နေမိဇာတ်တော်ကြီး/အခန်း-၂၇

From Wikisource
Jump to navigation Jump to search
သုဝဏ္ဏသာမဇာတ်တော်ကြီး by မင်းပူး လေသာကျောင်းဆရာတော် ရှင်ဩဘာသ
၂၇။ ဒုတိယ ဝေဠုရိယ ဝိမာနခန်း

ဤသို့သော ဖန်နန်းရှင်နတ်သား၏ကောင်းမှုကို ကြားပြီးလျှင် မာတလိနတ်သားသည် တောင်မြင်းမိုရ်သို့ ရှေးရှုနှင်ပြန်လေသော် ပျော်ဖွယ်ရာအများနှင့် ရထားလမ်းခရီး ကောင်းကင်ယံတွင် သာလွန်ထူးကဲသော ကျောက်မျက်ရွဲဗိမာန်ကို တစ်ဖန် နေမိမင်းကြီးအား ရထားကိုတန့်၍ အခန့်တော်ရာက ရှုမျှော်သာအောင် ပြပြန်လေ၏။

ထိုအခါ နေမိမင်းကြီးသည် အသီးအသီးသော တီးမှုတ်မျိုးပွဲသဘင်ခံ၍ ရွှင်စံပျော်ပါးသော နတ်သားစည်းစိမ်ကိုမြင်လျှင် နှလုံးရွှင်ဖွယ်ပေါ့ရမ်း၍ စိတ်ဝမ်းမဆည်နိုင်အောင်ရှိသဖြင့် မာတလိနတ်သားအား “ပဘာသတိမိဒံ ဗျမှံ” အစရှိသော ဂါထာ, “အာလမ္ဗရာမုဒိင်္ဂါ” အစရှိသော ဂါထာတို့ဖြင့် မေး၏။

အဓိပ္ပာယ်ကား-

“ကိုယ်၏သတ္တိဂုဏ်ကို ရှိ၏ဟုမပြဘဲ မူလက္ခဏာကို ပညာနှင့်ချင့်၍ အခွင့်နှင့်သိရအောင် မိမိတန်ခိုးကို အလိုလိုပြီးစေတတ်သော နတ်ရထားမှူး မာတလိ။ ဝေဠုရိယအရောင် နံထောင်အမိုး၌ ကြိုးနွယ်အခိုး ပြိုးပြိုးပြက်တောက်ထွန်းလျက် အမွှမ်းတန်ဆာ ရတနာ ၇-မည်လည်း ရောင်ခြည်ချင်းယှက်ငြိ၍ မျက်စိမရှုဝံ့အောင် အံ့ဖွယ်ထူးကဲသော ဤ ကျောက်မျက်ရွဲဗိမာန်သည် ရေကန်ဥယျာဉ် စီလျဉ်ဖန်ဝေ အနေအခင်း အကျင်းအပ သင့်လျော်စွာဝန်းကျင်ရံလျက် နာခံ၍မရောင့်ရဲ အောင်ပွဲသဘင် က,သီ,တီးမှုတ်ခြင်း မငြီး။ နတ်သမီးအများတို့ အဖြားအယောင်း အပျောင်းအနွဲ့လည်း အံ့ဖွယ်တစေသာ နာ၍အားမရ၊ အာလမ္ဗရစည်ကြီးသံ, မြှောက်စည်သံလည်း ညံညံထိန့်မွန်းလျက် နှလုံးချမ်းငြိမ်းဖို့အထွေထွေ ရှုလေတိုင်းအံ့မပြီးအောင် ဤစည်းစိမ်ကြီးကို တစ်ဖန်တွေ့ကြိမ်ရပြန်သောငါ့အား ကိုယ်စံရသကဲ့သို့ နှစ်လို့ခြင်းအခါခါပွား၍ စိတ်များစရာဖြစ်ခဲ့၏။ ဆင်းရဲမဲ့ချမ်းငြိမ်စွာ ထိုစည်းစိမ်ရှင်နတ်သားသည် တစ်ပါးသောဘဝဟောင်းက အဘယ်ကောင်းမှုကုသိုလ်ကို ကြည်ညိုစွာပြုခဲ့ဖူးလေသည်မသိ။ အတ္ထုပ္ပတ္တိဖြစ်ခြင်းရာကို သိသာစွာရထားမှူးက ကြားပါ၊ ပြပါဦးလော့”ဟု မေး၏။

နေမိမင်းကြီးစကားကိုကြားလျှင် မာတလိနတ်သားသည် သိမြင်တိုင်းကြားလို၍ “ဗာရာဏသိယံ ဂဟပတိ” အစရှိသော ၄-ဂါထာခွဲဖြင့် ဆို၏။

အဓိပ္ပယ်ကား-

“ဝေပုလ္လတောင်ခေါင်း၌ အသောင်း ၁၀-ပြန် ကုမ္ဘဏ်အထိန်းအစောင့်နှင့် ၈-သောင်း ၄-ထောင်သော ရတနာအပေါင်းတို့၏ ခစားရာဖြစ်သော ပတ္တမြားမျက်ရှင် ကျရောက်ရာရေကဲ့သို့ နှောက်မွှေတတ်သော မြူလွှာဒိဋ္ဌိ ဝိစိကိစ္ဆာကို သဒ္ဓါခြင်းဖြင့် နှိမ်နင်းပယ်လှန်၍ ကံ,ကံ၏အကျိုးကို မြတ်နိုးယုံကြည်လျက် ရည်မှန်းတိုင်းဆုကြီးသို့ အပြီးရောက်လွယ်ကြောင်း ကောင်းစွာအားထုတ်တော်မူသော နေမိမင်းမြတ်။ မှတ်နာတော်မူဦးလော့။ ထူးလွန်ဆင့်ကဲသော ဤကျောက်မျက်ရွဲဗိမာန်ရှင်သည် ရှေးသံသရာဘဝက ကဿပမြတ်စွာဘုရား သာသနာတော်တည်ထွန်းရာ ဗာရာဏသီပြည်ကြီးဝယ် သူကြွယ်မျိုး အလှူဒါယကာဖြစ်၍ အပြစ်စင်ကြယ်စွာ ရဟန္တာအရိယာ သံဃာတော်တို့အား ညွတ်တွားဆည်းကပ်လျက် မပြတ်ကြိုးပမ်း ဆွမ်း, သင်္ကန်း, အိပ်ရာ, နေရာ, ပရိက္ခရာ, အသုံးအဆောင်တို့ဖြင့် လှူဒါန်းထောက်ပင့် ချီးမြှင့်ကိုးကွယ်ခြင်းနှင့် ရေတွင်း, ရေကန် အာရာမ်ဥယျာဉ် စိုက်ပျိုးပြုစုခြင်းအခြားခြား စောင်းတန်း, လှေကား, တံခါးဝင်မုခ်တို့ကို ဆောက်လုပ်ဝေဖန် စီမံခွဲခြမ်းလှူဒါန်းခြင်း၊ မကင်းနေ့ည နိစ္စသီလ သရဏဂုံကို ကြည်ယုံဆောက်တည်ခြင်း၊ သီတင်းဥပုသ်နေ့တိုင်လျှင်လည်း စွမ်းနိုင်သည့်အားလျော်စွာ အင်္ဂါ ၈-ပါးနှင့်ပြည့်စုံသော ဥပုသ်သီလတို့ကို စောင့်သုံးလျက် ဆုံးမအပ်သောဣန္ဒြေရှိခြင်း၊ ယင်းသို့သော ကောင်းမှုတို့ကို ကြည်ညိုမပျက် အသက်ထက်ဆုံး အထူးပြုခဲ့ဖူးသော ကုသိုလ်ကံစီမံသဖြင့် ဤဗိမာန်ကျောက်မျက်ရွဲ တစ်ခဲနက်ရတနာအတိပြီးသော စည်းစိမ်ကြီး၌ နတ်သမီးအပေါင်းတို့ကိုးကွယ်ရာ တန်ခိုးကြီးသောနတ်သား ဖြစ်လာသည် မှတ်တော်မူလော့”ဟု ကြားပေ၏။

(ဤဒုတိယကျောက်မျက်နန်း၌ ဘုံခန်းလင်္ကာမှာ “ထိုသို့မင်းမြတ်၊ မေးတုံလတ်သော်” ချီသောပိုဒ်တွင် “နယ်ရွာထွန်းစ၊ နေဝန်းပလျက်၊ လလည်းနောက်လိုက်၊ မှောင်ရိပ်မိုက်တွင်၊ တိမ်တိုက်နှင်းဖဲ့၊ ဝင်းဝင်းချဲ့လျက်၊ ကြယ့်အတိသာ၊ ပေါ်လာရာ၌၊ ဘုံသာပေါ်ထွန်း၊ ထိုမြနန်းတွင်၊ လိုဏ်ခန်းကျယ်ဆို၊ မြင်းမိုရ်တောင်လွဲ၊ ကျောက်မျက်ရွဲဖြင့်၊ ယှဉ်နွှဲစံပျော်၊ ဗိမာန်ကျော်ထက်” ဟူ၍ ကမ္ဘာဦးကပင် ကျောက်မျက်ရွဲဘုံနန်းသည် ကမ္ဘာ့တန်ဆာ ဗိမာန်ဖြစ်ကြောင်းကို ဆိုသည်။ ပါဠိတော်တွင်လည်း ထိုသူကြွယ်တို့ နတ်သားဖြစ်ရာတွင်မှ ဗိမာန်များပေါ်ဖြစ်ကြောင်းကို မဆို။ “ဝိမာန”ဟူ၍သာ အာဓာရနှင့်ဆိုသောကြောင့် လင်္ကာဆရာ့အယူအတိုင်း ကမ္ဘာဦးကပင် ဖြစ်ဟန်ထင်ပေသည်။

ဤလင်္ကာပိုဒ်တွင်ပင် “ဝေးနီးမှီရာ၊ မိထိလာဟု၊ မည်သာဆိုကြ၊ နဂိုရ်မတွင်၊ မိဘမျိုးဆွေ၊ မွေးချက်ကြွေလျက်၊ သန္ဓေစွဲစွဲ၊ ပစ္စည်းခဲလျက်၊ ဆင်းရဲသားစစ်၊ ဖြစ်လတ်သရော်၊ ရွှင်ဖွယ်ပျော်လည်း၊ မနော်ပိတ်ဆိုင်၊ စိုးရိမ်မှိုင်သည်၊ နေထိုင်ငြိုငြို ငြင်ငြင်တည်း”ဟူ၍စပ်ရာ၌ ဤကျောက်မျက်ရွဲ ဗိမာန်ရှင်နတ်သားကို မိထိလာပြည်သားဟူ၍စပ်လေသည်ကား ပမာဒလေခ နောက်ကပေယျာလခံခဲ့သော ဖန်နန်းရှင်ကို စိတ်ကူးယွင်းတော်မူ၍ ရှိသည်။ ပါဠိတော်၌ “ဂဟပတိ”ဟူ၍သာရှိလျက် ပစ္စည်းငြိုငြင်စွာ ဆင်းရဲသားဖြစ်ကြောင်းကို စပ်လေသည်ကား ထိုအလှူဒါယကာ၏ စာဂသီလဂုဏ်ကို ချီးမွမ်းလို၍လည်းကောင်း၊ နောက်နောက်သောသူတို့သည် ဤလင်္ကာကိုကြားရသဖြင့် “ဤသို့သောသူဆင်းရဲလျက် ကုသိုလ်ကို အားထုတ်တုံသေး၏။ သုံးနိုင်စားနိုင်ရှိသောငါတို့ကား အဘယ့်ကြောင့် အားမထုတ်ဘဲ နေထိုက်ပါအံ့နည်း”ဟု အသင့်နှလုံးသွင်းကုန်သဖြင့် သဒ္ဓါ, သီလ, ဒါနကုသိုလ်တို့ကို ကြိုးစားအားထုတ်စေခြင်းငှာလည်းကောင်း စပ်လေသည်။ သူ့အိမ်သူ့ရာကို မှီခို၍နေရသော အစေခံသူဆင်းရဲအမျိုးဖြစ်ခြင်းကြောင့် စပ်လေသည်မဟုတ်။ ဂဟပတိသဒ္ဒါ၏ သဒ္ဒတ္ထကား “ကိုယ့်အိမ်ကိုယ့်စည်းစိမ်နှင့် အသီးအခြားနေသောသူ” ဆိုလိုသည်။)