ပပငယ်လေဝင်းဝင်း-ချီ ပတ်ပျိုး

From Wikisource
Jump to navigation Jump to search
ပပငယ်လေဝင်းဝင်း-ချီ ပတ်ပျိုး
by တွဲဖက်ရုံးစာရေး မောင်မောင်တာ
ဂီတဝိသောဓနီမူ

ပပငယ်လေ ဝင်းဝင်း။ မှန်ရဝေဆောင်။ ကိုယ်ရောင်တိုက်ခန်းလင်း။ ။ ဟန်တခါပြင် ရွှေစင်ဆယ်တင်း။ ဆက်သွင်းပုံသေ။ သိန်းတန်တဲ့မေလေလေ့။ တင့်ကြူးငယ်မူရာထွေ။ ။ မြင်သူမြင်သူဗျာဝေ။ ကွဲကြေအံ့မဆုံး။ ။ တင်ကာတင်ကာ-သွင်မျက်ခုံး။ ။ ချယ်မှင်ရောင်ပိတုန်းငယ်နှင့်။ သန်းခါမှောင်။ ။ မျက်လုံးတော်ရောင်။ သောက်ရှူးကြယ်ညီနောင်။ မြမျက်တောင် ကော့ကော့ရွှန်း။ ကေသီမှာ ဒေဝီကျမ်းစာဝင်။ မျက်နှာပြင်။ စံလွတ်ကျွန်း[1]။ ငွေလဝန်း-ပေါ်သည့်သွင်လေလေ့။ ခြောက်ပါးငယ် ပြစ်လွတ်စင်။ ။ တနဲလေ-တဖုံလေ-တနှုန်းလေ-တအင်လေ။ တနဲလေ-တဖုံလေ-တနှုန်းလေ-တအင်လေ။ မူရာမူရာစုံလင်။ နတ်ပင်လူပင်လား။ ။ ထင်ယောင်ထင်ယောင်ဝိုးတဝါး။ မြင်မြင်သူများပေက။ အံ့ခြားလေရှာ။ ။ ငုံကွမ်း ကြိုင်စွာ။ သင်းပျံ့မှုံနံ့သာ။ ရူပသာလှခေါင်ကြူး။ ခင်မေကို ကြင်ဆွေ လွဲဘူးနောင်။ မြဲခိုင်အောင် ဆောင်မယ်ကူး။ မောင်ရွယ်စူး မှန်ပါတယ်လေလေ့။ ကြော့မှူးရယ် ယုံတော့ကွယ်။ ။ သဲဘွင်ဝယ်။ ကြင်ခင်နှိုင်း။ ထင်မြင်တိုင်း။ တင့်လှတယ်။ အို-မိုးလယ်ဝေယန်ဖျား။ သူဇာထင်ရိုးမှား။ ။

(သဖြန်)
မျက်ထားတော်ချို။ မြွက်ကြားပျို ဖရဏာဟုံဖြင့်။ သဒ္ဒါရုံဧ။ ။ ထူးမြတ်သမ္ဘာ။ ဘယ်ကုသိုလ်ဘန်လာလေသည့်။ ဆွယ်စရာ ဇမ္ဗူလုံးမှာ။ နှုန်းစံဘက်ဝေး။

ခက်ဆစ်[edit]

  1. စံလွတ်ကျွန်း = စံဘက်ပြိုင်ဘက်မရှိဟု ဆိုလိုသည်။ လွတ်ကျွန်းမှာ တုကျွန်းကဲ့သို့ အတုမဲ့ အတုမရှိဟု ဆိုလိုသည်။


This work was published before January 1, 1929, and is in the public domain worldwide because the author died at least 100 years ago.