နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၁၂/၂၀၂၁

From Wikisource
Jump to navigation Jump to search
လွတ်ငြိမ်းချမ်းသာခွင့်အမိန့်  (2021) 
by နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ

လွတ်ငြိမ်းချမ်းသာခွင့်အမိန့်

အမိန့်အမှတ် (၁၁၂/၂၀၂၁)

၁၃၈၃ ခုနှစ်၊ တန်ခူးလဆန်း ၆ ရက်

(၂၀၂၁ ခုနှစ်၊ ဧပြီလ ၁၇ ရက်)


မြန်မာနှစ်သစ်မင်္ဂလာအခါသမယအထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ ပြည်သူလူထုနှလုံးစိတ်ဝမ်း အေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသော အားဖြင့်လည်းကောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် အကျဉ်းထောင်/ အချုပ်ထောင်/ အကျဉ်းစခန်းအသီးသီး တွင် အကျဉ်းကျခံနေကြရသော အကျဉ်းသား/ သူများကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၀၄၊ ပုဒ်မခွဲ (က) အရ ၁၃၈၃ ခုနှစ်၊ တန်ခူးလဆန်း ၆ ရက် (ခရစ်နှစ် ၂၀၂၁ ခုနှစ်၊ ဧပြီလ ၁၇ ရက်) မတိုင်မီ ကျူးလွန်ခဲ့သော ပြစ်မှုတစ်ခုခုနှင့် စပ်လျဉ်း၍ ပြစ်ဒဏ်ချမှတ်ခြင်း ခံရပြီးပါက ယင်းတို့ကျခံနေရသော ပြစ်ဒဏ်အသီးသီးကို အောက်ပါအတိုင်း ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်သည်-

(က) သေဒဏ်ပြစ်ဒဏ်ကျခံနေရသူများကို ထောင်ဒဏ်တစ်သက် (လွတ်ရက်မရှိ) ပြစ်ဒဏ်သို့ ပြောင်းလဲ ကျခံစေရန်၊

(ခ) ထောင်တစ်သက်နှင့် နှစ်အကန့်အသတ်မရှိ ပြစ်ဒဏ်ကျခံနေရသူများကို ထောင်ဒဏ် နှစ် ၄၀ သို့ လျှော့ပေါ့ကျခံစေရန် (ယခင်ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်များအရ သေဒဏ်မှ ထောင်တစ်သက်သို့ ပြောင်းလဲထားသူများမပါ)၊

(ဂ) ယခင်ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်များအရ သေဒဏ်မှ ထောင်တစ်သက်ပြစ်ဒဏ်သို့ ပြောင်းလဲထား သူများအား ထောင်ဒဏ်နှစ် ၅၀ သို့ပြောင်းလဲကျခံစေရန်၊

(ဃ) ထောင်ဒဏ်နှစ် ၄၀ အထက်ကျခံနေရသူများကို ထောင်ဒဏ်နှစ် ၄၀ သို့ ပြောင်းလဲကျခံစေရန်၊

(င) ထောင်ဒဏ်နှစ် ၄၀ နှင့် အောက် ကျခံနေရသူများကို ယင်းတို့ကျခံနေရသောပြစ်ဒဏ်၏ လေးပုံတစ်ပုံ အား လျှော့ပေါ့ကျခံစေရန်။

အမိန့်အရ

အောင်လင်းဒွေး

ဒုတိယဗိုလ်ချုပ်ကြီး

အတွင်းရေးမှူး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ