နေမိဇာတ်တော်ကြီး/အခန်း-၂၂

From Wikisource
Jump to navigation Jump to search
သုဝဏ္ဏသာမဇာတ်တော်ကြီး by မင်းပူး လေသာကျောင်းဆရာတော် ရှင်ဩဘာသ
၂၂။ သောဏဒိန် ဘုံခန်း

ဤသို့ မာတလိနတ်သားသည် ဗီရဏီနတ်သမီး၏ ရှေ့၌ပြုဖူးသောကောင်းမှုကို နေမိမင်းကြီးအား ပြန်ကြားပြီးလျှင် တောင်မြင်းမိုရ်သို့ရှေးရှု ရထားကိုနှင်ပြန်လေသော် ရှုမျှော်၍မပြီး ညီးညီးရဲရဲ တစ်ခဲနက်တောက်လျှံသော ရွှေဗိမာန် ၇-ဆောင်ဝယ် ၁-ထောင်, ၁-ထောင်စီ ဗိမာန်နေ ရံခြွေရွေနတ်သမီးအပေါင်း ညွတ်ပျောင်းခယလျက် တောက်ပရွှန်းဝေ ဂုဏ်ကျက်သရေအသွယ်သွယ်ဖြင့် ဆူလှယ်ပြောင်းကာ သောင်းညာဥပဒ် ကင်းလွတ်သန့်စင် ရွှင်ပျသောတန်ခိုးနှင့် အာကာသစိုးနတ် ထူးမြတ်သောစည်းစိမ်၌ ချမ်းငြိမ်းပျော်စံလျက်နေသော သောဏဒိန်နတ်သား၏ ထင်ရှားထိန်ပြောင် ၇-ဆောင်သော ရွှေဗိမာန်အနီးအပါးသို့ နတ်ရထားရောက်လေလျှင် ထင်ထင်သိသိ မျက်စိမြင်သာအောင် နတ်မြင်း၁၀၀၀ကို ရပ်တန့်စေ၍ နေမိမင်းကြီးအား ထင်ရှားစွာပြလေ၏။

ထိုအခါ နေမိမင်းကြီးသည် နတ်သမီးဗီရဏီဘုံထက် စုံအညီဆန်းဟန်နှင့် ထူလွန်ကဲဆင့် မြင့်မြတ်သောနတ်သားစည်းစိမ်ကို တွေ့ကြိမ်ရလေသော် ရှုမျှော်စုံမက် နှစ်သက်ခြင်းအခါခါရှိ၍ မာတလိနတ်သားအား “ဒဒ္ဒဠမာနာ အာဘန္တိ” အစရှိသောဂါထာဖြင့် ဆို၏။

အဓိပ္ပာယ်ကား-

“နတ်ရထားမှူး မာတလိ။ ရွှန်းညိုလွှဲပြောင် ရောင်ခြည်ရောင်နွယ် ငြိတွယ်ယှက်ကူးလျက် ခြူးပန်းခြူးအုံ ရုပ်စုံစီရင် ရွှင်ရွှင်လန်းကြည် ၇-မည်ရတနာ တန်ဆာအမွှမ်းတို့ဖြင့် ထွန်းသစ်စနေလုလင်ကဲ့သို့ နှစ်လိုဖွယ်တင့်တယ်လျက် တလက်လက်လွှဲပြောင်သော ဤ ၇-ဆောင်ဗိမာန်ကိုမြင်ပြန်ရ ယခု မရှုနိုင်အောင်ရှိပြီ။ ထိုဘုံမှထိုနန်း ကူးသန်းပြောင်းလဲကာ လက်ယာလက်ဝဲ ယှဉ်တွဲခြွေရံ တူစံဖော်နတ်သမီး အသီးသီးသော အဆင်းအသရေ အထွေထွေအဆန်းဆန်း အံ့မခန်းနိုင်သောအဝတ်တန်ဆာ ရတနာအခြားခြားဖြင့် အများခြံရံလျက် ပျော်စံစံပယ်သော ထိုဘုံလယ်တစ်ဆောင်မှာ ဗိမာန်ရောင်, အဝတ်တန်ဆာရောင်, ကိုယ်အဆင်းအရောင်တို့ဖြင့် တင့်တယ်စွာတန်ခိုးအသရေ ဖန်ဆင်းလျက်စံနေသော ထိုနတ်သားသည် များစွာသောနတ်သမီးတို့၏ဦးသျှောင် ထို ၇-ဆောင်ဗိမာန်လုံး သခင်ပေမသိ။ မျက်စိအာရုံ မကုန်နိုင်အောင် အဆောင်ဆောင်ဘုံနန်းနှင့် အဆန်းဆန်းအသွယ်သွယ် ကြီးကျယ်လှသောနတ်စည်းစိမ်အထူးကို နတ်သမီးများအမှူး ၇-ဦးဗိမာန်ရှင် ဤနတ်သားသည် တစ်ပါးသောသံသရာက ဘယ်ရွာဘယ်မြေ ဘယ်တိုင်းပြည်မှာ ဘယ်အမည် ဘယ်အမျိုးဖြစ်၍၊ အပြစ်စင်ကြယ်စွာ ဘယ်ကောင်းမှုပြုဖူးသော ကံစီမံ၍ရသနည်း။ သောမနဿဝေဒနာ ငါ့စိတ်မှာယခု သူ့ ကုသိုလ်ဖန်၍ သူ့ဗိမာန်စည်းစိမ်ကို သမာဓိအနေဖောက်ပြန် ကိုယ်စံရသကဲ့သို့ နှစ်လို့ခြင်းပြင်းစွာ ဖြစ်ဘိ၏။ သိမြင်တိုင်း ငါ့အား ကြားဦးလော့”ဟု မေးမြန်းတိုက်တွန်း၏။

နေမိမင်းကြီးစကားကိုကြားလျှင် မာတလိနတ်သားသည် ထိုသောဏဒိန်နတ်သား၏ ရှေးကုသိုလ်ကံကို သိမြင်တိုင်းကြားလို၍ “သောဏဒိန္နော ဂဟပတိ" အစရှိသော ၄-ဂါထာခွဲဖြင့် ဆို၏။

အဓိပ္ပာယ်ကား-

“ဇမ္ဗူကျွန်းတွင် မင်းများအထွတ်ဖြစ်တော်မူသော နေမိမင်းကြီး၊ ဤရွှေဗိမာန် ၇-ဆောင်ဝယ် ၇၀၀၀သော နတ်သမီးတို့၏ အရှင်ဖြစ်သောနတ်သားသည် ရှည်လျားကာလ ရှေးဘဝ၌ ကဿပ အမည်ရှိတော်မူသော မြတ်စွာဘုရားလက်ထက်တော်တွင် ထင်ပေါ်သော ကာသိကရာဇ်တိုင်းဝယ် အသွယ်သွယ်မပျက် ညနံနက်ဈေး သူဌေးသူကြွယ်တို့ဖြင့်ပြည့်သော ရွာနိဂုံးတစ်ခု၌ အလှူဒါယကာ ထင်စွာကျော်ရှိန် သောဏဒိန်အမည်ရှိသော သူကြွယ်ဖြစ်၍ အပြစ်စင်ကြယ် ရောင်းဝယ်ကြံဆောင်၍ ရအပ်သော ဥစ္စာရွှေငွေကို မကျေမပျောက် နောက်သို့ထက်ကြပ် ကပ်၍ပါစေခြင်းငှာ သာသနာတော်ကို ကြည်ညိုစေတနာ သဒ္ဓါတရားဖြင့် ဘုရားတပည့်တော်ဖြစ်သော ရဟန်းသံဃာတော်တို့အားရည်မှတ်၍ တတ်စွမ်းနိုင်သောအားနှင့်လျော်စွာ နေရာကျောင်း, ကုဋီ ၇-ဆောင် ဆောက်လုပ်လှူဒါန်းလျက် ကျောင်းနေရဟန်းသံဃာတို့အား ၄-ပါးသောပစ္စည်း ဖိုးနည်းဖိုးမြတ် လိုအပ်သောအသုံးဆောင်တို့ဖြင့် အသင့်ဖိတ်ကြား၍ အားထုတ်မမေ့ တစ်နေ့မပြတ် ရိုညွတ်ကြည်လင် ရွှင်လန်းနှစ်သက်လျက် သက္ကစ္စဖြစ်ကြောင်း ကောင်းစွာလုပ်ကျွေး ကိုးကွယ်၏။ ၅-သွယ်သောအင်္ဂါ ပါဏာတိပါတာ ဝေရမဏိအစရှိသော ပဉ္စင်္ဂ နိစ္စသီလကိုလည်း ကြည်ညိုမမေ့ တစ်နေ့မကင်း စောင့်ရှောက်ခြင်းမြဲလျက် ၈-ရက် လပြည့်လကွယ်တို့၌ အကြိုအပို့ရက်နှင့်တကွ တစ်လတစ်လဝယ် ၁၂-ရက်သော ဥပုသ်နေ့ကြိမ်လျှင်လည်း အချိန်ကိုဆင်ခြင်၍ အင်္ဂါ ၈-ပါးနှင့်ပြည့်စုံသော ဥပုသ်ကို ဆောက်တည်၏။ ဤသို့မပျက် အသက်ထက်ဆုံး ကျင့်သုံးအပ်သောသီလ, ဆုံးမအပ်သော ဣန္ဒြေ၊ ခွဲဝေစီမံ လှူဒါန်းရန်အဖို့ မချို့တဲ့သောဒါန, စာဂတို့နှင့်စုံညီစွာ သဒ္ဓါရှေးရှု ဖြူစင်သန့်ရှင်း မကင်းမလပ် မပြတ်ပြုနိုင်သောကောင်းမှုကံသည် ထိုခန္ဓာအချိန်ရောက်၍ ဖောက်လှဲသည်၏အခြားမဲ့၌ပင်၊ ဤကောင်းကင်အရပ်ဝယ် ထူးမြတ်သော ရွှေဗိမာန်၇-ဆောင်၌ ၇၀၀၀-နတ်သမီးအခြံအရံနှင့်တကွ ဒေသသမ္ပတ္တိကိုပေး၍ မွှေးပျံ့သောဂုဏ်သတင်းအရှိန်နှင့် သောဏဒိန်ဟူသော လူကအမည်ဟောင်း မပြောင်းမလွဲ တွင်မြဲတံဆိပ်ဖြင့် ဤဗိမာန်ကြီးသခင် နတ်သားဖြစ်လာသည် မှတ်တော်မူလော့”ဟု ပြန်ကြားပေ၏။

(ဤသောဏဒိန်ခန်း၌ ဘုံခန်းလင်္ကာမှာ အကျယ်ဆိုပြီး ထိုဘုံခန်းလင်္ကာ၌ “လက်ဝဲလက်ယာ၊ ရှေ့မှာနောက်ဆို့” ချီသည့်ပိုဒ်တွင်၊ “ယောက်ျားဘုန်းလျှင်၊ ရှုန်းရှန်းဝန်းမြှင့်၊ ခုနစ်ဆင့်သား၊ နတ်မင်းတမ်းခွန်၊ ရွှေဗိမာန်ကို” ဟူ၍ စပ်ရာ၌ ဗီရဏီနတ်သမီး၏ ဗိမာန်ဘုံမှာကဲ့သို့ တစ်ဆောင်တည်း၌ ဘုံ ၇-ဆင့်ရှိသည်ဟု မယူအပ်။ ဤသောဏဒိန်နတ်သား၏ဘုံဗိမာန်ကား ဆောင်သီး ၇-ဆောင်ပင် ရှိသည်။ အဘယ်ကြောင့်နည်းဟူမူ “သောဏဒိန္နဒေဝပုတ္တဿ သတ္တကဉ္စနဝိမာနာနိ”ဟူ၍လည်းကောင်း၊ ဂါထာအဖွင့်တွင်လည်း “ဥပရူပရိဟုမဆို ပဋိပါဋိယာဌိတေသု သတ္တသု တေသု တေသု ဝိမာနေသု”ဟူ၍လည်းကောင်း၊ ဆောင်သုံးဆောင်ခြား ဖြစ်ကြောင်းကိုလာသောကြောင့် သိရသတည်း။ ထိုသို့ ဆောင်သီးဖြစ်လျက် လင်္ကာ၌ အဘယ့်ကြောင့် ဧကဝုစ်နှင့် စပ်လေသနည်းဟူမူကား “ဇာတျာ‌ပေက္ခံ ဧကဝစနံ”ဟု သဒ္ဒါဆရာတို့အမိန့်နှင့်အညီ ဘုံတို့၏ တစ်ခုသည်တစ်ခုနှင့်တူသော အခြင်းအရာဟုဆိုအပ်သော ဇာတ်ကိုငဲ့၍ ဧကဝုစ်သင်္ချာနှင့် စပ်လေသည်။ ဤသို့ယူမှ ပါဠိနှင့်လင်္ကာ တပြေးတည်းညီမည်။

“ထိုသို့စေ့စုံ၊ မေးလေတုံသော” ချီသည့်ပိုဒ်တွင် “ဗာရာဏသီ၊ ခေါ်ညီမည်သီး၊ ထိုပြည်ကြီး၌၊ ဝှဲချီးလူချစ်၊ သူကြွယ်ဖြစ်၍” ဟူသောလင်္ကာ၌ သောဏဒိန်သူကြွယ်နေသောရွာကို ဗာရာဏသီပြည်ဟု ဆိုသည်ကား ဂင်္ဂါ၌ နွားကျောင်းရွာ တည်၏ဟူသကဲ့သို့ သမီပူပစာရအားဖြင့်လည်းကောင်း၊ သိကြားကြောင်းကို မညောင်းမညာ အပြစ်ရှာ၍ ဟူသကဲ့သို့ ပဓာနနည်း သဒိသူပစာရအားဖြင့်လည်းကောင်း တင်စား၍ စပ်ခြင်းဖြစ်သည်။ အဘယ့်ကြောင့်နည်းဟူမူကား “ကာသိရဋ္ဌေ အညတရသ္မိံ နိဂမေ သေဏဒိန္နော နာမ ဂဟပတိ” အစရှိသည်ဖြင့် အမည်မထင်ရှားလွန်းသော နိဂုံးရွာ၌နေကြောင်းကို လာသောကြောင့်တည်း။ ဤသို့ယူမှ ပါဠိတော်နှင့် လင်္ကာ မဆန့်ကျင်မည်။

“စတုဒ္ဒသီ ပန္နရသီ ယာ စ ပက္ခဿ အဋ္ဌမီ၊ ပါဋိဟာရိယပက္ခဉ္စ” စသည်ဖြင့် ပါဠိအဋ္ဌကထာတို့၌ လာသောအတိုင်း အကြိုအပိုနှင့်တကွ ထိုလပြည့်လကွယ် ၈-ရက်သတင်း နေ့တို့၌သာ ဥပုသ်ဆောက်တည်ကောင်း၏။ ကြွင်းသောနေ့တို့၌ မဆောက်တည်ကောင်းဟု အချို့ဆရာတို့ယူသည်မှာ “န ဘိက္ခဝေ အနုပေါသထေ ဥပေါသထော ကာတဗ္ဗော ယော ကရေယျ အာပတ္တိဒုက္ကဋဿ”ဟု ရဟန်းပဉ္စင်းတို့မှာ ဥပုသ်နေ့မဟုတ်သည်၌ ဥပုသ်ပြုလျှင် ဒုက္ကဋ်သင့်စေ ပညတ်တော်မူသကဲ့သို့ လူတို့မှာ ဥပုသ်နေ့မဟုတ်သည်၌ ဥပုသ်ဆောက်တည်လျှင် အတ္တကိလပထမျှသာ ဖြစ်သည်။ အပါယ်လားခြင်း အကြောင်းဖြစ်သည်ဟု တားမြစ်တော်မမူသောကြောင့် ထိုဆရာတို့စကားကို ဆင်ခြင်အပ်၏။

ထိုသို့တစ်မူကား ဥပုသ်နေ့မဟုတ်ရာ၌ လူတို့မှာ ဥပုသ်ဆောက်တည်သည်ဟူ၍ တစ်စုံတစ်ခု အပြစ်မရှိ၊ ဥပုသ်နေ့တိုင်း မဆောက်တည်နိုင်သည်ဟူ၍လည်း အပြစ်မရှိ။ ဤ ဆိုခဲ့ပြီးသောရက်သည် အိမ်၌နေကုန်သောသူတို့အား ဥဿာဟပြုသည်ရှိသော် စွမ်းနိုင်ရာသောကြောင့် ဥပုသ်နေ့ဟု မှတ်သားခြင်းဖြစ်သည်။ မှတ်သားခြင်းရှိသည့် အတိုင်းလည်း ပါဠိအဋ္ဌကထာ လာသည်။ ထို့ကြောင့် မည်သည်နေ့မဆို စွမ်းနိုင်လျှင် ဆောက်တည်ကောင်းတော့သည် ဟု သိအပ်၏။

သောဏဒိန်ဟူသောအမည်ကို ဝိဂြိုဟ်ပြုသော်ကား

“သောဏံ သုန္ဒရံ ဒါနံ ဒဒါတီတိ သောဏဒိန္နော။

သဒ္ဓမ္မံ သုဏာတီတိ သောဏော။

ဒါနံ ဒဒါတီတိ ဒိန္နော။

သောဏော စ သော ဒိန္နော စာတိ သောဏဒိန္နော။

ဩဒနေန သဟ ယော ဝတ္တတီတိ သောဏော။

တံ ဒဒါတီတိ ဝါ သောဏဒိန္နော”

ဤသို့ စသည်ဖြင့် ပြုအပ်၏။

ဝိဂြိုဟ်အနက်ကား-

ယော ဂဟပတိ၊ အကြင်သူကြွယ်သည်။ သောဏံ သုန္ဒရံ၊ ကောင်းမြတ်သော။ ဒါနံ၊ အလှူကို။ ဒဒါတိ၊ ပေးတတ်၏။ ဣတိတသ္မာ၊ ထိုသို့ ကောင်းမြတ်သောအလှူကို ပေးတတ်သောသတ္တိကြောင့်။ သော ဂဟပတိ၊ ထိုသူကြွယ်သည်။ သောဏဒိန္နော၊ သောဏဒိန် မည်၏။ သောဏ-သဒ္ဒူပပဒ ဒဒ-ဓာတ်။ တ-ပစ္စည်း။ ကိတ် ဝိဂြိုဟ်။ သောဏ-ဟူသော ပါဠိပဒိကပုဒ်၏အရကား ဆွမ်းကျောင်းအစရှိသော ဒါနစေတနာတို့၏ သုန္ဒရဘောဂုဏ်နှင့် ဂုဏေအဖြစ်ဖြင့် စပ်အပ်သော သမ္ဗန်သည်သာ ပဓာန။ ဒါနဝတ္ထုသည် အပ္ပဓာနအားဖြင့် ရ၏။ ဒဒ-ဓာတ်၏အရကား ထိုဒါနဝတ္ထုကို အာရုံပြု၍ဖြစ်သော စာဂစေတနာ ရ၏။ တ-ပစ္စည်း၏အရကား ထိုစေတနာတို့ဖြင့်မှတ်အပ်သော ဂုဏေဖြစ်သော ၇-ကျောင်းဒါယကာ သောဏဒိန်သူကြွယ်ရ၏။

ဝါ၊ တစ်နည်းကား။ ယော၊ အကြင်သူသည်။ သဒ္ဓမ္မံ၊ သူတော်ကောင်းတရားကို။ သုဏာတိ၊ နာတတ်၏။ ဣတိတသ္မာ၊ ထိုသို့ သူတော်ကောင်းတရားကို နာတတ်သောသတ္တိကြောင့်။ သော၊ ထိုသူသည်။ သောဏော၊ သောဏမည်၏။ ယော၊ အကြင်သူသည်။ ဒါနံ၊ အလှူကို။ ဒဒါတိ၊ ပေးတတ်၏။ ဣတိတသ္မာ၊ ထိုသို့ အလှူကိုပေးတတ်သော သတ္တိကြောင့်။ သော၊ ထိုသူသည်။ ဒိန္နော၊ ဒိန္နမည်၏။ သောဏော စ၊ သူတော်ကောင်းတရား နာတတ်သည်လည်း။ ဟောတိ၊ ဖြစ်၏။ သော၊ ထိုသူတော်ကောင်းတရားကို နာတတ်သောသူသည်။ ဒိန္နော စ၊ အလှူပေးတတ်သည်လည်း။ ဟောတိ၊ ဖြစ်၏။ ဣတိတသ္မာ၊ ထို ၂-ပါးသောသတ္တိကြောင့်။ သော ဂဟပတိ၊ ထိုသူကြွယ်သည်။ သောဏဒိန္နော၊ သောဏဒိန်မည်၏။

ရှေ့ပုဒ်အရကား သူတော်ကောင်းတရားစကားကို မှတ်နာခြင်းစေတနာသည် ပဓာန။ ထိုဓမ္မဿဝနလျှင် ဥပနိဿယရှိသော သီလ ဘာဝနာ ဓမ္မဒေသနာ အပစာယန ဝေယျာဝစ္စ ဒိဋ္ဌိဇုကမ္မ ကုသိုလ်တို့၏ ပစ္စယုပ္ပန္နသတ္တိသည် အပ္ပဓာနရ၏။ နောက်ပုဒ်အရကား စာဂစေတနာသည် ပဓာန။ ထိုစာဂစေတနာလျှင် ဥပနိဿယရှိသော ပတ္တိဒါန ပတ္တာနုမောဒန ဒိဋ္ဌိဇုကမ္မကုသိုလ်တို့၏ ပစ္စယုပ္ပန္နသတ္တိသည် အပ္ပဓာန ရ၏။ သမာသ်ပုဒ်လုံး၏အရကား ထိုပဓာန အပ္ပဓာနတို့ဖြင့်မှတ်အပ်သော ကုသိုလ် ၁၀-ပါးနှင့်ပြည့်စုံသော သောဏဒိန်သူကြွယ် ရ၏။

ဝါ၊ ကား။ ယော ဒေယျဓမ္မော၊ အကြင်လှူဖွယ်ဝတ္ထုသည်။ သြဒနေန၊ ဆွမ်းနှင့်။ သဟ၊ တကွ။ ဝတ္တတိ၊ ဖြစ်တတ်၏။ ဣတိတသ္မာ၊ ထိုကြောင့်။ သော ဒေယျဓမ္မော၊ သည်။ သောဏော၊ သောဏမည်၏။ သဟပုဒ်။ သြဒနပုဒ်။ ဗဟုဗ္ဗီဟိ။ ဟနှင့်ဒကို ချေရမည်။

ယော ဂဟပတိ၊ သည်။ သောဏံ၊ ဆွမ်းနှင့်တကွသော ကျောင်းအစရှိသော ဒါနဝတ္ထုကို။ ဒဒါတိ၊ လှူတတ်၏။ ဣတိတသ္မာ၊ ထိုသို့ ဆွမ်းနှင့်တကွသော ကျောင်းအစရှိသောအလှူဝတ္ထုကို ပေးလှူတတ်သော သတ္တိကြောင့်။ သော ဂဟပတိ၊ သည်။ သောဏဒိန္နော၊ သောဏဒိန် မည်၏။)