ပရိတ်တော် ရွတ်ဖတ်ရခြင်း၏ အကျိုးကျေးဇူးကို သိရှိပြီး ပရိတ်ရွတ်ဖတ်ရာတွင် စနစ်တကျ စီစဉ်ဆောင်ရွက်၍ နေ့စဉ်ရွတ်ဖတ်တတ်ရန်။

စာသင်ချိန် (၁)။ ။ ၆၀ မိနစ်

အသေးစိတ်ရည်ရွယ်ချက်။ ။ ပရိတ်ရွတ်ဖတ်ရခြင်း၏ အကျိုးနှင့် ရွတ်ဖတ်သူ၊ နာယူသူတို့ ပြည့်စုံရမည့် အင်္ဂါရပ်များကို ရှင်းပြတတ်ရန်။

သင်ထောက်ကူပစ္စည်း။ ။ ကျောင်းသားကိုင်စာအုပ်။

သင်ယူမှုလုပ်ငန်းစဉ်

လုပ်ငန်း (၁) မေးခွန်းမေး၍ နိဒါန်းပျိုးခြင်း။

(၁၀ မိနစ်)

֍ အောက်ပါမေးခွန်းများဖြင့် စာသင်ချိန်ကို စတင်ပါ။

-ကလေးတို့ ... ပရိတ်ရွတ်ဖတ်တဲ့ အသံတွေ ကြားဖူးလား။
-ဘယ်နေရာတွေမှာ ပရိတ်ရွတ်ဖတ်တဲ့အသံတွေ ကြားရသလဲ။
-ဘယ်နေ့တွေမှာ ပရိတ်ရွတ်ဖတ်သံတွေ ကြားရသလဲ။
-ကလေးတို့ အိမ်မှာ ပရိတ်ရွတ်ဖတ်ကြလား။
-ဘယ်သူတွေက ရွတ်ဖတ်ကြသလဲ။
-ပရိတ်တော်ကို ဘာကြောင့် ရွတ်ဖတ်ကြတယ်လို့ ထင်သလဲ။

֍ ထို့နောက် “ပရိတ်တော်အကြောင်း သိကောင်းစရာ”မှ ဖတ်ရန်အခက်အခဲရှိသော စကားလုံးများနှင့် အဓိပ္ပာယ် မသိသော စကားလုံးများကို ရှာကြပါစေ။ ထို့နောက် ပြောနိုင်မည့်ကလေး (သို့) ပြောချင်သည့် ကလေးကို ဆရာက ဖိတ်ခေါ်၍ ဖတ်ရန်အခက်အခဲရှိသော စကားလုံးများနှင့် အဓိပ္ပာယ်ကို ပြောပါစေ။ (ဆွေးနွေးဖြေကြားမည့်သူ မရှိမှသာလျှင် ဆရာက ပြောပြပါ။)

လုပ်ငန်း (၂) အုပ်စုဖွဲ့ ဆွေးနွေးတင်ပြခြင်း၊

(၄၀ မိနစ်)

֍ ကလေးများကို အုပ်စု(၅) စု ဖွဲ့၍ ပရိတ်တော်အကြောင်း သိကောင်းစရာပါ စာပိုဒ်များကို အုပ်စု(၅) စုအား ခွဲဝေပြီး ဖတ်ကြပါစေ။ ဖတ်ရန် အချိန်လုံလောက်စွာ ပေးပါ။

ပရိတ်တော်အကြောင်း သိကောင်းစရာ

ပရိတ်။ ။ မြန်မာနိုင်ငံအပါအဝင် ဗုဒ္ဓဘာသာနိုင်ငံကိုင်း၌ ပရိတ်တရားကို အလေးအနက်ထားရွတ်ဖတ်ကြသည်။ ပရိတ်မရွတ်သော ဘာသာရေးအဝမ်းအနားသည် ဆားမပါးသော ဟင်းကဲ့သို့ ဖြစ်သည်။ ဗုဒ္ဓဘာသာမှန်လျှင် ပရိတ်မရွတ်ဖူးသူ၊ ပရိတ်မနာဖူးသူ မရှိသလောက်ပင်ဖြစ်၏။ ဘုန်းကြီးကျောင်းသား ကိုရင်များသည် ပရိတ်ကို ခုနစ်နှစ်သား ရှစ်နှစ်သားအရွယ်ကပင် အရကျက်ခဲ့ကြရပေသည်။

ပရိတ်ဟူသော စကားသည် “ပရိတ္တ”ဟူသော ပါဠိမှ ဆင်းသက်လာသော စကားဖြစ်၏။ “ပရိတ္တ” ဟူသော ပါဠိသည် အရံအတား၊ အကာအကွယ်၊ အစောင့်အရှောက်ဟူသော အဓိပ္ပာယ်ကို ဆောင်၏။ သို့ဖြစ်၍ ပရိတ်တရား ဟူသည် ဘေးရန်အန္တရာယ်တို့မှ ကာကွယ်စောင့်ရှောက်တတ်သော တရား၊ အန္တရာယ်ကင်းစေတတ်သောတရားဟု အဓိပ္ပာယ်ရသည်။ ထို့အပြင် ပရိတ်တရားတော်များသည် အန္တရာယ်ကင်းခြင်းအကျိုးသာမက ချမ်းသာသုခနှင့် ပြည့်စုံခြင်း အကျိုးကိုလည်း ရရှိစေနိုင်ပါသည်။

ပရိတ်ရွတ်ဖတ် နာကြားရကျိုးများ

သာသနာနှစ် ၅၁၁ ခန့်၌ ပေါ်ထွန်းခဲ့သော မိလိန္ဒမင်းကြီးသည် ပရိတ်ရွတ်ဖတ် နာကြားရကျိုးနှင့် ပတ်သက်၍ အရှင်နာဂသိန်မထေရ်မြတ်အား မေးလျှောက်ခဲ့ဖူး၏။

မိလိန္ဒမင်း။ ။ အရှင်ဘုရား ... မည်သည့်နေရာမှာနေနေ သေမင်း၏ ကျော့ကွင်းမှ လွတ်မြောက်တော်သောနေရာ မရှိနိုင်ဟူသော စကားကိုလည်း မြတ်စွာဘုရား ဟောကြားထားတော်မူပါသည်ဘုရား။ ပရိတ်တရားကို ရွတ်ဖတ်နာကြားလျှင် အန္တရာယ်ကင်းနိုင်၊ အသက်ရှည်စေနိုင်သည်ဟူသော စကားကိုလည်း မြတ်စွာဘုရား ဟောကြားထားတော်မူပါသည်ဘုရား။ ဤစကားနှစ်ရပ်သည် ဆန့်ကျင်နေသည် မဟုတ်ပါလားဘုရား၊

အရှင်နာဂသိန်။ ။ ဒကာတော်မင်းမြတ် ... မြတ်စွာဘုရား ထိုကဲ့သို့ ဟောကြားထားတော်မူခဲ့သည်မှာ မှန်ပါ၏။ သို့သော် သေပြီးသော သစ်ပင်ကို ရေအိုးပေါင်းတစ်ထောင်ဖြင့် လောင်းသော်လည်း တစ်ဖန်ပြန်၍ ရှင်မလာနိုင်သကဲ့သို့လည်းကောင်း၊ လယ်သမားသည် ကောက်ပင်နုသောအခါ၌သာလျှင် လယ်ထဲသို့ ရေသွင်း သကဲ့သို့လည်းကောင်း ပရိတ်တရားတော်များသည် အသက်ကြွင်းရှိသေးသူ၊ အရွယ်ရှိသေးသူနှင့် ပဉ္စာနန္တရိယကံကြီး မထိုက်သူတို့ကိုသာ အန္တရာယ်ကင်းစေ၊ အသက်ရှည်စေနိုင်ပါသည်။

ဤအမေးအဖြေကို ကြည့်ခြင်းအားဖြင့် ပရိတ်တရားတော်များသည် အန္တရာယ်ကင်းစေလျက် အသက်ရှည်-စေနိုင်၏ဟု သိနိုင်ပါသည်။ ထို့အပြင် ပရိတ်တရားတော်များကို ဆင်ခြင်သုံးသပ်ကြည့်သောအခါ သစ္စာ၊ မေတ္တာ တရားတို့နှင့်တကွ ဗုဒ္ဓါနုဿတိ၊ ဓမ္မာနုဿတိနှင့် သံဃာနုဿတိဘာဝနာတို့ကိုပါ တွေ့မြင်ရသည်။ သို့ဖြစ်၍ ဗုဒ္ဓါနုဿတိစသည်တို့၏ အကျိုးတရားများကိုလည်း ရရှိခံစားနိုင်သည်။

ဗုဒ္ဓါနုဿတိစသည်တို့၏ အကျိုးတရားများမှာ မြတ်စွာဘုရားအပေါ်၌ ရိုသေလေးစားမှုရှိခြင်း၊ သဒ္ဓါ၊ သတိ၊ ပညာတရားတို့ တိုးပွားခြင်း၊ နှစ်သက်ဝမ်းမြောက်မှုဖြစ်ခြင်း၊ ကြောက်မက်ဖွယ် ဘေးအန္တရာယ်ဆိုးကြီးများကို မကြောက်လန့်ခြင်း၊ ဆင်းရဲဒုက္ခတို့ကို ခံနိုင်ရည်ရှိခြင်း၊ မြတ်စွာဘုရားနှင့် အတူတကွ နေရသည်ဟူသော အမှတ်သညာကိုရခြင်း၊ ဗုဒ္ဓါနုဿတိပွားများသူ၏ ခန္ဓာကိုယ်သည် စေတီကဲ့သို့ ပူဇော်ထိုက်ခြင်း၊ မကောင်းမှု ကျူးလွန်စရာ တွေ့ကြုံခဲ့သော် မြတ်စွာဘုရားကို မျက်မှောက်၌ မြင်နေရသကဲ့သို့ ရှက်၊ ကြောက်မှု (ဟိရိဩတ္တပ္ပ) ဖြစ်ခြင်း၊ ကောင်းသော ဘုံဘဝသို့ ရောက်ရခြင်းစသည်တို့ ဖြစ်သည်။

ပရိတ်ရွတ်ဖတ်သူနှင့် နာယူသူတို့ ပြည့်စုံရမည့် အင်္ဂါများ။ ။ အထက်ပါအကျိုးတရားများ ရရှိရန်အတွက် ပရိတ်ရွတ်ဖတ်သူနှင့် နာယူသူတို့ ပြည့်စုံရမည့် အင်္ဂါများရှိသည်။ ပရိတ်ရွတ်ဖတ်သူ၌ ပြည့်စုံရမည့်အင်္ဂါများမှာ-(၁) ပရိတ်တော်ကို ပါဠိသဒ္ဒါ မှန်ကန်စွာ ရွတ်ဆိုတတ်ခြင်း၊ (၂) ပရိတ်တော်၏ အနက်အဓိပ္ပာယ်ကို သိခြင်းနှင့် (၃) လာဘ်လာဘကို မမျှော်ကိုးဘဲ မေတ္တာရှေ့ထား၍ ရွတ်ဆိုခြင်းတို့ ဖြစ်သည်။ ပရိတ်နာယူသူတို့ ပြည့်စုံရမည့် အင်္ဂါများမှာ-(၁) ပဉ္စာနန္တရိယကံကြီး မထိုက်သူဖြစ်ခြင်း (၂) နိယတမိစ္ဆာဒိဋ္ဌိ မဖြစ်ခြင်းနှင့် (၃) ပရိတ်တော်၏ အစွမ်းကို ယုံကြည်သူဖြစ်ခြင်းတို့ ဖြစ်သည်။

ပရိတ်ရွတ်ဖတ်ပုံ အစီအစဉ်။ ။ ပရိတ်ပန်းအိုး၊ ပရိတ်ရေ၊ ပရိတ်ချည်၊ ပရိတ်သဲများကို ရဟန်းတော်များ၏ ရှေ့တွင်ထား၍ ပရိတ်ရွတ်ဖတ် နာယူခြင်း၊ ရွတ်ဖတ်သော ရဟန်းတော်၏လက်ဖြင့် ပရိတ်ရေကို လှုပ်စေ၍ ပရိတ်ချည်ကို လက်ဖြင့် ပွတ်သပ်ကာ ရွတ်ဖတ်ခြင်းတို့ကို ပြုလုပ်သင့်ကြောင်း ကျမ်းဂန်များတွင် လမ်းညွှန်ထားပါသည်။ ထိုလမ်းညွှန်ချက်များအတိုင်း မြန်မာနိုင်ငံအပါအဝင် ထေရဝါဒနိုင်ငံများ၌ လိုက်နာဆောင်ရွက်ကြသည်ကို တွေ့ရသည်။

အထက်ပါလမ်းညွှန်ချက်အရ ပရိတ်ရွတ်ဖတ်သော သံဃာတော်များသည် မိမိတို့ ပြည့်စုံရမည့် အင်္ဂါသုံးချက်ကို ပြည့်စုံစေပြီး နာယူသူ ဒါယကာ၊ ဒါယိကာမများကလည်း မိမိတို့ပြည့်စုံရမည့် အင်္ဂါသုံးချက် ပြည့်စုံအောင် ကြိုးစားသင့်ပါသည်။ သို့မှသာ အန္တရာယ်ကင်းခြင်း၊ ကောင်းကျိုးချမ်းသာမင်္ဂလာများ တိုးပွားခြင်းစသည့် အကျိုးတရားများကို ဧကန်မုချ ရရှိမည် ဖြစ်ပါသည်။

မှီငြမ်း။ ။ ပစ္စုပါသမုတ္တိပဉှာ၊ မိလိန္ဒပဉှာဝတ္ထု၊ အရှင်ဂုဏာလင်္ကာရမထေရ်၊ ၂၇၈-၂၀၄။ နိဒါန်း၊ ပရိတ်တော်အဓိပ္ပာယ် ကြည်ညိုဖွယ်၊ အရှင်သာသနဝရ၊ (က)-(ည)၊

ဆရာသိရန်-

ပဉ္စာနန္တရိယကံ = အမေကို သတ်ခြင်း၊ အဖေကို သတ်ခြင်း၊ ရဟန္တာကို သတ်ခြင်း၊ ဘုရားရှင်ကို သွေးစိမ်းတည်အောင် ပြုလုပ်ခြင်း၊ သံဃာသင်းခွဲခြင်း။
နိယတမိစ္ဆာဒိဋ္ဌိ = သေလွန်ပြီးနောက် ဖကန်မုချ ငရဲ၌ အကျိုးပေးသော အယူမှား။ နိယတမိစ္ဆာဒိဋ္ဌိတွင်
(၁) အဟေတုကဒိဋ္ဌိ-အကြောင်းတရားမရှိဘဲ ကောင်းကျိုးဆိုးကျိုးများကို ခံစားကြရသည်ဟု မှားယွင်းစွာ ယူဆခြင်း၊
(၂) အကိရိယဒိဋ္ဌိ-ကုသိုလ်အကုသိုလ်ကံကို မယုံကြည်သော မိစ္ဆာအယူ၊
(၃) နတ္ထိကဒိဋ္ဌိ-ဒါနစေတနာ၏ အကျိုးတရား မရှိဟုယူဆသော အယူမှား ဟု သုံးမျိုးရှိသည်။

֍ ဖတ်ပြီးပါက မိမိတို့ဖတ်ထားသော စာပိုဒ်မှ အဓိကအချက်များကို အုပ်စုကိုယ်စားလှယ်တစ်ဦးစီက အတန်းသို့ အလှည့်ကျ ပြန်လည်တင်ပြပါစေ။ တစ်ဦးတင်ပြနေချိန်တွင် ကျန်ကလေးများကို နားထောင်စေပြီး နားမလည် သောအချက်များ ပါလာပါက မေးမြန်ဆွေးနွေးကြပါစေ။

֍ တင်ပြချက်များတွင် လိုအပ်ချက်များရှိပါက ဆရာက မေးခွန်းအဖြစ်ပြောင်းလဲ၍ မေးမြန်းဆွေးနွေးပါ။

֍ ဆွေးနွေးပြီးပါက ကလေးများကို “ပရိတ်တော်အကြောင်းသိကောင်းစရာ” အကြောင်းအရာတစ်ပုဒ်လုံးကို ပြန်လည်ဖတ်ရှုကြပါစေ။

လုပ်ငန်း (၃) မေးခွန်းမေး၍ အနှစ်ချုပ်ခြင်း။

(၁၀ မိနစ်)

֍ အောက်ပါမေးခွန်းများကို မေး၍ အနှစ်ချုပ်ပါ။

-ပရိတ်ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပာယ်ကို ဘယ်လို နားလည်သလဲ။
-ပရိတ်ရွတ်ဖတ်နာကြားရတဲ့အခါ ဘယ်လို အကျိုးကျေးဇူးတွေ ရရှိနိုင်သလဲ။
-ပရိတ်ရွတ်ဖတ်သူတွေမှာ ဘယ်လို အင်္ဂါရပ်တွေနဲ့ ပြည့်စုံရမလဲ။
-ပရိတ်နာယူသူတွေမှာ ဘယ်လို အင်္ဂါရပ်တွေနဲ့ ပြည့်စုံရမလဲ။

စာသင်ချိန် (၂)

အသေးစိတ်ရည်ရွယ်ချက်။ ။ ပရိတ်ရွတ်ပွဲကျင်းပရာတွင် စနစ်တကျ စီစဉ်ဆောင်ရွက်ရပုံကို ရှင်းပြတတ်ရန်။

သင်ထောက်ကူပစ္စည်း။ ။ ၊ စာရွက်လွတ်များ၊ ရောင်စုံစက္ကူပိုင်းများ၊ ကော်/တိတ်၊

လုပ်ငန်း (၁) တစ်ဦးချင်းလုပ်ငန်းပေးခြင်း။

သင်ယူမှုလုပ်ငန်းစဉ်

(၂၅ မိနစ်)

֍ “ကလေးတို့အနေနဲ့ ပရိတ်တရားဆိုတာ ဘယ်လိုတရားမျိုးဖြစ်တယ်၊ ပရိတ်တရားကို ဘယ်လိုနာယူသင့်တယ်၊ ရွတ်ဖတ်သူကလည်း ဘယ်လိုရွတ်ဖတ်ရမယ်ဆိုတာကို ဆွေးနွေးခဲ့ပြီးပြီ၊ ပရိတ်တရားရွတ်ဖတ်ပူဇော်မယ်ဆိုရင် ဘယ်လိုစီစဉ်ရမလဲဆိုတာကို ဆွေးနွေးကြရအောင်”ဟု ပြော၍စတင်ပါ။

֍ ထို့နောက် ကလေးများကို ရှစ်ယောက်ထက်မပိုသော အုပ်စုများ ဖွဲ့၍ အောက်ပါမေးခွန်းကို မေးပါ။ က‌လေးတစ်ယောက်ချင်းစီကအခြားသူများနှင့် မိမိဘာသာ စဉ်းစား၍ စဉ်းစားမှုရလဒ်များကို စာရွက်ပိုင်းများတွင် ရေးသားပါစေ။ (စာရွက်တစ်ရွက်ကို စာရွက်ပိုင်းသုံးခုအဖြစ် ပိုင်းဖြတ်ပါ။)

သတိပြုရန် အချက်များ။ ။ (၁) စာရွက်ပိုင်းတစ်ခုတွင် အချက်တစ်ချက်သာ ရေးရန် (၂) စာလုံးကြီးကြီးရေးရန် (၃) အခြားသူများနှင့် မတိုင်ပင်ဘဲ မိမိစိတ်ကူးဖြင့် ရေးရန် (၄) သတ်မှတ်ထားသော အချိန်အတွင်း ရွတ်ဖတ်သူ၊ နာကြားသူ၊ လိုအပ်သောပစ္စည်း၊ စီစဉ်ရမည့်ပုံစံ စသည့်အချက်များ ပါဝင်နိုင်ရန် (ဆရာက ပံ့ပိုးပေးပါ။)

-ပရိတ်ရွတ်ဖတ်ပွဲ ကျင်းပမည်ဆိုပါက အကျိုးရှိသော ပရိတ်ရွတ်ဖတ်ပွဲဖြစ်အောင် ဘယ်လိုစီစဉ်ဆောင်ရွက်မလဲ။

လုပ်ငန်း (၂) ပြန်လည်တင်ပြခြင်းနှင့်ဖြည့်စွက်ဆွေးနွေးခြင်း ။

(၃၀ မိနစ်)

֍ တစ်ဦးချင်းရေးသားထားသော စာရွက်ပိုင်းများမှ တူရာအချက်များကို စုပေါင်းပြီး အုပ်စုအတွင်း သဘောတူညီမှု ရယူကာ ခေါင်းစဉ်တစ်ခုစီ ရေးကြပါစေ။ (ခေါင်းစဉ်ကိုရေးရာတွင် အရောင်ပါသောစာရွက်ကို အသုံးပြုပါစေ။ အရောင်ပါသောစာရွက်များ မရှိပါက ခေါင်းစဉ်ကို အရောင်မတူသောပင်ကို အသုံးပြု၍ ရေးသားကြပါစေ။

နမူနာပုံစံ-

ပရိတ်ရွတ်ဖတ်သူ ပြည့်စုံရမည့်အချက်များ (ခေါင်းစဉ်) အရောင်စာရွက်ပိုင်းကို သုံးရန်၊
ပရိတ်တော် ပါဠိသဒ္ဒါကို မှန်ကန်စွာ ရွတ်ဆိုမယ်
လာဘ်လာဘကို မမျှော်ကိုးဘဲ မေတ္တာရှေ့ထားပြီး ရွတ်ဆိုမယ်
ပရိတ်တော်၏ အနက်အဓိပ္ပာယ်ကို သိအောင်လုပ်မယ် (စာရွက်ပိုင်းများ)

֍ အထက်ပါ နမူနာလုပ်ငန်းစဉ်အတိုင်း အုပ်စုအားလုံးကို ပြုလုပ်စေပြီး ဆွေးနွေးရေးသားထားသော အချက်များကို အုပ်စုလိုက် စာရွက်ကြီးတွင် ကပ်စေကာ ကိုယ်စားလှယ်တစ်ဦးစီက တင်ပြပါစေ။

֍ အုပ်စုတစ်စုချင်းစီမှ ဆွေးနွေးတင်ပြချက်များကို ကျန်အုပ်စုများအား မေးမြန်းဆွေးနွေးစေပြီး လိုအပ်ချက်များကို ဆရာက ဖြည့်စွက်ဆွေးနွေးပါ။

လုပ်ငန်း (၃) မေးခွန်းမေးမြန်းခြင်းနှင့် အနှစ်ချုပ်ခြင်း။

(၅ မိနစ်)

֍ အောက်ပါမေးခွန်းကို မေး၍ သင်ခန်းစာကို အနှစ်ချုပ်ပါ။

-ကလေးတို့ အခုဆွေးနွေးလိုက်တဲ့ သင်ခန်းစာထဲက ဘာတွေကို သင်ယူရရှိလိုက်ပါသလဲ။

“ကလေးတို့ ... အခုဆိုရင် အကျိုးရှိတဲ့ ပရိတ်ရွတ်ဖတ်ပွဲဖြစ်အောင် ဘယ်လို စနစ်တကျ စီစဉ်ဆောင်ရွက် ရမယ်ဆိုတာတွေ၊ ပရိတ်တော်တွေကို ရွတ်ဖတ်ရင် ဘယ်လိုအကျိုးတွေ ရမယ်ဆိုတာတွေကို သိခဲ့ကြပြီ။ ဒါကြောင့် ပရိတ်ရွတ်ဖတ်ပူဇော်ပွဲတွေမှာ အကျိုးရှိစေဖို့ စနစ်တကျ စီစဉ်‌ဆောင်ရွက်ကြမယ်။ ‌နေ့စဉ် နေ့တိုင်းလည်း ကိုယ်တတ်နိုင်သလောက် ပရိတ်တရားတော်တွေကို ရွတ်ဖတ်ပူဇော်သွားကြရအောင်”ဟု ပြော၍ သင်ခန်းစာကို အနှစ်ချုပ်ပါ။