နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးနည်းဥပဒေများ (၂၀၁၁)

From Wikisource
Jump to navigation Jump to search
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးနည်းဥပဒေများ  (2011) 
by နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးနည်းဥပဒေများ
အမိန့်ကြော်ငြာစာအမှတ်၃၀/၂၀၁၁
၁၃၇၃ ခုနှစ်၊နယုန်လပြည့်ကျော် ၁၂ ရက်
(၂၀၁၁ ခုနှစ်၊ ဇွန်လ ၂၈ ရက်)

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးသည် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥပဒေပုဒ်မ ၃၈ အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ ဤနည်းဥပဒေများကို ပြဋ္ဌာန်း လိုက်သည်။

အခန်း(၁)

အမည်နှင့်အဓိပ္ပာယ်ဖော်ပြချက်

၁။ ဤနည်းဥပဒေများကို နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးနည်းဥပဒေများဟုခေါ်တွင်စေရ မည်။

၂။ ဤနည်းဥပဒေများတွင်ပါရှိသော စကားရပ်များသည် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥပဒေတွင် ပါရှိသောစကားရပ်များအတိုင်း အဓိပ္ပာယ်သက်ရောက်စေရမည်။ထို့ပြင် အောက်ပါစကားရပ် များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ်သက်ရောက်စေရမည်-

(က) အနက်အဓိပ္ပာယ်ဖွင့်ဆိုခြင်း ဆိုသည်မှာ ပြည်​ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၄၈ နှင့် ၄၅၃ ပြဋ္ဌာန်းချက်များနှင့်အညီ ခုံရုံးကအနက်အဓိပ္ပာယ်ဖွင့်ဆိုခြင်းကို ဆိုသည်။

(ခ) ပြည်ထောင်စုနယ်မြေများ ဆိုသည်မှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၀(က)နှင့် (ခ) တို့အရ သတ်မှတ်ပြဋ္ဌာန်းထားသည့် ပြည်ထောင်စုနယ်မြေများကိုဆိုသည်။

(ဂ) အငြင်းပွားမှု ဆိုသည်မှာ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥပဒေ ပုဒ်မ ၁၂(ဃ)၊(င)နှင့် (ဆ) တို့တွင် ပြဋ္ဌာန်းထားသည့် အငြင်းပွားမှုကိုဆိုသည်။

(ဃ) တင်သွင်းလွှာ ဆိုသည်မှာ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးများ၏ အနက်အဓိပ္ပာယ် ဖွင့်ဆိုချက်၊ ဆုံးဖြတ်ချက်နှင့် သဘောထားရယူရန် ကိစ္စများနှင့်စပ်လျဉ်း၍ ဥပဒေအရသတ်မှတ်ထား သည့်ပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းတို့က ခုံရုံးသို့တင်သွင်းသည့် တင်သွင်းလွှာကို ဆုံသည်။

(င) စိစစ်ရေးအဖွဲ့ ဆိုသည်မှာ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥပဒေပုဒ်မ ၁၈ အရ ဥက္ကဋ္ဌ က ဖွဲ့စည်းပေးသည့် စိစစ်ရေးအဖွဲ့ကိုဆိုသည်။

(စ) ညွှန်ကြားရေးမှူးချုပ် ဆိုသည်မှာ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ညွှန်ကြားရေးမှူး ချုပ်ကို ဆိုသည်။

အခန်း(၂)

ခုံရုံး၏လုပ်ငန်းတာဝန်များ

၃။ ခုံရုံး၏လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည်-

(က) ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များကို အနက်အဓိပ္ပာယ်ဖွင့်ဆိုခြင်း၊

(ခ) ပြည်ထောင်စုလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော် ၊ပြည်နယ်လွှတ်တော် သို့မဟုတ် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်းဦးစီးအဖွဲ့နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့တို့က ပြဋ္ဌာန်းသည့်ဥပဒေများ သည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီညွတ်ခြင်းရှိ မရှိ စိစစ်ခြင်း၊

(ဂ) ပြည်ထောင်စု၊ တိုင်းဒေသကြီးများ၊ ပြည်နယ်များနှင့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုများ၏ အုပ်ချုပ်မှု ဆိုင်ရာအာဏာပိုင်များ၏ ဆောင်ရွက်ချက်များသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီညွတ်ခြင်းရှိ မရှိ စိစစ် ခြင်း၊

(ဃ) ပြည်ထောင်စုနှင့် တိုင်းဒေသကြီးအကြားသော်လည်းကောင်း၊ ပြည်ထောင်စုနှင့် ပြည်နယ်အကြားသော် လည်းကောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အကြားသော်လည်းကောင်း၊ တိုင်းဒေသကြီးအချင်းချင်း သော်လည်းကောင်း၊ တိုင်းဒေသကြီးအချင်းချင်းသော်လည်းကောင်း၊ ပြည်နယ်အချင်းချင်းသော်လည်း ကောင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စုအကြားသော်လည်း ကောင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စုအချင်းချင်းသော်လည်းကောင်း ဖြစ်ပေါ်သည့်ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ အငြင်းပွားမှုများကို ဆုံးဖြတ်ခြင်း၊

(င) တိုင်းဒေသကြီး၊ ပြည်နယ် သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုတို့က ပြည်ထောင်စုဥပဒေကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ပြည်ထောင်စုနှင့် တိုင်းဒေသကြီး၊ ပြည်နယ် သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စုတို့၏ အခွင့်အရေးနှင့်တာဝန်များဆိုင်ရာ ပေါ်ပေါက်သည့်အငြင်းပွားမှုများ ကို ဆုံးဖြတ်ခြင်း၊

(စ) ပြည်ထောင်စုနယ်မြေများနှင့် စပ်လျဉ်း၍ နိုင်ငံတော်သမ္မတက အကြောင်းကြားလာသည့် ကိစ္စရပ် များကို စိစစ်ဆုံးဖြတ်ခြင်း၊

(ဆ) တရားရုံးတစ်ရုံးက စစ်ဆေးဆဲအမှုနှင့်စပ်လျဉ်း၍ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၂၃ နှင့် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥပဒေပုဒ်မ ၁၇ တို့အရ တင်ပြလာသည့် အငြင်းပွားမှုကို အဆုံးအဖြတ်ပေးခြင်း၊

(ဇ) ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းသည့်ဥပဒေများက ပေးအပ်သည့်လုပ်ငန်းတာဝန်များကို ဆောင်ရွက်ခြင်း။

အခန်း(၃)

ခုံရုံး၏ အနက်အဓိပ္ပာယ်ဖွင့်ဆိုချက်၊ ဆုံးဖြတ်ချက်နှင့် သဘောထားရယူရန်တင်သွင်းခြင်း

၄။ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥပဒေပုဒ်မ ၁၃ အရ ခုံရုံး၏အနက်အဓိပ္ပာယ်ဖွင့်ဆိုချက်၊ ဆုံးဖြတ်ချက်နှင့်သဘောထားရယူရန်ကိစ္စများပေါ်ပေါက်ပါက အောက်ပါပုဂ္ဂိုလ်များသည် ခုံရုံးသို့ တိုက် ရိုက်တင်သွင်းခွင့်ရှိသည်-

(က) နိုင်ငံတော်သမ္မတ၊

(ခ) ပြည်ထောင်စုလွှတ်တော် နာယက

(ဂ) ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊

(ဃ) အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ၊

(င) ပြည်ထောင်စုတရားသူကြီးချုပ်၊

(စ) ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ။

၅။ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ အနက်အဓိပ္ပာယ်ဖွင့်ဆိုချက်၊ ဆုံးဖြတ်ချက်သဘော ထားရယူရန်ကိစ္စများနှင့်စပ်လျဉ်း၍ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥပဒေပုဒ်မ ၁၄ အရ အောက်ပါပုဂ္ဂိုလ် သို့မဟုတ် အဖွဲအစည်းများသည် ခုံရုံးသို့တင်သွင်းခွင့်ရှိသည်-

(က) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဝန်ကြီးချုပ်

(ခ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ၊

(ဂ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဦးစီးအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌ၊

(ဃ) ပြည်သူ့လွှတ်တော် သို့မဟုတ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အားလုံး၏ အနည်းဆုံး ၁၀ ရာခိုင်နှုန်း အရေအတွက်ရှိသော ကိုယ်စားလှယ်များ။

၆။ အဆိုပါပုဂ္ဂိုလ် သို့မဟုတ် ပြည်နယ်အဖွဲ့အစည်းများသည် ခုံရုံးသို့တင်သွင်းရာတွင် နိုင်ငံတော်ဖွဲ့စည်း ပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥပဒေပုဒ်မ ၁၅ အရ အောက်ပါနည်းလမ်းများအတိုင်း တင်သွင်းရမည်-

(က) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်ဖြစ်လျှင် မိမိ၏တင်ပြချက်ကို နိုင်ငံတော်သမ္မတမှ တစ်ဆင့် ခုံရုံးသို့ပေးပို့ရမည်၊

(ခ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌဖြစ်လျှင် မိမိ၏တင်ပြချက်ကို ပြည်ထောင်စု လွှတ်တော်နာယကမှတစ်ဆင့် ခုံရုံးသို့ပေးပို့ရမည်၊

(ဂ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဦးစီး သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌဖြစ်လျှင် မိမိ၏တင်ပြချက်ကို သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်နှင့် နိုင်ငံတော်သမ္မတ တို့မှတစ်ဆင့် ခုံရုံးသို့ပေးပို့ရမည်၊

(ဃ) ပြည့်သူ့လွှတ်တော် သို့မဟုတ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အားလုံး၏ အနည်းဆုံး ၁၀ ရာခိုင်နှုန်း အရေအတွက်ရှိသော ကိုယ်စားလှယ်များဖြစ်လျှင် မိမိ၏တင်ပြချက်ကို သက်ဆိုင်ရာ လွှတ်တော်ဥက္ကဋ္ဌမှတစ်ဆင့် ခုံရုံးသို့ပေးပို့ရမည်။

၇။ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥပဒေပုဒ်မ ၁၇ ပြဋ္ဌာန်းချက်အရ တရားရုံးတစ်ရုံးသည် အမှုတစ်မှုကိုစစ်ဆေးစီရင်ရာတွင် ဥပဒေတစ်ရပ်ရပ်ပါ ပြဋ္ဌာန်းချက်သည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဆန့်ကျင်မှုရှိ မရှိ၊ ညီညွတ်မှုရှိ မရှိ၊ အငြင်းပွားမှုပေါ်ပေါက်ပါက ထိုအငြင်းပွားမှုနှင့်စပ်လျဉ်း၍ ခုံရုံးကလည်း တစ်စုံ တစ်ရာဆုံးဖြတ်ချက်ချမှတ်ထားခြင်းမရှိသေးလျှင် အဆိုပါတရားရုံးသည် အမှုစစ်ဆေးစီရင်ခြင်းကို ရပ်ဆိုင်းထားပြီး မိမိ၏သဘောထားနှင့်အတူ ပြည်ထောင်စု တရားသူကြီးချုပ်ထံ ဆောလျင်စွာတင်ပြရမည်၊ ပြည်ထောင်စုတရားသူကြီးချုပ်သည် အဆိုပါတင်ပြချက်ကို မိမိသဘောထားနှင့်အတူခုံရုံးသို့ တင်သွင်းရမည်။

၈။ ခုံရုံး၏ အနက်အဓိပ္ပာယ်ဖွင့်ဆိုချက်၊ ဆုံးဖြတ်ချက်၊ သဘောထားရယူရန် ကိစ္စများနှင့်စပ်လျဉ်း၍ နည်းဥပဒေ ၄ သို့မဟုတ် ၅ ပါပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းများက သတ်မှတ်ထားသောနည်းလမ်းနှင့် အညီ တင်သွင်းရာတွင် -

(က) ခိုင်လုံသောအထောက်အထား၊ စာရွက်စာတမ်းများကို ရှင်းလင်းပြည့်စုံစွာ ပူးတွဲတင်ပြရမည်၊

(ခ) အဆုံးအဖြတ်ပေးစေလိုသော အချက်များကို ရှင်းလင်းစွာဖော်ပြရမည်။

၉။ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးနည်းဥပဒေ ၄ နှင့် ၅ ပါ ပုဂ္ဂိုလ်များကဖြစ်စေ၊ အဖွဲ့ အစည်းများကဖြစ်စေ တင်သွင်းသည့် အနက်အဓိပ္ပာယ်ဖွင့်ဆိုချက်၊ ဆုံးဖြတ်ချက်၊ သဘောထားရယူရန် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ တင်သွင်းလွှာများလက်ခံရရှိသည့်အခါ ညွှန်ကြားရေးမှူးချုပ်သည် ယင်းတင် သွင်းလွှာများနှင့် ပူးတွဲပါရှိသည့် အထောက်အထား စာရွက်စာတမ်းများစာရင်း ပုံစံ (၁) ကို ဖြည့်သွင်း၍ ဥက္ကဋ္ဌသို့ တင်ပြရမည်။

အခန်း (၄)

စိစစ်ခြင်း၊ ကြားနာခြင်းနှင့် အပြီးသတ်ဆုံးဖြတ်ချက် ချမှတ်ခြင်း

စိစစ်ခြင်း

၁၀။ ဥက္ကဋ္ဌသည် ညွှန်ကြားရေးမှူးချုပ်က ပုံစံ (၁) နှင့်တင်ပြလာသည့် တင်သွင်းလွှာများကို စိစစ်ရန် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥပဒေပုဒ်မ ၁၈ ပြဋ္ဌာန်းချက်နှင့်အညီ စိစစ်ရေးအဖွဲ့ကို ပုံစံ (၂) ဖြင့် ဖွဲ့စည်းမိန့်ထုတ်ပြန်ရမည်။ ဖွဲ့စည်းမိန့်ကို စိစစ်ရေးအဖွဲ့ဝင်တစ်ဦးချင်းထံသို့ ပေးပို့ရမည်။

၁၁။ စိစစ်ရေးအဖွဲ့သည် တင်သွင်းလွှာတွင် လိုအပ်ချက်များတွေ့ရှိပါက သက်ဆိုင်ရာပုဂ္ဂိုလ် သို့မဟုတ် ဌာန၊ အဖွဲ့အစည်းများသို့ ပုံစံ (၃) ဖြင့် အကြောင်းကြား၍ သတ်မှတ်ချိန်အတွင်း တင်ပြခွင့်ပေးရမည်။

၁၂။ ပြန်လည်ရှင်းလင်းရမည့်ပုဂ္ဂိုလ် သို့မဟုတ် ဌာန၊ အဖွဲ့အစည်းရှိပါက ယင်းတို့ထံသို့ တင်သွင်းလွှာ မိတ္တူနှင့်အတူ ပုံစံ (၄) ဖြင့် အကြောင်းကြားရမည်။ ထိုသို့အကြောင်းကြားရာတွင် တင်သွင်းလွှာနှင့် စပ်ဆိုင်သည့်အချက်အလက်များနှင့် ခိုင်လုံသောအထောက်အထား စာရွက်စာတမ်းများကို တင်ပြခွင့်ပေးရမည့် အပြင် တင်ပြရမည့်အချိန်ကာလကိုလည်း စိစစ်ရေးအဖွဲ့က သတ်မှတ်ပေးရမည်။

၁၃။ စိစစ်ရေးအဖွဲ့သည် လိုအပ်ချက်များပြည့်စုံသည့်အခါ ကြားနာရေးအတွက် ခုံရုံးဖွဲ့စည်းနိုင်ရန် ပုံစံ (၅)ဖြင့် ဥက္ကဋ္ဌထံ တင်ပြရမည်။ယင်းပုံစံ (၅) တွင် စိစစ်ရေးအဖွဲ့ဝင်အားလုံး လက်မှတ်ရေးထိုးကြရမည်။

ကြားနာခြင်း

၁၄။ ဥက္ကဋ္ဌသည် စိစစ်ရေးအဖွဲ့ကတင်ပြလာသည့် တင်ပြချက်များအပေါ် ကြားနာဆုံးဖြတ်နိုင်ရန်အတွက် ဥက္ကဋ္ဌအပါအဝင် အဖွဲ့ဝင်များအားလုံးပါဝင်သည့်ခုံရုံးကို နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥပဒေပုဒ်မ ၂၀ ပြဋ္ဌာန်းချက်နှင့်အညီ ဖွဲ့စည်းရမည်။ ဖွဲ့စည်းမိန့်ကို ပုံစံ (၆) တွင် ဥက္ကဋ္ဌက လက်မှတ်ရေး ထိုးပြီး အဖွဲ့ဝင်အားလုံးသို့ပေးပို့ရမည်။

၁၅။ ကြားနာရာတွင် အဖွဲ့ဝင်အားလုံးတက်ရောက်ခြင်းမရှိသည့် အခြေအနေပေါ်ပေါက်ပါက ဥက္ကဋ္ဌအပါ အဝင် အနည်းဆုံး (၆) ဦးပါဝင်သော ခုံရုံးသို့ ဖွဲ့စည်းရမည်။

၁၆။ ခုံရုံးတွင် ကြားနာသည့်အခါ-

(က) ကြားနာမည့်နေ့ရက်ကို ကြိုတင်သတိပေး အမှုစာရင်းပုံစံ (၇) ဖြင့် ကြေညာရမည်၊

(ခ) ကြားနာရမည့်ကိစ္စများကို ဥက္ကဋ္ဌကဖြစ်စေ၊ ဥက္ကဋ္ဌကတာဝန်ပေးအပ်ခြင်းခံရသည့် အဖွဲ့ဝင်တစ်ဦးက ဖြစ်စေ အကျဉ်းချုပ်ဖတ်ကြားရမည်၊

(ဂ) တင်ပြချက်နှင့်စပ်လျဉ်း၍ သက်ဆိုင်ရာတို့၏ လျှောက်လဲချက်ကိုကြားနာနိုင်သည်၊

(ဃ) နိုင်ငံတော်၏လျှို့ဝှက်ချက် သို့မဟုတ် နိုင်ငံတော်၏လုံခြုံရေးကို ထိခိုက်စေနိုင်သောအ​ကြောင်းကိစ္စ မှတစ်ပါး အများပြည်သူရှေ့မှောက်တွင် ကြားနာရမည်၊

(င) ဘာသာရပ်ကျွမ်းကျင်သူအား ဖိတ်ခေါ်၍ ယင်း၏သဘောထားနှင့်အကြံဉာဏ်များကို ရယူနိုင်သည်၊

(စ) တရားမကျင့်ထုံးဥပဒေ၊ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေနှင့်သက်သေခံအက်ဥပဒေပါ ပြဋ္ဌာန်းချက်များမှ စပ်ဆိုင်သည့် ပြဋ္ဌာန်းချက်များကို ဆီလျော်သလို ကျင့်သုံးဆောင်ရွက်နိုင်မည်၊

(ဆ) တင်ပြချက်များကို ဆောလျင်စွာ ကြားနာပြီးပြတ်စေရန် ဆောင်ရွက်ရမည်၊

(ဇ) တင်ပြချက်နှင့်စပ်လျဉ်း၍ ခုံရုံး၏နေ့စဉ်ဆောင်ရွက်ချက်များကို မှတ်တမ်းတင်ပြီး ဥက္ကဋ္ဌ သို့မဟုတ် အဖွဲ့ဝင်တစ်ဦးက လက်မှတ်ရေးထိုးထားရှိရမည်။

အပြီးသတ်ဆုံးဖြတ်ချက်ချမှတ်ခြင်း

၁၇။ ခုံရုံးသည် ကြားနာပြီး အပြီးသတ်ဆုံးဖြတ်ချက်ကို ဆောလျင်စွာချမှတ်နိုင်ရန်အတွက် နေ့ရက် နှင့်အချိန်ကာလကို ပုံစံ (၈) တွင် ဥက္ကဋ္ဌက လက်မှတ်ရေးထိုး၍ ထုတ်ပြန်သတ်မှတ်ပေးရမည်။

၁၈။ ခုံရုံးက အပြီးသတ်ဆုံးဖြတ်ချက်ချမှတ်ရာတွင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥပဒေ ပုဒ်မ ၂၂ ပြဋ္ဌာန်းချက်နှင့်အညီ လိုက်နာဆောင်ရွက်ရမည်။ အပြီးသတ်ဆုံးဖြတ်ချက်ကို အများပြည်သူ ရှေ့မှောက်၌ ခုံရုံးတွင် ပြည့်စုံစွာဖတ်ကြားရမည်။ ခုံရုံး၏ အပြီးသတ်ဆုံးဖြတ်ချက်နှင့်စပ်လျဉ်း၌ ဥက္ကဋ္ဌ အပါအဝင် အဖွဲ့ဝင်များ၏ သဘောထားတင်ပြချက်များကို မှတ်တမ်းတင်ထားရှိပြီး ယင်းမှတ်တမ်းကို လျှို့ဝှက်အဆင့် သတ်မှတ်ထိန်းသိမ်းထားရမည်။

အခန်း (၅)

ခုံရုံးဆုံးဖြတ်ချက်ကို ဆက်လက်ဆောင်ရွက်ခြင်း

၁၉။ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ ဆုံးဖြတ်ချက်သည်အပြီးအပြတ် အတည်ဖြစ်သဖြင့် လည်းကောင်း၊ တရားရုံးတစ်ရုံးကတင်သွင်းသော အကြောင်းကိစ္စအပေါ် ချမှတ်သည့် ခုံရုံး၏ဆုံးဖြတ် ချက်သည် အမှုအားလုံးနှင့်သက်ဆိုင်စေသည့်အတွက်ကြောင့်လည်းကောင်း၊ ခုံရုံး၏ဆုံးဖြတ်ချက် များသည် သက်ဆိုင်ရာအစိုးရဌာန၊ အဖွဲ့အစည်း၊ ပုဂ္ဂိုလ်များနှင့်သက်ဆိုင်ရာ နေရာဒေသအသီးသီးသို့ အာဏာသက်ရောက်စေသည့်အတွက်ကြောင့်လည်းကောင်း၊ ခုံရုံး၏ဆုံးဖြတ်ချက်ကို သက်ဆိုင်ရာ တရားရုံး၊အစိုးရဌာန၊ အဖွဲ့အစည်း၊ ပုဂ္ဂိုလ်များနှင့် သက်ဆိုင်ရာနေရာဒေသအသီးသီးသို့ ဖြန့်ဝေပေးပို့ရ မည်။ ထို့ပြင် ခုံရုံး၏ဆုံးဖြတ်ချက်ကို နိုင်ငံတော်ပြန်တမ်းတွင် ထည့်သွင်းကြေညာရမည်။ ယင်းတို့ကို စီရင်ထုံးအဖြစ် ကိုးကားအသုံးပြုနိုင်ရန် စုစည်း၍ပုံနှိပ်ထုတ်ဝေရမည်။

အခန်း (၆)

အထွေထွေ

၂၀။ တင်ပြချက်နှင့်စပ်လျဉ်း၍ သက်သေပြရန်တာဝန်သည် သက်သေခံအက်ဥပဒေပါ ပြဋ္ဌာန်းချက်နှင့် အညီ ပြန်လည်ရှင်းလင်းရမည့် ပုဂ္ဂိုလ် သို့မဟုတ် ဌာန၊ အဖွဲ့အစည်းတို့အပေါ် ကျရောက်သည်။

၂၁။ ညွှန်ကြားရေးမှူးချုပ်သည် ရုံးထိုင်ကြားနာရေးနှင့်စပ်လျဉ်းသည့် ရုံးလုပ်ငန်းကိစ္စအဝဝကို ကြီးကြပ် စီစဉ်ဆောင်ရွက်ရမည်။

သိန်းစိုး

ဥက္ကဋ္ဌ

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး