နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် ၄၃/၂၀၂၁

From Wikisource
Jump to navigation Jump to search
ကချင်ပြည်နယ်၏ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်၊ (၆) လ ဒေသန္တရ စီမံကိန်းဥပဒေ  (2021) 
by မင်းအောင်လှိုင်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
ကချင်ပြည်နယ်၏ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်၊ (၆) လ ဒေသန္တရ စီမံကိန်းဥပဒေ
(နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥပဒေအမှတ် ၄၃/ ၂၀၂၁)
၁၃၈၃ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၅ ရက်
(၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်)

နိဒါန်း

ကချင်ပြည်နယ်၏ လူမှုစီးပွားရေးနယ်ပယ်အသီးသီး ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူကိုဗဟိုပြု၍ အားလုံးပါဝင်နိုင်သော ရေရှည်ဖွံ့ဖြိုးတိုးတက်မှုရရှိစေရန် ရည်ရွယ်၍ နိုင်ငံတော်ကချမှတ်ထားသည့် စီးပွားရေးမူဝါဒများ၊ ရှေ့လုပ်ငန်းစဉ် (၅) ရပ်၊ ဦးတည်ချက် (၉) ရပ်နှင့်အညီ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း များကို စနစ်တကျ အကောင်အထည်ဖော်နိုင်ရန်အလို့ငှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ ဤဥပဒေကို ပြဋ္ဌာန်း လိုက်သည်။

အခန်း (၁)

အမည်၊ စတင်အာဏာတည်ခြင်းနှင့် အဓိပ္ပာယ်ဖော်ပြချက်

၁။ (က) ဤဥပဒေကို ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်၊ (၆) လ ဒေသန္တရစီမံကိန်းဥပဒေဟု ခေါ်တွင်စေရမည်။

(ခ) ဤဥပဒေသည် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်၊ (၆) လ ဒေသန္တရစီမံကိန်းအတွက် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ (၁) ရက်နေ့မှ စတင်အာဏာတည်စေရမည်။

၂။ ဤဥပဒေသည် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှ ၂၀၂၂ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့ အထိ (၆) လ ကာလအတွက် ဒေသန္တရစီမံကိန်းဥပဒေဖြစ်သည်။

၃။ ဤဥပဒေတွင်ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ် သက်ရောက်စေရ မည်-

(က) ဒေသန္တရစီမံကိန်း ဆိုသည်မှာ ကချင်ပြည်နယ်၏ လူမှုစီးပွားရေးတစ်ရပ်လုံးအတွက်ဖြစ်စေ၊ ပြည်နယ်အဆင့်အဖွဲ့အစည်း၊ ပြည်နယ်အဆင့်ဝန်ကြီးဌာန/ ကဏ္ဍအလိုက်ဖြစ်စေ၊ စည်ပင်သာယာရေး အဖွဲ့အလိုက်ဖြစ်စေ သတ်မှတ်ထားသည့် အချိန်ကာလအတွင်း မည်ရွေ့မည်မျှ တိုးတက်ရမည်ဆိုသည့် ကချင်ပြည်နယ်၏ ရည်မှန်းချက်များနှင့် လုပ်ငန်းအစီအစဉ်များဖြစ်သည်။ ဒေသန္တရစီမံကိန်း၌ ကဏ္ဍအလိုက်ဖြစ်စေ၊ ဒေသခွဲများအလိုက်ဖြစ်စေ ဝိသေသပြုရေးဆွဲချမှတ်သော လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း၊ စက်မှုဇုန်များနှင့် အထူးစီးပွားရေးဇုန်စီမံကိန်းများ၊ စက်မှုဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း၊ ခေတ်မီစိုက်ပျိုးရေးနည်းပညာကို အခြေခံသော စက်မှုလယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း၊ ခေတ်မီမွေးမြူရေးဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုဖွံ့ဖြိုးရေးစီမံကိန်း၊ မြို့ပြဖွံ့ဖြိုး တိုးတက်ရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးစီမံကိန်း၊ နယ်စပ်ဒေသဖွံ့ဖြိုးရေးစီမံကိန်း စသည့် ဖွံ့ဖြိုး တိုးတက်ရေးစီမံကိန်းများ ဘက်စုံဆက်စပ် အကျုံးဝင်သည်ဟု မှတ်ယူရမည်။

(ခ) စီမံကိန်းရည်မှန်းချက် ဆိုသည်မှာ သတ်မှတ်ကာလအတွင်း ကချင်ပြည်နယ်၏စီးပွားရေးတစ်ရပ်လုံး အတွက်ဖြစ်စေ၊ ကဏ္ဍအလိုက်ဖြစ်စေ၊ မည်ရွေ့မည်မျှဖွံ့ဖြိုးတိုးတက်စေရမည်ဟု ရည်မှန်းလျာထား ချက်များဖြစ်သည်။

(ဂ) ၆ လ စီမံကိန်းရည်မှန်းချက် ဆိုသည်မှာ ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလမှ ၂၀၂၁ ခုနှစ်၊ မတ်လ အထိ အကောင်အထည်ဖော်နိုင်မှုအပေါ် အခြေခံ၍ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၂ ခုနှစ်၊ မတ်လ အတွင်း ဆောင်ရွက်မည့် စီမံကိန်းရည်မှန်းချက်များဖြစ်သည်။

(ဃ) ပုံမှန်ဈေးနှုန်း ဆိုသည်မှာ အခြေခံနှစ် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ဖြစ်ပေါ်သော ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများ၏ ဈေးနှုန်းဖြစ်သည်။

(င) နှစ်အလိုက်ဈေးနှုန်း ဆိုသည်မှာ သက်ဆိုင်ရာဘဏ္ဍာရေးနှစ်အလိုက် ဖြစ်ပေါ်သော ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများ၏ ဈေးနှုန်းဖြစ်သည်။

(စ) သက်ဆိုင်ရာဌာနနှင့် အဖွဲ့အစည်းများ ဆိုသည်မှာ ဒေသန္တရစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်သည့် ကချင်ပြည်နယ်အစိုးရအဖွဲ့၊ သက်ဆိုင်ရာပြည်နယ်အဆင့် အဖွဲ့အစည်းများ၊ ပြည်နယ်အဆင့် ဝန်ကြီးဌာနများ၊ စည်ပင်သာယာရေးအဖွဲ့များကိုဆိုသည်။

အခန်း (၂)

စီမံကိန်းရည်မှန်းချက်များ

၄။ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်၊ (၆) လ ကချင်ပြည်နယ်ဒေသန္တရစီမံကိန်း၏ အရေးကြီးသည့် ရည်မှန်းချက် များမှာ အောက်ပါအတိုင်း ဖြစ်သည်-

(က) စုစုပေါင်းထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး (GDP) ကို ပုံမှန်ဈေးနှုန်းအရ ၅.၃ ရာခိုင်နှုန်း တိုးတက်ရန်၊

(ခ) ကဏ္ဍအလိုက် တိုးတက်မှုနှုန်းများမှာ ပုံမှန်ဈေးနှုန်းအရ-

(၁) လယ်ယာကဏ္ဍတွင် ၇.၀ ရာခိုင်နှုန်း တိုးတက်ဖြစ်ပေါ်ရန်၊

(၂) သားငါးကဏ္ဍတွင် ၃.၃ ရာခိုင်နှုန်း တိုးတက်ဖြစ်ပေါ်ရန်၊

(၃) သစ်တောကဏ္ဍတွင် ၂၃.၃ ရာခိုင်နှုန်း လျော့နည်းဖြစ်ပေါ်ရန်၊

(၄) သတ္တုနှင့်တွင်းထွက်ပစ္စည်းကဏ္ဍတွင် ၂၄.၅ ရာခိုင်နှုန်း တိုးတက်ဖြစ်ပေါ်ရန်၊

(၅) စက်မှုလက်မှုကဏ္ဍတွင် ၄.၈ ရာခိုင်နှုန်း တိုးတက်ဖြစ်ပေါ်ရန်၊

(၆) လျှပ်စစ်ဓာတ်အားကဏ္ဍတွင် ၈.၁ ရာခိုင်နှုန်း တိုးတက်ဖြစ်ပေါ်ရန်၊

(၇) ဆောက်လုပ်မှုကဏ္ဍတွင် ၃.၂ ရာခိုင်နှုန်း တိုးတက်ဖြစ်ပေါ်ရန်၊

(၈) ပို့ဆောင်ရေးကဏ္ဍတွင် ၅.၁ ရာခိုင်နှုန်း တိုးတက်ဖြစ်ပေါ်ရန်၊

(၉) ဆက်သွယ်ရေးကဏ္ဍတွင် ၈.၉ ရာခိုင်နှုန်း လျော့နည်းဖြစ်ပေါ်ရန်၊

(၁၀) ငွေရေးကြေးရေးကဏ္ဍတွင် ၁၄.၁ ရာခိုင်နှုန်း တိုးတက်ဖြစ်ပေါ်ရန်၊

(၁၁) လူမှုရေးနှင့် စီမံခန့်ခွဲရေးကဏ္ဍတွင် ၁.၇ ရာခိုင်နှုန်း တိုးတက်ဖြစ်ပေါ်ရန်၊

(၁၂) အခြားဝန်ဆောင်မှုကဏ္ဍတွင် ၃.၇ ရာခိုင်နှုန်း တိုးတက်ဖြစ်ပေါ်ရန်၊

(၁၃) ကုန်သွယ်မှုကဏ္ဍတွင် ၅.၁ ရာခိုင်နှုန်း တိုးတက်ဖြစ်ပေါ်ရန်၊

(ဂ) စုစုပေါင်းထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုးတွင် နှစ်အလိုက်ဈေးနှုန်းအရ လယ်ယာကဏ္ဍကြီး၏ ပါဝင်မှုအချိုးအစားကို ၃၇.၄ ရာခိုင်နှုန်းမှ ၃၇.၇ ရာခိုင်နှုန်းသို့လည်းကောင်း၊ စက်မှုကဏ္ဍကြီး၏ ပါဝင်မှု အချိုးအစားကို ၂၅.၈ ရာခိုင်နှုန်းမှ ၂၆.၃ ရာခိုင်နှုန်းသို့လည်းကောင်း၊ ဝန်ဆောင်မှုကဏ္ဍကြီး၏ ပါဝင်မှု အချိုးအစားကို ၃၆.၈ ရာခိုင်နှုန်းမှ ၃၆.၀ ရာခိုင်နှုန်းသို့လည်းကောင်း အသီးသီးဖြစ်ပေါ်စေရန်၊

(ဃ) ကချင်ပြည်နယ်၏ ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် ပြည်နယ်ဘတ်ဂျက်ဖြင့် နိုင်ငံပိုင်အခန်း ရင်းနှီးမြှုပ်နှံမှု ကျပ် ၈၀၉၁၈.၉၉၈ သန်းအား ရင်းနှီးမြှုပ်နှံ ဆောင်ရွက်ရန်၊

အခန်း (၃)

အထွေထွေ

၅။ သက်ဆိုင်ရာဌာနနှင့် အဖွဲ့အစည်းများသည် ပူးတွဲ (၁)၊ (၂)၊ (၃) နှင့် (၄) တို့တွင် ဖော်ပြထားသော စီမံကိန်းရည်မှန်းချက်များကို အဆက်အစပ်မိမိ ပေါင်းစပ်ဖွဲ့စည်းအကောင်အထည်ဖော်ကြရန်ဖြစ်သည်။ စီမံကိန်းရည်မှန်းချက်များကို အကောင်အထည်ဖော်ရန် လိုအပ်သော လုပ်ငန်းအစီအစဉ်များနှင့် ညွှန်ကြားချက်များကို ကဏ္ဍအလိုက်၊ ဒေသအလိုက် အသေးစိတ်ရေးဆွဲဆောင်ရွက်နိုင်သည်။

၆။ သက်ဆိုင်ရာဌာနနှင့် အဖွဲ့အစည်းများသည် စီမံကိန်းများအကောင်အထည်ဖော်ဆောင်ရွက်ရာတွင် စီမံကိန်းများအား လေ့လာဆန်းစစ်၍ နိုင်ငံတော်၊ ဒေသနှင့် နိုင်ငံသားများအကျိုးစီးပွားအတွက် အမှန်တကယ် အကျိုးဖြစ်ထွန်းစေမည့် စီမံကိန်းများအား ဆက်လက်အကောင်အထည်ဖော်ရမည်။ သို့ရာတွင် တင်ပြလာသည့် စီမံကိန်းများသည် အကျိုးစီးပွားဖြစ်ထွန်းမှုမရှိသော စီမံကိန်းများဖြစ်ကြောင်း အစိုးရအဖွဲ့အဆင့်ဆင့်က စိစစ်တွေ့ရှိပါက အဆိုပါစီမံကိန်းအား ငြင်းပယ်ခြင်း၊ ဆိုင်းငံ့ခြင်း၊ လျှော့၍ ခွင့်ပြုခြင်းများ ဆောင်ရွက်ရမည်။

၇။ ဒေသန္တရစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် နိုင်ငံတော်မှချမှတ်ထားသည့် စီးပွားရေးမူဝါဒများနှင့်အညီ ချိတ်ဆက်ပေါင်းစပ်ဆောင်ရွက်ရမည်ဖြစ်သည်။ ထို့အပြင် နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်၊ ဦးတည်ချက် (၉) ရပ်တို့နှင့်အညီ ဆောင်ရွက်ရမည်။

၈။ သက်ဆိုင်ရာဌာနနှင့် အဖွဲ့အစည်းများသည် နိုင်ငံတော်၊ ဒေသနှင့် နိုင်ငံသားများအတွက် လက်ငင်း၊ ရေတိုနှင့် ရေရှည်အကျိုးဖြစ်ထွန်းစေပြီး ထာဝရရှင်သန်စေမည့် လူသားအရင်းအမြစ်များ ဖွံ့ဖြိုးရေး စီမံကိန်းအတွက် ရင်းနှီးမြှုပ်နှံမှုကိုလည်း အလေးထားဆောင်ရွက်ရမည်။

၉။ သက်ဆိုင်ရာဌာနနှင့် အဖွဲ့အစည်းများသည် စီမံကိန်းများ တင်ပြဆောင်ရွက်ရာတွင် သတ်မှတ် ထားသော အင်္ဂါရပ်များ၊ ဆန်းစစ်ချက်များပြည့်စုံမှသာလျှင် ဆောင်ရွက်ရမည်။

၁၀။ ဒေသန္တရစီမံကိန်းတွင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ အမျိုးသားစည်းလုံးညီညွတ်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးကို ဖော်ဆောင်သောစီမံကိန်းများ၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး တို့ကို အထောက်အကူပြုသော စီမံကိန်းများနှင့် နိုင်ငံတော်ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုကို အကောင်အထည်ဖော်ဆောင်ရွက်မည့် မဟာဗျူဟာမြောက် စီမံကိန်းများ ပါဝင် ရမည်။

၁၁။ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့သည် ဒေသ၏ လူမှုစီးပွားဖွံ့ဖြိုးရေးအတွက် အကျိုးကျေးဇူး ဖြစ်ထွန်းစေမည့် ပုဂ္ဂလိကကဏ္ဍနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်မှု စီမံကိန်းများကို ပြည်ထောင်စုအစိုးရ အဖွဲ့သို့ တင်ပြခွင့်ပြုချက်ဖြင့် ဆောင်ရွက်နိုင်သည်။

၁၂။ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ မှ ၂၀၂၂ ခုနှစ်၊ မတ်လအထိ (၆) လအတွင်း ဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်းများသည် ဖြစ်မြောက်နိုင်စွမ်း ရှိ မရှိ၊ စီးပွားရေးအရ တွက်ခြေကိုက်မှု ရှိ မရှိ၊ ပြည်သူများအတွက် အကျိုး ရှိ မရှိ၊ ဒေသဖွံ့ဖြိုးရေးကို အထောက်အကူ ပြု မပြု၊ ပတ်ဝန်းကျင်ကိုထိခိုက်မှု ရှိ မရှိ စသည်တို့ကို ဘက်စုံလေ့လာဆန်းစစ်ပြီး ဖြစ်ရမည့်အပြင် ကချင်ပြည်နယ်အစိုးရအဖွဲ့၏ သဘောတူခွင့်ပြုချက်ရရှိပြီးသော လုပ်ငန်းစီမံကိန်းများလည်း ဖြစ်ရမည်။ ကချင်ပြည်နယ်၏အကျိုး စီးပွားအတွက် အရေးကြီးလိုအပ်ချက်အရ ဆောင်ရွက်ရသည့် အထူးစီမံကိန်းများနှင့် စီမံကိန်းဘဏ် အတွင်း ထည့်သွင်းစိစစ်အတည်ပြုထားသည့် ဗျူဟာမြောက်စီမံကိန်းများကို ဒေသန္တရစီမံကိန်းတွင် ထည့်သွင်းဖော်ပြရမည်။

၁၃။ သက်ဆိုင်ရာဌာနနှင့် အဖွဲ့အစည်းများသည် မိမိတို့ဆောင်ရွက်သည့် လုပ်ငန်းစီမံကိန်းနှင့် လုပ်ငန်းများအတွက် လျာထားခြင်း၊ အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊ စိစစ်သုံးသပ်ခြင်း လုပ်ငန်း များနှင့်စပ်လျဉ်း၍ သတ်မှတ်ချက်များနှင့်အညီ မြို့နယ်အဆင့်မှစတင်ပြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာနအပါအဝင် တာဝန်ရှိပုဂ္ဂိုလ်၊ အဖွဲ့အစည်းများနှင့် အပြည့်အဝပူးပေါင်းဆောင်ရွက်ရမည်။ ပူးပေါင်း ဆောင်ရွက်ရန်ပျက်ကွက်သည့် ပုဂ္ဂိုလ်၊ ဌာန၊ အဖွဲ့အစည်းများကို တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ထိရောက်စွာအရေးယူဆောင်ရွက်ရမည်။

၁၄။ သက်ဆိုင်ရာဌာနနှင့် အဖွဲ့အစည်းများသည် ဤဥပဒေအရထုတ်ပြန်သည့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်၊ (၆) လ ဒေသန္တရစီမံကိန်းရင်းနှီးမြှုပ်နှံမှု လျာထားချက်တွင်ပါရှိသည့် နိုင်ငံပိုင်အခန်းဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရမည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ ကျွန်ုပ်လက်မှတ်ရေးထိုးသည်။

(ပုံ) မင်းအောင်လှိုင်

ဗိုလ်ချုပ်မှူးကြီး

ဥက္ကဋ္ဌ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ