ပရိတ်ကြီး (၁၁)သုတ် ရွတ်ပွားရကျိုးကဗျာများ

From Wikisource
Jump to navigation Jump to search
ပရိတ်ကြီး (၁၁)သုတ် ရွတ်ပွားရကျိုးကဗျာများ
by အရှင်ခေမာစာရ (မန်းရေတံခွန်)

(၁) မင်္ဂလသုတ် ရွတ်ပွားရကျိုး[edit]

မင်္ဂလသုတ်ကို ရွတ်ဆိုကြစို့
မောင်လှမယ်နှမ တို့ညီညာ။
ဓိပ္ပာယ်သိကာ လိုက်နာသုံးတော့
ကိုယ်စိတ်နှလုံး ရွှင်လန်းဖြာ။
မကောင်းမှုတွေ ပယ်ရှောင်ဖြတ်လို့
ကောင်းကျိုးဆောင်တတ် အားကိုးရာ။
အရပ်တိုင်းမှာ ချမ်းသာရလို့
ဝမ်းသာရွှင်ပျ နေရတာ။
လောကုတ်လောကီ တက်နေမညှိုးသို့
ကျက်သရေတိုးလို့ လွန်ချမ်းသာ။
ချစ်သူပေါလှ၊ ရန်အောင်ရ
ဆောင်သမျှ အောင်မြင်မှာ။
အဲဒါမှ ဗုဒ္ဓအရှင်မြတ်၊ နှုတ်ခပါဌ် ပရိတ်တော်ပါ။

(၂) ရတနာသုတ် ရွတ်ပွားရကျိုး[edit]

ရတနသုတ်ကို ရွတ်ဆိုကြစို့
မောင်လှမယ်နှမ တို့ညီညာ။
ဗုဒ္ဓမြတ်စွာ လောင်းလျာတုန်းက
ပါရမီသုံးမျိုး ဖြည့်ခဲ့တာ။
စွန့်ခြင်းငါးဖြာ စရိယသုံးနဲ့
အမြတ်ဆုံးဘုရား ဖြစ်တဲ့ခါ။
ဓမ္မစကြာ တရားဦးနဲ့
ကိုးပါးအထူး လောကုတ္တရာ။
အာရုံပြုကာ ရွတ်အံဖတ်တဲ့
ရှင်အာနန်မြတ် ထေရ်ပမာ။
ရတနသုတ်ကို ရွတ်ဆိုပွားတော့
ရောဂါဘေးများ ကင်းပျောက်ကွာ။
ဘီလူးဖမ်းစား၊ ငတ်မွတ်များ
ကျော်လွှားလွတ်မြောက်မှာ။
အဲဒါမှ ဗုဒ္ဓအရှင်မြတ်၊ နှုတ်ခပါဌ် ပရိတ်တော်ပါ။

(၃) မေတ္တသုတ် ရွတ်ပွားရကျိုး[edit]

မေတ္တသုတ်ကို ရွတ်ဆိုကြစို့
မောင်လှမယ်နှမ တို့ညီညာ။
အိပ်လည်းချမ်းသာ၁ ကြည်လင်နိုး၂ လို့
အိပ်မက်ဆိုးလည်း မမက်ရာ၃။
လူရော နတ်ပါ ချင်ခင်ကြ၄၊၅ လို့
နတ်တွေကလည်း စောင့်ရှောက်လာ၆။
စိတ်လည်းတည်ကြည် လွန်ငြိမ်သက်၇ လို့
လက်နက်ဆိပ်မီး မထိနိုင်ပါ၈ ။
မျက်နှာကြည်လင် ၉ တွေဝေကင်းတဲ့
သေခြင်းကောင်းနဲ့ သေရတာ ၁ဝ။
မဂ်ပင်မရ၊ ဈာန်ယာဉ်ရ
ဗြဟ္မာ့ပြည်ရောက်မှာ ၁၁။
အဲဒါမှ ဗုဒ္ဓအရှင်မြတ် နှုတ်ခပါဌ်ပရိတ်တော်ပါ။

(၄ ) ခန္ဓသုတ် ရွတ်ပွားရကျိုး[edit]

ခန္ဓသုတ်ကို ရွတ်ဆိုကြစို့
မောင်လှမယ်နှမ တို့ညီညာ။
မြွေကင်းဘေးရန် ဝံ-သစ်-ကျားနဲ့
အောင်း, သားရဲပေါင်း ကွာရှောင်းရာ။
ဘယ်မြွေမျိုးပင် ဘယ်ချိန်ကိုက်တော့
ဘယ်အရပ်၌ မဟူပါ။
ပယောဂတောင် မကျန်မကြွင်း
မြွေဆိပ်ထန်ပြင်း ပျောက်သည်သာ။
အခြားဘေးရန် အန္တ ရာယ်များလည်း
အမှန်ဖယ်ရှားလို့ ကာကွယ်တာ။
နတ်မန္တန်ဆေး၊ နေရာမရွေး
မနှေးသုံးနိုင်ပါ။
အဲဒါမှ ဗုဒ္ဓအရှင်မြတ်၊ နှုတ်ခပါဌ်ပရိတ်တော်ပါ။

(၅) မောရသုတ် ရွတ်ပွားရကျိုး[edit]

မောရသုတ်ကို ရွတ်ဆိုကြစို့
မောင်လှမယ်နှမ တို့ညီညာ။
ဗြဟ္မမန္တာန် သဘောဟုတ်တဲ့
မောရသုတ်က ထူးခြားစွာ။
ရာဇဝတ်ဘေးဒဏ် အနှောင်အဖွဲ့
ခံရနီးတဲ့ ထိုအခါ။
ထောင်ကျဉ်းကျရာ ကာလများနှင့်
သူတစ်ပါးက မကောင်းကြံရာ။
နေထွက်နေဝင် အမြဲမပြတ်
ရွတ်ဖတ်ပါကွဲ့ လွတ်မြောက်မှာ။
ကြက်သီးမွေးညှင်း၊ မထလျှင်း
ကြောက်ခြင်းကင်းပေတာ။
အဲဒါမှ ဗုဒ္ဓအရှင်မြတ်၊ နှုတ်ခပါဌ်ပရိတ်တော်ပါ။

(၆) ဝဋ္ဋသုတ် ရွတ်ပွားရကျိုး[edit]

ဝဋ္ဋသုတ်ကို ရွတ်ဆိုကြစို့ မောင်လှမယ်နှမ တို့ညီညာ။
သစ္စာမန္တန် ဝဋသုတ်ကို
ရွတ်ကြအဟုတ် မီးမလောင်ရာ။
မီးစွယ်ဝေးကာ အပြီးကွယ်အေးဖို့
မီးကာကွယ်ရေး ကောင်းလှတာ။
ဒါ့ပြင်ကြုံရာ တစ်ကိုယ်တည်း
အကြပ်အတည်း ဖော်မဲ့ကာ။
ကြောက်ရွံ့လာက၊ သုတ်ဝဋ
ရွတ်ကြ ပြေပျောက်မှာ။
အဲဒါမှ ဗုဒ္ဓအရှင်မြတ်၊ နှုတ်ခပါဌ် ပရိတ်တော်ပါ။

(၇) ဓဇဂ္ဂသုတ် ရွတ်ပွားရကျိုး[edit]

ဓဇဂ္ဂသုတ်ကို ရွတ်ဆိုကြစို့
မောင်လှမယ်နှမ တို့ညီညာ။
ဘေးရန်ရောက်လာ ကြောက်စရာတွေ့
ကောက်ကာမမေ့ ရွတ်ကြရာ။
စစ်ချီတဲ့ခါ သုတ်ဓဇက်ကို
နှုတ်ထွက် တွတ်တွတ် ရွတ်ဆိုပါ။
အမြင့်တက်ရာ လေယာဉ်စီးလို့
ဝေဟင်ခရီး သွားချိန်မှာ။
ကြောက်အားပြင်းစွာ ထိတ်လန့်ကြီးလို့
ကြက်သီးမွေးညင်း ထတဲ့ခါ။
အောက်မေ့သတိ၊ ဆင်ခြင်မိ
လွတ်၏ဘေးရန်ကွာ။
အဲဒါမှ ဗုဒ္ဓအရှင်မြတ်၊ နှုတ်ခပါဌ်ပရိတ်တော်ပါ။

(၈) အာဋာနာဋိယသုတ် ရွတ်ပွားရကျိုး[edit]

အာဋာနာဋိယသုတ်ကို ရွတ်ဆိုကြစို့
မောင်လှမယ်နှမ တို့ညီညာ။
တစ္ဆေမှင်စာ ဖုတ်သဘက်တို့
နှောင့်ယှက်ခြင်းမှ ကင်းဝေးကွာ။
နတ်ဆိုးမကျန် ကုမ္ဘဏ်ဘီလူး
ဖမ်းစားဝင်ပူး မပြုနိုင်ပါ။
ဘုရားတို့ဂုဏ်တော် မြွက်ဖော်ဟလို့
ရှိခိုးရတဲ့ စေတနာ။
ဆင်းလှသက်ရှည် ချမ်းသာရလို့
ကာယဉာဏ ခွန်အား, သာ။
အန္တ ရာယ်ကင်း၊ ကျန်းမာခြင်း
လက်ငင်းရနိုင်တာ။
အဲဒါမှ ဗုဒ္ဓအရှင်မြတ်၊ နှုတ်ခပါဌ်ပရိတ်တော်ပါ။

(၉) အင်္ဂုလိမာလသုတ် ရွတ်ပွားရကျိုး[edit]

အင်္ဂုလိမာလသုတ်ကို ရွတ်ဆိုကြစို့
မောင်လှ မယ်နှမ တို့ညီညာ။
သားဖွားခက်ရင် ထိုမိန်းမကို
အင်္ဂုလိမာလသုတ်ကိုသာ။
ရေသန့်သန့်မှာ ခုနစ်ခါမန်း
တိုက်စမ်းပါတော့ မြန်မကြာ
မညည်းမညူ လွယ်ကူဖွားလို့
အမေနဲ့သား ခန့်ကျန်းမာ။
ရွတ်တဲ့နေရာ နေရုံမျှလည်း
လွယ်ကူချမ်းမြ ဖွားနိုင်တာ။
ရွတ်တဲ့နေရာ ဆေးရေချမ်းနဲ့
ခေါင်းဖျန်းပေးလည်း လွယ်သည်သာ။
ဒါကြောင့် ကိုယ်ဝန်အမျိုးသမီးတို့
တိုးတိုးမငြီး ရွတ်ကြရာ။
ဘေးရန်အားလုံး၊ ဖျက်ချေမှုန်း
ကမ္ဘာဆုံး ရှိန်တေဇာ။
အဲဒါမှ ဗုဒ္ဓအရှင်မြတ်၊ နှုတ်ခပါဌ်ပရိတ်တော်ပါ။

(၁၀) ဗောဇ္ဈင်သုတ်ရွတ်ပွားရကျိုး[edit]

ဗောဇ္ဈင်သုတ်ကို ရွတ်ဆိုကြစို့
မောင်လှမယ်နှမ တို့ညီညာ။
မအီမသာ ကိုယ်စိတ်မလန်း
မမာမကျန်း ကပ်ဆိုက်လာ။
နတ်ဆေးမန္တန် ဗောဇ္ဈင်သုတ်ကို
ရွတ်ဆိုအားထုတ် နာယူရာ။
ညစ်ကြေးမစင် ရေနဲ့ဆေးသို့
ရောဂါဘေးတို့ ကင်းဝေးကွာ။
ဒါ့ပြင်များစွာ မာရ်တစ်သင်းကို
နှိမ်နင်းနိုင်တဲ့ သုတ်တော်ပါ။
ဆင်းရဲလုံးစုံ ကင်းပျောက်ငြိမ်းလို့
နိဗ္ဗာန်ယူသိမ်း ငြိမ်းနိုင်တာ။
အန္တရာယ်ခပင်း၊ မှန်ဖယ်ရှင်း
ပျောက်ကင်းလွန်ချမ်းသာ။
အဲဒါမှ ဗုဒ္ဓအရှင်မြတ်၊ နှုတ်ခပါဌ်ပရိတ်တော်ပါ။

(၁၁) ပုဗ္ဗဏှသုတ် ရွတ်ပွားရကျိုး[edit]

ပုဗ္ဗဏှသုတ်ကို ရွတ်ဆိုကြစို့
မောင်လှမယ်နှမ တို့ညီညာ။
ဂြိုဟ်စီးဂြိုဟ်နေ ဆိုးလာခြင်းနှင့်
ညံ့ကာနိမ့်ဆင်း ကံကြမ္မာ။
ဆိုးဝါးဒသာ ဆိုးအိပ်မက်နှင့်
ဇာတာစန်းလဂ် ညှိုးတဲ့ခါ။
အမင်္ဂလာ မကောင်းအတိတ်နဲ့
မကောင်းနိမိတ် ကြုံတွေ့ ရာ။
ပရိတ်မန္တန် ပုဗ္ဗဏှကို
နှုတ်ကတွတ်တွတ် ရွတ်ဆိုပါ။
သုစရိုက်ကို ကျင့်သူတွက်ဖြင့်
နံနက် နေ့လည် ညအခါ။
အခါတိုင်းဟာ နက္ခတ်ကောင်းပါ့
မင်္ဂလာကောင်း မည်သည်သာ။
ရွတ်ဆိုပွားရိုး၊ ကျင့်အားကိုး
ဘေးဆိုးလွန်မြောက်မှာ၊
အဲဒါမှ ဗုဒ္ဓအရှင်မြတ်၊ နှုတ်ခပါဌ်ပရိတ်တော်ပါ။

အရှင်ခေမာစာရ (မန်းရေတံခွန် )


This work was published before January 1, 1929, and is in the public domain worldwide because the author died at least 100 years ago.

Public domainPublic domainfalsefalse