နဲတကာထော်၏ လေးဆစ်ငိုပုံ

From Wikisource
Jump to navigation Jump to search
နဲတကာထော်၏ လေးဆစ်ငိုပုံ
by သခင်ကိုယ်တော်မှိုင်း

ရွယ်တညီ ဘယ်ဆီမှ မရရင်ဖြင့်၊
နွယ်မဒီ ခြယ်စီသပြီဘု၊
(အမယ်မင်း) မယ်သီလလုပ်ပါ့မယ်။

(သြော်) ပျော်လို့ဘဲ ပျက်ကရော့သလ၊
တော်မို့ မရှက်လေခြင်း၊
သူမက်အောင် တရီရီနှင့် ပြုံးရမတဲ့တော်၊
လူထွက်ကောင် သည်ကတုံးကိုလ၊
တကယ်သာ ဘယ်မှာသုံးမယ်တုံး၊
(အမယ်မင်း) နှလုံးမှာပြို့ပြို့ပြီး အလုံးကြီးတောင် ဆို့ဆို့လာပေါ့ (ကျမ) မုန်းလို့ရွံတယ်။

ပေါင်းစီးလို့ ဆက်ကြရင်ဖြင့်လေ၊
သောင်းထီးကနက်မှာ ဘုရင်တကာ အပြေပြေမှာ ညှိုးစေဘို့၊
ကျောင်းကြီးဖျက်မ တွင်ကာ အသရေ မတိုးတဲ့ပြင်၊
ရွှေပကိုးဆီက နန်းညွန့်နွယ်၊
(အို) မှန်းဝံ့ သရမ်းဝံ့တယ်လို့ နောင်ဥဒါန်း။

ပြောကြလိမ့်မယ်၊
လောကမှာ အသွယ်သွယ်ပ၊
ကျောကစိမ့်ဘွယ် တမင်ကြံရက်ပေ့၊
တပင်စံ လင်ကံ မရှုံးပါရစေနဲ့၊
မကြည်ဖြူ သည်လူဖြင့် မုန်းပါရဲ့၊
အမေ့ဟာ အမေ့ဖာသာဘဲ သုံးလေတော့၊
ပလူးပလဲနဲ့ မြှူကာမူကာတော် ထူးထူးကဲကဲ လူတကာထုံးလိုပ၊
လုံးလုံးစီးစီး တူတူစက်ကြတော့လဲ၊
ပြုံးပြုံးကြီး (ကျမ) မူမူယူယူနဲ့ဖြင့် မဆက်နိုင်ဘူး၊
(အို မယ်တော်ဘုရာ့) ကတုံးကြီးဘယ်သူမက်နိုင်ပ၊
တသက်တဘဝ (ကျမ) အသေသာ မုန်းလိုက်ပါတော့၊
(အမယ်မင်း) ဘုန်းကြီးလူထွက် ပေါ့ပျက်ပျက်ကမှ သမက်အမေဖမ်း။ ။

မှတ်ချက်[edit]

  • "ဤကဗျာမှာ ဓမ္မစေတီဝတ္ထုမှ ကောက်နှုတ်ချက် ဖြစ်သည်။ ဘုရင်မ ရှင်စောပုက သမီးတော်ကြီး နဲတကာထော်အား ဘုန်းကြီးလူထွက် ဓမ္မဓရနှင့် လက်ထပ်ရန် နားချသောအခါ နဲတကာထော်က ခါးခါးသီးသီးညင်းပြီး ဟစ်ငိုပုံဖြစ်သည်" ဟု မောင်တင်ရွှေသည် သူ၏စာအုပ်တွင် မှတ်ချက်ပေးထားပါသည်။
  • ဓမ္မစေတီဝတ္ထု စာမျက်နှာ ၈၈
  • မောင်တင်ရွှေ စုဆောင်းတင်ပြသည့် "သခင်ကိုယ်တော်မှိုင်း လက်ရွေးစင်လေးချိုးတရာ" ပထမနှိပ်ခြင်း၊ ၁၉၇၃ မှ ကူးယူဖော်ပြပါသည်။
This work was published before January 1, 1929, and is in the public domain worldwide because the author died at least 100 years ago.