ပဒုမဇာတ်

From Wikisource
Jump to navigation Jump to search
ပုံတော်စုံ ငါးရာငါးဆယ် ဇာတ်ဝတ္ထု by မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော်
၂၆၁။ ပဒုမဇာတ် (၃-၂-၁)

တိကနိပါတ်-ပဒုမဝဂ်

၁။ ပဒုမဇာတ်

ကြာပန်းခိုင်

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် ယထာ ကေသာ စ မဿူ စ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤပဒုမဇာတ်ကို အာနန္ဒာဗောဓိ၌ ပန်းပူဇော်ခြင်းကို ပြုကုန်သောရဟန်းတို့ကို အကြောင်းပြု၍ ဟောတော်မူ၏။ ဝတ္ထုသည် တေရသကနိပါတ် ခြောက်ခုမြောက် ကာလိင်္ဂဗောဓိဇာတ်၌ ထင်စွာဖြစ်လတ္တံ့၊ ထိုဗောဓိသည်ကား အရှင်အာနန္ဒာမထေရ်သည် စိုက်ပျိုးအပ်သည်၏ အဖြစ်ကြောင့် အာနန္ဒာဗောဓိ မည်၏။ အရှင်အာနန္ဒာ မထေရ်သည် ဇေတဝန် ကျောင်းတော် တံခါးမုခ်နား၌ ဗောဓိပင်ကို စိုက်ပျိုးသည် ၏အဖြစ်သည် အလုံးစုံ ဇမ္ဗူဒိပ်၌ပြန့် နှံ့၏။ ထိုအခါ အချို့ကုန်သော ဇနပုဒ်နေရဟန်းတို့သည် အာနန္ဒာဗောဓိ၌ ပန်းပူဇော်ကုန်အံ့ဟု ဇေတဝန် ကျောင်းတော်သို့သွား၍ ဘုရားကို ရှိခိုး၍ နက်ဖြန်နေ့၌ သာဝတ္ထိပြည်သို့ဝင်၍ ကြာရောင်းသောဈေးသို့ သွား၍ ကြာပန်းတို့ကို မရဘဲလာကုန်၍ အရှင်အာနန္ဒာမထေရ်အား အရှင်ဘုရား အကျွန်ုပ်တို့သည် ပန်းပူဇော်ကုန်အံ့ဟု ကြာရောင်းသော ဈေးသို့သွား၍ ပန်းတပွင့်ကိုမျှလည်း မရခဲ့ကုန်ဟု ကြားလျှောတ်ကုန်၏။ အရှင်အာနန္ဒာမထေရ်သည် ငါ့သျှင်တို့ သင်တို့အကျိုးငှါ ဆောင်ယူ ချေအံ့ဟု ကြာရောင်းသောဈေးသို့ သွား၍ ကြာညိုစည်းကို ချီ၍ လာလတ်၍ ထိုရဟန်းတို့အား ပေး၍ ထိုရဟန်းတို့သည် ထိုကြာကိုယူ၍ ဗောဓိအား ပူဇော်ကုန်၏။ ထိုသတင်းစကားကိုကြား၍ တရား သဘင်၌ ရဟန်းတို့သည် ငါ့သျှင်တို့ ဇနပုဒ်နေ ရဟန်တို့သည် ဘုန်းနည်းကုန်၏။ ကြာရောင်းသော ဈေးသို့သွား၍ ပန်းကို မရကုန်၊ အရှင်အာနန္ဒာ မထေရ်သည်ကား သွား၍လျှင် ဆောင် ယူခဲ့၏ဟု အရှင်အာနန္ဒာ၏ ဂုဏ်ကျေးဇူးစကားကို ပြောဆိုကြကုန်၏။ သဗ္ဗညူ မြတ်စွာဘုရားသည် ကြွလာတော်မူ၍ ရဟန်းတို့ ယခုအခါ အဘယ်စကားဖြင့် စည်းဝေးကြ ကုန်သနည်းဟု မေးတော်မူ၍ ဤမည်သောစကားဖြင့် စည်းဝေးကြပါကုန်၏ဟု နားတော်လျှောက်သည်ရှိသော် ရဟန်းတို့ ယခုအခါ၌သာလျှင် စကားတတ် လိမ္မာကုန်သော သူတို့သည် ပန်းကို ရကုန်သည်မဟုတ်သေး၊ ရှေး၌လည်း စကားတတ် လိမ္မာကုန်သော သူတို့သည် ပန်းကို ရဘူးကုန်သလျှင် ကတည်းဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် သူဌေးသား ဖြစ်၏။ မြို့တွင်း၌ တခုသောရေကန်ဝယ် ပဒုမာတို့သည်လည်း ပွင့်ကြကုန်၏။ တယောက်သော နှာခေါင်းပြတ်သော ယောက်ျားသည် ထိုရေကန်ကို စောင့်၏။ ထိုအခါ တနေ့သ၌ ဗာရာဏသီပြည်ဝယ် ပွဲသဘင် ကြွေး ကြော်လတ်သော် ပန်းပန်၍ ပွဲသဘင်ကစားလိုကုန်သော သုံးယောက်ကုန်သော သူဌေးသားတို့သည် နှာခေါင်းပြတ်သောသူအား မဟုတ်မမှန်သဖြင့် ချီးမွမ်း၍ ပန်းကို တောင်းကုန်အံ့ဟု ထိုနှာခေါင်းပြတ်သောသူ၏ ပဒုမာကြာတို့ကိုချီစဉ် ရေကန် အနီးသို့သွား၍ တင့်အပ်သော အရပ်၌ တည်နေကုန်၏။ ထိုသူတို့တွင် တယောက်သော သူဌေးသားသည် ရေကန်စောင့်ကို ခေါ်၍-

၃၁။ ယထာ ကေသာ စ မဿူ စ၊ ဆိန္နံ ဆိန္နံ ဝိရူဟတိ။
ဧဝံ ရုဟတု တေနာသာ၊ ပဒုမံ ဒေဟိ ယာစိတော။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

၃၁။ ကေသာ စ၊ ဆံတို့သည်၎င်း။ မဿူ စ၊ မုတ်ဆိတ်တို့သည်၎င်း။ ဆိန္နံ ဆိန္နံ၊ ဖြတ်တိုင်း ဖြတ်တိုင်း။ ဝိရူဟတိ ယထာ၊ ပေါက်ပြန်သကဲ့သို့။ ဧဝံ တထာ၊ ထို့အတူ။ တေ၊ သင်၏။ နာသာ၊ နှာခေါင်းသည်။ ရုဟတု၊ တဖန်ပေါက်ပြန် စေသတည်း။ ယာစိတော၊ ငါတောင်းအပ်သော သင်သည်။ ပဒုမံ၊ ကြာကို။ ဒေဟိ၊ ပေးလော့။

ထိုရေကန်စောင့်သည် ထိုသူဌေးသားအားလျှင် အမျက်ထွက်၍ ကြာကို မပေး၊ ထိုအခါ ရေကန်စောင့်အား နှစ်ယောက်မြောက် ဖြစ်သော သူဌေးသားသည်-

၃၂။ ယထာ သာရဒိကံ ဗီဇံ၊ ခေတ္တေ ဝုတ္တံ ဝိရူဟတိ။
ဧဝံ ရုဟတု တေ နာသာ၊ ပဒုမံ ဒေဟိ ယာစိတော။

ဟူသော နှစ်ခုမြောက်ဖြစ်သော ဤဂါထာကို ဆို၏။

၃၂။ ခေတ္တေ၊ လယ်၌။ ဝုတ္တံ၊ ပျိုးအပ်သော။ သာရဒိကံ၊ တန်ဆောင်မုန်းလ၌ ယူ၍ထားအပ်သော။ ဗီဇံ၊ မျိုးစေ့သည်။ ဝိရူဟတိ ယထာ၊ ပေါက်သကဲ့သို့။ ဧဝံ-တထာ၊ ထို့အတူ။ တေ၊ သင်၏။ နာသာ၊ နှာခေါင်းသည်။ ရုဟတု၊ တဖန် ပေါက်ပါစေသတည်း။ ယာစိတော၊ တောင်းအပ်သော သင်သည်။ ပဒုမံ၊ ကြာကို။ ဒေဟိ၊ ပေးလော့။

ထိုရေကန်စောင့်သည် ထိုသူဌေးသားအားလည်း အမျက်ထွက်၍ ကြာကို မပေး၊ ထိုအခါ ထိုရေကန်စောင့်အား သုံးယောက်မြောက် ဖြစ်သော သူဌေးသားသည်-

၃၃။ ဥဘောပိ ပလပန္တေတေ၊ အပိ ပဒ္မာနိ ဒဿတိ။
ဝဇ္ဇုံ ဝါ တေ န ဝါ ဝဇ္ဇုံ၊ နတ္ထိ နာသာယ ရူဟနာ။
ဒေဟိ သမ္မ ပဒုမာနိ၊ အဟံ ယာစာမိ ယာစိတော။

ဟူသော သုံးခုမြောက်ဖြစ်သော ဤဂါထာကို ဆို၏။

၃၃။ သမ္မ၊ အဆွေ။ ဧတေ ဥဘောပိ၊ ဤနှစ်ယောက်သော သူတို့သည်လည်း။ ပဒ္မာနိ၊ ကြာတို့ကို။ အပိ ဒဿတိ၊ ပေးလတ္တံ့ ဟုကြံ၍။ ပလပန္တိ၊ ဆိုယောင်ကုန်၏။ တေ၊ ထိုသူတို့သည်။ ဝဇ္ဇုံ ဝါ၊ ဆိုသည်မူလည်း ဖြစ်စေကုန်။ န ဝဇ္ဇုံ ဝါ၊ မဆိုသည်မူလည်း ဖြစ်စေကုန်။ နာသာယ၊ ပြတ်သောနှာခေါင်း၏။ ရူဟနာ၊ ပေါက်ပြန်ခြင်းမည်သည်။ နတ္ထိ၊ မရှိ။ အဟံ၊ ငါသည်။ ပဒုမာနိ၊ ကြာတို့ကို။ ယာစာမိ၊ တောင်း၏။ ယာစိတော၊ ငါတောင်းအပ်သောသင်သည်။ ဒေဟိ၊ ပေးလော့။

ထိုစကားကိုကြား၍ ရေကန်စောင့်သည် ဤနှစ်ယောက်သော သူတို့ကား မုသာဝါဒကို ဆို၏။ သင်သည် အဟုတ်အမှန်ကို ဆို၏။ သင်အား ပဒုမာကြာတို့သည် လျောက်ပတ်ကုန်၏ဟု ကြီးသော ပဒုမာကြာစီးကို ယူ၍ ထိုသူဌေးသားအား ပေး၍ မိမိကြာကန်သို့လျှင် သွား၏။

ဇာတ်ပေါင်း... သဗ္ဗညူမြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ကြာပန်းရသော သူဌေးသား ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

နှုတ်ခွန်းချိုသာ၊ လိမ္မာစွာ၊ လိုရာအကျိုးပြီး

ရှေးဦးစွာသော ပဒုမဇာတ်သည် ပြီး၏။

*****