နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ ဥပဒေအမှတ် ၅/၉၆

From Wikisource
Jump to navigation Jump to search
နိုင်ငံတော်တာဝန်ကို တည်ငြိမ်အေးချမ်းစွာ စနစ်တကျ လွှဲပြောင်းပေးရေးနှင့် အမျိုးသားညီလာခံလုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်ရေးတို့ကို နှောင့်ယှက်ဆန့်ကျင်ခြင်းမှ ကာကွယ်သည့်ဥပဒေ  (1996) 
by သန်းရွှေ
ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၁/၂၀၁၃ ဖြင့် ရုပ်သိမ်း

ပြည်ထောင်စုမြန်မာနိုင်ငံတော်

နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့

နိုင်ငံတော်တာဝန်ကို တည်ငြိမ်အေးချမ်းစွာ စနစ်တကျ လွှဲပြောင်းပေးရေးနှင့် အမျိုးသားညီလာခံလုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်ရေးတို့ကို နှောင့်ယှက်ဆန့်ကျင်ခြင်းမှ ကာကွယ်သည့်ဥပဒေ

[နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ ဥပဒေအမှတ် ၅/၉၆]

ရန်ကုန်မြို့၊ ၁၃၅၁ ခုနှစ်၊ နယုန်လပြည့်ကျော် ၇ ရက်

( ၁၉၉၆ ခုနှစ်၊ ဇွန်လ ၇ ရက်)


နိုင်ငံတော်တွင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် နိုင်ငံတော်အချုပ်အခြာအာဏာကို ထိပါးမည့် အရေးအခင်းများ ပေါ်ပေါက်သည့်အခါတိုင်း တပ်မတော်သည် နိုင်ငံတော်နှင့် ပြည်သူများ၏ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ခဲ့ပါသည်။ ထိုနည်းတူ ၁၉၈၈ ခုနှစ်တွင် ပေါ်ပေါက်ခဲ့သော နိုင်ငံတော် ပြိုကွဲပျက်စီးစေမည့် အန္တရာယ်ကို အချိန်မီတားဆီးပြီး နိုင်ငံတော်တာဝန်ကိုယူခဲ့သည့် အချိန်မှစ၍ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (တပ်မတော်) သည် နိုင်ငံတော်တည်ငြိမ်ရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေးကို တည်ဆောက်ခဲ့ပါသည်။ ထို့ပြင် နိုင်ငံတော်တွင် စစ်မှန်သော ပါတီစုံဒီမိုကရေစီစနစ် ထွန်းကားရေးနှင့် နိုင်ငံတော် တာဝန်ကို တည်ငြိမ်အေးချမ်းစွာ စနစ်တကျ လွှဲပြောင်းပေးနိုင်ရေးကို ရှေးရှု၍ လိုအပ်သည့် အခြေခံ အုတ်မြစ်များကိုလည်း ချမှတ်ပေးလျက်ရှိပါသည်။

နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့သည် နိုင်ငံရေးဦးတည်ချက်များ၊ စီးပွားရေးဦးတည်ချက်များနှင့် လူမှုရေးဦးတည်ချက်များကို ချမှတ်လျက် အေးချမ်းသာယာ၍ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်တည်ဆောက်ရေးအတွက် တိုင်းရင်းသားပြည်သူများနှင့် လက်တွဲကာ အစွမ်းကုန်ကြိုးပမ်း ဆောင်ရွက်လျက် ရှိပါသည်။

တစ်ချိန်တည်းမှာပင် ခိုင်မာသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပြဋ္ဌာန်းနိုင်ရန် အခြေခံမူများနှင့် အသေးစိတ်အခြေခံရမည့်မူများကို ချမှတ်နိုင်ရေးအတွက် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့သည် အမျိုးသားညီလာခံကျင်းပရေးကော်မရှင်ကို ဖွဲ့စည်းတာဝန်ပေးလျက် နိုင်ငံတစ်ဝန်းလုံးမှ ကိုယ်စားလှယ်ပေါင်းစုံ ကျယ်ပြန့်စွာ ပါဝင်သည့် အမျိုးသားညီလာခံကို အောင်မြင်စွာ ကျင်းပပေးလျက် ရှိပါသည်။

သို့ရာတွင် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ခြင်းကို မလိုလားသူများသည် ပြည်ပအားကိုးဖြင့် နိုင်ငံတော် တည်ငြိမ်ရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အမျိုးသား ပြန်လည်စည်းလုံးညီညွတ်ရေးတို့ကို နှောင့်ယှက်ထိပါးစေမည့် လုပ်ရပ်များ လုပ်ဆောင်လျက်ရှိကြောင်း တွေ့ရှိရပါသည်။

ထို့ပြင် အမျိုးသားညီလာခံ၏ လုပ်ငန်းများကို ထိခိုက်ပျက်ပြားစေရန် နှောင့်ယှက်ဖျက်ဆီးခြင်း၊ အမျိုးသားညီလာခံကို သေးသိမ်စေရန်သော်လည်းကောင်း၊ ပြည်သူများ အထင်အမြင်လွဲမှားစေရန် သော်လည်းကောင်း လှုံ့ဆော်ခြင်း၊ ဟောပြောခြင်း၊ ပြောဆိုခြင်း၊ ရေးသားဖြန့်ဝေခြင်းစသည့် လုပ်ရပ်များကို နည်းမျိုးစုံဖြင့် လုပ်ဆောင်နေကြသည်ကိုလည်းတွေ့ရှိရပါသည်။ ယင်းလုပ်ရပ်များသည် နိုင်ငံတော်တွင် စစ်မှန်သောပါတီစုံဒီမိုကရေစီစနစ်ထွန်းကားရေးနှင့် နိုင်ငံတော်တာဝန်ကို တည်ငြိမ် အေးချမ်းစွာ စနစ်တကျလွှဲပြောင်းရေးကို ဟန့်တားနှောင့်ယှက်ဆန့်ကျင်ရာရောက်ပါသည်။

သို့ဖြစ်၍ နိုင်ငံတော်တာဝန်ကို တည်ငြိမ်အေးချမ်းစွာ စနစ်တကျလွှဲပြောင်းပေးနိုင်ရေး၊ အမျိုးသား ညီလာခံလုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်နိုင်ရေးနှင့် အေးချမ်းသာယာ၍ ခေတ်မီဖွံ့ဖြိုး တိုးတက်သော နိုင်ငံတော်တည်ဆောက်ရေးတို့ကို ဟန့်တားနှောင့်ယှက်ဆန့်ကျင်ခြင်းမှ အကာအကွယ်ပေးရန် လိုအပ်သဖြင့် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့သည် အောက်ပါဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

အခန်း (၁) အမည်နှင့် အဓိပ္ပာယ်ဖော်ပြချက်[edit]

၁။ ဤဥပဒေကို “နိုင်ငံတော်တာဝန်ကို တည်ငြိမ်အေးချမ်းစွာ စနစ်တကျ လွှဲပြောင်းပေးရေးနှင့် အမျိုးသားညီလာခံ လုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်ရေးတို့ကို နှောင့်ယှက်ဆန့်ကျင်ခြင်းမှ ကာကွယ်သည့်ဥပဒေ” ဟုခေါ်တွင်စေရမည်။

၂။ ဤဥပဒေတွင် ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ်သက်ရောက်စေရမည်-

(က) “အမျိုးသားညီလာခံ” ဆိုသည်မှာ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့၏ ၁၉၉၂ ခုနှစ်၊ အောက်တိုဘာလ ၂ ရက်စွဲပါ အမိန့်အမှတ် ၁၃/၉၂ အရ ဖွဲ့စည်းသည့် အမျိုးသားညီလာခံ ကျင်းပရေးကော်မရှင်က ကျင်းပပေးလျက်ရှိသည့် အမျိုးသားညီလာခံကို ဆိုသည်။
(ခ) “အမျိုးသားညီလာခံ၏ လုပ်ငန်းများ” ဆိုသည်မှာ အမျိုးသားညီလာခံက ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများကို ဆိုသည်။
(ဂ) “အဖွဲ့အစည်း”ဆိုသည်မှာ လူအများစုပေါင်းပါဝင် ဖွဲ့စည်းထားသော အဖွဲ့အစည်းနှင့် ယင်းအဖွဲ့ အစည်း၏ လက်အောက်ခံအဖွဲ့အစည်းများကို ဆိုသည်။ ယင်းစကားရပ်တွင် နိုင်ငံရေးပါတီများ မှတ်ပုံ တင်ခြင်းဥပဒေနှင့် အညီ မှတ်ပုံတင်ထားသောနိုင်ငံရေးပါတီလည်း ပါဝင်သည်။

အခန်း (၂) တားမြစ်ချက်များ[edit]

၃။ မည်သူမဆို သို့မဟုတ် မည်သည့်အဖွဲ့အစည်းမဆို အောက်ပါတားမြစ်ချက် တစ်ရပ်ရပ်ကို တိုက်ရိုက် ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ဖောက်ဖျက်ကျူးလွန်ခြင်းမပြုရ-

(က) နိုင်ငံတော်တည်ငြိမ်ရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ကို ထိခိုက်ပျက်ပြားစေရန် လှုံ့ဆော်ခြင်း၊ ဆန္ဒပြခြင်း၊ ဟောပြောခြင်း၊ ပြောဆိုခြင်း သို့မဟုတ် ရေးသားဖြန့်ဝေခြင်း၊
(ခ) အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေးကို ထိခိုက်ပျက်ပြားစေရန် လှုံ့ဆော်ခြင်း၊ ဟောပြောခြင်း၊ ပြောဆိုခြင်း သို့မဟုတ် ရေးသားဖြန့်ဝေခြင်း၊
(ဂ) ခိုင်မာသည့် ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်ပေါ်လာရေးကိုရှေးရှု၍ အမျိုးသားညီလာခံက ဆောင်ရွက် လျက်ရှိသော လုပ်ငန်းများကို ထိခိုက်ပျက်ပြားစေရန်ဖြစ်စေ၊ သေးသိမ်စေရန်ဖြစ်စေ၊ ပြည်သူများ အထင် အမြင်လွဲမှားစေရန်ဖြစ်စေ နှောင့်ယှက်ခြင်း၊ ဖျက်ဆီးခြင်း၊ ဟန့်တားခြင်း၊ လှုံ့ဆော်ခြင်း၊ ဟောပြောခြင်း၊ ပြောဆိုခြင်း သို့မဟုတ် ရေးသားဖြန့်ဝေခြင်း၊
(ဃ) တရားဝင်ဆောင်ရွက်ပိုင်ခွင့်မရှိဘဲ အမျိုးသားညီလာခံ၏ လုပ်ငန်းများကို ဆောင်ရွက်ခြင်း သို့မဟုတ် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ရေးဆွဲခြင်း သို့မဟုတ် ရေးဆွဲဖြန့်ဝေခြင်း၊
(င) အထက်ပါ တားမြစ်ချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ရန် အားထုတ်ခြင်း သို့မဟုတ် အားပေးကူညီခြင်း။

အခန်း (၃) ပြစ်ဒဏ်များ[edit]

၄။ မည်သူမဆို ပုဒ်မ ၃ ပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို ထောင်ဒဏ်အနည်းဆုံး ၅ နှစ်မှ အများဆုံး ၂၀ နှစ်အထိ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။

၅။ ပုဒ်မ ၃ ပါ တားမြစ်ချက်တစ်ရပ်ရပ်ကို အဖွဲ့အစည်းတစ်ခုခုက ဖောက်ဖျက်ကျူးလွန်လျှင်ဖြစ်စေ၊ အဖွဲ့အစည်းတစ်ခုခု၏ စီစဉ်ဆောင်ရွက်မှု ဖြင့်သော်လည်းကောင်း၊ အားပေးကူညီမှုဖြင့် သော်လည်း ကောင်း မည်သူမဆို ဖောက်ဖျက်ကျူးလွန်လျှင်ဖြစ်စေ ယင်းအဖွဲ့အစည်းကို-

(က) ကာလသတ်မှတ်၍ ရပ်ဆိုင်းထားနိုင်သည်၊
(ခ) ဖျက်သိမ်းနိုင်သည် သို့မဟုတ်
(ဂ) မတရားအသင်းများဥပဒေအရ မတရားအသင်းအဖြစ် ကြေညာနိုင်သည်။

၆။ ပုဒ်မ ၅ အရ အရေးယူခြင်းခံရသည့် အဖွဲ့အစည်းပိုင်ငွေကြေးနှင့် ပစ္စည်းအရပ်ရပ်ကိုလည်း နိုင်ငံတော် ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်သည်။

အခန်း (၄) အထွေထွေ[edit]

၇။ ဤဥပဒေပုဒ်မ ၃ အရ တရားစွဲဆိုရာတွင် အစိုးရအဖွဲ့၏ ကြိုတင်ခွင့်ပြုမိန့် ရယူရမည်။

၈။ ဤဥပဒေပုဒ်မ ၅ နှင့် ၆ အရ အရေးယူဆောင်ရွက်ခြင်းများကို အစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် ပြည်ထဲရေးဝန်ကြီးဌာနက ဆောင်ရွက်ရမည်။

၉။ ဤဥပဒေအရ လိုအပ်သော အမိန့်နှင့် ညွှန်ကြားချက်များကို အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ရမည်။


(ပုံ) သန်းရွှေ

ဗိုလ်ချုပ်မှူးကြီး

ဥက္ကဋ္ဌ

နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့