နေမိဇာတ်တော်ကြီး/အခန်း-၁၁

From Wikisource
Jump to navigation Jump to search
သုဝဏ္ဏသာမဇာတ်တော်ကြီး by မင်းပူး လေသာကျောင်းဆရာတော် ရှင်ဩဘာသ
၁၁။ ဒုတိယ လောဟကုမ္ဘီ ဥဿဒရက် ငရဲခန်း

ထိုငရဲကိုပြပြီးလျှင် မာတလိနတ်သားသည် ပထမ လောဟကုမ္ဘီငရဲကိုကွယ်စေ၍ ဒုတိယသံအိုးကင်းငရဲသို့ ရှေးရှုနှင်ပြန်သဖြင့် ဒုက္ခကြီးစွာခံရကုန်သော ငရဲသူတို့ကို နေမိမင်းကြီးအား ပြလေ၏။ ထိုဒုတိယ လောဟကုမ္ဘီငရဲ၌ကား ငရဲထိန်းတို့သည် ၃-ဂါဝုတ်ခန့် ကြီးသောကိုယ်ရှိသော ငရဲသူတို့ကို ရဲရဲတောက်သောသံကြိုးဖြင့် လည်၌ ဦးစောက်ကွေး၍ ရစ်စည်းတုပ်နှောင်ပြီးလျှင် သံအိုးကင်း၌ အလျှံရဲရဲညီးသော သံရည်ထဲသို့ ပစ်ချတွန်းထိုးလိုက်ကုန်၏။ အချို့သော ငရဲသူတို့ကိုလည်း တစ်ယောက်လည်နှင့် တစ်ယောက်လည်တွဲပူး၍ သံကြိုးဖြင့် ရစ်စည်းထုပ်နှောင်ရိုက်ပုတ်လျက် သံအိုးကင်းထဲသို့ ပစ်ချလိုက်ကုန်၏။ ထိုငရဲသူတို့သည် ဤသို့ တပြောင်းပြန်ပြန် ပျက်တုံဖြစ်တုံ ကြီးစွာသောဆင်းရဲဒုက္ခတို့ကို ခံရကုန်၏။ ထို သံအိုးကင်းငရဲ၌ ဤသို့တပြောင်းပြန်ပြန် ပျက်တုံဖြစ်တဲ့ ဆင်းရဲကြီးစွာခံကြရကုန်သော ငရဲသူတို့ကို နေမိမင်းကြီးမြင်လေသော် ကိုယ်တိုင်ခံရဘိသကဲ့သို့ အလွန်ကြောက်လန့်ခြင်း ရှိသည်ဖြစ်၍ မာတလိနတ်သားအား ရှေးနည်းအတူလျှင် ထိုသူတို့၏ မကောင်းမှုကို မေးပြန်၏။ ထိုအခါ မာတလိနတ်သားသည် သိမြင်တိုင်း ငရဲသူတို့၏မကောင်းမှုကို ကြားလျှောက်လို၍ “ယေ ဇီဝလောကသ္မိ သုပါပဓမ္မိနော” အစရှိသော ဂါထာဖြင့်ဆို၏။

ထိုဂါထာ၏အဓိပ္ပာယ်ကား-

“အရပ် ၁၀-မျက်နှာတို့၏သခင် ဖြစ်တော်မူသော အရှင်နေမိမင်းမြတ်။ နာတော်မူလော့။ ဤသံအိုးကင်းငရဲ၌ခံရကုန်သော ငရဲသူတို့သည် လူဖြစ်သောအခါက ငှက်ခတ်မုဆိုး တစေတို့ချည်းတည်း။ ထိုသူတို့သည် ချိုး, ခါ, ခို, ကြက် စသောငှက်တို့ကို လည်၌ ရစ်စည်းညှစ်လိမ် ချိုးဖဲ့ရိုက်နှက်၍ အသက်ဆုံးစေလျက် စားမူလည်း စားဖူးကြကုန်၏။ ဈေး၌ရောင်းမူလည်း ရောင်းဖူးကြကုန်၏။ ထိုသို့သော မကောင်းမှုတို့ကြောင့် ဤသံအိုးကင်းသံရည်ထဲ၌ သံကြိုးဖြင့် ရစ်စည်းဆွဲငင် ပစ်ချခြင်းဆင်းရဲကို ခံရလေသည်မှတ်တော်မူလော့”ဟု ကြားလျှောက်လေ၏။

(ဤကိုထောက်၍ ငရဲဘေးကိုကြောက်ကုန်သော သူတော်ကောင်းအပေါင်းတို့သည် ရှေး၌လွန်ကြူးမိလေသော်လည်း စိုးရိမ်ပင်ပန်းခြင်းကိုလည်း မဖြစ်စေရ၊ အာစိဏ္ဏပြု၍လည်း ထိုမကောင်းမှုကို မပွားများစေရဘဲ “ငါကား အလွန်မိုက်၏။ သုံးဆောင်သောအခါကား အများနှင့်ဆက်ဆံ၏။ အပြစ်ရောက်သောအခါကား ငါတစ်ယောက်တည်းသာတည်း။ ထိုအပြစ်ကား အလွန်ဝန်လေးစွ။ ထိုအပြစ်ဝန်ကို ရှောင်ကြဉ်ခြင်း သီလသည်သာလျှင် ချေနိုင်ရာ၏”ဟု အသင့်နှလုံးသွင်း၍ ပြုအပ်ပြီးသောမကောင်းမှုမှ ဝေးစေခြင်းငှာ အလှူသီလစသော ကုသိုလ်တရားတို့ကိုအားထုတ်ခြင်း၊ အသက်ရှိသမျှသော သတ္တဝါတို့အား သနားခြင်းတည်းဟူသော သုစရိုက်တို့၌သာလျှင် စိတ်ကို မွေ့လျော်ကုန်စေရာသတည်း။)