နေမိဇာတ်တော်ကြီး/အခန်း-၂၀

From Wikisource
Jump to navigation Jump to search
သုဝဏ္ဏသာမဇာတ်တော်ကြီး by မင်းပူး လေသာကျောင်းဆရာတော် ရှင်ဩဘာသ
၂၀။ ကောဋိသိမ္ဗလိဝန ဥဿဒရက် ငရဲခန်း

ထိုငရဲကိုပြပြီးလျှင် မာတလိနတ်သားသည် လက်ပံတောငရဲသို့ ရှေးရှုနှင်ပြန်၍ ထိုငရဲ၌ခံရကုန်သော ငရဲသူတို့ကို နေမိမင်းကြီးအား ပြလေ၏။ ထိုလက်ပံပင်ငရဲ၌ကား သံမြေအပြင်၌ တစ်ခုတစ်ခုသော လက်ပံပင်သည် အမြင့်တစ်ယူဇနာစီ ရှိ၏။ သံဖြင့်ပြီးသော အဆူးအရှည်ပမာဏကား ၂-မိုက် ရှိ၏။ တစ်ပင်လုံး မီးလျှံတပြောင်ပြောင် တောက်လောင်လျက် တည်၏။ လက်ပံပင်ရင်း၌လည်း ငရဲထိန်းတို့သည် သန်လျက်, လှံမ စသည်လက်နက်စွဲကိုင်လျက် များစွာနေကြကုန်၏။ ထိုလက်ပံပင်ရင်း၌ ခံရကုန်သောသတ္တဝါတို့ကား လူဖြစ်သောအခါက မိစ္ဆာဒိဋ္ဌိတစေချည်းတည်း။

“အကုသိုလ်ကံသည် ငရဲစသည်တို့ကို ပေးတတ်၏။ ကုသိုလ်ကံသည် နတ်ပြည်စသည်တို့ကို ပေးတတ်၏”ဟူ၍ ကံကိုလည်း မယုံကြည်။ “ဆင်းရဲခံရသောသူကား အကုသိုလ်ကံ၏အကျိုးတည်း။ ချမ်းသာကိုခံစားရသောသူကား ကုသိုလ်ကံ၏အကျိုးတည်း”ဟု ကံ၏အကျိုးကိုလည်း မယုံကြည်။ “ရှေးရှေးကပြုဖူးသော ကုသိုလ်ကံကြောင့် ယခုဘဝမှာ ချမ်းသာ၏။ အကုသိုလ်ကံကြောင့် ဆင်းရဲ၏။ ယခုဘဝက ကုသိုလ်ပြုလျှင် နောင်သံသရာမှာ ချမ်းသာအံ့။ အကုသိုလ်ပြုလျှင် သံသရာ၌ ဆင်းရဲအံ့”ဟူ၍လည်း ပစ္စုပ္ပန်လောက, တမလွန်လောကကို မယုံကြည်။ ရတနာ ၃-ပါးတို့အား ကြည်ညိုမြတ်နိုး ကိုးကွယ်လှူဒါန်းခြင်းကိုလည်းမပြု။ ဘာဝနာ, သီလ စသည်ကိုလည်း ပြုရကောင်းသည် မမှတ်။ နတ်ကြီးပရမီသွာ, မဟာပိန္နဲစသည်တို့သာ ချမ်းသာစေသည် ဆင်းရဲစေသည်, အဆင်းလှစေသည်, အရုပ်ဆိုးစေသည်, ယောက်ျားဖြစ်စေသည် မိန်းမဖြစ်စေသည် စသည်ဖြင့် ယုံမှတ်၍ အမြတ်တနိုးပြုကြကုန်၏။ ထိုသို့ မှားသောအယူရှိကုန်သော မိစ္ဆဒိဋ္ဌိတို့သည် ထိုလက်ပံပင်ငရဲ၌ ခံရကုန်သော် ဇနီးမောင်နှံ အယူတူကြသည်ဖြစ်အံ့။ မိန်းမကား လက်ပံပင်ဖျား၌ ဖြစ်၏။ ယောက်ျားကား လက်ပံပင်ရင်း၌ ဖြစ်၏။ ငရဲထိန်းတို့သည် ထိုငရဲသူယောက်ျားကို လှံ,သန်လျက်စသော လက်နက်တို့ဖြင့် ခုတ်ထိုးရိုက်နှက်လျက် “သင့်မယားရှိရာ ရောက်အောင်တက်”ဟု အနိုင်အထက် တက်စေ၏။ ထိုယောက်ျား တက်သောအခါ လက်ပံဆူးတို့သည်လည်း အောက်သို့ အဖျားညွှတ်လျက်ရောက်လျှင်စူးအံ့ဟု ရွယ်ကာနေသဖြင့် လက်ပံပင်မှဖြစ်သောဆူးနှင့် ငရဲထိန်းတို့နှိပ်စက်ခြင်းကြောင့် မိန်းမရှိရာအဖျားသို့မရောက်မီ အောက်သို့ကျသဖြင့် ပျက်စီးခြင်းသို့ရောက်၍၊ တစ်ဖန် ဖြစ်မြဲဖြစ်ပြန်၍ တက်ရပြန်လေ၏။ မိန်းမတို့ကိုလည်း ငရဲထိန်းတို့သည် “သင့်လင်ရှိရာ သစ်ပင်ရင်းသို့ ဆင်းရမည်”ဟု လက်နက်တို့ဖြင့် အနိုင်အထက်နှိပ်စက်လျက် ဆင်းစေ၏။ လက်ပံဆူးတို့သည် ဆင်းသောအခါ အထက်သို့အဖျားထောင်လျက် ရောက်လျှင်စူးအံ့ဟု ရွယ်ကာနေသဖြင့် လက်ပံပင်ရင်းသို့မရောက်မီ ငရဲထိန်း,လက်ပံဆူးတို့၏နှိပ်စက်ခြင်းဖြင့် ပျက်စီး၍ တစ်ဖန် လက်ပံပင်ဖျား၌ဖြစ်လျက် ဆင်းပြန်ရလေ၏။

ဤသို့နည်းဖြင့် ခံရကုန်သော ကောဋိသိမ္ဗလိဝန ဥဿဒရက်ငရဲ တို့ကိုလည်းကောင်း ထိုလက်ပံပင်တော ငရဲမှတစ်ပါးလည်း “လှူဒါန်းခြင်း, ပူဇော်ခြင်း, သီလဆောက်တည်ခြင်း, ကမ္မဋ္ဌာန်းဘာဝနာ စီးဖြန်းခြင်းတို့ကို ပြုသည်ဟူ၍ ပင်ပန်းကာသာ ဥစ္စာကုန်ကာသာ အကျိုးမရှိ။ သူ့အသက်ကိုသတ်ခြင်း, သူ့ဥစ္စာကိုခိုးခြင်းစသည်ကို ပြုသည်ဟူ၍လည်း အပြစ်မရှိ” ဟုအယူရှိသော နတ္ထိကဒိဋ္ဌိ။

“ကုသိုလ်ကံ, အကုသိုလ်ကံ စီမံသောကြောင့် လောက ဖြစ်သည် မဟုတ်။ ချိုသောမျိုးစေ့သည် ချိုသောအပင်သာ, ချဉ်သောမျိုးစေ့သည် ချဉ်သောအပင်သာဖြစ်သကဲ့သို့ မင်းဖြစ်သောသူသည်လည်း မင်းသာ, သူကြွယ်ဖြစ်သောသူသည်လည်း သူကြွယ်သာ, သူဆင်းရဲဖြစ်သောသူသည်လည်း သူဆင်းရဲသာ အစဉ်ဖြစ်သည်။ တစ်စုံတစ်ခုသောတရားမျှ ပြုပြင်ခြင်းမရှိ”ဟု မိမိလည်း ယူ၏၊ သူတစ်ပါးကိုလည်း ယူစေ၏။ ထိုသို့အယူရှိသော အကိရိယဒိဋ္ဌိ။

“အကြောင်းမရှိ”ဟု မိမိလည်းယူ၏။ သူတစ်ပါးကိုလည်း ယူစေ၏။ ဤသို့ အယူရှိသော အဟေတုကဒိဋ္ဌိ။

ထိုသို့အားဖြင့်ပြားသော နိယတမိစ္ဆာဒိဋ္ဌိ ၃-မျိုးတို့၏ခံရာ သဗ္ဗကမ္မကရဏမူလက ငရဲရွာကား ကြိမ်, ပိုက်, ခွေး, လင်းတ, ကျီး, မစင်တွင်း, သံရည်မြစ် စသည်ဖြင့်ဆိုအပ်ခဲ့ပြီးသော ငရဲအပြား၊ မဆိုအပ်သေးသော ငရဲအပြားများစွာအလုံးစုံသော ကမ္မကရဏတို့၏ ဆုံရာပေါင်းရာ ဖြစ်၏။

ထို သဗ္ဗကမ္မကရဏမူလက ဥဿဒရက်ငရဲကိုလည်းကောင်း နေမိမင်းကြီးအား ပြလေ၏။ ထိုငရဲ ၂-ရပ်တို့တွင် လက်ပံပင်ငရဲတို့ကိုပြ၍ နေမိမင်းကြီးနှင့် မေးကာဖြေကာ ပြောဆိုစဉ်ပင် တာဝတိံသာနတ်ပြည် သုဓမ္မာသဘင်၌ နတ်ပရိသတ်တို့သည် အာသာဝတီနွယ်ပင်၌ အသီးရောက်အံ့သောအခါကို ငံ့လင့်မျှော်တဘိသကဲ့သို့ နေမိမင်းကြီးရောက်အံ့သည်ကို မျှော်ငံ့လင့်ကြကုန်သဖြင့် သိကြားမင်းသည် “ရထားမှူးမာတလိနတ်သားသည် ကြာလေစွတကား။ အကြောင်း အသို့နည်း”ဟု နတ်မျက်စိဖြင့် ရှုကြည့်လေသော် ငရဲပြည်သို့သွားကြောင်းကိုမြင်လျှင် “ငါ၏ရထားမှူး မာတလိနတ်သားသည် မိမိ၏တမန် အထူးဖြစ်ကြောင်း ဂုဏ်ကိုပြလို၍ ငါ၏အကြည်တော်မင်းကြီးကို မြေအတွင်း ငရဲပြည်သို့ဆောင်သွားလျက်၊ “ဤကား ဤငရဲတကွဲ၊ ဤမှာဤသို့”ဟု အစုစုငရဲမျိုးတို့ကို အကျိုးအကြောင်းနှင့်တကွ ညွှန်ကြား၍ သွားကာတန့်ကာ လွန်စွာဂုဏ်ရေးချိန်လျက် စိမ်စိမ်ပြေပြေ အထွေထွေ အသွယ်သွယ် အကျယ်ပြု၍နေချေပြီ။

“ဤကဲ့သို့သာပြ၍ မာတလိနတ်သားနေချေလျှင် နေမိမင်းအသက်တမ်းသည် နန်းသို့ရောက်မည်ကား အခဲ၊ ငရဲပြည်အဆုံးမသတ် အလတ်လောက်မတိုင်ခင် ကုန်စင်လုံးလုံး ဆုံးခဲ့ရာ၏။ ငရဲပြည်ရွာ တည်ရာအရပ်ကို ဆုံးခပ်အောင် မရောက်နိုင်ရာ။ ငါကယခု လျင်မှုနှင့်မြန်မြန် တမန်ထပ်ဦးမှ ရထားမှူးဆောစွာ လာရောက်တော့မည်”ဟုကြံ၍၊ လျင်မြန်စွာသွားတတ်သောအရာကြောင့် “မဟာဇဝန” အမည်ရှိသောနတ်သားကို ခေါ်ပြီးမှ “အမြန်အလျင် လူ့ဘုရင်နေမိမင်းကို အညှင်းအသာ ငရဲရွာအောက်ပြည်ကတုံ့လည်၍ နတ်နန်းသို့ လမ်းဖြောင့်စွာဆောင်တင်လျက် လျင်လျင်လာခဲ့ ဆိုချေ”ဟု စေလိုက်သဖြင့် မဟာဇဝနနတ်သားသွား၍၊ သိကြားမင်းအမိန့်ကို မာတလိနတ်သားအား ပြန်ကြားလေသော် နေမိမင်းကြီးအား အပြီးအဆုံးသတ်အောင် စေ့စပ်စုံလင်စွာ နောက်များမှာကဲ့သို့ မာတလိနတ်သား ပြန်ကြားကာမနေဝံ့၍ အခန့်တန့်ရုံသာ ငရဲဘုံတည်ရာ များစွာသောအရပ်ကို စဉ်ကာဆက်ကာ တစ်နေရာထိုင်သဖြင့် တစ်ပြိုင်တည်းစီရင်၍ မြင်စေပြီးလျှင် “ဝိဒိတာနိ တေ မဟာရာဇ” အစရှိသောဂါထာဖြင့် ဆို၏။

ထိုဂါထာ၏အဓိပ္ပာယ်ကား-

“လူအပေါင်းတို့ကို အစိုးရတော်မူသော နေမိမင်းကြီး။ အသီးသီးကံကြမ္မာဖြင့် ငရဲရွာဆင်းရဲကို တကွဲတခြား များစွာခံရလျက်ရှိတိုင်း မျက်စိလင်းလင်း မင်းကြီးအားပြ၍ မြင်ရသိရသဖြင့် ဒုက္ခအစုစု ဒုစရိုက်ကံမျိုး၌ အဆိုးအယုတ် စက်ဆုပ်ဖွယ်အပြစ်ရှိကြောင်းများကို မင်းကောင်းနှလုံးမှာ ဖွဲ့ထုံးရစ်စည်းလျက် နည်းသက်သေဆောင်လောက်အောင် ရှိပါပြီ။ မင်းကြီးလည်း အားရတော်မူလော့။ ယခုအခါ နတ်မှူးဒေဝိန် တာဝတိံသခင်က “လျင်စေ” အမိန့်တော်ပြန် တမန်စေထပ်၍ အကြပ်ပင်ယခု ရှုလိုသည့်အာသာနှင့် ခေါ်လာချေသည်ဖြစ်၍ အပြစ်ကင်းသော နတ်မင်းပိုင်စု ကောင်းမှုအကျိုးဖြင့် တန်ခိုးကျက်သရေ ဆန်းထွေရာသမ္ပတ္တိကို မျက်စိတစုံ သူမြင်တွေ့လျှင် ခွာ၍မစွန့်ရက်နိုင်သော အထက်နတ်ပြည်၌ အတည်တည်ဘုံနန်းကို ရှုစမ်းတော်မူရအောင် ကြွတော်မူလော့”ဟုဆို၍

ထိုမြေထဲငရဲပြည်ကို နောက်လှည့်ခွာခဲ့သဖြင့် ဘုန်းပွင့်သောနတ်နန်းသို့ ဖြောင့်တန်းတူရူ ရှေးရှုနှင်ပြန်လေ၏။

(ထိုသို့ဆိုအပ်ခဲ့ပြီးသော ငရဲဘေးရောက်ကြောင်း မကောင်းမှုတို့တွင် ပဉ္စာနန္တရိယကံ, မိစ္ဆာဒိဋ္ဌိကံ ဤကံတို့ကား တစ်ပါးသောကုသိုလ်ကံတို့ဖြင့် ဟန့်တားပိတ်ဆီး၍ မတတ်နိုင်ရာသော ဂရုကံတည်း။ ထိုကံတို့မှကြွင်းသော အကုသိုလ်ကံတို့ကား အထပ်ထပ်ပွားစေအပ်သော အာစိဏ္ဏကံ၊ သေခါနီးကာလ၌ ပြုသော်လည်းကောင်း, အောက်မေ့မိသော်လည်း, အာသန္နကံ၏သတ္တိဖြင့် နိရယဂတိကို ပေးတတ်၏။ ဗောဓိပင်,စေတီတော်တို့ကို ဖျက်ဆီးသောကံကား အကျိုးပေးသော် အနန္တရိယကံနှင့်တူစွာ ပေးတတ်၏။ တစ်ပါးသောကုသိုလ်ကံနှိပ်စက်၍ အခွင့်မရသော် အခြားမဲ့၌ အကျိုးကိုမပေးတတ်။ ထို့ကြောင့် အန္တရိယကံမမည်။ အရိယာတို့ကိုစွပ်စွဲခြင်း အရိယူပဝါဒကံလည်း အကျိုးပေးသော် အနန္တရိယကံနှင့်တူစွာ အကျိုးပေးတတ်၏။ ထိုပြစ်မှားမိသောပုဂ္ဂိုလ်ထံ သွား၍တောင်းပန်ကန်တော့သော် အကျိုးမပေးပြီ၊ ပြေငြိမ်းလေ၏။ အမျက်အားဖြင့်လည်းကောင်း၊ ထိုသူနောက်နောင် မပြုစေခြင်းငှာလည်းကောင်း၊ တောင်းပန်ကန်တော့ခြင်းကို မခံမူ၍ တစ်ပါးသို့ထွက်သွားခဲ့သော် ထိုအခိုက်ရှိသော ပုဂ္ဂိုလ်တို့ရှေ့တွင် ထိုပုဂ္ဂိုလ်အား ရည်မှတ်၍ကန်တော့သဖြင့် ကံပြေငြိမ်း၏။ စုတေခဲ့သော်လည်း ထိုစုတေရာသို့လည်းကောင်း၊ သင်္ချိုင်းသို့လည်းကောင်းသွား၍ ကန်တော့သဖြင့် ကံပြေငြိမ်း၏။ ထို့ကြောင့် အနန္တရိကံ မမည်။ ဤသို့ ကံတို့၏ သဘောလက္ခဏာကိုထောက်၍ ငရဲဘေးကိုကြောက်ကုန်သော သူတော်ကောင်းအပေါင်းတို့သည် စတုစက်နှင့် မပြည့်စုံသည်ဖြစ်၍လည်းကောင်း၊ ယောနိသော မနသိကာရကို မရသဖြင့်လည်းကောင်း လွန်ကျူးမိဖူးသော်လည်း “တဿ ပဋိဃာတာယ ဒါနံ ဒေတိ သီလံ သမာဒိယတိ” အစရှိသည်ဖြင့် ဟောတော်မူသည်နှင့်အညီ စက်နှင့်ပြည့်စုံ၍ သူတော်ကောင်းတို့တရားကို ကြားနာရသောအခါ အသင့်နှလုံးသွင်းခြင်းဖြင့် ပြုမိသောမကောင်းမှုကို ပျောက်စေခြင်းငှာ ဒါန၊ သီလစသော ကုသိုလ်တရားတို့ကို ပွားများစေရာ၏။ ပဟာတဗ္ဗတရားကို ဘာဝေတဗ္ဗပြုလျှင် ဒုစရိုက်ပွားများမည်၊ ဘာဝေတဗ္ဗတရားကို ပဟာတဗ္ဗပြုလျှင် သုစရိုက်ပါးရှားမည်။ ပယ်အပ်သည်ကို ပယ်ရှား၊ ပွားအပ်သည်ကိုစိုက်ပျိုး၍ မျိုးစေ့အောင်မှ နောင်အကျိုးဖွံ့ဖြိုးတော့မည်ကို နှလုံးထားလျက် မှတ်သားသတိ ရှိကုန်ရာ၏။

ထို ငရဲကြီး, ငရဲငယ်တို့သည် လူ့ပြည်၌ ဂါမခေတ်တို့ကဲ့သို့ အောက်မြေအပြင်၌ အထပ်ထပ်တည်ကုန်၏။ မာတလိနတ်သား ပြသည်ကား သဉ္ဇိုးဝ်းငရဲကြီး၏အရံဖြစ်သော ဥဿဒရက် ငရဲငယ်ကိုသာ ပြသည်။ ထိုဥဿဒရက် ငရဲငယ်တို့၌ဖြစ်သော ငရဲထိန်းတို့ကား ငရဲသတ္တဝါ မဟုတ်။ စတုမဟာရာဇ်နတ်မင်း၏ အုပ်စုတစ်မျိုးဖြစ်သော ဝေမာဏိက ဘုတ်, ပြိတ္တာ,ဘီလူးတစေတို့ချည်းတည်း။ ထို့ကြောင့် “နိရယဥပပတ္တိသံဝတ္တနိယကမ္မတောဟိ အညေနေဝ ကမ္မုနာ တေ နိဗ္ဗတ္တန္တိ”ဟူ၍ မိန့်၏။ ဥပရိပဏ္ဏာသ အဋ္ဌကထာ။

နိရယဥပပတ္တိသံဝတ္တနိယကမ္မတော၊ ငရဲပဋိသန္ဓေကို ဖြစ်စေတတ်သော အကုသိုလ်ကံမှ။ အညေနေဝ၊ တစ်ပါးသာလျှင်ဖြစ်သော။ ကမ္မုနာ၊ မသန့်မရှင်းသော ကုသိုလ်ကံကြောင့်။ တတ္ထ၊ ထိုငရဲအနီး၌။ တေ၊ ထိုငရဲထိန်းနတ်ဘီလူးတို့သည်။ နိဗ္ဗန္တိ၊ ဖြစ်ကုန်၏။

ထို ငရဲထိန်းနတ်တို့သည် သုဂတိဘုံသားဖြစ်ပါလျက် အဘယ့်ကြောင့် ဆင်းရဲခံရာ အပါယ်ဘုံအနီး၌ ဖြစ်ရလေသနည်းဟူမူကား ထိုကံကိုပြုသောအခါ ဒုဋ္ဌဂါမဏိမင်း၏ အလောင်းဖြစ်သော သာမဏေ၏ဆုတောင်းခြင်း စသည်တို့ကဲ့သို့ သူတစ်ပါးကို သတ်ညှဉ်းဆဲလိုသော ပတ္ထနာရှိလျက် ခိုးခြင်း,သတ်ခြင်း စသည်ကိုပြု၍ ရသောပစ္စည်းဖြင့် အလှူစာဂတို့ကို ပြု၏။ ထိုသို့ပြုခြင်းကြောင့် အကုသိုလ်, ကုသိုလ် ၂-ပါးရောပြွမ်းသည်ဖြစ်၍ အကုသိုလ်အစွမ်းဖြင့် ပြည့်ရှင်မင်းတို့သည်ထားအပ်သော လက်မရွံ့သူဖျင်းကဲ့သို့ မိမိတို့လည်း ကိုယ်,စိတ်၂-ပါး၏ ဆင်းရဲခြင်းမကင်း သူတစ်ပါးအား ညှဉ်းဆဲခြင်းဖြင့်လည်း မရောင့်ရဲ ဖြစ်ရကုန်သတည်း။

ထို့ကြောင့် “တေပိ ပါပကမ္မေနေဝ တတ္ထနိဗ္ဗတ္တာ မနုဿလောကေ ကာရဏိကာ ဝိယ ဟောန္တိ”ဟု မိန့်၏။ ဇိနာလင်္ကာရဋီကာ။

တေပိ၊ ထိုငရဲထိန်းတို့သည်လည်း။ ပါပကမ္မေနေဝ၊ ဥပနိဿယ သတ္တိရှိသော အကုသိုလ်ကံကြောင့်သာလျှင်။ တတ္ထ၊ ထို ဥဿဒ်ရက် ငရဲပြည်၌။ နိဗ္ဗတ္တာ၊ ဖြစ်ကုန်သည်ဖြစ်၍။ မနုဿလောကေ၊ လူ့ပြည်၌။ ကာရဏိကာ ဝိယ၊ လက်မရွံ့ ထောင်မှူးတို့ကဲ့သို့။ ဟောန္တိ၊ ဖြစ်ကုန်၏။

ဤဋီကာပါဌ်၌ ထိုငရဲထိန်းအဖြစ်ကို ပဋိသန္ဓေ ပဝတ္တိ ၂-ပါး၌ပင် အကုသိုလ်ကံသည် ကမ္မသတ္တိဖြင့် အကျိုးပေးသကဲ့သို့ ပါပကမ္မေနေဝ နိဗ္ဗတ္တာ”ဟု သာမညဆို၏။ ယင်းသို့ဆိုသော်လည်း ပဋိသန္ဓေအခါ၌ ကမ္မသတ္တိကို ရည်၍မဆို။ ဥပနိဿယသတ္တိကိုသာ ရည်၍ဆိုသည်။ ဤသို့ယူမှ ရှေးအဋ္ဌကထာနှင့် ညီမည်။

ထိုငရဲထိန်းတို့ကား ငရဲသူတို့ကို ငရဲမီးတို့သို့ ဆွဲငင်တွန်းပစ်သောအခါ ငရဲမီးလျှံ သံ,မြေ,မီးတို့သည် ငရဲသူတို့ကိုသာ လောင်သည်မဟုတ်။ မိမိတို့၌လည်း ပူလောင်ခြင်းဖြစ်၏။ သို့ရာတွင် ငရဲသူတို့ကဲ့သို့သာ ဆင်းရဲမကြီးသည်။ အဘယ့်ကြောင့် သုဂတိသားဖြစ်လျက် ထိုသို့သောဆင်းရဲကို ခံရလေသနည်းဟူမူ “ကထံ ဒါဟဒုက္ခံ အနုဘဝန္တီတိ တေသံ ကမ္မာနုဘာဝတော။” ၎င်းအဋ္ဌကထာ။

ကထံ၊ အဘယ့်ကြောင့်။ ဒါဟဒုက္ခံ၊ ပူပန်သောဆင်းရဲကို။ တေ၊ ထိုငရဲထိန်းတို့သည်။ အနုဘဝန္တိ၊ ခံရလေကုန်သနည်း။ ဣတိ အယံ၊ ဤသည်ကား။ ပုစ္ဆာ၊ အမေးတည်း။ တေသံ၊ ထိုငရဲထိန်းတို့၏။ ကမ္မာနုဘာဝတော၊ အကုသိုလ်ကံ၏အစွမ်းကြောင့်။ အနုဘဝန္တိ၊ ခံရကုန်၏။ ဣတိ အယံ၊ ဤသည်ကား။ ဝိသဇ္ဇနာ၊ အဖြေတည်း။ ၎င်းပါဌ်၏အနက်။

ထိုဝေမာဏိကဖြစ်သော ငရဲထိန်းနတ်ဘီလူးတို့သည် ရှေးရှေးသောဘဝတို့က အမျက်ရန်ငြိုး အစရှိသော အကုသိုလ် ပြဋ္ဌာန်းခြင်းဖြင့် ဒါန၊ သီလအစရှိသော ကုသိုလ်ပြု၏။ ထိုသို့ အကုသိုလ်၏ အဆောက်အဦနှင့်တကွဖြစ်သော ကုသိုလ်သည် ဝိနိပါတိကဖြစ်သော ဘုတ်, ပြိတ္တာ, တစ္ဆေ, နတ်ဘီလူးတို့ကဲ့သို့ပင် ထိုနိရယဘုံအနီး၌ သုဂတိအဟိတ်, ဒွိဟိတ်, တိဟိတ် ပဋိသန္ဓေ ၃-ပါးတို့တွင် တစ်ခုခုသောပဋိသန္ဓေကိုပေး၍၊ ပဝတ္တိအခါ ထိုပဋိသန္ဓေကိုပေးတတ်သော ဇနကကုသိုလ်ကံနှင့်အတူပါသော အကုသိုလ်ကံသည်လည်းကောင်း အကျိုးကိုပေးလတ်သဖြင့် ရံခါ ကောင်းမှုအကျိုးဖြစ်သော ဘုံဗိမာန်စည်းစိမ်ကို စံရ၏။ ရံခါ မကောင်းမှုအကျိုးဖြစ်သော ငရဲခွေးတို့ကိုက်ခဲခြင်း စသောဆင်းရဲကို ခံရ၏။ မြတ်စွာဘုရားတရားတော်ကို နာရခြင်း စသည်ဖြစ်လတ်သော် တိဟိတ် ပဋိသန္ဓေနေသူ ငရဲထိန်းဖြစ်အံ့။ သောတာပန် စသည်ဖြစ်၍ မကောင်းမှုအကျိုးကိုခံရခြင်းမှ လွတ်သဖြင့် ကော်မှုအကျိုးကိုသာ ခံစားရလေ၏။

ထို့ကြောင့် “ဝေမာဏိကပေတာဟိ ကဏှသုက္ကဝသေန မိဿကံ ကမ္မံ ကတွာ ဝိနိပါတိကဒေဝတာ ဝိယ သုက္ကေနကမ္မုနာ ပဋိသန္ဓိံ ဂဏှန္တိ။ ယထာဟိ မဂ္ဂပဘာဝိတာပိ ဟောန္တိ။ ပဝတ္တိယံ ပန ကမ္မာနုရူပံ ကဒါစိ ပုညဖလံ ကဒါစိ အပုညဖလံ ပစ္စနုဘဝန္တိ။ ယေသံ ပန အရိယမဂ္ဂေါ ဥပ္ပဇ္ဇတိ။ တေသံ မဂ္ဂါဓိဂမတော ပဋ္ဌာယ ပုညဖလမေဝ ဥပ္ပဇ္ဇတီတိ ဒဋ္ဌဗ္ဗံ”ဟူ၍ မိန့်၏။ ဥပရိပဏ္ဏာသအဋ္ဌကထာ။

ဝေမာဏိကပေတာ၊ ဘုံဗိမာန်၌စံရခြင်း, ငတ်မွတ်ခြင်း, ငရဲမီးစသည်ဖြင့် ဆင်းရဲခံရခြင်း သုခဒုက္ခ ၂- ပါး ဆက်ဆံကုန်သော ဝေမာဏိက နတ်ပြိတ္တာတို့သည်။ ကဏှသုက္ကဝသေန၊ ကုသိုလ်, အကုသိုလ်၏အစွမ်းဖြင့်။ မိဿကံ၊ ရောသော။ ကမ္မံ၊ ကံကို။ ကတွာ၊ ပြု၍။ ဝိနိပါတိကဒေဝတာ ဝိယ၊ ဝိနိပါတိကနတ်တို့ကဲ့သို့။ သုက္ကေန၊ ကုသိုလ်ဖြစ်သော။ ကမ္ဗုနာ၊ ကံ၏အစွမ်းဖြင့်။ ပဋိသန္ဓိံ၊ သုဂတိအဟိတ်, ဒွိဟိတ်, တိဟိတ် ပဋိသန္ဓေကို။ ဂဏှန္တိ၊ ယူကုန်၏။ ယထာဟိ ယသ္မာ ကာရဏာ၊ အကြင် တိဟိတ် ပဋိသန္ဓေနေခြင်းကြောင့်လျှင်။ မဂ္ဂပဘာဝိတာပိ၊ သောတာပတ္တိမဂ် စသည်ကို ဖြစ်စေနိုင်ကုန်သည်လည်း။ ဟောန္တိ၊ ဖြစ်ကုန်၏။ ပဝတ္တိယံ ပန၊ ပဝတ္တိအခါ၌ကား။ ကမ္မာနုရူပံ၊ ကံအားလျော်စွာ။ ကဒါစိ၊ ရံခါ။ ပုညဖလံ၊ ကောင်းမှု၏အကျိုးကို။ ကဒါစိ၊ ရံခါ။ အပုညဖလံ၊ မကောင်းမှု၏အကျိုးကို။ ပစ္စနုဘဝန္တိ၊ အစဉ် ခံစားရကုန်၏။ တသ္မာ၊ ထိုသို့ မဂ်ကိုဖြစ်စေနိုင်သော ပဋိသန္ဓေရှိခြင်းကြောင့်။ ယေသံ ပန၊ အကြင် ဝေမာဏိက နတ်ပြိတ္တာတို့အား။ မဂ္ဂါဓိဂမတော၊ မဂ်ကိုရသည်မှ။ ပဋ္ဌာယ၊ စ၍။ ပုညဖလမေဝ၊ ကုသိုလ်၏အကျိုးသည်သာလျှင်။ ဥပ္ပဇ္ဇတိ၊ ဖြစ်၏။ ဣတိ၊ ဤသို့။ ဒဋ္ဌဗ္ဗံ၊ မှတ်အပ်၏။ ၎င်းပါဌ်၏အနက်။

ဤ နတ်ပြိတ္တာနှင့် အသုရကာယ်ပြိတ္တာ ၂-ပါးသည် အသို့ ထူးကြသနည်းဟူမူကား အကြင်သူသည် ခိုးခြင်း, သတ်ခြင်း စသည်ကိုပြု၍ ရသောပစ္စည်းဖြင့် ဒါနကိုပြု၏။ အကြင်သူသည် နိစ္စသီလ အင်္ဂါ ၅-ပါးတို့တွင် ၁-ပါး, ၂-ပါးစသည်ကို လွန်ကျူး၍ ၂-ပါး, ၃-ပါးစသည်ကို မပျက်မစီးစေရ ကျင့်၏။ ထိုသို့ဖြစ်သောကံသည် အကုသိုလ်, ကုသိုလ်ရောယှက်သော ကဏှသုက္ကမိဿကကံ မည်၏။ ထိုကံသည် ပဋိသန္ဓေအခါ အကျိုးပေးလတ်သော် အကုသိုလ်ရှေ့ဆောင်၍ ပေးသည်ဖြစ်အံ့။ အပါယ် ၄-ဘုံအဝင် အသုရကာယ်ပြိတ္တာ ဖြစ်လေ၏။ ကုသိုလ်ရှေ့ဆောင်၍ ပေးသည်ဖြစ်အံ့။ နတ်ပြည်အဝင် ဝေမာဏိကပြိတ္တာ ဖြစ်လေ၏။ ဤသည်လျှင် အထူးတည်း။ အသုရကာယ်တို့ကား အပါယ်ဒုဂ္ဂတိ အဟိတ်ပုဂ္ဂိုလ်ဖြစ်၍ မကျွတ်ထိုက်။ နတ်ပြိတ္တာတို့ကား တိဟိတ်ဖြစ်သောကြောင့် ကျွတ်ထိုက်၏။ ပဝတ္တိအခါ စံရခြင်း, ခံရခြင်းကား အလားတူကြ၏။ နတ်ပြိတ္တာမှာ သုဂတိဘုံသားဖြစ်၍ စံရခိုက် တန်ခိုးကြီးခြင်းတစ်ခုသာ သာသည်။

ထိုဝေမာဏိက နတ်ပြိတ္တာဖြစ်သော ငရဲထိန်းတို့၌ အုပ်ချုပ်စီရင်သူကား ယမမင်းတည်း။ အဘယ့်ကြောင့် “ယမမင်း” တွင်သနည်းဟူမူကား ငရဲသူငရဲသားတို့သည် ထိုငရဲသို့ ခံရအံ့သောငှာ ရောက်လာလျှင် ငရဲထိန်းတို့သည် ဆွဲငင်ခေါ်ဆောင်၍ ယမမင်းထံ အစစ်အကြောခံစေ၏။ ထိုအခါ အကုသိုလ်အားကြီးသော ငရဲသူဖြစ်အံ့။ အရာမကသောရန်သူ့ဘောင်၌ ၂-ယောက်, ၃-ယောက်မျှသော အဆွေခင်ပွန်း သက်သေ ထုတ်ပြစရာရှိပါသော်လည်း ရန်သူဖိစီးခြင်းကြောင့် မိမိလည်းသတိမရ၊ စစ်ကြောသူမင်းလည်း ချမ်းသာပေးခွင့်မရသကဲ့သို့ ကဋတ္တမတ္တာဖြစ်သော ကုသိုလ်ကံရှိပါလျက်လည်း အာစိဏ္ဏကံဖြစ်သော အကုသိုလ်ဗလဝကံ ရန်သူ၏နှောင့်ယှက်ခြင်းကြောင့် ထိုသို့ပြုခဲ့ဖူးသော ကုသိုလ်၏အကြောင်းကို မအောက်မေ့နိုင်, ယမမင်းလည်း သတိမပေးနိုင် မဆိုတတ်မပြောတတ် ဖြစ်ချေသော်၊ မိမိတို့ကံကြမ္မာအလျောက် ငရဲထိန်းတို့ စီရင်လေ၏။ အာသန္နကံမျှသာဖြစ်၍ အကုသိုလ်ကံ အားနည်းသူဖြစ်အံ့။ အရာမကသော အဆွေခင်ပွန်းဘောင်၌ ၁ -ယောက် ၂-ယောက်မျှသော ရန်သူ၏နှောင့်ယှက်ခြင်းကြောင့် စိုးမင်းတို့ထံ အစစ်ခံရသောသူသည် အဆွေခင်ပွန်း အားပေးသူများသည်ဖြစ်၍ မိမိရဲဝံ့သဖြင့် သမာဓိကိုရခြင်းကြောင့် ပြုသမျှအခွင့်ကို သတိမကင်း လျှောက်ဆိုနိုင်ခြင်း၊ မိမိပင်သတိမရသော်လည်း အဆွေခင်ပွန်းကောင်းတို့မျက်နှာကြောင့် စိုးမင်းတို့က မစချီးပင့်ခြင်းဖြစ်သကဲ့သို့ အကုသိုလ်အာသန္နကံကြောင့် ငရဲသို့ရောက်ရလေသော်လည်း အာစိဏ္ဏကံဖြစ်သော ကုသိုလ်ကံ ခြံရံလျက်ပါသည်ဖြစ်၍ ယမမင်းမေးစစ်သောအခါ သတိရသဖြင့် မိမိပြုဖူးသောကုသိုလ်ကို ဖော်ထုတ်ပြန်ကြား အောက်မေ့ဆင်ခြင်နိုင်လေ၏။ မိမိ သတိမရသော်လည်း ဗလဝဖြစ်သော ကုသိုလ်အခြံအရံ၏ အာနုဘော်ကြောင့် ယမမင်းကပင်လျှင် “အချင်းငရဲသူ။ သင် ရှေးကိုယ်အဖြစ်က ဤမည်သောအရပ်တွင် ဤမည်သောကောင်းမှုကို ပြုသောအခါ ငါ့ကို သင် အမျှဝေသည် မဟုတ်လော။ သင်၏ကောင်းမှုကို ငါကား မမေ့။ သင် အဘယ့်ကြောင့် မေ့လေသနည်း”ဟု သတိပေးသဖြင့် ထိုကုသိုလ်ကိုအာရုံပြုနိုင်လေသော် ထိုငရဲမှလွတ်၍ ကံအားလျော်စွာ သုဂတိသို့ လားရလေ၏။ ဤသို့ ငရဲသူတို့အား ရှေး၌ဆည်းပူးအပ်သော ကုသိုလ်ကောင်းမှုတို့ကို မှတ်စေတတ်, သတိပေးတတ်သောဂုဏ်ကြောင့် ထိုဝေမာဏိက နတ်ပြိတ္တာမင်းကို “ယမမင်း'ဟု ဆိုအပ်လေသတည်း။

ထို့ကြောင့် “ယထူပစိတေ ပုညကမ္မေ ယမေတိ နိယမေတီတိ ယမော။ တဿ ယမဿ ဝေမာဏိကပေတာနံ ဇာတဝတော ရညော တေနာဟ ယမရာဇာ နာမ ဝေမာဏိကပေတရာဇာတိ” ဟုမိန့်၏။ ၎င်းအဋ္ဌကထာ။

ယထူပစိတေ၊ အကြင်အခြင်းဖြင့် ဆည်းပူးအပ်ပြအပ်ကုန်သော။ ပုညကမ္မေ၊ ကောင်းမှုကုသိုလ်ကံတို့ကို။ နေရယိကာနံ၊ ငရဲသူတို့အား။ ယမေတိ နိယမေတိ၊ မှတ်စေတတ်၏။ ဣတိ တသ္မာ၊ ထိုသို့ ရှေး၌ပြုဖူးသော ကုသိုလ်ကောင်းမှုတို့ကို မှတ်စေတတ်သောသတ္တိကြောင့်။ သော ဝေမာဏိကပေတရာဇာ၊ ထိုနတ်ပြိတ္တာမင်းသည်။ ယမော၊ ယမမည်၏။ ဝေမာဏိကပေတာနံ၊ နတ်ပြိတ္တာတို့ထက်။ ဇာတဝတော၊ အဖြစ်မြတ်သော။ ယမဿ၊ ယမအမည်ရှိသော။ တဿ ရညော၊ ထိုမင်း၏။ (ဤကား ပါဠိတော်၌ “ယမဿ ရညော”ဟု ပုဒ်ရင်းရှိသောကြောင့်။ ပဒါဝဓိကန္တ အားဖြင့် ဝစနတ္ထသံဝဏ္ဏနာကိုပြုပြီး၍ ပုဒ်ရင်းမပျက်စေခြင်းငှာ အဋ္ဌကထာဆရာဝိဘတျန်ခံသည်။) တေန၊ ထို့ကြောင့်။ ယမရာဇာ နာမ ဝေမာဏိကပေတရာဇာတိ၊ ရာဇာဟူ၍။ ဘဂဝါ၊ မြတ်စွာဘုရားသည်။ အာဟ၊ ဟောတော်မူပြီ။ ယမရာဇာ နာမ၊ ယမမင်းမည်သည်ကား။ ဝေမာဏိကပေတရာဇာ၊ ဝေမာဏိက နတ်ပြိတ္တာတို့၏ အရှင်မင်းတည်း။ ၎င်းပါဌ်၏ အနက်။

ထိုငရဲတို့ကို မာတလိနတ်သား၏ မြင်ခြင်းကား- “ဒေဝတာနံ ဟိ သုစရိတကမ္မနိဗ္ဗတ္တံ ပိတ္ထသေမှရုဟိရာဒီဟိ အပလိဗုဒ္ဓံ ဥပက္ကိလေသဝိမုတ္တတာယ ဒူရေပိ အာရမ္မဏသမ္ပဋိစ္ဆနသမတ္ထံ ဒိဗ္ဗံ ပသာဒစက္ခု ဟောတိ၊ ” ဟူသော ပါရာဇိကဏ် အဋ္ဌကထာပါဌ်နှင့်အညီ သုစရိုက်ကံသည်ဖြစ်စေအပ်သော သည်းခြေ, သလိပ်, သွေး, လေတို့ဖြင့် မမြှေးမယှက်အပ်သည်ဖြစ်၍ ညစ်ညူးသီမှုန်ခြင်းကင်းသဖြင့် အလွန်ကြည်လင်စွာ ဝေးရာတိုက်နံရံ တောင်မြေစသည် ဖုံးလွှမ်းကွယ်ဆီးရာအရပ်တို့ကို ဖောက်ထွင်းလျက်မြင်တတ်သော မိမိပသာဒစက္ခုဖြင့် မြင်၏။ နေမိမင်းကြီး၏မြင်ခြင်းလည်း နတ်တို့၏တန်ခိုးကြောင့် မိမိပသာဒစက္ခုဖြင့်ပင် မြင်၏။ ထိုငရဲသူတို့၏အကုသိုလ်ကို မာတလိနတ်သားမြင်သည်ကား နတ်မျက်စိကိုရလျှင် ယထာကမ္မူပဂဉာဏ်, အနာဂတံသဉာဏ်တို့ကိုလည်း သတ္တိနှင့်လျော်စွာ ရလေသောကြောင့် မိမိ၏မျက်စိအမြင်ကိုအမှီပြု၍ ဆင်ခြင်တတ်သောပညာဖြင့် ထိုငရဲသူတို့၏ အကုသိုလ်ကံ အတိတ်ဖြစ်သောဓမ္မာရုံကို သိမြင်သတည်း။

ဟိသစ္စံ၊ မှန်၏။ သုစရိတကမ္မနိဗ္ဗတ္တံ၊ သုစရိုက်ကံသည် ဖြစ်စေအပ်သော။ ပိတ္တသေမှရုဟိရာဒီဟိ၊ သည်းခြေ, သလိပ်, သွေး အစရှိသည်တို့ဖြင့်။ အပလိဗုဒ္ဓံ၊ မမြှေးယှက်အပ်ထသော။ ဥပက္ကိလေသဝိမုတ္တတာယ၊ ညစ်ညူးခြင်းမှ လွတ်သည်၏အဖြစ်ဖြင့်။ ဒေဝတာနံ၊ နတ်တို့၏။ ဒိဗ္ဗံ၊ နတ်၌ဖြစ်သော။ ပသာဒစက္ခု၊ ပသာဒစက္ခသည်။ ဒူရေပိ၊ အဝေး၌လည်း။ အာရမ္မဏသမ္ပဋိစ္ဆနသမတ္ထံ၊ ရူပါရုံကိုခံခြင်းငှာ စွမ်းနိုင်သည်။ ဟောတိ၊ ဖြစ်၏။ ၎င်းပါဌ်၏အနက်။

ဥဿဒရက် ငရဲကို ဝိဂြိုဟ်ဆိုလိုက်အံ့။

ဥ ဒုက္ခလာဘေန သဝန္တိ ရဝန္တိ ဧတ္ထာတိ ဥဿဒါ။

ဥသေန တာပေန ဒယှန္တိ ဧတ္ထာတိဝါ ဥဿဒါ။

နိရယပါလာ နေရယိကေ ဩသာရေန္တိ ပါတေန္တိ ဧတ္ထာတိ ဝါ ဥဿဒါ။

ဥ သံတပံ အဒတိ ဘက္ခတိ ဧတ္ထာတိ ဝါ ဥဿဒါ။

ဥသူဟိ အဒန္တိ ဟိံသန္တိ ဧတ္ထာတိ ဝါ ဥဿဒါ။

ဤသို့ စသည်ဖြင့် ဝိဂြိုဟ်ပြုအပ်၏။

ဧတ္ထ-ဧတေသု၊ ထိုငရဲတို့၌။ သတ္တာ၊ ငရဲသူသတ္တဝါတို့သည်။ ဥ-ဒုက္ခလာဘေန၊ ဆင်းရဲခြင်းကိုရသဖြင့်။ သဝန္တိ ရဝန္တိ၊ အော်ဟစ်မြည်တမ်းတတ်ကုန်၏။ ဣတိ တသ္မာ၊ ထိုသို့ဆင်းရဲခြင်းကိုရသဖြင့် အော်ဟစ်မြည်တမ်းရာဖြစ်သော သတ္တိကြောင့်။ တေ နိရယာ၊ ထိုငရဲတို့သည်။ ဥဿဒါ၊ ဥဿဒရက်ငရဲ မည်ကုန်၏။ ဥ-ပုဗ္ဗ၊ သဝ-ဓာတ်။ တ-ပစ္စည်း။ မောဂ္ဂလာန်ဆရာကား။ ဒက-ပစ္စည်းကိုပြ၏။ ဤအလိုကား ငရဲကြီးတို့၌ ယေဘုယျအားဖြင့် မအော်ဟစ်နိုင်။ ဤငရဲငယ်တို့ကား ဆင်းရဲညံ့၍ အော်ဟစ်နိုင်သေးသောကြောင့် ဥဿဒရက် ငရဲမည်သည်ဟူလို။

ဝါ၊ တစ်နည်းကား။ ဧတ္ထ၊ ဤငရဲငယ်တို့၌။ ဥသေန တာပေန၊ ပူပန်ခြင်းဖြင့်။ ဒယှန္တိ၊ လောင်တတ်ကုန်၏။ ဣတိ တသ္မာ၊ ထိုသို့လောင်ရာဖြစ်သော သတ္တိကြောင့်။ တေ နိရယာ၊ ထိုငရဲတို့သည်။ ဥဿဒါ၊ ဥဿဒရက်ငရဲမည်ကုန်၏။ ဥသသဒ္ဒူပပဒ၊ ဒဟ-ဓာတ်။ ကွိ-ပစ္စည်း။ ဤဝိဂြိုဟ်၌ ပူပန်ခြင်းဖြင့် လောင်တတ်သောကြောင့် ဥဿဒရက်မည်သော ဟူ၍ဆိုသော် ငရဲကြီးတို့၌ မလောင်တတ် ဟူသောအနက် ရောက်၏။ ထိုသို့တမူကား ငရဲကြီးတို့၌လည်း မလောင်သည်မဟုတ်။ လောင်တတ်၏။ ထိုသို့ လောင်တတ်လျက် ငရဲငယ်ကိုသာ ဥသေန ဒယှန္တိဟု ဝိဂြိုဟ် မပြုတန်ပြုချေသော်။ အတိဗျာပိတဒေါသ ရောက်၏။ တစ်နည်းလည်း ဝစနတ္ထဝစနီယဆန့်သော ဝိရောဓိဒေါသ ရောက်၏ဟူမူ ငရဲကြီးတို့၌ ဆင်းရဲကြီးသည် မှန်၏။ ထိုသို့မှန်သော်လည်း သုခ တစ်ရံတစ်ခါမျှ နှောင့်ယှက်ခြင်းမရှိဖြစ်၍ ပူပန်ခြင်း အရာမတွင်။ ဤငရဲငယ်တို့၌ကား စိုးစဉ်းစိုးစဉ်း ခဏခေတ္တမျှသော ချမ်းသာခွင့်တို့သည် ဖြစ်ကုန်၏။ ထိုသို့ချမ်းသာခွင့်ကို ရတုံသော်လည်း သုခဝေဒနာ မဖြစ်နိုင်ကုန်။ ဆင်းရဲထပ်ခါလာသောကြောင့် ဒုက္ခဝေဒနာသာလျှင် ဖြစ်ကုန်၏။ ဤသို့ သုခရံခါရှိလျက် သုခကိုမခံစားနိုင်အောင် ပူပန်ခြင်းရှိသည်ဟု ငရဲငယ်တို့၌သာ ပူပန်ခြင်းအရာတွင်သည်ဖြစ်သောကြောင့် “ဥသေန ဒယှန္တိ”ဟု ဝစနတ္ထပြုသတည်း။ ငရဲကြီးတို့၌ ပူပန်ခြင်းမရှိသောကြောင့် ပြုသည်မဟုတ်။ ထို့ကြောင့် ဆိုအပ်ပြီးသောဒေါသ မရောက်, ဆိုတန်၏ဟူလို။

ဥပမာကား- စတုက္ကနည်းအားဖြင့် စတုတ္ထဈာန်သည် ဥပေက္ခာဝေဒနာနှင့်ယှဉ်သည်ဖြစ်၍ စင်စစ် ထိုဈာန်ကိုဝင်စားသောပုဂ္ဂိုလ်သည် ဥပေက္ခကပုဂ္ဂိုလ်မှန်လျက် ထိုဈာန်၌ သုခဝေဒနာ နှောင့်ယှက်ခြင်းမရှိ။ ဥပေက္ခာဝေဒနာ သက်သက်သာဖြစ်သောကြောင့် လျစ်လျူရှုခြင်း အရာမတွင်သဖြင့် “ဥပေက္ခကော”ဟု ချီးမွမ်းတော်မမူ။ တတိယဈာန်စိတ်နှင့်ပြည့်စုံသော ပုဂ္ဂိုလ်ကိုသာလျှင် ထိုဈာန်၌ သုခရှိလျက်ပင် သုခဝေဒနာကိုမခံစားမူ၍ ဥပေက္ခာကိုသာရှုသောကြောင့် လျစ်လျူရှုခြင်း အရာတွင်သည်ဖြစ်၍ “ဥပေက္ခကော”ဟု ချီးမွမ်းတော်မူသကဲ့သို့ ဤငရဲ၌လည်း သုခရံခါဖြစ်လျက် သုခကိုမခံစားရမူ၍ ဒုက္ခဝေဒနာကိုသာ ခံစားရလေသောကြောင့် ဥသေန ဒယှန္တိဟူသော ဝစနတ္ထကို ဆိုသတည်းဟုယူပါ။

ဝါ၊ တစ်နည်းကား။ နိရယပါလာ၊ ငရဲထိန်းတို့သည်။ နေရယိကေ၊ ငရဲသူတို့ကို။ ဧတ္ထ၊ ဤငရဲတို့၌။ ဩသာရေန္တိ ပါတေန္တိ၊ ရိုက်ပုတ်ဆွဲငင် သွင်းဝင်ပစ်ချတတ်ကုန်၏။ ဣတိတသ္မာ၊ ထိုသို့ ငရဲထိန်းတို့ သွင်းရာ, ပစ်ချရာဖြစ်သော သတ္တိကြောင့်။ တေ နိရယာ၊ ထိုငရဲတို့သည်။ ဥဿဒါ၊ ဥဿဒရက်မည်ကုန်၏။ အဝ-ပုဗ္ဗ၊ သရ-ဓာတ်။ တ-ပစ္စည်း။

ဝါ၊ ကား။ ဧတ္ထ၊ ဤငရဲတို့၌။ ဥ-သံတပံ၊ ပူပန်ခြင်းကို။ အဒတိ ဘက္ခတိ၊ ခံစားတတ်၏။ ဣတိ တသ္မာ၊ ထိုသို့ခံစားရာဖြစ်သော သတ္တိကြောင့်။ ဥဿဒါ၊ ဥဿဒရက် မည်ကုန်၏။ ဥ-သသဒ္ဒူပပဒ အဒ-ဓာတ်။ ဏ-ပစ္စည်း။ အဓိပ္ပာယ်ကို ရှေးနည်းအတူယူပါ။

ဝါ၊ ကား။ ဧတ္ထ၊ ဤငရဲငယ်တို့၌။ သတ္တေ၊ ငရဲသူသတ္တဝါတို့ကို။ ဥသူဟိ၊ လက်နက်တို့ဖြင့်။ အဒန္တိ ဟိံသန္တိ၊ ညှဉ်းဆဲတတ်ကုန်၏။ ဣတိတသ္မာ၊ ထို့ကြောင့်။ ဥဿဒါ၊ ဥဿဒရက် မည်ကုန်၏။