ပဒုမောဝါဒ သံချိုလေးချိုးများ

From Wikisource
Jump to navigation Jump to search
ပဒုမောဝါဒ သံချိုလေးချိုးများ
by မန်လည်ဆရာတော်

‎(၁)‎သူ မတို့လေမှ၊
သူတို့လျှင် တကယ်မြည်တဲ့၊
မြို့မာန်လည် ရွှေစည်ကြီးပါကွဲ့၊
တီးသမျှ ဖိမ့်ဖိမ့်တုန်။‎

သူမာလျှင်-မာစိန်စောင်းပါတဲ့၊
သူပျောင်းလျှင် အရေဖြစ်နိုင်ငဲ့၊
မယုံလျှင် မအေနှင့် စစ်လှည့်တော့၊
စနစ်ကို ‎ကုန်မလင်းသော်လဲ၊
အပြစ်ဆို ဂုဏ်သတင်းကိုလ၊
လေညှင်းရာ သင်းကာပျံ့၊ ပန်းရနံ့ပုံ။‎

‎ဓာတ် မသိဟာမို့၊
ဟတ္ထိ-ယုန်ငယ်ထင်ထင့်၊
ဟိုအောက်ခွင် ငစင်ရိုင်းဟာနှင့်၊
ငသိုင်းတွေ အညာဆန်တို့ကို၊
တံငါလန် ‎ရွှေလည်ကွေ့တွင်ဖြင့်၊
တခါပြန် ဆန်မရွေ့ရအောင်၊
ဘေးတွေ့စိမ့် တက်တက်ကုန်၊
မစုန်ရသည့်တိုင်း။‎

‎ရိုးသိသိ၊
ငါးပိ-ငါးချဉ် သိပ်ပါလို့၊
ထောင်းကြိတ်ချေ ကြေအောင် ညက်စေမှ၊
နောင်ဆက်ကာ အရေစစ်သည့်ပြင်၊
ခွေးဖင် ‎ချေးပင်ဖြစ်ရမယ်၊
ငါးညစ် တလိုင်း။ ။‎

‎(၂)‎မာန်မလုပ်ချင်ဘု၊
မာန်လုပ်လျှင် လွယ်သည်သာပ၊
ငယ်မည်မှာ န ကို သတ်ရုံပဲ၊
နေရပ်ကွယ် မာန်ရွှေလည်နှင့်၊
မာန်နှစ်လီ ‎မာန်စုံကွန့်၊
ဖူးအညွန့် ခေါင်ကတင်။‎

သို့ကတဲ၊
လုပ်ဘဲ သမ္ပဇဉ်နှင့်၊
မာန်မယှဉ် ဉာဏ်ယဉ်အုပ်ပါလို့၊
ထိန်းချုပ်ကာ မာန်ကိုကင်းစေရ၊
ယင်းခုခေတ်တွင်။‎

တကယ်ဆို တကယ်လားပါတဲ့၊
အကျယ်ဆို ကျယ်မပွားပြီဘု၊
မြတ်ဖျားငယ် စိန္တေယျာမှ၊
လူပြိတ္တာ ပူရာဏ တို့ကို၊
ယူမိစ္ဆာ ‎သကာကျအောင်လို့၊
မီးရေပြ တန်ခိုးဆင်၊
အရိုးပင်လာကျမ်း။‎

ထို့တူသာ၊
ပြိုင်လိုလျှင် ပြိုင်လာတော့၊
ပြိုင်လာလျှင် ကြာမနှေးစေနှင့်၊
ရှုံးသူဟာ နှမပေးပါလို့၊
လိုသေးလျှင် ‎ကိုယ်တိုင်ယူမပ၊
နိုင်တဲ့သူ ယောက်ဖကြီးပါပဲ၊
ဇက်ပေါ်မှာ ဒေါက်ခွစီးတဲ့ပြင်၊
-ီးစုတ်ကြတမ်း။ ။‎

‎(၃)‎ပဒုမ၊
တုပကာ နင်မယောင်နှင့်၊
ဆင်ပြောင်ကို ခြင်ကောင်ဝါးသည်သို့၊
ယားရုံမျှသာ။‎

ဉာဏ်အသက်ကိုလဲ၊
စံဖက်ကာသင်မမျှော်ဘု၊
သင့်မယ်တော်ရှင်ဇလာနှင့်၊
ခင်ဆရာအိမ်ထောင်ကျလျှင်လ၊
ပဒုဆို မောင်ရွှေမ ‎မှာ၊
သား ငယ်မျှသာ။‎

ပညာကို ယှဉ်ကာချင့်ရလျှင်၊
အခွင့်ငယ် အရာနှင့်၊
ယောဇနာ သမ္ဗန်မျိုးကိုလ၊
နည်းရိုးပင်ဘာမကျခင်က၊
မင်းရန်စ ငါ့ကိုရှာ၊ ‎
ငါဘာပြုဖြုန်မတုန်း။‎

နှစ်ဖက်ကန်း၊
မျက်ခမ်း နေကိုပြိုင်သို့၊
ခွင်လုံးယိုင် မင်းစာမှားပြီမို့၊
အလားငယ် ပါယ်မကျစေနှင့်၊
သာအယာ ‎ခွင့်ကျေကျအောင်ပ၊
ငါဆရာ မင့်ဘေဘကိုကွယ် ... ဦးချလှဲ့အုန်း။ ။‎

This work was published before January 1, 1929, and is in the public domain worldwide because the author died at least 100 years ago.