နိုင်ငံတော် တော်လှန်ရေးကောင်စီ ကျေညာချက် အမှတ် ၃

From Wikisource
Jump to navigation Jump to search
နိုင်ငံခြားရေးဝါဒ  (1962) 

တော်လှန်ရေးကောင်စီ၊ ရန်ကုန်မြို့
နိုင်ငံခြားရေးဝါဒ
နိုင်ငံတော် တော်လှန်ရေးကောင်စီ ကျေညာချက် အမှတ် ၃
၁၃၂၃ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၁ ရက်။
(၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက်။)

ပြည်ထောင်စုမြန်မာနိုင်ငံတော် တော်လှန်ရေးကောင်စီနှင့် အစိုးရတို့သည်၊ နိုင်ငံများအားလုံး နှင့် မြန်မာနိုင်ငံတော်တို့၏ လက်ရှိချစ်ကြည်စွာ ဆက်သွယ်မှုများကို ဆက်လက်တည်ရှိစေ၍ ပိုမိုခိုင်မြဲစေရန် လိုလားသည့်အတိုင်း အောက်ပါကျေညာချက်ကို ထုတ်ပြန်လိုက်သည်။

(၁) ပြည်ထောင်စုမြန်မာနိုင်ငံတော် တော်လှန်ရေးကောင်စီနှင့် အစိုးရတို့သည်၊ ပြည်ထောင်အချင်းချင်း တရားမျှတမှုနှင့် နိုင်ငံတကာတို့ စောင့်ရှောက်အပ်သော ကျင့်ဝတ်သိက္ခာတို့ကို အခြေပြု၍ ကမ္ဘာ့ငြိမ်းချမ်း ရေးကို၎င်း၊ နိုင်ငံအားလုံးနှင့် ချစ်ကြည်စွာ ဆက်သွယ်ပူးပေါင်းဆောင်ရွက်ရေးကို၎င်း မမှိတ်မသုံ ယုံကြည်ရှေ့ရှုကြောင်း ခိုင်မြဲသောအဓိဋ္ဌာန်ကို ထပ်မံ၍ အတည်ပြုသည်။

(၂) ပြည်ထောင်စုမြန်မာနိုင်ငံတော် တော်လှန်ရေးကောင်စီနှင့် အစိုးရတို့သည်၊ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ ကြီး၏ ပဋိညာဉ်စာချုပ်တွင် ပါဝင်သည့် မူကြီးများနှင့် ရည်မှန်းချက်များကို လုံးဝဥဿုံယုံကြည်၍ စိတ်ရောကိုယ်ပါ ထောက်ခံအားပေးကြောင်း ခိုင်မြဲသော အဓိဋ္ဌာန်ကို ထပ်မံအတည်ပြုသည်။

(၃) ပြည်ထောင်စုမြန်မာနိုင်ငံတော် တော်လှန်ရေးကောင်စီနှင့် အစိုးရတို့သည်၊ ပြည်ထောင်စုမြန်မာနိုင်ငံတော်အနေဖြင့် လွတ်လပ်ရေးရရှိသည့်အချိန်မှ အစပြု၍ လိုက်နာကျင့်သုံးခဲ့သည့် တိကျမှန်ကန်သော ကြားနေရေးဝါဒသည် လက်ရှိကမ္ဘာ့အခြေအနေများအရ၊ နိုင်ငံတော်အတွက် သင့်တော်ဆုံးဝါဒဖြစ်သည် ဟူ၍၎င်း၊ ၎င်းဝါဒကို တိကျစွာလိုက်နာကျင့်သုံးခြင်းသည် မြန်မာနိုင်ငံတော်နှင့် ကမ္ဘာကြီးအတွက် ပိုမိုကျယ်ပြန့်စွာ အကျိုးဖြစ်ထွန်းစေနိုင်မည်ဟူ၍၎င်း စွဲမြဲစွာယုံကြည်ကြောင်း ထပ်မံအတည်ပြုသည်။

(၄) သို့ဖြစ်သည့်အတိုင်း ပြည်ထောင်စုမြန်မာနိုင်ငံတော် တော်လှန်ရေးကောင်စီနှင့် အစိုးရတို့သည်၊ အထက်တွင်ဖေါ်ပြပါရှိသည့်ဝါဒကို အခြေပြု၍ နိုင်ငံအားလုံးနှင့် လက်ရှိအတိုင်းချစ်ကြည်ရင်းနှီးစွာ ဆက်သွယ်မှုများဆက်လက်တည်ရှိနေမည်ဟု မျှော်မှန်းလျက် ရှိပါကြောင်း။

အမိန့်အရ၊
ဗိုလ်မှူးကြီး စောမြင့်၊
တော်လှန်ရေးကောင်စီ။