ပထမသင်္ဂါယနာ (ဆရာ)

From Wikisource
Jump to navigation Jump to search
348392ဗုဒ္ဓဘာသာသင်ခန်းစာ ဆဋ္ဌမတန်း (ဆရာလမ်းညွှန်) — ၁၀။ ပထမသင်္ဂါယနာ(ကျောင်းသားကိုင်သို့)ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၁၀)

သင်ခန်းစာခေါင်းစဉ်။ ။ ပထမသင်္ဂါယနာ

ယေဘုယျရည်ရွယ်ချက်။ ။ မြတ်စွာဘုရား၏ တရားတော်များကို ထိန်းသိမ်းစောင့်ရှောက်ရာတွင် ပါဝင်ကူညီတတ်ရန်။

စာသင်ချိန် (၁)။ ။ ၆၀ မိနစ်

အသေးစိတ်ရည်ရွယ်ချက်။ ။ ပထမသင်္ဂါယနာအကြောင်းကို ရှင်းပြတတ်ရန်။

သင်ထောက်ကူပစ္စည်း။ ။ ကျောင်းသားကိုင်စာအုပ်၊ စာရွက်လွတ်များ။

သင်ယူမှုလုပ်ငန်းစဉ်

လုပ်ငန်း (၁) မေးခွန်းပေး၍ နိဒါန်းပျိုးခြင်း။

(၁၀ မိနစ်)

֍ အောက်ပါမေးခွန်းများကို မေးမြန်းဆွေးနွေး၍ ကလေးများပြောသော အချက်များကို ဆရာက သင်ပုန်းတွင် မှတ်တမ်းတင်ပေးပါ။

-မြတ်စွာဘုရားဟာ ဘုရားဖြစ်တော်မူပြီး ဘာတွေ လုပ်ဆောင်တော်မူခဲ့သလဲ။
-မြတ်စွာဘုရားဟာ ဘယ်သူတွေကို တရားဦး ဟောခဲ့သလဲ။
-သာသနာပြုလုပ်ငန်းတွေကို ဘယ်လို စတင်လုပ်ဆောင်တော်မူခဲ့သလဲ။

လုပ်ငန်း (၂) မေးခွန်းပေး၍ ဆွေးနွေးခြင်း။

(၁၀ မိနစ်)

֍ အောက်ပါမေးခွန်းများကို မေးမြန်းဆွေးနွေးပါ။

-မြတ်စွာဘုရားဟောကြားခဲ့တဲ့ တရားတော်တွေ ဒီနေ့အထိ ဘာကြောင့် ရှိနေတာလို့ထင်သလဲ။

-မြတ်စွာဘုရားဟောကြားခဲ့တဲ့ တရားတော်တွေကို ဒီနေ့အထိ ထိန်းသိမ်းစောင့်ရှောက်ခဲ့သူတွေက ဘယ်သူတွေလဲ။ ဘယ်လို ထိန်းသိမ်းစောင့်ရှောက်ခဲ့ကြတာလဲ။

֍ ကလေးအားလုံး ပြောပြီးပါက “မြတ်စွာဘုရားရဲ့ တရားဓမ္မတွေကို သံဃာတော်တွေ ဘယ်လို ထိန်းသိမ်းခဲ့ တယ်ဆိုတာ လေ့လာကြည့်ရအောင်”ဟု ပြောပြီး ပထမသင်္ဂါယနာ အကြောင်းအရာမှ ဖတ်ရန် အခက်အခဲ ရှိသော၊ အဓိပ္ပာယ်မသိသော စကားလုံးများကို ရှာ၍ မှတ်သားပြီး ပြောကြပါစေ။

֍ ကလေးများပြောသော စကားလုံးများကို ဆရာက သင်ပုန်းတွင် ရေးမှတ်ထား၍ ဖတ်ပြပြီး အဓိပ္ပာယ်ကိုပြောပြပါ။

ခက်ဆစ်အဖွင့်

တက္ကတွန်း = လွဲမှားသောအယူရှိသည့် အဝတ်မဝတ်သောရဟန်း။
မန္ဒာရဝနတ်ပန်း = ဘုရားအလောင်း ပဋိသန္ဓေယူသောအခါ စသည့်ထူးခြားထင်ရှားသောအခါတို့၌ ပွင့်သော မန္တာရဝ အမည်ရသောပန်း။
ရာဂ = တပ်မက်မှု။
ဓမ္မက္ခန္ဓာ = မြတ်စွာဘုရား ဟောတော်မူအပ်သော တရားအစုအပေါင်း။
ဝိနည်း = ရဟန်းတို့ လိုက်နာရသည့် ဥပဒေ (စည်းကမ်း)။
သုတ္တန် = ပုဂ္ဂိုလ်အားလျော်စွာ မြတ်စွာဘုရား ဟောကြားတော်မူသည့် တရားတော်များ
အဘိဓမ္မာ = လွန်ကဲထူးမြတ်သောတရား၊ နက်နဲသော သဘောတရား။
ဓမ္မဝါဒီ = ဖြောင့်မှန်သော အယူဝါဒရှိသူ။
ပိဋကသုံးပုံ = မြတ်စွာဘုရား ဟောကြားတော်မူခဲ့သော ဝိနည်း၊ သုတ္တန်၊ အဘိဓမ္မာ တရားတော်များ။

လုပ်ငန်း (၃) အကြောင်းအရာဖတ်ခြင်းနှင့် အုပ်စုဖွဲ့ဆွေးနွေးတင်ပြခြင်း။

(၃၀ မိနစ်)

֍ ကလေးများကို ငါးယောက်ဝန့်ပါသော အုပ်စုများ ဖွဲ့ပြီး ပထမသင်္ဂါယနာအကြောင်းကို ဖတ်ကြပါစေ။

ပထမသင်္ဂါယနာ

မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်စံတော်မူပြီး ခုနစ်ရက်မြောက်သောနေ့တွင် အရှင်မဟာကဿပသည် တပည့် ရဟန်း ၅၀၀ နှင့်အတူ ပါဝါပြည်မှ ကုသိနာရုံပြည်သို့ ကြွတော်မူသည်။ လမ်းခရီးတွင် အာဇီဝက တက္ကတွန်းတစ်ယောက်သည် မန္တာရဝနတ်ပန်းကို ထီးသဖွယ်ဆောင်း၍ ကုသိနာရုံပြည်မှ ပါဝါပြည်သို့ လာလျက် ရှိ၏။ အရှင်မဟာကဿပက ထိုတက္ကတွန်းကို “ငါ့ရှင် ... ငါတို့ဆရာ မြတ်စွာဘုရားကို သိပါ၏လော”ဟု မေးရာ တက္ကတွန်းက “သင်တို့ဆရာ ရဟန်းဂေါတမကို ငါ သိပါ၏ သူ ပရိနိဗ္ဗာန်ပြုသည်မှာ ယနေ့ ခုနစ်ရက်ရှိပါပြီ၊ ထိုပရိနိဗ္ဗာန်ပြုရာအရပ်မှ ဤမန္တာရဝနတ်ပန်းကို ယူလာခဲ့ပါသည်”ဟု ပြော၏။ ထိုစကားကို ကြားသောအခါ ပုထုဇဉ်ရဟန်းတို့သည် လူးလှိမ့်ငိုကြွေးကြကုန်၏။

ထိုအခါ နောက်ပါရဟန်းပရိသတ်ထဲမှ သုဘဒ္ဒအမည်ရှိသော တောထွက်ရဟန်းကြီးက “ငါ့ရှင်တို့ ... မငိုကြကုန်လင့်၊ ယခုအခါ ငါတို့သည် ရဟန်းကြီးဂေါတမ၏ လက်အောက်မှ ကောင်းစွာ လွတ်မြောက်ကြပေပြီ၊ ရဟန်းကြီးဂေါတမသည် ငါတို့ကို အရာရာ၌ ချုပ်ချယ်ခဲ့၏။ ယခုမူကား ငါတို့ လုပ်ချင်ရာကို လုပ်ကြကုန်အံ့၊ မလုပ်ချင်သည်ကို မလုပ်ဘဲ နေကြကုန်အံ့”ဟု ဆို၏။

အရှင်မဟာကဿပသည် ထိုသို့ မမျှော်လင့်သောစကားကို ကြားရသဖြင့်အံ့ဩတုန်လှုပ်တော်မူသည်။ “ဤရဟန်းယုတ်သည် သူနှင့် သဘောချင်းတူသော နောက်လိုက်အပေါင်းအပါများ ရရှိခဲ့လျှင် မြတ်စွာဘုရားရှင် ပင်ပန်းကြီးစွာ ကြိုးစားအားထုတ်၍ တည်ထောင်ခဲ့သော သာသနာတော်ကြီး ဆုတ်ယုတ်နိုင်သည်”ဟု ဆင်ခြင်မိကာ များစွာစိတ်မကောင်း ဖြစ်တော်မူသည်။ “ဤရဟန်းယုတ်ကဲ့သို့ အဓမ္မဝါဒီရဟန်းထိုးများ အင်အားမများမီ၊ ဓမ္မဝါဒီ ရဟန်းကောင်းများ အင်အားမနည်းမီ သင်္ဂါယနာတင်လျှင် ရဟန်းဆိုးများ ခေါင်းထောင်နိုင်တော့မည် မဟုတ်သဖြင့် သာသနာတော်ကြီး စည်ပင်ပြန့်ပွားလတ္တံ့”ဟု အကြံဖြစ်တော်မူသဖြင့် သင်္ဂါယနာတင်ရန် အားထုတ်တော်မူသည်။

မြတ်စွာဘုရားရှင်၏ သရီရရုပ်အလောင်းတော်ကို မီးသင်္ဂြိုဟ်၍ ဓာတ်တော်မွေတော်တို့ကို ခွဲဝေပြီးနောက် ကုသိနာရုံပြည်၌ များပြားလှသော ရဟန်းသံဃာတော်များ စည်းဝေးနေကြသည်။ ထိုအခါ အရှင်မဟာကဿပသည် သုဘဒ္ဒရဟန်း၏ ရိုင်းပျသောစကားကို ရဟန်းသံဃာတော်တို့အား ပြန်လည်မိန့်ကြား၍ သာသနာတော် အဓွန့်ရှည် တည်တံ့စေရန်အတွက် သင်္ဂါယနာတင်ရန် တိုက်တွန်းနှိုးဆော်တော်မူသည်။ သင်္ဂါယနာတင်ရန် နေရာအဖြစ် ကျောင်းတိုက်များစွာရှိ၍ ပစ္စည်းလေးပါး ထောက်ပံ့မည့် ပုဂ္ဂိုလ်များစွာရှိသော ရာဇဂြိုဟ်မြို့ကို ရွေးချယ်တော်မူကြသည်။

ရာဇဂြိုဟ်ဘုရင် အဇာတသတ်မင်းကြီးက “သင်္ဂါယနာတင်ပွဲကို ရဲရဲကြီး ပြုလုပ်တော်မူကြပါဘုရား၊ တပည့်တော်က အာဏာစက်ဖြင့် ကူညီပါမည်၊ သံဃာတော်အရှင်မြတ်တို့ဘက်က ဓမ္မစက်တည်အောင် ကြိုးပမ်းတော်မူကြပါဘုရား”ဟု လျှောက်ထား၏။ ထိုအခါ မထေရ်ကြီးတို့က “သံဃာစည်းဝေးရာဌာန အလိုရှိကြောင်း” မိန့်ကြားသဖြင့် အဇာတသတ်မင်းကြီးက သံဃာတော် ၅၀၀ စည်းဝေးရန် ရာဇဂြိုဟ်ပြည် ဝေဘာရတောင်အနီး သတ္တပဏ္ဏိလိုဏ်ဂူ၌ မဏ္ဍပ်ဆောက်လုပ်၍ လှူဒါန်းတော်မူသည်။

သင်္ဂါယနာတင်ပွဲ၌ ပါဝင်ဆောင်ရွက်နိုင်မည့် ရဟန်းများကို အရှင်မဟာကဿပကိုယ်တိုင်ရွေးချယ်တော်မူရန် သံဃာ့ခေါင်းဆောင်အားလုံးက တောင်းပန်ကြသည်။ ဤတောင်းပန်ချက်အရ အရှင်မဟာကသသည် ပိဋကသုံးပုံဆောင် အဆင့်မြင့်ပညာရှင် ရဟန္တာပုဂ္ဂိုလ် ၄၉၉-ပါးကို သင်္ဂါယနာတင်ပွဲ၌ ပါဝင်ရန် ရွေးချတော်မူသည်။ ၅၀၀ ပြည့်အောင်မရွေးဘဲ တစ်ပါးလျော့ထားခြင်းမှာ ရဟန္တာမဟုတ်သေးသော အရှင်အာနန္ဒာကို ရွေးချယ်လိုသောကြောင့်ဖြစ်သည်။ အရှင်အာနန္ဒာသည် ဓမ္မက္ခန္ဓာပေါင်း ၈၄, ဝဝဝ သော တရားတော်များကို မြတ်စွာဘုရားရှင်ထံမှ ကိုယ်တိုင်နာကြားခဲ့သည့် ပုဂ္ဂိုလ်ထူးဖြစ်သောကြောင့် အရှင်အာနန္ဒာမပါဘဲ သင်္ဂါယန တင်ရန် မဖြစ်နိုင်ချေ။ ၅၀၀ ပြည့်ရန်လိုနေသော တစ်ပါးအတွက် အစည်းအဝေးရှိ မထေရ်များက အရှင်အာနန္ဒာကိုသာ ရွေးချယ်ရန် အဆိုပြုကြသဖြင့် အရှင်အာနန္ဒာကို ရွေးချယ်ရာ မထေရ် ၅၀၀ ပြည့်လေသည်။ အရှင်အာနန္ဒာသည်လည်းသောတာပန်အဆင့်ဖြင့် သင်္ဂါယနာတင်ပွဲသို့ မဝင်လိုသောကြောင့် မအိပ် ကြိုးစားအားထုတ်လေရာ သင်္ဂါယနာတင်ပွဲ အကြိုညမှာပင် ရဟန္တာဖြစ်တော်မူသည်။

သင်္ဂါယနာတင် ထေရ်အရှင်၅၀၀တို့ စုံလင်စွာ စည်းဝေးပြီးသောအခါ အရှင်မဟာကဿပသည် သံဃနာယက မဟာထေရ်အဖြစ် ဆောင်ရွက်တော်မူ၍ သင်္ဂါယနာတင်ခဲ့ကြသည်။

ဝိနည်းပိဋကကို သင်္ဂါယနာတင်ရာ၌ အရှင်မဟာကဿပက ဝိနည်း သိက္ခာပုဒ်တစ်ပုဒ်စီ ဖြစ်ပေါ်လာပုံကို အသေးစိတ် မေးမြန်းရာ. အရှင်ဥပါလိက ရှင်းလင်းပြတ်သားစွာ ဖြေတော်မူသည်။ ဤနည်းအားဖြင့် သိက္ခာပုဒ် တစ်ခုချင်းကို မေး၊ ဖြေ၊ စိစစ်ပြီးတိုင်း ရဟန္တာမထေရ် ၅၀၀တို့က သံပြိုင်ရွတ်ဆို၍ အတည်ပြုလက်ခံတော်မူကြသည်။

သုတ္တန်ပိဋကကို သင်္ဂါယနာတင်ရာ၌ သုတ္တန်တစ်ခုစီကို မေးမြန်းစိစစ်ရာ အရှင်အာနန္ဒာက ရှင်းလင်း ပြတ်သားစွာ ဖြေတော်မူသည်။ သုတ္တန်တစ်ခုစီကို မေး၊ ဖြေ၊ စိစစ်ပြီးသောအခါ ရဟန္တာမထေရ် ၅၀၀တို့က သံပြိုင်ရွတ်ဆို အတည်ပြုလက်ခံတော်မူကြသည်။ ထို့နောက် အဘိဓမ္မာပိဋကကို သင်္ဂါယနာတင်ရာ အရှင်အာနန္ဒာကပင် ဖြေဆိုတော်မူ၍ အဘိဓမ္မာကျမ်းတို့ကို အစီအစဉ်တကျ ခွဲခြားကာ သင်္ဂါယနာတင်တော် မူကြသည်။

သင်္ဂါယနာတင်ခြင်းဆိုသည်မှာ မြတ်စွာဘုရားရှင်၏ တပည့်သားသံဃာတော်များက မြတ်စွာဘုရားရှင် ဟောကြားတော်မူခဲ့သော တရားတော်များကို စုစည်းခြင်း၊ စိစစ်ခြင်း ပြုလုပ်ပြီးနောက် မြတ်စွာဘုရားရှင် ဟောကြားခဲ့သော တရားစစ်မှန်ကြောင်း ကျေနပ်သဖြင့် စုပေါင်း၍ ရွတ်ဆိုလက်ခံအတည်ပြုကြခြင်း ဖြစ်သည်။ သံ ဆိုသည်မှာ အတူတကွ၊ ဂါယနာ ဆိုသည်မှာ ရွတ်ဆိုခြင်းဖြစ်၍ ‘သင်္ဂါယနာ ဆိုသည်မှာ စုပေါင်း၍ ရွတ်ဆိုအတည်ပြုခြင်းဖြစ်သည်။

ဤသို့ဖြင့် မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်စံတော်မူပြီး သုံးလခန့်အကြာ ဝါခေါင်လပြည့်ကျော် ၅-ရက်နေ့မှ စ၍ ခုနစ်လခန့်အချိန်ယူကာ ဘုရားဟောတရားဒေသနာများကို ဝိနည်းပိဋက၊ သုတ္တန်ပိဋက၊ အဘိဓမ္မာပိဋက ဟူ၍ သုံးမျိုးခွဲခြားလက်ခံအတည်ပြုပြီး ပထမသင်္ဂါယနာကို တင်တော်မူခဲ့သည်။

မှီငြမ်း။ ။ ဗုဒ္ဓသာသနာ နှစ်ထောင့်ငါးရာခရီး၊ မောင်အံ့ (မဟာဝိဇ္ဇာ-ဘုံဘ)၊ ၂-၁၈။ ဝိ၊ဋ္ဌ၊၁၊၄၊

֍ ဖတ်ပြီးပါက အုပ်စုအတွင်း ဆွေးနွေး၍ ရလဒ်များကို အောက်ပါစိတ်ကူးပုံဖော်သည့် နမူနာပုံစံအတိုင် ရေးကာ သင့်လျော်သောနေရာတွင် ကပ်ပြီး အုပ်စုကိုယ်စားလှယ်တစ်ဦးစီက ပြန်လည်တင်ပြပါစေ။

နမူနာ

ဦးဆောင်သူ

ဝိနည်း

ဖြေကြား

မြတ်စွာဘုရားရဲ့ တရားတော်များ

နေရာ

ပထမသင်္ဂါယနာ

သုတ္တန်

ဖြေကြား

အဘိဓမ္မာ

အချိန်

ပံ့ပိုးကူညီသူ

လုပ်ငန်း (၄) ကလေးများ၏ နားလည်မှုကို အကဲဖြတ်ခြင်းနှင့် အနှစ်ချုပ်ခြင်း။

(၁၀ မိနစ်)

֍ အောက်ပါမေးခွန်းများကို မေးမြန်းဆွေးနွေး၍ လိုအပ်လျှင် ဆရာက ဖြည့်စွက်ပြီး စာသင်ချိန်ကို အဆုံးသတ်ပါ။

-သင်္ဂါယနာတင်တယ်ထိုတာ ဘာလဲ။
-ပထမသင်္ဂါယနာကို ဘာကြောင့် တင်ရတာလဲ။
-အရှင်မဟာကဿပမထေရ်က ဘာတွေ လုပ်ဆောင်ခဲ့သလဲ။
-သင်္ဂါယနာတင်ပွဲတော်မှာ အရှင်အာနန္ဒာပါဝင်ဖို့ ဘာကြောင့် အရေးကြီးတာလဲ။
-ပထမသင်္ဂါယနာတင်ခြင်းကြောင့် သာသနာတော်မှာ ဘယ်လိုအကျိုးကျေးဇူးတွေ ရရှိသွားသလဲ။

စာသင်ချိန် (၂)

အသေးစိတ်ရည်ရွယ်ချက်။ ။ သာသနာတော်ကို ထိန်းသိမ်းစောင့်ရှောက်ရာတွင် ပါဝင်ကူညီနိုင်မည့် နည်းလမ်းများကို ဖော်ထုတ်တတ်ရန်။

သင်ထောက်ကူပစ္စည်း။ ။ ။ စာရွက်လွတ်များ၊ “ဓမ္မစကူးလ်ဆီသို့” သီချင်းစာသား။

လုပ်ငန်း (၁) ချိတ်ဆက်နိဒါန်းပျိုးခြင်း။

(၁ဝ မိနစ်)

သင်ယူမှုလုပ်ငန်းစဉ်

֍ “သားတို့သမီးတို့ ... ပထမသင်္ဂါယနာ ဘာကြောင့် တင်ခဲ့တယ်ဆိုတာကို သိသွားကြပြီး အခုတော့ သင်္ဂါယနာနဲ့ ပတ်သက်ပြီး ဆက်ဆွေးနွေးကြရအောင်”ဟု ပြော၍ အောက်ပါမေးခွန်းကို မေးပြီး ကလေးများ ပြောသောအချက်များကို မှတ်တမ်းတင်ပေးပါ။

-မြတ်စွာဘုရားရဲ့တရားတော်တွေကို သင်္ဂါယနာ မတင်ဘူးဆိုရင် ဘာတွေ ဖြစ်လာမယ်လို့ထင်သလဲ။

လုပ်ငန်း (၂) အုပ်စုဖွဲ့၍ လုပ်ငန်းပေးဆွေးနွေးခြင်း။

(၄၀ မိနစ်)

֍ ကလေးများကို အုပ်စု(၆) စုဖွဲ့ပြီး အောက်ပါမေးခွန်းကို အုပ်စုလိုက်စဉ်းစား၍ မှတ်စုစာအုပ်တွင် ရေးကြပါစေ။

-မြတ်စွာဘုရားရဲ့ သာသနာတော်ကို ထိန်းသိမ်းစောင့်ရှောက်နေကြတဲ့ သံဃာတော်တွေနဲ့ အဖွဲ့အစည်းတွေကို ကလေးတို့ကိုယ်တိုင် ဘယ်လိုနည်းလမ်းတွေနဲ့ ကူညီကြမလဲ။

֍ ပြီးလျှင် အုပ်စုများကို နှစ်စုစီတွဲပါ။ ထို့နောက် ဆွေးနွေးထားသော အကြောင်းအရာများထဲမှ တူညီသော အချက်များနှင့် မတူညီသောအချက်များကို အုပ်စုနှစ်စု ပေါင်း၍ အောက်ပါနမူနာပုံစံအတိုင်း စာရွက်ညှတွင် ရေးသား၍ ကိုယ်စားလှယ်တစ်ဦးစီက တင်ပြပါစေ။

နမူနာ-

အုပ်စု ၁ အုပ်စု ၂

မတူသော အချက်များ

တူသော အချက်များ

မတူသော အချက်များ

လုပ်ငန်း (၃) ဖြည့်စွက်ဆွေးနွေးခြင်းနှင့် “ဓမ္မစကူးလ်ဆီသို့” သီချင်းကို သီဆို၍ အနှစ်ချုပ်ခြင်း၊

(၁၀ မိနစ်)

֍ ကလေးများ၏ တင်ပြချက်များကို ဆရာက မှတ်သားထားပြီး ... လိုအပ်ချက်များကို ဖြည့်စွက်ပေး၍ “ကလေးတို့ကိုယ်တိုင် ပြုလုပ်မယ်လို့ ပြောထားတဲ့အချက်တွေကို ကလေးတို့ရဲ့ နေ့စဉ်ဘဝမှာ လက်တွေ့ လုပ်နိုင်အောင် ကြိုးစားကြရမယ်၊ ဒါမှသာ ထေရဝါဒဗုဒ္ဓသာသနာတော်ကြီး အဓွန့်ရှည်တည်တံ့နေမှာ ဖြစ်တယ်၊ ဒီလိုတည်တံ့ဖို့အတွက် ဆရာတို့တစ်တွေ လုပ်နိုင်တဲ့နေရာက စပြီးတော့ ဝိုင်းဝန်းလုပ်ဆောင်ပေး ကြရအောင်”ဟု ပြောပါ။

֍ ထို့နောက် “မွေးကူးလ်ဆီသို့” သီချင်းကို သံပြိုင်သီဆို၍ သင်ခန်းစာကို အဆုံးသတ်ပါ။

ဓမ္မစကူးလ်ဆီသို့

သားသား မီးမီး မောင်မယ်တွေ၊ တနင်္ဂနွေဆိုရင် သွားကြမလေ၊
ဓမ္မစကူးလ်ဆီ လှမ်းပို့ သွားစို့လေ။
စိတ်ဓာတ်နဲ့ ဉာဏ်ရည်တွေ၊ မြင့်သည်ထက် မြင့်အောင်၊
အကောင်းဆုံးကို ပေးတဲ့ ဓမ္မစကူးလ်ပေ။
တိုင်းရင်းသား မောင်မယ်တွေ၊ တနင်္ဂနွေထိုရင် သွားကြမလေ၊
ဓမ္မစကူးလ်ဆီ လှမ်းစို့ သွားစို့လေ။
နည်းလမ်းနဲ့ အကြံဉာဏ်တွေ၊ ကောင်းသည်ထက် ကောင်းအောင်၊
လမ်းပြညွှန်ပေးတဲ့ ဓမ္မစကူးလ်ပေ။
ဗုဒ္ဓဂုဏ်ရည် သင်ကြားခဲ့ပြီး ကြည်ညိုသဒ္ဓါ ပွားနိုင်ခဲ့ပေပြီ
ဗုဒ္ဓ ရတနာ ကြီးမြတ်ပါပေသည်၊ ရင်မှာထာဝစဉ် ကိန်းဝပ်သွားခဲ့ပြီး
ဓမ္မဂုဏ်ရည် သင်ကြားခဲ့ပြီ၊ ကြည်ညိုသဒ္ဓါ ပွားနိုင်ခဲ့ပေပြီ
ဓမ္မ ရတနာ ကြီးမြတ်ပါပေသည်၊ သံဃာတော်တွေ လက်ဆင့်ကမ်းခဲ့ပြီ။
သံဃာ့ဂုဏ်ရည် သင်ကြားခဲ့ပြီ၊ ကြည်ညိုသဒ္ဓါ ပွားနိုင်ခဲ့ပေပြီ
သံဃ ရတနာ ကြီးမြတ်ပါပေသည်၊ သရဏဂုံ သုံးပါး တို့ဆောက်တည်း
အမျိုးအတွက်မျှော်ရည်၊တို့ အားထားမည်၊ ဘာသာစာပေ တောက်ပြောင်ရစေမည်။
တို့ဓမ္မအမွေ၊ လက်ဆင့်လာလေပြီ၊ ဓမ္မစကူးလ်ကပေးတဲ့ တို့ရဲ့ အမွေ။