နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် ၃/၂၀၂၁

From Wikisource
Jump to navigation Jump to search
ရပ်ကွက်သို့မဟုတ်ကျေးရွာအုပ်စုအုပ်ချုပ်ရေးဥပဒေကိုစတုတ္ထအကြိမ်ပြင်ဆင်သည့်ဥပဒေ  (2021) 
by မင်းအောင်လှိုင်


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ

ရပ်ကွက်သို့မဟုတ်ကျေးရွာအုပ်စုအုပ်ချုပ်ရေးဥပဒေကိုစတုတ္ထအကြိမ်ပြင်ဆင်သည့်ဥပဒေ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥပဒေအမှတ် (၃/၂၀၂၁)

၁၃၈၂ ခုနှစ်၊ တပို့တွဲလဆန်း ၂ ရက်

(၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်)

၁။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

၂။ ဤဥပဒေကို ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးဥပဒေကို စတုတ္ထအကြိမ် ပြင်ဆင်သည့် ဥပဒေဟု ခေါ်တွင်စေရမည်။

၃။ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေတွင် ပယ်ဖျက်ထားသောပုဒ်မ ၁၃ ပုဒ်မခွဲ (ဆ) ကို အောက်ပါအတိုင်း ဖြည့်စွက်ရမည်-

“(ဆ) အခြားရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုမှ ညဉ့်အိပ်ညဉ့်နေ လာရောက်တည်းခိုသော ဧည့်သည် များအတွက် ဧည့်စာရင်းတိုင်ကြားခြင်းကို လက်ခံခြင်း၊ ခွင့်ပြုခြင်း၊ ဧည့်စာရင်းစစ်ဆေးခြင်း၊ ဧည့်စာရင်း တိုင်ကြားရန် ပျက်ကွက်လျှင် အရေးယူခြင်း၊”

၄။ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးဥပဒေပုဒ်မ ၁၆ ပုဒ်မခွဲ (ဂ)၏ နောက်တွင် ပုဒ်မခွဲ (ဃ) အဖြစ် အောက်ပါအတိုင်း ဖြည့်စွက်ရမည်-

“(ဃ) ပုဒ်မခွဲ (က)၊ (ခ) နှင့် (ဂ) တို့ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်နိုင်ခြင်းမရှိသည့်အခါ မြို့နယ် အုပ်ချုပ်ရေးမှူးသည် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ သို့မဟုတ် နေပြည်တော်ကောင်စီ၏ သဘောတူညီချက်ရယူ၍ သင့်လျော်သည့် ပုဂ္ဂိုလ်တစ်ဦးဦးကို ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးအဖြစ် ယာယီတာဝန်ပေးအပ်နိုင်သည်။”

၅။ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးဥပဒေပုဒ်မ ၁၇ ကို အောက်ပါအတိုင်း အစားထိုးရမည်-

“၁၇။ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအတွင်း နေထိုင်သူသည် အောက်ပါကိစ္စတစ်ရပ်ရပ်ပေါ်ပေါက် ပါက သက်ဆိုင်ရာရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးက မှတ်တမ်းထားရှိနိုင်ရန် သတ်မှတ် ချက်များနှင့်အညီ တိုင်ကြားရမည်-
(က) အခြားရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုတစ်ခုခုတွင် နေထိုင်ပြီး မိမိအိမ်ထောင်စုစာရင်းဝင်မဟုတ် သူက ညဉ့်အိပ်ညဉ့််နေ ဧည့်သည်အဖြစ် လာရောက်တည်းခိုခြင်း၊
(ခ) မိမိထံလာရောက်တည်းခိုသော ဧည့်သည်ပြန်လည်ထွက်ခွာသွားခြင်း။”

၆။ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးဥပဒေပုဒ်မ ၂၇ ကို အောက်ပါအတိုင်း အစားထိုးရမည်-

“၂၇။ မည်သူမဆို ပုဒ်မ ၁၇၊ ပုဒ်မ ၁၈ နှင့် ပုဒ်မ ၁၉ တို့ပါ တာဝန်တစ်ရပ်ရပ်ကို လိုက်နာဆောင်ရွက်ရန် ပျက်ကွက်လျှင် ထိုသူကို ကျပ်တစ်သောင်းထက်မပိုသော ငွေဒဏ်ချမှတ်ရမည်။ ငွေဒဏ်ပေးဆောင်ရန် ပျက်ကွက်ပါက ထောင်ဒဏ်ခုနစ်ရက်ထက်မပိုသော ထောင်ဒဏ်ကျခံစေရန် သက်ဆိုင်ရာတရားရုံးက ချမှတ်ရမည်။”

၇။ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးဥပဒေပုဒ်မ ၂၈ တွင် ပုဒ်မခွဲ (ခ)နှင့် (ဂ) တို့ကို အောက်ပါ အတိုင်း အစားထိုးရမည်-

“(ခ) ပုဒ်မ ၁၆ ပုဒ်မခွဲ (ဂ) သို့မဟုတ် ပုဒ်မခွဲ (ဃ) အရ ယာယီတာဝန်ပေးအပ်ခံရသူအတွက် ချီးမြှင့် ထောက်ပံ့ငွေ၊
(ဂ) သက်တမ်းကာလအပြည့် တာဝန်ကိုကျေပွန်စွာ ထမ်းဆောင်ပါက တစ်လုံးတစ်ခဲတည်း ချီးမြှင့်ငွေ။”

၈။ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးဥပဒေတွင် ပယ်ဖျက်ထားသော ပုဒ်မ ၃၃ ကို အောက်ပါ အတိုင်း ဖြည့်စွက်ရမည်-

“၃၃။ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးသည် ဧည့်စာရင်းတိုင်ကြားခြင်းကိစ္စနှင့် စပ်လျဉ်း၍ ငွေကြေးတစ်စုံတစ်ရာတောင်းခံခြင်းမပြုရ။”

ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ ကျွန်ုပ်လက်မှတ်ရေးထိုးသည်-


(ပုံ) မင်းအောင်လှိုင်

ဗိုလ်ချုပ်မှူးကြီး

ဥက္ကဋ္ဌ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ