နေမိဇာတ်တော်ကြီး/အခန်း-၁၆

From Wikisource
Jump to navigation Jump to search
သုဝဏ္ဏသာမဇာတ်တော်ကြီး by မင်းပူး လေသာကျောင်းဆရာတော် ရှင်ဩဘာသ
၁၆။ လောဟိတပုဗ္ဗ ဥဿဒရက် ငရဲခန်း

ထိုငရဲကိုပြပြီးလျှင် မာတလိနတ်သားသည် မုတ္တကရီသငရဲကိုကွယ်စေပြီး၍ သွေးပြည်တွင်းငရဲသို့ ရှေးရှုနှင်ပြန်သဖြင့် ကြောက်မက်ရွံရှာဖွယ် ခံရကုန်သောငရဲသူတို့ကို နေမိမင်းကြီးအား ပြလေ၏။ ထိုငရဲသူတို့ကို။နေမိမင်းကြီး မြင်တော်မူလေသော် ကိုယ်တိုင်ခံရဘိသကဲ့သို့ အလွန်ထိတ်လန့်ခြင်း ရှိသည်ဖြစ်၍ မာတလိနတ်သားအား “ရဟဒေါ အယံ လောဟိတပုဗ္ဗပူရော” အစရှိသောဂါထာဖြင့် မေးတော်မူပြန်၏။

ထိုဂါထာ၏အဓိပ္ပာယ်ကား-

“နတ်၏ရထားမှူးဖြစ်သော မာတလိနတ်သား။ ကြောက်မက်ဖွယ်လိလိ ရွံရှာဖွယ် ဤဝယ်လည်းတစ်မျိုး အလျှံအခိုးနှင့် ပုပ်သိုးညှီဟောက် တောက်အဲ့နံစော်သော အနံ့လှောင်းလျက် မကောင်းသဖြင့် အိုင်လုံးပြည့်သော သွေးပြည်အရိအရွဲတို့ကို ဆွဲကာဆုပ်ကာ တွေ့ရာမရွေး အလွေးအလုတ် နှုတ်မဆံ့နိုင်အောင်ငုံ၍ စုံစုံမက်မက် လျက်ကြစားကြ သောက်ကြတုန်တုန် မကုန်မခန်းနိုင်၊ ထိုအိုင်၌ အဖန်တလဲလဲ ဆင်းရဲကြီးစွာခံရကုန်သော ဤငရဲသူတို့သည်ကား အဘယ်မကောင်းမှုကို ပြုခဲ့ဖူးသနည်း”ဟု မေးတော်မူ၏။

ထိုအခါ မာတလိနတ်သားသည် သိမြင်သည်အတိုင်း လျှောက်ကြားလို၍ “ယေ မာတရံ ဝါ ပိတရံ ဝါ ဇီဝလောကေ” အစရှိသော ဂါထာဖြင့် ဆို၏။

ထိုဂါထာ၏အဓိပ္ပာယ်ကား-

“လူအပေါင်းတို့ကို အစိုးရတော်မူသော နေမိမင်းမြတ်။ နာတော်မူဦးလော့။ ထိုငရဲသူတို့သည် ရှေးလူဖြစ်သောအခါက သာသနာတော်တွင်း၌ ရဟန်းမပြုဘဲလျက် လူပါရာဇိက ရှုံးစုကျသော ပါပကာရီနှင်နှင်ချည်းတည်း။ ထိုသူတို့တွင် အချို့ကား သူတစ်ပါးတို့၏ အမွေးအကျွေး အပြုအစုနှင့်သာ အသက်ရှည်ခြင်းငှာ ထိုက်လေပြီးသော သက်အိုရွယ်ကြီးအမိကို မယား၏နှောင့်ယှက်ခြင်း စသည်တို့ကြောင့် ဖောက်ပြန်သောစိတ်ဝင်၍ မခင်မလေး မွေးတုံ့မပြု ရန်သူ့နှလုံးဖြင့် အသက်ဆုံးအောင် သတ်ညှဉ်းဆဲခဲ့ဖူး၏။ အချို့ကား ထို့အတူ အိုလေပြီးသောအဖကို အချို့ကား မြတ်စွာဘုရား သာသနာတော်၌ကြိမ်၍ လူဖြစ်ပါတုံလျက် ဂုဏ်အထူးနှင့်ပြည့်စုံသော ရဟန္တာအရိယာသံဃာတော်တို့ကို အရိုအသေမပြု တစ်ခုခုသောအခွင့်ဖြင့် နှောင့်ယှက်၍ အမျက်နိုင်ငံသို့လိုက်သဖြင့် ရိုက်ပုတ်သတ်နှက်ခြင်း အသက်အန္တရာယ်ကို ပြုခဲ့ဖူးကုန်၏။ ထိုသို့ပြုခဲ့ဖူးကုန်သော မာတုဃာတက, ပိတုဃာတက, အရဟန္တဃာတကဖြစ်သော သူယုတ်တို့သည် မသေမီကပင် ထိုမကောင်းမှုကို ပြုသည်၏အခြားမဲ့မှစ၍ မရဏာသန္နဇောတိုင်အောင် တစ်နေ့တစ်ရက် တစ်ခဏမျှ ချမ်းသာစွာမနေရဘဲ ငရဲမီးလျှံ ငရဲလုလင်တို့ ဝင်လာဆွဲလာ ဝန်းရံလာသကဲ့သို့သော ဒေါမနဿဝီထိ၌ ဂတိနိမိတ် အခါခါထင်လျက် ပူပင်ခြင်းနှိပ်စက်၍ ချမ်းသာကွက်မထင် ရဟန်းခံရှင်ပြုလိုသော်လည်း သဗ္ဗညုဘုရားက သနားတော်မူလျက် မထိုက်တန်၍ လက်မခံပယ်သူ လူပါရာဇိကဖြစ်ခြင်းနှင့် ပြင်းပြပူပန်စွာ ခန္ဓာကိုစွန့်သည်၏အခြားမဲ့၌ပင် ဖွဲ့အပ်သောသံယောဇဉ် အလျင်မစဲ၍ ဤငရဲဝေဒနာ ကြီးစွာသောဒုက္ခကို ခံရသည် မှတ်တော်မူလော့”ဟု ပြန်ကြားလျှောက်ထားပေ၏။

(ဤအရာ၌ “အရဟန္တေတိသဒ္ဒေန ဗုဒ္ဓသာဝကေ သင်္ဂဏှတေဝ”ဟု အဋ္ဌကထာ၌ဖွင့်သောကြောင့် ရဟန္တာကိုသတ်မှသာ ဤသွေးပြည်ငရဲ၌ ခံရသည်မဟုတ်၊ အနာဂါမ်, သကဒါဂါမ်, သောတာပန်, သီလဝန္တပုထုဇဉ်, ဘုရားတပည့်သား ဟူသမျှတို့ကိုပင် သတ်မိချေက ခံရမည်ဧကန်ဟူ၍ မှတ်အပ်၏။

အရဟန္တတိသဇ္ဇေန၊ အရဟန္တဟူသော သဒ္ဒါဖြင့်။ ဗုဒ္ဓသာဝကေပိ၊ မြတ်စွာဘုရား တပည့်သားတော် ဟူသမျှတို့ကိုလည်း။ သင်္ဂဏှတေဝ၊ ရေတွက်သလျှင်ကတည်း။

ဤကိုထောက်၍ ငရဲဘေးကိုကြောက်ကုန်သော သူတော်ကောင်းတို့သည် အမိ, အဖ, ရတနာ ၃-ပါး ဤမီး ၃-ပုံကို “အလှုံတတ်လျှင် ထီးဖြူ၊ အလှုံမတတ်လျှင် မီးပူ”ဟု မှတ်ယူအမြဲ စွဲကုန်ရာ၏။ ဤငရဲ၌ ခံရကုန်သောသူတို့ကား တစ်စုံတစ်ခု ဥပနိဿယကုသိုလ် အထောက်အပံ့ရှိသောကြောင့်သာ ဤမျှသောဆင်းရဲကို ခံရ၏။ မိမိတို့ပြုသော မကောင်းမှုဝန်ကား အလွန် သည်းခံနိုင်ခဲသော ငရဲကြီး ၈-ထပ်သို့ ဆည်းကပ်အံ့သော အတိဋ္ဌာနကံတည်း။ ပိတုဃာတကကံထိုက်သော အဇာတသတ်မင်း၏ဝတ္ထုကို ထောက်၍ ဆိုသည်။)