နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၅၈/၂၀၂၁

From Wikisource
Jump to navigation Jump to search
လွတ်ငြိမ်းချမ်းသာခွင့်အမိန့်  (2021) 
by မင်းအောင်လှိုင်


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ

လွတ်ငြိမ်းချမ်းသာခွင့်အမိန့်

အမိန့်အမှတ်၊ ၅၈/၂၀၂၁

၁၃၈၂ ခုနှစ်၊ တပို့တွဲလဆန်း ၁ ရက်

(၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်)


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်နေချိန်တွင် ပြစ်ဒဏ်ကျအကျဉ်းသား၊ အကျဉ်းသူများမှ လည်း တစ်ဖက်တစ်လမ်းမှအကျိုးပြုစေမည့် နိုင်ငံသားများအဖြစ်သို့ ပြောင်းလဲပေးရန်အတွက် လည်းကောင်း၊ ပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် အကျဉ်းထောင်/ အချုပ်ထောင်/ စခန်းအသီးသီးတွင် အကျဉ်းကျခံနေကြရသော အကျဉ်းသား/သူများကို ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၀၄၊ ပုဒ်မခွဲ (က) အရ ၁၃၈၂ခုနှစ်၊ ပြာသိုလပြည့်ကျော် ၄ ရက် (ခရစ်နှစ် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်) မတိုင်မီ ကျူးလွန်ခဲ့သော ပြစ်မှုတစ်ခုခုနှင့်စပ်လျဉ်း၍ ပြစ်ဒဏ်ချမှတ်ခြင်းခံရပြီးပါက ယင်းတို့ကျခံနေရသောပြစ်ဒဏ် အသီးသီးကို အောက်ပါအတိုင်း ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်သည်-

(က) သေဒဏ်ပြစ်ဒဏ်ကျခံနေရသူများကို ထောင်ဒဏ်တစ်သက်(လွတ်ရက်မရှိ) ပြစ်ဒဏ်သို့ပြောင်းလဲ ကျခံစေရန်၊

(ခ) ထောင်တစ်သက်နှင့် နှစ်အကန့်အသတ်မရှိပြစ်ဒဏ်ကျခံနေရသူများကို ထောင်ဒဏ်နှစ် ၄၀ သို့ လျှော့ပေါ့ကျခံစေရန် (ယခင်ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်များအရ သေဒဏ်မှ ထောင်တစ်သက်ပြစ်ဒဏ်သို့ ပြောင်းလဲထားသူများမပါ) ၊

(ဂ) ယခင်ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်များအရ သေဒဏ်မှ ထောင်တစ်သက်ပြစ်ဒဏ်သို့ ပြောင်းလဲထားသူ များအား ထောင်ဒဏ် နှစ် ၅၀ သို့ လျှော့ပေါ့ကျခံစေရန်၊

(ဃ) ထောင်ဒဏ် နှစ် ၄၀ အထက် ကျခံနေရသူများကို ထောင်ဒဏ် နှစ် ၄၀ သို့ လျှော့ပေါ့ကျခံစေရန်၊

(င) ထောင်ဒဏ် နှစ် ၄၀ နှင့်အောက် ကျခံနေရသူများကို ယင်းတို့ကျခံနေရသော ထောင်ဒဏ်၏ လေးပုံတစ်ပုံအား လျှော့ပေါ့ကျခံစေရန်။

(ပုံ) မင်းအောင်လှိုင်

ဗိုလ်ချုပ်မှူးကြီး

ဥက္ကဋ္ဌ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ