ပဏ္ဍရနာဂရာဇဇာတ်

From Wikisource
Jump to navigation Jump to search
ပုံတော်စုံ ငါးရာငါးဆယ် ဇာတ်ဝတ္ထု by မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော်
၅၁၈။ ပဏ္ဍရနာဂရာဇဇာတ် (၈)


တိံသနိပါတ်

၈။ ပဏ္ဍရကဇာတ်

မုသာဝါဒကြောင့် မြေမျိုခြင်အကြောင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် ဝိကိဏ္ဏဝါစံ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤပဏ္ဍရကဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် မုသာဝါဒကိုဆိုသောကြောင့် ဒေဝဒတ်အား မြေမျိုခြင်းကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုစကားသည်မှန်၏။ ထိုအခါ သဗ္ဗညူ မြတ်စွာဘုရားသည် ရဟန်းတို့သည် ဒေဝဒတ်၏ ကျေးဇူးမဲ့ ကဲ့ရဲသောစကားကို ပြောဆိုကုန်သည်ရှိသော် ရဟန်းတို့- ယခုအခါ၌သာလျှင် ဤဒေဝဒတ်သည် မဟုတ်မမှန် မုသာဝါဒ ပြောဆိုခြင်းကြောင့် မြေမျိုသည် မဟုတ်သေး၊ ရှေး၌လည်း ဤဒေဝဒတ်သည် မုသာဝါဒကို ပြောဆိုသောကြောင့် မြေမျိုဘူးသည်သာတည်း ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ရဟန်းတို့- လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ငါးရာကုန်သော ကုန်သည်တို့သည် သင်္ဘောဖြင့် သမုဒြာသို့သွား၍ ခုနစ်ရက်မြောက်နေ့၌ ကမ်းကို မမြင်သည်ဖြစ်၍ သင်္ဘောသည် သမုဒြာအပြင်၌ ပျက်သည်ရှိသော် တယောက်သော လူကိုထား၍ ကြွင်းကုန်သော သင်္ဘောသားတို့သည် ငါးလိပ်တို့၏ အစာဖြစ်ကုန်၏။ တယောက်သောလူသည်လေ၏အဟုန်ဖြင့် ကရမ္ပိယမည်သော သင်္ဘောဆိပ်သို့ ရောက်လေ၏။ ထိုသူသည် သမုဒြာမှတက်၍ အဝတ်မဝတ်သော တက္ကတွန်း၏ အသုံးအဆောင်ရှိသည် ဖြစ်၍ ထိုသင်္ဘောဆိပ်၌ ထမင်းစားအံ့သောငှါ သွား၏။ ထိုသူကို လူတို့သည် ဤရဟန်းကား အလိုနည်း၏။ ရောင့်ရဲလွယ်၏ဟု ချီးမွမ်းကုန်၍ ပူဇော်သက္ကာရကို ပြုကုန်၏။ ထိုသူသည် ငါသည် အသက်မွေးခြင်း၏ အကြောင်းကို ရပြီဟု ကြံ၍ ထိုလူတို့သည် ဝတ်ရုံစရာ ပုဆိုးတို့ကို ပေးကုန်သော်လည်း အလိုမရှိ၊ ထိုလူတို့သည် ဤရဟန်းထက် အလွန်အလိုနည်းသော ရဟန်းသည် မရှိဟုကြံ၍ လွန်ကြည်ညိုကုန်၏။ ထိုသူအား ကျောင်းဆောက်၍ ထိုကျောင်း၌ နေစေကုန်၏။ ထိုသူသည် ကရမ္ပိယတက္ကတွန်းဟူ၍ ထင်ရှား၏။ ထိုကရမ္ပိယ သင်္ဘောဆိပ်၌နေသော တက္ကတွန်းအား များစွာသော ပူဇော်သက္ကာရ ရှိသည်ဖြစ်၏။

ထိုအခါ နဂါးမင်းသည်၎င်း, ဂဠုန်မင်းသည်၎င်း ထိုတက္ကတွန်းအား ခစားခြင်းငှါ လာကုန်၏။ ထိုနဂါးမင်း, ဂဠုန်မင်း နှစ်ဦးတို့တွင် နဂါးမင်းသည် အမည်အားဖြင့် ပဏ္ဍရက အမည်ရှိ၏။ ထိုအခါ တနေ့သ၌ ဂဠုန်မင်းသည် ထိုတက္ကတွန်းအထံသို့ သွားပြီးလျှင် ရှိခိုး၍ တင့်အပ်သော အရပ်၌နေလျက် ဤသို့ မေးလျှောက်၏။ အရှင်ဘုရား- အကျွန်ုပ်တို့၏ အမျိုးတို့သည် နဂါးတို့ကို ဖမ်းယူကုန်သည်ရှိသော် များစွာကုန်သော ဂဠုန်တို့သည် ပျက်စီးကုန်၏။ ထိုနဂါးတို့ကို ဖမ်းယူသောအမှတ်ကို အကျွန်ုပ်တို့သည် မသိပါကုန်၊ ထိုနဂါးတို့အား လျှို့ဝှက်အပ်သော အကြောင်းတို့သည် ရှိသတတ်၊ အရှင်ဘုရားတို့သည် ချစ်ကျွမ်းဝင်သကဲ့သို့ပြု၍ ထိုအကြောင်းကို မေးခြင်းငှါ တတ်နိုင်ပါကုန်

အံ့လောဟု မေး၏။ ထိုတက္ကတွန်းသည် ကောင်းပြီဟု ဝန်ခံ၍ ဂဠုန်မင်းသည် ရှိခိုး၍ သွားသည်ရှိသော် နဂါးမင်းလာသောအခါ ရှိခိုး၍နေသော နဂါးမင်းကို မေး၏။

နဂါးမင်း- ဂဠုန်တို့သည် သင်တို့ကို ဖမ်းယူကုန်သည်ရှိသော် များစွာကုန်သော ဂဠုန်တို့သည် ပျက်စီးကုန်သတတ်၊ သင်တို့ကို ဖမ်းယူကုန်သော ဂဠုန်တို့သည် အဘယ့်ကြောင့် ဖမ်းယူခြင်းငှာ မတတ်နိုင်ကုန်သနည်းဟု မေး၏။ အရှင်ဘုရား- ဤအကြောင်းသည် အကျွန်ုပ်တို့၏ လျှို့ဝှက်အပ်သော အကြောင်းတည်း၊ ဤအကြောင်းကို ပြောဆိုသော အကျွန်ုပ်သည် ဆွေမျိုးအပေါင်း၏ သေခြင်းကို ဆောင်အပ်သည် ဖြစ်ရာချေ၏ဟု ဆို၏။ နဂါးမင်း အသို့နည်း၊ ထိုအကြောင်းကိုကား ငါသည် သူတပါးတို့အား ပြောဆိုလတ္တံ့ဟု ထင်မှတ်သလော၊ ဤအကြောင်းကို ငါသည် သူတပါးတို့အား မပြောဆိုလတ္တံ့၊ စင်စစ်သော်ကား သိလိုသောကြောင့်သာလျှင် ငါမေး၏။ သင်သည် ငါ့အား ယုံကြည်သဖြင့် ကြောက်ခြင်း ကင်းသည်ဖြစ်၍ ပြောဆိုလော့ဟု ဆို၏။ နဂါးမင်းသည် အရှင်ဘုရား- အကျွန်ုပ်သည် မပြောဆိုအံ့ဟု ဆိုပြီးလျှင် ရှိခိုး၍ သွားလေ၏။ နက်ဖြန်နေ့၌လည်း တဖန် မေးပြန်၏။ ထိုနေ့၌လည်း ထိုတက္ကတွန်းအား မပြောဆို။

ထို့နောင် သုံးရက်မြောက်သောနေ့၌ လာလတ်၍နေသော နဂါးမင်းကို နဂါးမင်း- သင့်ကိုမေးသည်ကား ယနေ့ သုံးရက်ရှိပြီ၊ အဘယ့်ကြောင့် သင် မပြောဆိုသနည်းဟု မေး၏။ အရှင်ဘုရား- အရှင်ဘုရားတို့သည် သူတပါးတို့အား ပြောဆိုကုန်လတ္တံ့ဟု ကြောက်သောကြောင့် မပြောပါဟု ဆို၏။ တစုံတယောက်သော သူအား ငါမပြောဆိုအံ့၊ ကြောက်ခြင်း ကင်းသည်ဖြစ်၍ ပြောဆိုလော့ဟု ဆိုလတ်သော် အရှင်ဘုရား- ထိုသို့တပြီးကား သူတပါးအား ပြောတော်မမူပါကုန်လင့်ဟု ဝန်ခံခြင်းကိုယူ၍ အရှင်ဘုရား- အကျွန်ုပ်တို့သည် ကြီးကုန်သော ကျောက်ခဲတို့ကို ငုံ၍ ဝန်လေးကုန်သည်ဖြစ်၍ ဝပ်ကုန်လျက် ဂဠုန်တို့လာသောအခါ ခံတွင်းကိုဖွင့်၍ သွားတို့ကိုဖွင့်၍ ဂဠုန်တို့ကို ကိုက်အံ့သကဲ့သို့ နေကုန်၏။ ထိုဂဠုန်တို့သည် လာလတ်ကုန်၍ အကျွန်ုပ်တို့၏ ဦးခေါင်းကို ဖမ်းယူကုန်၏။ ထိုဂဠုန်တို့သည်လည်း အလွန်လေးသည်ဖြစ်၍ ဝပ်၍နေကုန်သော အကျွန်ုပ်တို့ကို ရေမှ ထုတ်ယူခြင်းငှါ အားထုတ်ကုန်စဉ်လျှင် ရေသည် လွှမ်းမိ၏။ ထိုဂဠုန်တို့သည် နစ်ကုန်သည်ဖြစ်၍ ရေထဲ၌သာလျှင် သေကုန်၏။ ဤသို့သော အကြောင်းကြောင့် များစွာကုန်သော ဂဠုန်တို့သည် ပျက်စီးကုန်၏။ အကျွန်ုပ်တို့ကို ဖမ်းယူလိုကုန်သော ဂဠုန်မိုက်တို့အား ဦးခေါင်း၌ ဖမ်းယူသဖြင့် အဘယ် အကျိုးရှိအံ့နည်း၊ အကျွန်ုပ်တို့ကို အမြီး၌ကိုင်၍ ဦးခေါင်းအောက်သို့ တွဲလျားရှိသည်တို့ကို ပြုလျက် ယူအပ်သော အစာကို ခံတွင်းဖြင့် အန်စေ၍ ပေါ့သည်တို့ကို ပြု၍ သွားခြင်းငှါ တတ်နိုင်ကုန်၏ဟု ပဏ္ဍရက နဂါးမင်းသည် မိမိတို့၏ လျှို့ဝှက်အပ်သော အကြောင်းကို သီလမရှိသော ထိုတက္ကတွန်းအား ပြောဆို၏။

ထိုနဂါးမင်း သွားသည်ရှိသော် ဂဠုန်မင်းသည် လာလတ်၍ ကရမ္ပိယ တက္ကတွန်းကို ရှိခိုး၍ အရှင်ဘုရား- အသို့နည်း၊ အရှင်ဘုရားတို့သည် နဂါးမင်းအား လျှို့ဝှက်အပ်သော အကြောင်းကို မေးအပ်ပြီလောဟု မေးလျှောက်သည်ရှိသော် ဂဠုန်မင်းအား ငါမေးအပ်ပြီဟု ဆို၍ ထိုနဂါးမင်းသည် ဆိုအပ်သော အမှတ်ဖြင့်လျှင် အလုံးစုံကို ပြောဆို၏။ ထိုတက္ကတွန်း ပြောဆိုသော စကားကိုကြား၍ ဂဠုန်မင်းသည် နဂါးမင်းသည် မသင့်မလျော်သည်ကို ပြောဆိုဘိ၏။ အဆွေအမျိုးတို့၏ ပျက်စီးအံ့သော အကြောင်းကို သူတပါးတို့အား မပြောဆိုအပ်၊ ထိုသို့မူလည်းဖြစ်စေ၊ ယနေ့ပင်လျှင် ငါသည် ဂဠုန်တို့၏ လေအဟုန်ကို ပြု၍ ရှေးဦးစွာ ထိုနဂါးမင်းကိုလျှင် ဖမ်းခြင်းငှါသင့်၏ ဟု ကြံ၍ ထိုဂဠုန်မင်းသည် ဂဠုန်တို့၏ လေအဟုန်ကို ပြု၍ ပဏ္ဍရကနဂါးမင်းကို အမြီး၌ ကိုင်ယူ၍ ဦးခေါင်းစောက်ထိုး ပြုသဖြင့် ယူအပ်သောအစာကို စွန့်စေပြီးလျှင် ခုန်တက်၍ ကောင်းကင်သို့ ပျံလေ၏။ ပဏ္ဍရက နဂါးမင်းသည် ကောင်းကင်၌ ဦးခေါင်းစောက်ထိုး တွဲလျားဆွဲလျက် ငါသည်သာလျှင် ငါ၏ဆင်းရဲကို ဆောင်အပ်၏ဟု ဆို၍ ငိုကြွေး မြည်တမ်းလိုရကား-

၂၅၈။ ဝိကိဏ္ဏဝါစံ အနိဂုယှ မန္တံ၊
အသညတံ အပရိစက္ခိတာယံ။
ဘယန္တ မနွေတိ သယံ အဗောဓံ၊
နာဂံ ယထာ ပဏ္ဍရကံ သုပဏ္ဏော။
၂၅၉။ ယော ဂုယှမန္တံ ပရိရက္ခဏေယျံ၊
မောဟာ နရော သံသတိ ဟာသမာနော။
တံ ဘိန္နမန္တံ ဘယမနွေတိ ခိပ္ပံ၊
နာဂံ ယထာ ပဏ္ဍရကံ သုပဏ္ဏော။
၂၆၀။ နာနုမိတ္တော ဂရုံ အတ္ထံ၊ ဂုယှံ ဝေဒိတုမရဟတိ၊
သုမိတ္တော စ အသမ္ဗုဒ္ဓံ၊ သမ္ဗုဒ္ဓံ ဝါ အနတ္ထံဝါ။
၂၆၁။ ဝိဿာသ မာပဇ္ဇိ မဟံ အစေလံ၊
သမဏော အယံ သမ္မတော ဘာဝိတတ္တော။
တဿာဟ မက္ခိံ ဝိဝရိံ ဂုယှမတ္ထံ၊
အတီတမတ္ထော ကပဏံ ရုဒါမိ။
၂၆၂။ တဿာဟံ ပရမံ ဗြဟ္မေ ဂုယှံ၊
ဝါစဉှိ မံ နာသက္ခိ သံယမေတုံ။
တပ္ပက္ခတော ဟိ ဘယမာဂတံ မေ၊
အတီတမတ္ထော ကပဏံ ရုဒါမိ။
၂၆၃။ ယော ဝေ နရော သုဟဒံ မညမာနော၊
ဂုယှံ အတ္ထံ သံသတိ ဒုက္ကုလိနေ။
ဒေါသာ ဘယာ အထဝါယံ ရာဂရတ္တာ၊
ပလ္လိတ္ထိကော ဗာလော အသံသယံ သော။
၂၆၄။ တိရောက္ခဝါစော အသတံ ပဝိဋ္ဌော၊
ယော သင်္ဂီတီသု မုဒိရေတိ ဝါကျံ။
အာသီဝိသော ဒုမ္မုခေါ တျာဟု တံ နရံ၊
အာရာ အာရာ သံယမေ တာဒိသမှာ။
၂၆၅။ အန္နံ ပါနံ ကာသိကစန္ဒနဉ္စ၊
မနာပိတ္ထိယော မာလ မုစ္ဆာဒနဉ္စ။
ဩဟာယ ဂစ္ဆာမသေ သဗ္ဗကာမေ၊
သုပဏ္ဏ ပါဏူပဂတာဝ တျာမှာ။

ဟူသောဤရှစ်ဂါထာတို့ကို ဆို၏။

၂၅၈။ ဝိကိဏ္ဏဝါစံ၊ နှုတ်မစောင့်သော စကားရှိသော။ အနိဂုယှမန္တံ၊ မဖုံးလွှမ်းအပ်သော အတိုင်အပင် ရှိသော။ အသညတံ၊ ကိုနှုတ်နှလုံးကို စောင့်ခြင်းငှါ မစွမ်းနိုင်သော။ အပရိစက္ခိတာယံ၊ လျှို့ဝှက်အပ်သော အတိုင်အပင်ကို စောင့်နိုင်အံ့သောသူ မစောင့်နိုင်အံ့သောသူကို စုံစမ်းခြင်းငှါ မစွမ်းနိုင်သော။ တံ၊ ထိုဆိုအပ်ပြီးသော အင်္ဂါလေးပါးနှင့် ပြည့်စုံသော။ အဗောဓံ၊ ပညာမရှိသော ပုဂ္ဂိုလ်ကို။ ပဏ္ဍရကံ၊ ပဏ္ဍရက အမည်ရှိသော။ နာဂံ၊ နဂါးမင်းကို။ သုပဏ္ဏော၊ ဂဠုန်မင်းသည်။ အနွာဂတောယထာ၊ မိမိနိုင်ငံသို့ လိုက်စေသကဲ့သို့။ တထာ၊ ထို့အတူ။ သယံ၊ မိမိသည်။ ကတမေဝ၊ ပြုအပ်သော အမှုသည်လျှင်။ ဘယံ၊ ဘေးသို့။ အနွေတိ၊ အစဉ်လိုက်ရ၏။

၂၅၉။ ယော နရော၊ အကြင်ပုဂ္ဂိုလ်သည်။ ပရိရက္ခဏေယျ၊ စောင့်ရှောက်အပ်သော။ ဂုယှမန္တံ၊ လျှို့ဝှက်အပ်သော အတိုင်အပင်ကို။ မောဟာ၊ မိုက်သောကြောင့်။ ဟာသမာနော၊ နှစ်လိုဝမ်းသာ ရွှင်လန်းစွာလျက်။ ပါပပုရိသဿ၊ စောင့်ရှောက်ခြင်းငှာ မတတ်နိုင်သော ယောက်ျားယုတ်အား။ သံသတိ၊ ပြောဆိုအံ့။ ပဏ္ဍရကံ၊ ပဏ္ဍရက အမည်ရှိသော။ နာဂံ၊ နဂါးမင်းကို။ သုပဏ္ဏော၊ ဂဠုန်မင်းသည်။ အနွာဂတော ယထာ၊ မိမိနိုင်ငံသို့ လိုက်စေသကဲ့သို့။ တထာ၊ ထို့အတူ။ ဘိန္နမန္တံ၊ ပျက်သော အတိုင်အပင်ရှိသော။ တံ နရံ၊ ထိုပုဂ္ဂိုလ်ကို။ ဘယံ၊ ဘေးသည်။ ခိပ္ပံ၊ လျင်စွာ။ အနွေတိ၊ အစဉ်လိုက်၏။

၂၆၀။ ယော၊ အကြင်ပုဂ္ဂိုလ်သည်။ အနုမိတ္တော၊ အဆွေခင်ပွန်းတုသည်။ ဟောတိ၊ ဖြစ်၏။ ဟဒယေန၊ ချစ်သောစိတ်ဖြင့်။ န မိတ္တော၊ အဆွေခင်ပွန်းစစ်မဟုတ်။ သော၊ ထိုပုဂ္ဂိုလ်သည်။ ဂရုံ၊ ဝန်လေးသော။ ဂုယှံ၊ လျှို့ဝှက်အပ်သော။ အတ္ထံ၊ အကျိုးစီးပွားကို။ ဝေဒိတုံ၊ သိခြင်းငှါ။ န အရဟတိ၊ မထိုက်။ ယော၊ အကြင် ပုဂ္ဂိုလ်သည်။ သုမိတ္တော စ၊ အဆွေခင်ပွန်းကောင်းသည်မူလည်း ဖြစ်အံ့။ အမိတ္တော စ၊ ရန်သူမူလည်း ဖြစ်အံ့။ အသမ္ဗုဒ္ဓံ၊ ပညာမရှိသည်မူလည်း ဖြစ်အံ့။ သမ္ဗုဒ္ဓံ၊ ပညာရှိသည်မူလည်း ဖြစ်အံ့။ အနတ္ထံ ဝါ၊ အစီးအပွားမဲ့ကိုလည်း ကျင့်တတ်အံ့။ သောပိ၊ ထိုပုဂ္ဂိုလ်သည်လည်း။ ဂရုံ၊ ဝန်လေးသော။ အတ္ထံ၊ အကျိုး စီးပွားကို။ ဝေဒိတုံ၊ သိခြင်းငှာ။ န အရဟတိ၊ မထိုက်။

၂၆၁။ အယံ၊ ဤသူသည်ကား။ သမဏော၊ ကိလေသာ ငြိမ်းပြီးသူဟူ၍၎င်း။ သမ္မတော၊ လောက၌ အမြတ်ဟူ၍ သမုတ်အပ်သော သူဟူ၍၎င်း။ ဘာဝိတတ္တော၊ ပွားစေအပ်သောသူဟူ၍၎င်း။ မညမာနော၊ ထင်မှတ်၍။ အဟံ၊ ငါသည်။ အစေလံ၊ အစေလက တက္ကတွန်း၌။ ဝိဿာသံ၊ အကျွမ်းဝင်ခြင်းသို့။ အာပဇ္ဇိံ၊ ရောက်ပြီ။ အဟံ၊ ငါသည်။ တဿ၊ ထိုတက္ကတွန်းအား။ ဂုယှံ၊ လျှို့ဝှက်အပ်သော။ အတ္ထံ၊ အကျိုးစီးပွားကို။ အက္ခိံ၊ ပြောမိပြီ။ ဝိဝရိံ၊ ဖွင့်မိပြီ။ အတီတမတ္ထော၊ လွန်ပြီးသော အစီးအပွားရှိသော ငါသည်။ ဣဒါနိ၊ ယခုအခါ၌။ ကပဏံ၊ အထီးကျန်သည်ဖြစ်၍။ ရုဒါမိ၊ ငိုရ၏။

၂၆၂။ ဗြဟ္မေ၊ မြတ်သော ဂဠုန်မင်း။ တဿ၊ ထိုတက္ကတွန်းအား။ ပရမံ၊ မြတ်သော။ ဂုယှံ၊ လျှို့ဝှက်အပ်သော။ ဣမံ ဝါစံ၊ ဤစကားကို။ အဟံ၊ ငါသည်။ ဟိ-ယသ္မာ၊ အကြင်ကြောင့်။ သံယမေတုံ၊ စောင့်ရှောက်ခြင်းငှါ။ နာသက္ခိ၊ မတတ်နိုင်။ တသ္မာ၊ ထို့ကြောင့်။ ဘယံ၊ ဘေးသည်။ မမံ၊ ငါသို့။ တပ္ပက္ခတောဟိ၊ ထိုတက္ကတွန်း အထံမှလျှင်။ အာဂတံ၊ ရောက်လာ၏။ ဣတိ တသ္မာ၊ ထို့ကြောင့်။ အတီတမတ္ထော၊ လွန်ပြီးသော အစီးအပွားရှိသော ငါသည်။ ကပဏံ၊ အထီးကျန်သည်ဖြစ်၍။ ရုဒါမိ၊ ငိုရ၏။

၂၆၃။ ယော နရော၊ အကြင်သူသည်။ ဝေ၊ စင်စစ်။ သုဟဒံ- သုဟဒေါ၊ ကောင်းသော စိတ်နှလုံးရှိသော သူဟူ၍။ မညမာနော၊ ထင်မှတ်လျက်။ ဒေါသာ၊ အမျက်ကြောင့်၎င်း။ ဘယာ၊ ကြောက်သောကြောင့်၎င်း။ အထ၊ ထို့မြို့။ ရာဂရတ္တာ ဝါ၊ ရာဂဖြင့် တပ်မက်မောသောကြောင့်၎င်း။ ဂုယှံ၊ လျှို့ဝှက်အပ်သော။ အတ္ထံ၊ အကျိုးစီးပွားကို။ ဒုက္ကုလိနေ၊ အမျိုးယုတ်သော သူတို့ကို။ သံသတိ၊ ပြောဆို၏။ ဗာလော၊ မလိမ်မာသော။ သော နရော၊ ထိုသူသည်။ အသံသယံ၊ ယုံမှားမဲ့။ ပလ္လိတ္ထိကော၊ မိမိကိုယ်ကို သတ်သည်မည်သည်။ ဟောတိ၊ ဖြစ်၏။

၂၆၄။ တိရောက္ခဝါစော၊ ဖီလာဟု ဆိုအပ်သော မဖုံးလွှမ်းအပ်သော စကားရှိသောသူသည်။ အသတံ၊ သူယုတ်မာတို့၏။ အန္တရံ၊ အတွင်းသို့။ ပဝိဋ္ဌော၊ ဝင်၏။ ဝါကျံ၊ လျှို့ဝှက်အပ်သော စကားကို။ သင်္ဂတီသု၊ ပရိသတ်အလယ်တို့၌။ ဥဒိရေတိ၊ ဆိုတတ်၏။ တံ နရံ၊ ထိုသူကို။ အာသီဝိသော၊ လျင်သော အဆိပ်ရှိသော မြွေနှင့်တူသော။ ဒုမ္မုခေါတိ၊ ပုပ်သော ခံတွင်းရှိသော သူဟူ၍။ အာဟု၊ ဆိုကုန်၏။ တာဒိသမှာ၊ ထိုသို့ သဘောရှိသောသူမှ။ အာရာ အာရာ၊ ဝေးစွာ ဝေးစွာ။ သံသမေ၊ ရှောင်ကြဉ်ရာ၏။

၂၆၅။ အန္နံ၊ ထမင်းကို၎င်း။ ပါနံ၊ အဖျော်ကို၎င်း။ ကာသိကစန္ဒနဉ္စ၊ ကာသိတိုင်း၌ ဖြစ်သော စန္ဒကူးကို၎င်း။ မနာပိတ္ထိယော၊ နှစ်လိုဘွယ် ရှိကုန်သော မိန်းမတို့ကို၎င်း။ မာလမုစ္ဆာဒနဉ္စ၊ နတ်၌ဖြစ်သောပန်း နတ်၌ဖြစ်သော နံ့သာမျိုးလေးပါး ကသယ်မှုန့်တို့ကို၎င်း။ ဧတေ သဗ္ဗကာမေ၊ ထိုအလုံးစုံသော နတ်၌ဖြစ်သော ကာမဂုဏ်တို့ကို။ ဩဟာယ၊ စွန့်၍။ မယံ၊ ငါတို့သည်။ ဂစ္ဆာမသေ၊ သွားရကုန်အံ့သည်တကား။ သုပဏ္ဏ၊ ဂဠုန်မင်း။ တေ၊ သင် ဂဠုန်မင်းအား။ ပါဏူပဂတာဝ၊ အသက်တို့ဖြင့် ကိုးကွယ်ခြင်းသို့ ရောက်သည်လျှင်။ အမှာ၊ ဖြစ်ကုန်၏။

ဤသို့ ပဏ္ဍရက နဂါးမင်းသည် ကောင်းကင်၌ ဦးခေါင်း စောက်ထိုး တွဲလျားဆွဲလျက် ရှစ်ဂါထာတို့ဖြင့် ငိုကြွေးလျှင် ဂဠုန်မင်းသည် ပဏ္ဍရက နဂါးမင်း ငိုကြွေးသံကို ကြား၍ နဂါးမင်း- မိမိလျှို့ဝှက်အပ်သော စကားကို အဝတ် မဝတ်သော တက္ကတွန်းအား ပြောဆိုပြီး၍ ယခုအခါ အဘယ့်ကြောင့် သင်သည် ငိုကြွေးဘိသနည်းဟုဆို၍ ထိုပဏ္ဍရက နဂါးမင်းကို ကဲ့ရဲ့လိုရကား-

၂၆၆။ ကောနီဓ တိဏ္ဏံ ဂရဟံ ဥပေတိ။
အသ္မိံဓ လောကေ ပါဏဘူ နာဂရာဇ။
သမဏော သုပဏ္ဏော အထဝါ တဝေဝ၊
ကိံ ကာရဏာ ပဏ္ဍရက ဂဟိတော။

ဟူသော ဤဂါထာကို ဆို၏။

၂၆၆။ နာဂရာဇ၊ နဂါးမင်း။ ဣဓ၊ ဤနဂါးမင်းကို ဖမ်းယူရာ၌။ တိဏ္ဏံ၊ ငါတို့သုံးယောက်တို့တွင်။ ကော၊ အဘယ်မည်သော။ ပါဏဘူ၊ သတ္တဝါသည်။ အသ္မီဓ လောကေ၊ ဤလောက၌။ ဂရဟံ၊ ကဲ့ရဲ့အပ်သော အဖြစ်သို့။ ဥပေတိ နု၊ ရောက်မည်နည်း။ သမဏော၊ တက္ကတွန်း ရဟန်းသည်တည်း။ ဂရဟံ၊ ကဲ့ရဲ့အပ်သောအဖြစ်သို့။ ဥပေတိ နု၊ ရောက်မည်လော။ အထဝါ၊ ထိုသို့ မဟုတ်မူကား။ သုပဏ္ဏော၊ ဂဠုန်မင်းသည်တည်း။ ဂရဟံ၊ ကဲ့ရဲ့အပ်သောအဖြစ်သို့။ ဥပေတိ နု၊ ရောက်မည်လော။ အထ၊ ထိုသို့မဟုတ်မူကား။ တဝေဝ၊ သင်သည်လျှင်။ ဂရဟံ၊ ကဲ့ရဲအပ်သော အဖြစ်သို့။ ဥပေတိ နု၊ ရောက်မည်လော။ ပဏ္ဍရက၊ ပဏ္ဍရက နဂါးမင်း။ ကိံ ကာရဏာ၊ အဘယ့်ကြောင့်။ မံ၊ ငါ့ကို။ သုပဏ္ဏော၊ ဂဠုန်မင်းသည်။ ဂဟိတော၊ ဖမ်းလေသနည်း။ ဣတိ၊ ဤသို့။ စိန္တေတွာ၊ ကြံ၍။ အတ္တာနမေဝ၊ မိမိကိုယ်ကိုသာလျှင်။ ဂရဟ၊ သင်ကဲ့ရဲ့လော့။

ထိုစကားကိုကြား၍ ပဏ္ဍရက နဂါးမင်းသည် မိမိအကြောင်းကို ဂဠုန်မင်းအား ကြားလိုရကား -

၂၆၇။ သမဏာတိ မေ သမ္မတတ္တော အဟောသိ၊
ပိယော စ မေ မနသာ ဘာဝိတတ္တော။
တဿာဟ မက္ခိံ ဝိဝရိံ ဂုယှမတ္ထံ၊
အတီတမတ္ထော ကပဏံ ရုဒါမိ။

ဟူသော ဤဂါထာကို ဆို၏။

၂၆၇။ ဘော သုပဏ္ဏ၊ အို-ဂဠုန်မင်း။ သော သမဏော၊ ထိုတက္ကတွန်းရဟန်းကို။ မေ၊ ငါသည်။ သမ္မတတ္တော၊ သူတော်ကောင်းဟူ၍ သမုတ်အပ်သည်၏ အဖြစ်သည်။ အဟောသိ၊ ဖြစ်၏။ မေ၊ ငါ့အား။ ပိယော စ၊ ချစ်အပ်သည်လည်း။ အဟောသိ၊ ဖြစ်၏။ မနသာ၊ စိတ်ဖြင့်။ ဘာဝိတတ္တော စ၊ ပွားစေအပ်သော ကောင်းသော သဘောရှိသည်၏ အဖြစ်သည်လည်း။ အဟောသိ၊ ဖြစ်၏။ ဣတိ၊ ဤသို့ထင်မှတ်၍။ အဟံ၊ ငါသည်။ တဿ၊ ထိုတက္ကတွန်းရဟန်းအား။ ဂုယှံ၊ လျှို့ဝှက်အပ်သော။ အတ္ထံ၊ အကျိုးစီးပွားကို။ အက္ခိံ၊ ပြောဆိုမိ၏။ ဝိဝရိံ၊ ဖွင့်မိ၏။ ဣဒါနိ၊ ယခုအခါ၌။ အတီတမတ္ထော၊ လွန်လေပြီးသော အစီးအပွား ရှိသည်ဖြစ်၍။ ကပဏံ၊ အထီးကျန်လျက်။ ရုဒါမိ၊ ငိုရ၏။

ထို့နောင်မှ ဂဠုန်မင်းသည် သေခြင်း၌ မစိုးရိမ်ရာသော အဖြစ်ကို ပြသဖြင့် မကဲ့ရဲ့အပ်သည်ဖြစ်သော အစေလက တက္ကတွန်းကို သင် မကဲ့ရဲလင့်၊ သင့်ကိုယ်ကိုသာလျှင် သင် ကဲ့ရဲ့လော့ဟု ဆို၍ ထိုပဏ္ဍရက နဂါးမင်းအား တရားဟော

လိုရကား-

၂၆၈။ န စတ္ထိ သတ္တော အမရော ပထဗျာ၊
ပညာဝိမာ နတ္ထိ န နိန္ဒိတဗ္ဗာ။
သစ္စေန ဓမ္မေန ဓိတိယာ ဒမေန၊
အလဗ္ဘ မဗျာဟရတိ နရော ဣဓ။
၂၆၉။ မာတာ ပိတာ ပရမာ ဗန္ဓဝါနံ၊
နာဿ တတိယော အနုကမ္ပကတ္ထိ။
တေသမ္ပိ ဂုယှံ ပရမံ န သံသေ၊
မန္တဿ ဘေဒံ ပရိသင်္ကမာနော။
၂၇၀။ မာတာ ပိတာ ဘဂိနိ ဘာတရော စ၊
သဟာယော ဝါ ယဿ ဟောန္တိ သပက္ခာ။
တေသမ္ပိ ဂုယှံ ပရမံ န သံသေ၊
မန္တဿ ဘေဒံ ပရိသင်္ကမာနော။
၂၇၁။ ဘရိယာစေ ပုရိသံ ဝဇ္ဇာ၊ ကောမာရီ ပိယဘာဏိနီ။
ပုတ္တရူပယသူပေတာ၊ ဉာတိသင်္ဃ ပုရေက္ခတာ။
တသာပိ ဂုယှံ ပရမံ န သံသေ၊
မန္တဿ ဘေဒံ ပရိသင်္ကမာနော။

ဟူသော ဤလေးဂါထာတို့ကို ဆို၏။

၂၆၈။ နာဂရာဇ၊ နဂါးမင်း။ ပထဗျာ၊ မြေအပြင်၌။ အမရော၊ မသေသော သဘောရှိသော။ သတ္တော၊ သတ္တဝါ မည်သည်။ န စ အတ္ထိ၊ မရှိသည်သာတည်း။ ပညာဝိမာ၊ ပညာနှင့်တူသော။ န နိန္ဒိတာ၊ မကဲ့ရဲ့အပ်သော တရားမည်သည်။ နတ္ထိ၊ မရှိ။ နာဂရာဇ၊ နဂါးမင်း။ ဣဓ၊ ဤလောက၌။ နရော၊ သတ္တဝါသည်။ သစ္စေန၊ သစ္စာတရားဖြင့်၎င်း။ ဓမ္မေန၊ သုစရိုက်ဖြင့်၎င်း။ ဓိတိယာ၊ ပညာဖြင့်၎င်း။ ဒမေန၊ ဣန္ဒြေကို ဆုံးမခြင်းဖြင့်၎င်း။ အလဗ္ဘံ၊ ရခဲသော သမာပတ်ရှစ်ပါး မဂ်ဖိုလ် နိဗ္ဗာန်ဟု ဆိုအပ်သော တရားအထူးကို။ အဗျာဟရတိ၊ ပြီးစေနိုင်၏။ တသ္မာ၊ ထို့ကြောင့်။ အတ္တာနံဝ၊ မိမိကိုယ်ကိုသာလျှင်။ ဂရဟ၊ သင် ကဲ့ရဲ့လော့။

၂၆၉။ နာဂရာဇ၊ နဂါးမင်း။ ဗန္ဓဝါနံ၊ အဆွေအမျိုးတို့တွင်။ မာတာ၊ အမိသည်၎င်း။ ပိတာ၊ အဖသည်၎င်း။ ပရမာ၊ မြတ်သော အဆွေအမျိုးမည်၏။ အဿ၊ ထိုသားသ္မီးဖြစ်သော သတ္တဝါအား။ အနုကမ္ပကော၊ သနားတတ်သော။ တတိယော၊ အမိအဖတို့မှတပါး သုံးယောက်မြောက်သော သတ္တဝါ မည်သည်။ န အတ္ထိ၊ မရှိ။ မန္တဿ၊ အတိုင်အပင်၏။ ဘေဒံ၊ ပျက်အံ့သည်ကို။ ပရိသင်္ကမာနော၊ ရွံရှာသောပညာရှိသည်။ တေသမ္ပိ၊ ထိုအမိအဖတို့အားလည်း။ ပရမံ၊ မြတ်သော။ ဂုယှံ၊ လျှို့ဝှက်အပ်သော စကားကို။ န သံသေ၊ မပြောဆိုရာ။

၂၇၀။ နာဂရာဇ၊ နဂါးမင်း။ ယဿ၊ အကြင်သူ၏။ မာတာ၊ အမိသည်၎င်း။ ပိတာ၊ အဖသည်၎င်း။ ဘဂိနိ၊ နှမသည်၎င်း။ ဘာတရော စ၊ ညီအစ်ကိုသည်၎င်း။ သဟာယော ဝါ၊ အဆွေခင်ပွန်းသည်၎င်း။ သပက္ခာ၊ ဘထွေးဘကြီး ဦးရီး အစရှိသော တူသော အပင်းအသင်း ဖြစ်ကုန်သော အဆွေအမျိုးတို့သည်၎င်း။ ဟောန္တိ၊ ရှိသည်ဖြစ်ကုန်၏။ မန္တဿ၊ အတိုင်အပင်၏။ ဘေဒံ၊ ပျက်အံ့သည်ကို။ ပရိသင်္ကမာနော၊ ရွံရှာသောပညာရှိသည်။ တေသမ္ပိ၊ ထိုသူတို့အားလည်း။ ပရမံ၊ မြတ်သော။ ဂုယှံ၊ လျှို့ဝှက်အပ်သော စကားကို။ န သံသေ၊ မပြောဆိုရာ။

၂၇၁။ နာဂရာဇ၊ နဂါးမင်း။ ပုရိသံ၊ မိမိလင်မှ တပါးသောယောက်ျားကို။ ဝဇ္ဇာ၊ ဝေးစွာရှောင်ကြဉ်တတ်သော။ ကောမာရီ၊ ငယ်ရွယ်သောအခါ၌ ဆောင်ယူအပ်သော မယားလည်းဖြစ်သော။ ပိယဘာဏိနီ၊ ချစ်ဘွယ်သော စကားကိုလည်း ဆိုတတ်သော။ ပုတ္တရူပယသူပေတာ၊ သားသ္မီး အရောင်အဆင်း စည်းစိမ် အခြံအရံနှင့်လည်း ပြည့်စုံသော။ ဉာတိသင်္ဃပုရေက္ခတာ၊ ဆွေမျိုးအပေါင်းတို့သည် ခြံရံအပ်သော။ ဘရိယာ စ၊ မယားသည်မူလည်း။ အာစိက္ခာဟိ၊ ပြောပါလော့။ ဣတိ၊ ဤသို့။ စေ ဝဒေယျ၊ အကယ်၍ ဆိုငြားအံ့။ တဿာပိ၊ ထိုမယားအားလည်း။ မန္တဿ၊ အတိုင်အပင်၏။ ဘေဒံ၊ ပျက်အံ့သည်ကို။ ပရိသင်္ကမာနော၊ ရွံရှာသော ပညာရှိသည်။ ပရမံ၊ မြတ်သော။ ဂုယှံ၊ လျှို့ဝှက်အပ်သော စကားကို။ န သံသေ၊ မပြောဆိုရာ။

ဤဂါထာတို့ဖြင့် တရားဟောပြီး၍ တဖန် နဂါးမင်းအား အဆုံးအမပေးသဖြင့် တရားဟောပြန်လိုရကား-

၂၇၂။ န ဂုယှမတ္ထ ဝိဝရေယျ၊ ရက္ခေယျ နံ ယထာ နိဓိ။
န ဟိ ပါတုကတော သာဓု၊
ဂုယှော အတ္ထော ပဇာနတာ။
၂၇၃။ ထိယာ ဂုယှံ န သံသေယျ၊
အမိတ္တဿ စ ပဏ္ဍိတော။
ယော စာမိသေန သံဟီရော၊
ဟဒယတ္ထေနော စ ယော နရော။
၂၇၄။ ဂုယှမတ္ထမသမ္ဗုဒ္ဓံ၊ သမ္ဗောဓယတိ ယောနရော။
မန္တဘေဒဘယာ တဿ၊
ဒါသဘူတော တိတိက္ခတိ။
၂၇၅။ ယာဝန္တော ပုရိသဿတ္ထံ၊ ဂုယှံ ဇာနန္တိ မန္တိနံ။
တာဝန္တော တဿ ဥဗ္ဗေဂါ၊
တသ္မာ ဂုယှံ န ဝိဿဇေ။
၂၇၆။ ဝိဝိစ္စ ဘာသေယျ ဒိဝါ ရဟဿံ၊
ရတ္တိဂိရံ နာတိဝေလံ ပမုဉ္စေ။
ဥပဿုတိကာ ဟိ သုဏန္တိ မန္တံ၊
တသ္မာ မန္တော ခိပ္ပမုပေတိ ဘေဒံ၊
၂၇၇။ ယထာပိ အယနဂရံ မဟန္တံ၊
အဒွါရကံ အာယသံ ဘဒ္ဒသာလံ။
သမန္တခါတာ ပရိခါ ဥပေတံ၊
ဧဝံပိ မေ တေ ဣဓ ဂုယှမန္တာ။
၂၇၈။ ယေ ဂုယှမန္တာ အဝိကိဏ္ဏဝါစာ၊
ဒဠှာ သဒတ္ထေသု နရာ ဒုဇိဝှ။
အာရာ အမိတ္တာ ဗျဝဇန္တိ တေဟိ၊
အာသီဝိသာ ဝါရိဝ သတ္တုသင်္ဃာ။

ဟူသော ဤခုနစ်ဂါထာတို့ကို ဆို၏။

၂၇၂။ နာဂရာဇ၊ နဂါးမင်း။ ဂုယှမတ္ထံ၊ လျှို့ဝှက်အပ်သောအကြောင်းကို။ နိဓိယထာ၊ ရွှေအိုးကိုကဲ့သို့။ ရက္ခေယျ၊ စောင့်ရှောက်ရာ၏။ န ဝိဝရေယျ၊ မဖွင့်ရာ။ ဟိ-သစ္စံ၊ မှန်၏။ ဂုယှော၊ လျှို့ဝှက်အပ်သော။ အတ္ထော၊ အကြောင်းကို။ ပါတုကတော၊ ထင်ရှားပြုခြင်းကို။ ပဇာနတာ၊ ပညာရှိသည်။ န သာဓု- နပ္ပသတ္ထော၊ မချီးမွမ်းအပ်။

၂၇၃။ နာဂရာဇ၊ နဂါးမင်း။ ပဏ္ဍိတော၊ ပညာရှိသောသူသည်။ ထိယာ၊ မိန်းမအား၎င်း။ အမိတ္တဿ၊ ရန်သူအား၎င်း။ ဂုယှံ၊ လျှို့ဝှက်အပ်သောစကားကို။ န သံသေယျ၊ မပြောဆိုရာ။ ယော စ၊ အကြင်သူသည်ကား။ အာမိသေန၊ တစုံတခုသော အာမိသဖြင့်။ သံဟီရော၊ ဖြားယောင်းတတ်၏။ တဿပိ၊ ထိုသူ့အားလည်း။ ဂုယှံ၊ လျှို့ဝှက်အပ်သော စကားကို။ န သံသေယျ၊ မပြောဆိုရာ။ ယော စ နရော၊ အကြင်သူသည်ကား။ ဟဒယတ္ထေနော၊ နှုတ်တပါး စိတ်တပါး အဆွေခင်ပွန်းတုဖြစ်၍ စိတ်နှလုံးကို ခိုးတတ်၏။ တဿပိ၊ ထိုသူ့အားလည်း။ ဂုယှံ၊ လျှို့ဝှက်အပ်သော စကားကို။ န သံသေ၊ မပြောဆိုရာ။

၂၇၄။ နာဂရာဇ၊ နဂါးမင်း။ ယော နရော၊ အကြင်သူသည်။ အသမ္ဗုဒ္ဓံ၊ မသိစေအပ်သော။ ဂုယှံ၊ လျှို့ဝှက်အပ်သော။ အတ္ထံ၊ အကြောင်းကို။ သမ္ဗောဓယတိ၊ သိလေအံ့။ မန္တဘေဒဘယာ၊ အတိုင်အပင် ပျက်စီးအံ့သည်မှ ကြောက်သောသူသည်။ တဿ၊ ထိုသိလေသော သူ၏။ ဒါသဘူတော၊ ကျွန်ကဲ့သို့ဖြစ်၍။ တိတိက္ခတိ၊ သည်းခံအပ်၏။

၂၇၅။ နာဂရာဇ၊ နဂါးမင်း။ မန္တနံ၊ တိုင်ပင်အပ်သောသူတို့တွင်။ ယာဝန္တော၊ အကြင်မျှလောက်ကုန်သော သူတို့သည်။ ပုရိသဿ၊ ယောက်ျားပုဂ္ဂိုလ်၏။ ဂုယှံ၊ လျှို့ဝှက်အပ်သော။ အတ္ထံ၊ အကြောင်းကို။ ဇာနန္တိ၊ သိလေကုန်၏။ တာဝန္တော၊ ထိုမျှလောက်သောသူတို့သည်။ တဿ၊ ထိုပုဂ္ဂိုလ်အား။ ဥဗ္ဗေဂါ၊ ထိတ်လန့်ခြင်းကို ဖြစ်စေတတ်ကုန်၏။ တသ္မာ၊ ထို့ကြောင့်။ ဂုယှံ၊ လျှို့ဝှက်အပ်သောစကားကို။ န ဝိဿဇေ၊ သူတပါးကို မသိစေရာ။

၂၇၆။ နာဂရာဇ၊ နဂါးမင်း။ ဒိဝါ၊ နေ့၌။ ဝိဝိစ္စ၊ ဆိတ်ကွယ်ရာအရပ်သို့ သွား၍။ ရဟဿံ၊ လျှို့ဝှက်အပ်သော စကားကို။ ဘာသေယျ၊ ပြောဆိုရာ၏။ ရတ္တိ၊ ညဉ့်၌။ အတိဝေလံ၊ အပိုင်းအခြားကို လွန်၍ ကျယ်စွာသောအသံကို။ ကရောန္တော၊ ပြုလျက်။ ဂိရံ၊ စကားကို။ န ပမုဉ္စေ၊ မလွှတ်ရာ။ ဟိ-ယသ္မာ၊ အကြင့်ကြောင့်။ ဥပဿုတိကာ၊ တိုင်ပင်ရာသို့ ချဉ်း၍ တိုက်နံရံ၏အပ စသည်၌ရပ်၍ နားထောင်သော သူတို့သည်။ မန္တံ၊ အတိုင်အပင်ကို။ သုဏန္တိ၊ ကြားကုန်ရာ၏။ တသ္မာ၊ ထို့ကြောင့်။ မန္တော၊ အတိုင်အပင်သည်။ ခိပ္ပံ၊ လျင်စွာ။ ဘေဒံ၊ ပျက်စီးခြင်းသို့။ ဥပေတိ၊ ရောက်၏။

၂၇၇။ ဒုဇိဝှ၊ နဂါးမင်း။ အဒွါရကံ၊ တံခါးလည်း မရှိထသော။ အယသာ၊ သံဖြင့်။ ကတံ၊ ပြုအပ်သော။ ဘဒ္ဒသာလံ၊ တင့်တယ်သော စရပ် တန်ဆောင်း အိမ်ဈေး အစရှိသည်တို့နှင့်လည်း ပြည့်စုံထသော။ သမန္တခါတာ၊ ထက်ဝန်းကျင် တူးအပ်ကုန်သော။ ပရိခါ၊ သုံးတန်သော ကျူးတို့နှင့်လည်း။ ဥပေတံ၊ ပြည့်စုံထသော။ မဟန္တံ၊ ကြီးကျယ်စွာသော။ အယနဂရံ ယထာ၊ သံဖြင့်ပြီးသော မြိုကဲ့သို့။ ဧဝမ္ပိ၊ ဤသံမြို့ အတူလျှင်။ ဣဓ၊ ဤလောက၌။ ဂုယှမန္တာ၊ လျှို့ဝှက်အပ်သော အတိုင်အပင် ရှိကုန်သော။ ယေ နရာ၊ အကြင်ပုဂ္ဂိုလ်တို့သည်။ သန္တိ၊ ရှိကုန်၏။ တေ နရာ၊ ထိုပုဂ္ဂိုလ်တို့သည်။ မေ၊ ငါ့အား။ ခါယန္တိ၊ ထင်ကုန်၏။

၂၇၈။ ဒုဇိဝှ၊ နဂါးမင်း။ ဂုယှမန္တာ၊ လျှို့ဝှက်အပ်သော အတိုင်အပင် ရှိကုန်သော။ သဒတ္ထေသု၊ မိမိအကျိုးစီးပွားတို့၌။ ဒဠှာ၊ မြဲမြံကုန်သော သူတို့သည်။ အာရာ၊ အဝေးမှ။ ဗျဝဇန္တိ ဣဝ၊ ဖဲကုန်သကဲ့သို့။ အဝိကိဏ္ဏဝါစာ၊ ဖရိုဖရဲ မရှိသည်ဖြစ်၍ စောင့်ရှောက်အပ်သော စကားရှိကုန်သော။ အာသီဝိသာ၊ လျင်သော အဆိပ်ရှိသော မြွေဟုဆိုအပ်သော။ သတ္တုသင်္ဃာ၊ ရန်သူအပေါင်းမှ။ ဇီဝိတုကာမာ၊ အသက်ရှည်ခြင်းငှါ အလိုရှိကုန်သော သူတို့သည်။ အာရာ၊ အဝေးမှ။ ဗျဝဇန္တိ ဣဝ၊ ဖဲကုန်သကဲ့သို့။ ဧဝံ၊ ဤအတူ။ တေဟိ၊ ထိုလျှို့ဝှက်အပ်သော အတိုင်အပင်ရှိကုန်သော သူတို့မှ။ အမိတ္တာ၊ ရန်သူတို့သည်။ အာရာ၊ အဝေးမှ။ ဗျဝဇန္တိ၊ ဖဲလေကုန်၏။

ဤသို့ ဂဠုန်မင်းသည် တရားဟောတော်မူသည်ရှိသော် ပဏ္ဍရက နဂါးမင်းသည် ထိုတက္ကတွန်း၏ သီလမရှိသော အဖြစ်ကိုသိ၍ ဂဠုန်မင်း- ငါသည် ထိုတက္ကတွန်းအား သီလရှိသောရဟန်း ထင်မှတ်၍ လျှို့ဝှက်အပ်သော စကားကို ပြောဆိုမိသောကြောင့် ပျက်စီးခြင်းသို့ ရောက်ရပြီ၊ အဘယ်သို့သော အကျင့်ဝတ်နှင့် ပြည့်စုံသောသူသည် ရဟန်းကောင်း အစစ်ဖြစ်၍ နတ်ရွာသို့ ရောက်ရာသနည်းဟု ဆို၍ ထိုအကြောင်းကို ဂဠုန်မင်းအား မေးလိုရကား-

၂၇၉။ ဟိတွာ ဃရံ ပဗ္ဗဇိတော အစေလော၊
နဂ္ဂေါ မုဏ္ဍော စရတိ ဃာသဟေတု။
တမှိ နုခေါ ဝိဝရိ ဂုယှမတ္ထံ၊
အတ္ထာ စ ဓမ္မာ စ အပဂတမှာ။
၂၈၀။ ကထံ ကရော ဝါဟိ သုပဏ္ဏရာဇ။
ကိံ သီလော ကေန ဝတေန ဝတန္တော။
သမဏော စရံ ဟိတွာ မမာယိတာနိ၊
ကထံ ကရော သဂ္ဂမုပေတိ ဌာနံ။

ဟူသော ဤနှစ်ဂါထာတို့ကို ဆို၏။

၂၇၉။ သုပဏ္ဏရာဇ၊ ဂဠုန်မင်း။ ဃရံ၊ အိမ်ကို။ ဟိတွာ၊ စွန့်၍။ ပဗ္ဗဇိတော၊ ရဟန်းပြုသော။ အစေလော၊ အဝတ်မဝတ်။ နဂ္ဂေါ၊ အချည်းနှီးသော။ မုဏ္ဍော၊ ဦးပြည်းသည်။ ဃာသဟေတု၊ ခဲဘွယ်စားဘွယ်ကို ရှာလိုသောကြောင့်။ စရတိ၊ ကျင့်၏။ တမှိ နုခေါ၊ ထိုအဝတ် မဝတ်သော ရဟန်းဦးပြည်း၌လျှင်။ ဂုယှံ၊ လျှို့ဝှက်အပ်သော။ အတ္ထံ၊ အကြောင်းကို။ ဝိဝရိ၊ ဖွင့်ဆိုမိ၏။ မယံ၊ ငါတို့သည်။ အတ္ထာ စ၊ အကျိုးစီးပွားမှ၎င်း။ ဓမ္မာ စ၊ အကြောင်းမှ၎င်း။ အပဂတာ၊ ကင်းကုန်သည်။ အမှာ၊ ဖြစ်ကုန်ပြီ။

၂၈၀။ သုပဏ္ဏရာဇ၊ ဂဠုန်မင်း။ ကိံ သီလော၊ အဘယ်သို့သော သီလနှင့်ပြည့်စုံသော။ ကေန ဝတေန၊ အဘယ်သို့သော အကျင့်ကို ဆောက်တည်ခြင်းဖြင့်။ ဝတန္တော၊ ကျင့်သော။ မမာယိတာနိ၊ တဏှာဟူသော ငါ၏ဥစ္စာဟူ၍ တပ်မက်မောတတ်သော အကုသိုလ်တို့ကို။ ဟိတွာ၊ စွန့်၍။ စရံ စရန္တော၊ ကျင့်သောသူသည်။ ကထံ၊ အဘယ်သို့။ ကရော၊ ပြုသည်ဖြစ်၍။ သမဏော၊ ရဟန်းသည်။ သဂ္ဂံ၊ ရူပါရုံစသည်တို့ဖြင့် မြတ်သော။ ဌာနံ၊ နတ်ပြည်သို့။ ဥပေတိ၊ ရောက်သနည်း။

ဂဠုန်မင်းသည် ထိုပဏ္ဍရက နဂါးမင်း၏ အမေးကို ဖြေလိုရကား-

၂၈၁။ ဟိရိယာ တိတိက္ခာယ ဒမေ နုပေတေ။
အက္ကောဓနော ပေသုဏိယံ ပဟာယ။
သမဏာ စရံ ဟိတွာ မမာယိတာနိ၊
ဧဝံ ကရော သဂ္ဂမုပေတိ ဌာနံ။

ဟူသော ဤဂါထာကို ဆို၏။

၂၈၁။ နာဂရာဇ၊ နဂါးမင်း။ ဟိရိယာ၊ အဇ္ဈတ္တကြောင့် ဖြစ်သော ဟိရီ, ဗဟိဒ္ဓကြောင့်ဖြစ်သော ဩတ္တပ္ပနှင့်၎င်း။ တိတိက္ခာယ၊ သည်းခံခြင်းနှင့်၎င်း။ ဒမေန၊ ဣန္ဒြေကို ဆုံးမခြင်းနှင့်၎င်း။ ဥပေတော၊ ပြည့်စုံသော။ အက္ကောဓနော၊ အမျက်မထွက်တတ်သော အလေ့ရှိသော။ ပေသုဏိယံ၊ ချောပစ်သော စကားကိုလည်း။ ပဟာယ၊ စွန့်၍။ မမာယိတာနိ၊ တပ်မက်မောတတ်သော တဏှာတို့ကို။ ဟိတွာ၊ စွန့်၍။ စရံ-စရန္တော၊ ကျင့်သောသူသည်။ သမဏော၊ ရဟန်းမည်သည်။ ဟောတိ၊ ဖြစ်၏။ ဧဝံ၊ ဤသို့။ ကရော၊ ပြုသော ရဟန်းသည်လျှင်။ သဂ္ဂံ၊ ရူပါရုံစသည်တို့ဖြင့် မြတ်သော။ ဌာနံ၊ နတ်ပြည်သို့။ ဥပေတိ၊ ရောက်ရ၏။

ဂဠုန်မင်း၏ ဤတရားစကားကို ကြားရလျှင် ပဏ္ဍရကနဂါးမင်းသည် မိမိအသက်ကို တောင်းလိုသည်ဖြစ်၍-

၂၈၂။ မာတာဝ ပုတ္တံ တရုဏံ တနုဇ္ဇံ၊
သမ္ဖဿတံ သဗ္ဗဂတ္တံ ဖရေတိ။
ဧဝံပိ မေ တွံ ပါတုရဟု ဒိဇိန္ဒ၊
မာတာဝ ပုတ္တံ အနုကမ္ပမာနော။

ဟူသော ဤဂါထာကို ဆို၏။

၂၈၂။ ဒိဇိန္ဒ၊ ငှက်များသေဌ်နင်း ဂဠုန်မင်း။ မာတာ၊ အမိသည်။ တနုဇံ၊ ကိုယ်မှဖြစ်သော။ တရုဏံ၊ ငယ်စွာသော။ ပုတ္တံ၊ သားကို။ သမ္ဖဿတံ၊ ကောင်းစွာ အတွေ့ရှိသည်၏ အဖြစ်ကိုသိ၍။ သဗ္ဗဂတ္တံ၊ အလုံးစုံသောကိုယ်ကို။ ဖရေတိ-ဣဝ၊ သား၏အတွေ့ဖြင့် နှံ့စေသကဲ့သို့။ ဧဝံပိ၊ ဤအတူလည်း။ တွံ၊ သင်ဂဠုန်မင်းသည်။ မေ၊ အကျွန်ုပ်အား။ ပါတုရဟု၊ ထင်ရှားဖြစ်ပါ၏။ တသ္မာ၊ ထို့ကြောင့်။ မာတာ၊ အမိသည်။ ပုတ္တံ၊ သားကို။ အနုကမ္ပမာနော ဣဝ၊ သနားသကဲ့သို့။ ဧဝံ၊ ဤအတူ။ မံ၊ အကျွန်ုပ်ကို။ ပဿ၊ ရှုတော်မူလော့။

ထိုသို့ နဂါးမင်း တောင်းပန်သောအခါ ဂဠုန်မင်းသည် နဂါးမင်း၏အသက်ကို ပေးလိုရကား-

၂၈၃။ ဟန္ဒဇ္ဇ တွံ မုဉ္စ ဝဓာ ဒုဇိဝှ၊
တယော ဟိ ပုတ္တာ န ဟိ အညော အတ္ထိ။
အန္တေဝါသိ ဒိန္နကော အတြဇော စ၊
ရဇ္ဇဿု ပုတ္တညတရော မေ အဟောသိ။

ဟူသော ဤဂါထာကို ဆို၏။

၂၈၃။ ဒုဇိဝှ၊ နဂါးမင်း။ ဟန္ဒ၊ ငါသနားလှစွ။ အဇ္ဇ၊ ယခုအခါ၌။ တွံ၊ သင်သည်။ ဝဓာ၊ သတ်ခြင်းမှ။ မုဉ္စ၊ လွတ်လော့။ ဟိ-ယသ္မာ၊ အကြင့်ကြောင့်။ အန္တဝါသိ စ၊ အတတ်သင်သော သား၎င်း။ ဒိန္နကော စ၊ သားပြုလော့ဟု သူတပါးပေးသော သား၎င်း။ အတြဇော စ၊ မိမိမှဖြစ်သော သား၎င်း။ ဣတိ၊ ဤသို့။ ပုတ္တာ၊ သားတို့သည်။ တယော ဟိ၊ သုံးယောက်တို့ သည်သာလျှင်တည်း။ အညော၊ သုံးယောက်မှ တပါးသော လေးယောက်မြောက်သော သားမည်သည်။ န အတ္ထိ၊ မရှိ။ တသ္မာ၊ ထို့ကြောင့်။ တွံ၊ သင် နဂါးမင်းသည်။ မေ၊ ငါ၏။ အညတရော၊ တယောက်ယောက်သော။ ပုတ္တော၊ သားသည်။ အဟောသိ၊ ဖြစ်၏။ ရဇ္ဇဿု၊ မွေ့လျော်လော့။

ဤသို့သော စကားကို ဆိုပြီးလျှင် ကောင်းကင်မှသက်၍ နဂါးမင်းကို မြေ၌ တည်စေ၏။ ထိုအကြောင်းကို ထင်ရှား ပြတော်မူလိုသော သဗ္ဗညူ မြတ်စွာဘုရားသည်-

၂၈၄။ ဣစ္စေဝ ဝါကျံ ဝိဿဇ္ဇိ သုပဏ္ဏော၊
ဘူမျံ ပတိဋ္ဌာယ ဒိဇော ဒုဇိဝှံ။
မုတ္တဇ္ဇ တွံ သဗ္ဗဘယာတိဝတ္တော။
ထလူဒကေ ဟောတိ မယာဘိဂုတ္တော။
၂၈၅။ အာတင်္ကိနံ ယထာ ကုသလော ဘိသက္ကော၊
ပိပါသိတာနံ ဥဒကရဟဒေါဝ သီတော။
ဝေသ္မံ ယထာ ဟိမသီတဋ္ဋိတာနံ၊
ဧဝံပိ တေ သရဏမဟံ ဘဝါမိ။

ဟူသော ဤနှစ်ဂါထာတို့ကို ဟောတော်မူ၏။

၂၈၄။ ဘိက္ခဝေ၊ ရဟန်းတို့။ ဣစ္စေဝ ဝါကျံ၊ ဤသို့သောစကားကို။ ဝတွာ၊ ဆိုပြီး၍။ သုပဏ္ဏော၊ ဂဠုန်မင်းသည်။ ဒုဇိဝှံ၊ နဂါးမင်းကို။ ဝိဿဇ္ဇိ၊ လွှတ်၏။ ဒိဇော၊ ဂဠုန်မင်းသည်။ ဘူမျံ၊ မြေ၌။ ပတိဋ္ဌာယ၊ ရပ်၍။ ဒုဇိဝှံ၊ နဂါးမင်းကို။ သမဿာသေန္တော၊ နှစ်သက်စေလျက်။ တွံ၊ သင် နဂါးမင်းကို။ အဇ္ဇ၊ ယခုအခါ၌။ မုတ္တော၊ ငါလွှတ်၏။ သဗ္ဗဘယာ၊ အလုံးစုံသော ဘေးမှ။ အတိဝတ္တော၊ လွန်မြောက်ပြီ။ ထလေ၊ ကြည်း၌၎င်း။ ဥဒကေ၊ ရေ၌၎င်း။ မယာ၊ ငါသည်။ အဘိဂုတ္တော၊ စောင့်ရှောက်အပ်သည်။ ဟောတိ၊ ဖြစ်၏။

၂၈၅။ နာဂရာဇ၊ နဂါးမင်း။ ကုသလော၊ လိမ်မာသော။ ဘိသက္ကော၊ ဆေးသမားသည်။ အာတင်္ကိနံ၊ သူနာတို့၏။ သရဏံ ယထာ စ၊ ကိုးကွယ်ရာ ဖြစ်သကဲ့သို့၎င်း။ သီတော၊ ချမ်းမြေ့စွာသော။ ဥဒကရဟဒေါ၊ ရေအိုင်သည်။ ပိပါသိတာနံ၊ ရေမွတ်ကုန်သောသူတို့၏။ သရဏံ ဣဝ၊ ကိုးကွယ်ရာ ဖြစ်သကဲ့သို့၎င်း။ ဝေသ္မံ၊ အိမ်သည်။ ဟိမသီတဋ္ဋိတာနံ၊ ဆီးနှင်းအချမ်းဖြင့် နှိပ်စက်အပ်ကုန်သော သူတို့၏။ သရဏံ ယထာ စ၊ ကိုးကွယ်ရာဖြစ်သကဲ့သို့၎င်း။ ဧဝံပိ၊ ဤအတူလျှင်။ အဟံ၊ ငါသည်။ တေ၊ သင်၏။ သရဏံ၊ ကိုးကွယ်ရာသည်။ ဘဝါမိ၊ ဖြစ်၏။

ထိုပဏ္ဍရက နဂါးမင်းသည် နဂါးပြည်သို့ သွား၏။ ဂဠုန်မင်းသည် ဂဠုန်ပြည်သို့သွား၍ ငါသည် ပဏ္ဍရက နဂါးမင်းကို သစ္စာပြု၍ ယုံကြည်စေသဖြင့် လွှတ်အပ်၏။ ငါ၌ ထိုနဂါးမင်း၏ စိတ်နှလုံးသည် အသို့သဘောရှိသနည်း၊ ထိုနဂါးမင်းကို စူးစမ်းအံ့ဟု ကြံ၍ နဂါးပြည်သို့ သွားပြီးလျှင် ဂဠုန်မင်းတို့၏ လေအဟုန်ကို ပြု၏။ ထိုသို့ပြုသော ဂဠုန်မင်းကို မြင်၍ နဂါးမင်းသည် ဖမ်းယူခြင်းငှါ လာသည်ဖြစ်လတ္တံ့ဟု ထင်မှတ်၍ အလံတထောင် အတိုင်းအရှည်ရှိသော ကိုယ်ကို ဖန်ဆင်း၍ ကျောက်ခဲတို့ကို၎င်း, သဲတို့ကို၎င်း မျို၍ ဝန်လေးသည်ကို ပြုလျက် အမြီးကို အောက်သို့ ထားသည်ကို ပြု၍ အခွေ၏ အထက်၌ ပါးပျဉ်းမိုးလျက် ဝပ်၍ ဂဠုန်မင်းကို ကိုက်သတ်အံ့သကဲ့သို့ ပြု၍ နေ၏။ ထိုသို့နေသော နဂါးမင်းကို မြင်၍ ဂဠုန်မင်းသည် အကြောင်းကို မေးလိုရကား-

၂၈၆။ သဒ္ဓိံ ကတွာ အမိတ္တေန၊ အဏ္ဍဇေန ဇလာဗုဇော။
ဝိဝရိယ ဒါဌံ သယသိ၊ ကုတော တံ ဘယမာဂတံ။

ဟူသော ဤဂါထာကို ဆို၏။

၂၈၆။ နာဂရာဇ၊ နဂါးမင်း။ ဇလာဗုဇော၊ ဇလာဗုဇမျိုး ဖြစ်သော နဂါးမင်းသည်။ အဏ္ဍဇေန၊ အဏ္ဍဇမျိုးဖြစ်သော ဂဠုန်မင်းနှင့်။ သဒ္ဓိံ၊ တကွ။ ကတွာ၊ မိတ်ဖွဲ့ခြင်း အချိန်းအချက်ကို ပြုပြီးလျက်။ ဒါဌံ၊ အစွယ်ကို။ ဝိဝရိယ၊ ဖွင့်၍။ သယသိ၊ အိပ်၏။ ကုတော၊ အဘယ်အရပ်မှ။ တံ၊ သင်သို့။ ဘယံ၊ ဘေးသည်။ အာဂတံ၊ လာရောက်သနည်း။

ထိုဂဠုန်မင်း စကားကို ကြား၍ ပဏ္ဍရက နဂါးမင်းသည် မိမိအကြောင်းကို ဂဠုန်မင်းအား ကြားလိုရကား-

၂၈၇။ သံကေတေဝ အမိတ္တသ္မိံ၊ မိတ္တသ္မိံပိ န ဝိဿသေ။
အဘယာ ဘယမုပ္ပန္နံ၊ အပိ မူလာနိ ကန္ဒတိ။
၂၈၈။ ကထံ နု ဝိဿသေ တမှိ၊
ယေနာသိ ကလဟော ကတော။
နိစ္စယဋ္ဌေန ဌာတဗ္ဗံ၊ သောရီ သဗ္ဗိ န ရဇ္ဇတိ။
၂၈၉။ ဝိသာသယေ န စ တံ ဝိဿာသေယျ၊
အသံကိတော စ သံကိတော ဘဝေယျ။
တထာတထာ ဝိညူ ပရက္ကမေယျ။
ယထာယထာ ဘာဝံ ပရော နာဇညာ။

ဟူသော ဤသုံးဂါထာတို့ကို ဆို၏။

၂၈၇။ သုပဏ္ဏရာဇ၊ ဂဠုန်မင်း။ သံကေတေဝ၊ အချိန်းအချက် ပြုပြီးသည်လျှင် ဖြစ်သော။ အမိတ္တသ္မိံ၊ ရန်သူ၌၎င်း။ မိတ္တသ္မိံပိ၊ အဆွေ ခင်ပွန်း၌၎င်း။ န ဝိဿသေ၊ အကျမ်းမဝင်ရာ။ အဘယာ၊ ဘေးမရှိသော အဆွေခင်ပွန်းမှလည်း။ ယံ ဘယံ၊ အကြင်ဘေးသည်။ ဥပ္ပန္နံ၊ ဖြစ်၏။ တံ ဘယံ၊ ထိုဘေးသည်။ မူလာနိ၊ အမြစ်အရင်းဟု ဆိုအပ်သော အသက်တို့ကိုလျှင်။ အပိ၊ စင်စစ်။ ကန္ဒတိ၊ ဖြတ်တတ်၏။

၂၈၈။ ယေန၊ အကြင်သူနှင့်။ ကလဟော၊ ခိုက်ရန်ကို။ ကတော၊ ပြုအပ်သည်။ အသိ၊ ဖြစ်ဘူး၏။ တမှိ၊ ထိုခိုက်ရန်ပြုဘူးသော သူ၌။ ကထံ၊ အဘယ့်ကြောင့်။ ဝိဿာသေနု၊ အကျွမ်းဝင်ရာအံ့နည်း။ နိစ္စယဋ္ဌေန၊ အမြဲလုံ့လပြုသဖြင့်။ ဌာတဗ္ဗံ၊ တည်အပ်၏။ သော၊ ထိုအမြဲလုံ့လပြု၍ တည်သောသူသည်။ အရီ-အရီဟိ၊ ရန်သူတို့နှင့်။ သဗ္ဗိ-သဒ္ဓိံ၊ တကွ။ န ရဇ္ဇတိ၊ အကျွမ်းဝင်သည်၏ အစွမ်းဖြင့် မတပ်စွန်း။

၂၈၉။ ယော၊ အကြင်သူသည်။ ဝိဿာသယေ၊ မိမိ၌ အကျွမ်းဝင်ငြားအံ့။ တဉ္စ၊ ထိုသူကိုလည်း။ သယံ၊ မိမိသည်။ န ဝိဿာသေယျ၊ အကျွမ်းမဝင်ရာ။ ယော၊ အကြင်သူသည်။ အသံကိတော၊ သူတပါးသည် မရွံရှာအပ်သည်။ ဘဝေယျ၊ ဖြစ်ငြားအံ့။ တဉ္စ၊ ထိုသူကိုလည်း။ အတ္တနာ၊ မိမိသည်။ သံကိတော၊ ရွံရှာအပ်သည်။ ဘဝေယျ၊ ဖြစ်ရာ၏။ ယထာ ယထာ၊ အကြင်အကြင်သို့သော အပြားအားဖြင့်။ ဝိညူ၊ ပညာရှိသည်။ ပရက္ကမေယျ၊ လုံ့လပြုရာ၏။ တထာ တထာ၊ ထိုထိုသို့သော အပြားအားဖြင့်။ အဿ၊ ထိုပညာရှိ၏။ ဘာဝံ၊ သဘောကို။ ပရော၊ သူတပါးသည်။ န ဇညာ၊ မသိရာ။

ထိုသို့ ဂဠုန်မင်း နဂါးမင်းတို့သည် အချင်းချင်း ပြောဟောကြ၍ ညီညွတ်သင့်တင့်သဖြင့် ဝမ်းမြောက်ကုန်လျက် နှစ်ယောက်ကုန်သော ဂဠုန်မင်း နဂါးမင်းတို့သည်လည်း အဝတ်မဝတ်သော တက္ကတွန်းကျောင်းသို့ သွားကြကုန်၏။

ထိုအကြောင်းကို ထင်ရှားပြတော်မူလိုသော သဗ္ဗညူ မြတ်စွာဘုရားသည်-

၂၉၀။ တေ ဒေဝဝဏ္ဏာ သုခုမာလရူပါ၊
ဥဘော သမာ သုဇ္ဈယာ ပုညက္ခန္ဓာ။
ဥပါဂမုံ ကရမ္ပိယံ အစေလံ၊
မိဿိဘူတာ အဿဝဟာဝ နာဂါ။

ဟူသော ဤဂါထာကို ဟောတော်မူ၏။

၂၉၀။ ဘိက္ခဝေ၊ ရဟန်းတို့။ ဒေဝဝဏ္ဏာ၊ နတ်၏ အဆင်းနှင့် တူသော အဆင်းရှိကုန်သော။ သုခုမာလရူပါ၊ နူးညံ့သိမ်မွေ့သော အဆင်းသဏ္ဌာန်လည်း ရှိကုန်သော။ သုဇ္ဈယာ၊ စင်ကြယ်ကုန်သော။ ပုညက္ခန္ဓာ၊ ကောင်းမှုအစုကဲ့သို့ ဖြစ်ကုန်သော။ တေ၊ ထိုဂဠုန်မင်း, နဂါးမင်းတို့သည်။ သမာ၊ တူမျှကုန်သော အဆင်းသဏ္ဌာန် ရှိကုန်သည်ဖြစ်၍။ မိဿိဘူတာ၊ အချင်းချင်း မိတ်ဖွဲ့သဖြင့် ကိုယ်လက်နှီးနှောသော အဖြစ်သို့ ရောက်ကုန်လျက်။ အဿဝဟာဝ၊ ရထားဦး၌ က, အပ်သော မြင်းနှစ်စီးကဲ့သို့။ ဥဘော၊ နှစ်ယောက်ကုန်သော။ တေ နာဂါ၊ ထိုယောက်ျားမြတ်တို့သည်။ ကရမ္ပိယံ၊ ကရမ္ပယ အမည်ရှိသော။ အစေလံ၊ အစေလက တက္ကတွန်းသို့။ ဥပါဂမုံ၊ ကပ်လေကုန်၏။

တက္ကတွန်းကျောင်းသို့ ရောက်ကြပြီးလျှင် ဂဠုန်မင်းသည် ဤသို့ ကြံ၏။ ဤနဂါးမင်းသည် တက္ကတွန်းအား အရိုအသေကို မပေးလတ္တံ့၊ ထိုဒုဿီလ တက္ကတွန်းကို ရှိမခိုးအံ့ ဤသိုကြံ၏။ ကြံပြီး၍ ထိုဂဠုန်မင်းသည် အပ၌ရပ်၍ နဂါးမင်းကိုသာလျှင် တက္ကတွန်းအထံသို့ စေလိုက်၏။ ထိုသို့ စေလိုက်ကြောင်းကို ထင်ရှားပြတော်မူလိုသော သဗ္ဗညူ မြတ်စွာဘုရားသည်-

၂၉၁။ တတော ဟဝေ ပဏ္ဍရကော အစေလံ၊
သယမေ ဝုပါဂမ္မ ဣဒံ အဝေါစ။
မုတ္တဇ္ဇာဟံ သဗ္ဗဘယာတိဝတ္တော၊
န ဟိ နူန တုယှံ မနသော ပိယမှာ။

ဟူသော အခြားမဲ့ဖြစ်သော ဤဂါထာကို ဟောတော်မူ၏။

၂၉၁။ ဘိက္ခဝေ၊ ရဟန်းတို့။ တတော-တဒါ၊ ထိုအခါ၌။ ပဏ္ဍရကော၊ ပဏ္ဍရကနဂါးမင်းသည်။ အစေလံ၊ အစေလက တက္ကတွန်းသို့။ သယမေဝ၊ မိမိချည်းသာလျှင်။ ဥပါဂမ္မ၊ ကပ်လေ၍။ ဟဝေ၊ စင်စစ်သဖြင့်။ ဣဒံ၊ ဤစကားကို။ အဝေါစ၊ ဆိုလေ၏။ ဒုဿီလ၊ သီလမရှိသော တက္ကတွန်း။ အဇ္ဇ၊ ယခုအခါ၌။ အဟံ၊ ငါသည်။ သဗ္ဗဘယာ၊ အလုံးစုံသောဘေးမှ။ မုတ္တော၊ လွတ်သည်ဖြစ်၍။ အတိဝတ္တော၊ လွန်မြောက်ပြီ။ မယံ၊ ငါတို့သည်။ တုယှံ၊ သင့်အား။ နူန၊ စင်စစ်လျှင်။ မနသာ၊ စိတ်ဖြင့်။ န ဟိ ပိယာ၊ မချစ်ကုန်သည်။ အမှာ၊ ဖြစ်ကုန်ပြီ။

ထို့နောင်မှ အစေလကတက္ကတွန်းသည် မိမိပြုသောအကြောင်းကို နဂါးမင်းအား ကြားလိုသည်ဖြစ်၍-

၂၉၂။ ပိယော ဟိ မေ အာသိ သုပဏ္ဏရာဇာ၊
အ သံသယံ ပဏ္ဍရကေန သစ္စံ။
သော ရာဂရတ္တောဝ အကာသိ ဧတံ၊
ပါပကမ္မံ သမ္ပဇာနော န မောဟာ။

ဟူသော ဤဂါထာကို ဆို၏။

၂၉၂။ နာဂရာဇ၊ နဂါးမင်း။ ဟိ-ယသ္မာ၊ အကြင့်ကြောင့်။ သုပဏ္ဏရာဇာ၊ ဂဠုန်မင်းကို။ မေ၊ ငါသည်။ အသံသယံ၊ ယုံမှားမရှိ။ ပဏ္ဍရကေန၊ ပဏ္ဍရက နဂါးမင်းထက်။ ပိယော၊ ချစ်အပ်သည်။ အသိ၊ ဖြစ်၏။ ဟိ-သစ္စံ၊ ထိုစကားသည်မှန်၏။ တသ္မာ၊ ထို့ကြောင့်။ သော-အဟံ၊ ထိုငါသည်။ တသ္မိံ၊ ထိုဂဠုန်မင်း၌။ ရာဂရတ္တော၊ လောဘအားဖြင့် ချစ်ခင် တပ်မက်မောသည် ဖြစ်၍။ သမ္ပဇာနောဝ၊ သိလျက်လျှင်။ ဧတံ ပါပကမ္မံ၊ ထို မကောင်းမှုကို။ အကာသိ၊ ပြုမိ၏။ မောဟာ၊ မိုက်သောကြောင့်။ န အကာသိ၊ ငါမပြု။

ထိုစကားကိုကြား၍ ပဏ္ဍရက နဂါးမင်းသည် ထိုတက္ကတွန်းကို ကဲ့ရဲ့လိုရကား-

၂၉၃။ န မေ ပိယံ အပ္ပိယံဝါပိ ဟောတိ၊
သမ္ပဿတော လောကမိမံ ပရဉ္စ။
သုသညတာနဉှိပိ ဗျဉ္ဇနေန၊
အသညတော လောကမိမံ စရာသိ။
၂၉၄။ အရိယာဝကာသောသိ အနရိယောစာသိ၊
အသညတော သညတသန္နိကာသော။
ကဏှာဘိ ဇာတိကောသိ အနရိယရူပေါ၊
ပါပံ ဗဟုံ ဒုစ္စရိတံ အစရိ။

ဟူသော ဤ နှစ်ဂါထာတို့ကို ဆို၏။

၂၉၃။ နဂ္ဂ၊ အဝတ်မဝတ်သော တက္ကတွန်း။ ဣမဉ္စ လောကံ၊ ဤပစ္စုပ္ပန် လောကကို၎င်း။ ပရဉ္စလောကံ၊ တမလွန်လောကကို၎င်း။ သမ္ပဿတော၊ ကောင်းစွာမြင်သော ရဟန်းအား။ မေ၊ ငါသည်။ ပိယံ ဝါ၊ ချစ်အပ်သောသူဟူ၍၎င်း။ အပ္ပိယံ ဝါ၊ မချစ်အပ်သော သူဟူ၍၎င်း။ န ဟောတိ၊ မထင်။ တွံ ပန၊ သင်သည်ကား။ သုသညတာနံ၊ ကိုယ်နှုတ်နှလုံးကို ကောင်းစွာ စောင့်ရှောက်သော သူတို့၏။ ဗျဉ္ဇနေနပိ၊ အသွင်အပြင်ဖြင့်လည်း။ အသညတော၊ ကိုယ်နှုတ်နှလုံးကို မစောင့်သည်ဖြစ်၍။ ဣမံ လောကံ၊ ဤလူအပေါင်းကို။ ဝဉ္စန္တော၊ လှည့်စားလျက်။ စရာသိ၊ ကျင့်၏။

၂၉၄။ အမ္ဘော ဒုဿီလ၊ အိုသီလမရှိသော တက္ကတွန်း။ တွံ၊ သင်သည်။ အနရိယော စ၊ သူတော်သူမြတ် မဟုတ်ဘဲလျက်လည်း။ အရိယာဝကာသော၊ သူတော် သူမြတ်တို့၏ အတုပြုသည်။ အသိ၊ ဖြစ်၏။ အသညတောပိ၊ ကိုယ်နှုတ်နှလုံးကို မစောင့်ဘဲလျက်လည်း။ သညတသန္နိကာသော၊ ကိုယ်နှုတ်နှလုံးကို စောင့်စည်းသော သူတို့၏ အတုပြုသည်။ အသိ၊ ဖြစ်၏။ ကဏှာဘိ ဇာတိကော၊ ကိုယ်တွင်း၌ ဖြစ်သော အကုသိုလ်ဟူသော မည်းညစ်သော သဘောရှိသည်။ အသိ၊ ဖြစ်၏။ အနရိယရူပေါ၊ သူယုတ်မာတို့၏ သဘောရှိသည်။ အသိ၊ ဖြစ်၏။ ပါပံ၊ ယုတ်မာစွာသော။ ဒုစ္စရိတံ၊ မကောင်းသော အကျင့်ကို။ ဗဟုံ၊ များစွာ။ အစရိ၊ ကျင့်ဘိ၏။

ဤသို့ ထိုတက္ကတွန်းကို ကဲ့ရဲပြီး၍ ယခုအခါ ကျိန်ဆဲပြန်လိုသော နဂါးမင်းသည်-

၂၉၅။ အဒုဋ္ဌဿ တုဝံ ဒုဗ္ဘိ၊ ဒုဗ္ဘီ စ ပိသုဏောစာသိ။
ဧတေန သစ္စဝစေန၊ မုဒ္ဓါ တေ ဖလတု သတ္တဓာ။

ဟူသော ဤဂါထာကို ဆို၏။

၂၉၅။ အမ္ဘော ဒုဗ္ဘိ၊ အို-အဆွေခင်ပွန်းဖျက်။ တုဝံ၊ သင်သည်။ အဒုဋ္ဌဿ၊ မပြစ်မှားအပ်သော အဆွေခင်ပွန်းအား။ ဒုဗ္ဘီ စ၊ ပြစ်မှားသည်လည်း။ အသိ၊ ဖြစ်၏။ ပိသုဏော စ၊ ဂုံးချောတတ်သည်လည်း။ အသိ၊ ဖြစ်၏။ ဧတေန၊ ဤသို့သဘောရှိသော။ သစ္စဝစေန၊ မှန်သော စကားကြောင့်။ တေ၊ သင်၏။ မုဒ္ဓါ၊ ဦးခေါင်းသည်။ သတ္တဓာ၊ ခုနစ်စိတ်။ ဖလတု၊ ကွဲစေသတည်း။

ဤသို့ ပဏ္ဍရက နဂါးမင်းသည် ကျိန်ဆဲစဉ်လျှင် ကရမ္ပိယမည်သော အစေလက တက္ကတွန်း ဦးခေါင်းသည် ခုနစ်စိတ်ကွဲ၏။ ထိုင်၍နေရာ အရပ်၌လျှင် မြေသည် ဟင်းလင်းအပြင်ကို ပေး၏။ ထိုအစေလက တက္ကတွန်းသည် မြေသို့ ဝင်ရလေ၍ အဝီစိငရဲ၌ ဖြစ်ရလေ၏။ နဂါးမင်း ဂဠုန်မင်းတို့သည်လည်း နေရာအရပ်သို့လျှင် သွားလေကုန်၏။

သဗ္ဗညူ မြတ်စွာဘုရားသည် ထိုအစေလက တက္ကတွန်းကို မြေမျိုသောအဖြစ်ကို ထင်ရှား ပြတော်မူလိုသည်ဖြစ်၍-

၂၉၆။ တသ္မာဟိ မိတ္တာနံ န ဒုဗ္ဘိတဗ္ဗံ။
မိတ္တဒုဗ္ဘ ဟိ ပါပိယော နတ္ထိ အညော။
အာသိတ္တပတ္တော နိဟတော ပထဗျာ၊
ဣန္ဒဿ ဝါကျေန ဟိ သံဝရော ဟတော။

ဟူသော အဆုံးဖြစ်သော ဤဂါထာကို ဟောတော်မူ၏။

၂၉၆။ ဘိက္ခဝေ၊ ရဟန်းတို့။ မိတ္တာနံ၊ အဆွေခင်ပွန်းတို့အား။ န ဒုဗ္ဘိတဗ္ဗံ၊ မပြစ်မှားအပ်။ ဟိ-ယသ္နာ၊ အကြင့်ကြောင့်။ မိတ္တဒုဗ္ဘာ၊ အဆွေခင်ပွန်း ပြစ်မှားသော မကောင်းမှုအောက်။ ပါပိယော၊ အထူးသဖြင့် ယုတ်မာသော။ အညော၊ တပါးသော မကောင်းမှုသည်။ န ဟိ အတ္ထိ၊ မရှိသည်သာတည်း။ တသ္မာ၊ ထို့ကြောင့်။ အာသိတ္တပတ္တော၊ မိမိသည် သောက်အပ်သော အဆွေခင်ပွန်း ပြစ်မှားသော ကံဟူသော အဆိပ်သည် အပြီးသို့ ရောက်စေအပ်သည်ဖြစ်၍။ ပထဗျာ၊ မြေ၌။ နိဟတော၊ မြုပ်ရလေ၏။ ဟိ-သစ္စံ၊ ထိုစကားသည် မှန်၏။ ဣန္ဒဿ၊ ပဏ္ဍရကနဂါးမင်း၏။ ဝါကျေန၊ သစ္စာစကားသည်။ သံဝရော၊ မစောင့်ဘဲလျက် စောင့်သကဲ့သို့ ဝန်ခံသော အစေလက တက္ကတွန်းကို။ ဟတော၊ သတ်အပ်၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်ဘုရားသည် ဤပဏ္ဍရကဇာတ် ဓမ္မဒေသနာကို ဆောင်တော်မူ၍ ရဟန်းတို့- ယခုအခါ၌ သာလျှင် ဤဒေဝဒတ်သည် မုသားဆို၍ မြေမျိုသည် မဟုတ်သေး၊ ရှေး၌လည်း မုသားဆိုသောကြောင့် မြေမျိုဘူးပြီဟု မိန့်တော်မူ၍ ယခုအခါ၌ ဤဒေဝဒတ်သည် ထိုအခါ အစေလက တက္ကတွန်းဖြစ်ဘူးပြီ၊ ယခုအခါ သာရိပုတ္တသည် ထိုအခါ ပဏ္ဍရက နဂါးမင်း ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ဂဠုန်မင်း ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

လျှို့ဝှက်ရာကို၊ ဖွင့်ဟဆို၊ ထိုသူ ပျက်စီးရာ

ရှစ်ခုမြောက်ဖြစ်သော ပဏ္ဍရကဇာတ်သည် ပြီး၏။

*****