နိဠိနိကာဇာတ်

From Wikisource
Jump to navigation Jump to search
ပုံတော်စုံ ငါးရာငါးဆယ် ဇာတ်ဝတ္ထု by မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော်
၅၂၆။ နိဠိနိကာဇာတ် (၁)

ပဏ္ဏာသနိပါတ်

၁။ နိလိနိကာဇာတ်

ကာမရမ္မက်နှင့် အကျင့်သီလ ပျက်စီးရခြင်း

ဟောတော်မူရာဌာန... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် ဥဒ္ဒယှတေ ဇနပဒေါ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤနိလိနိကာဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် မယားဟောင်း ဖြားယောင်းသော ရဟန်းကို အကြောင်းပြု၍ ဟောတော်မူ၏။

ပစ္စုပ္ပန်ဝတ္ထု... ဟောတော်မူသော သဗ္ဗညူ မြတ်စွာဘုရားသည်လည်း ထိုရဟန်းကို ရဟန်း... သင့်ကို အဘယ်သူသည် ငြီးငွေ့စေအပ်သနည်း ဟု မေးတော်မူ၍ အရှင်ဘုရား... မယားဟောင်းသည် ငြီးငွေ့စေအပ်၏ ဟု နားတော် လျှောက်သည်ရှိသော် ရဟန်း... ယခုအခါ၌သာလျှင် ဤမိန်းမသည် သင်၏အကျိုးမဲ့ကို ပြုတတ်သည် မဟုတ်သေး၊ ရှေး၌လည်း သင်၏အကျိုးမဲ့ကို ပြုဖူးသည်သာလျှင်တည်း၊ ထိုမိန်းမကိုမှီ၍ ဈာန်မှရွေ့လျောသည်၏ အဖြစ်ဖြင့် ကြီးစွာသော ပျက်စီးခြင်းသို့ သင် ရောက်ဖူးပြီဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ရဟန်း... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ကျော်စောထင်ရှားသော ပုဏ္ဏားသူကြွယ်မျိုး၌ ဖြစ်၍ အရွယ်သို့ရောက်သဖြင့် အတတ်သင်ပြီးလျှင် ရသေ့ရဟန်းအဖြစ်သို့ကပ်၍ ဈာန်အဘိညာဉ်တို့ကို ဖြစ်စေလျက် ဟိမဝန္တာအရပ်၌ နေ၏။

ဣသိသိင်္ဂ ရှင်ရသေ့

အလမ္ဗုသာဇာတ်၌ ဆိုအပ်ပြီးသော နည်းဖြင့်လျှင် ထို ဘုရားလောင်း ရှင်ရသေ့ကိုစွဲ၍ သမင်မတစ်ကောင်သည် ကိုယ်ဝန်ရ၍ သူငယ်ကိုဖွား၏။ ထိုသူငယ်အား ဣသိသိင်္ဂ ဟူသော အမည်သည်လျှင် ဖြစ်၏။ ထို့နောင်မှ အရွယ်သို့ရောက်သော ထိုဣသိသိင်္ဂကို ခမည်းတော် ရှင်ရသေ့ကြီးသည် ရသေ့ရဟန်းပြုပြီးလျှင် ကသိုဏ်းပရိကံကို ဟော၍ သင်စေ၏။ ထိုဣသိသိင်္ဂ ရသေ့ငယ်သည် မကြာမြင့်မီလျှင် ဈာန်အဘိညာဉ်တို့ကို ဖြစ်စေ၍ ဈာန်ချမ်းသာဖြင့် ကစားရွှင်မြူး၏။ ထိုဣသိသိင်္ဂ ရသေ့ငယ်သည် ပြင်းထန်သော အကျင့်ရှိ၏။ ချုပ်တည်း စောင့်စည်းသော ဣန္ဒြေရှိ၏။

သိကြားမင်း လန့်ခြင်း

ထိုဣသိသိင်္ဂ ရသေ့ငယ်၏ သီလတန်ခိုးကြောင့် သိကြားမင်း၏နေရာသည် တုန်လှုပ်၏။ သိကြားမင်းသည် ဆင်ခြင်လတ်သော် ထိုအကြောင်းကို သိ၍ ထိုရသေ့၏ သီလကို ဥပါယ်တံမျဉ်ဖြင့် ဖျက်ဆီးအံ့ဟု ကြံ၍ သုံးနှစ်တို့ပတ်လုံး ကာသိတိုင်းအလုံး၌ မိုးမရွာခြင်းကို ဖြစ်စေ၏။ ကာသိတိုင်းအလုံးသည် မီးလောင်သကဲ့သို့ ဖြစ်၏။ ကောက်သည် မပြည့်စုံသည်ရှိသော် ငတ်မွတ်ခြင်း နှိပ်စက်ရကား လူတို့သည် စည်းဝေးကုန်၍ မင်းရင်ပြင်၌ ကြွေးကြော်ကုန်၏။

ထိုအခါ လူတို့ကို ဗြဟ္မဒတ်မင်းသည် လေသာနန်း တံခါးဝ၌ ရပ်လျက် ထိုကြွေးခြင်းသည် အကြောင်း အသို့နည်း ဟု မေးတော်မူ၏။ မြတ်သောမင်းကြီး သုံးနှစ်ပတ်လုံး မိုးမရွာသည်၏အဖြစ်ကြောင့် အလုံးစုံသော တိုင်းပြည်သည် ပူလောင်၏။ လူတို့သည် ငတ်မွတ်ကုန်၏။

အရှင်မင်းကြီး... မိုးကို ရွာစေတော်မူလော့ ဟု တင်လျှောက်ကုန်သောကြောင့် ဗြဟ္မဒတ်မင်းသည် ငါးပါးသော သီလကိုဆောက်တည်၍ ဥပုသ်သုံးပါးသော်လည်း မိုးကို ရွာစိမ့်သောငှာ မတတ်နိုင်။ ထိုကာလ၌ သိကြားမင်းသည် သန်းခေါင်ယံအခါဝယ် ထိုဗြဟ္မဒတ်မင်း၏ အသရေရှိသော တိုက်ခန်းသို့ ဝင်ပြီးလျှင် တစ်ပြိုက်နက်သော အလင်းကိုပြု၍ ကောင်းကင်ပြင်၌ တည်၏။ ဗြဟ္မဒတ်မင်းသည် ထိုသိကြားမင်းကို မြင်၍ သင်ကား အဘယ်သူနည်း ဟု မေး၏။ ငါကား သိကြားနတ်မင်းတည်း ဟု ပြောဆိုလတ်သော် အဘယ်အကြောင်းကြောင့် လာသနည်း ဟု မေး၏။ မြတ်သောမင်းကြီး... သင်မင်းကြီး၏ တိုင်းနိုင်ငံတော်၌ သုံးနှစ်ပတ်လုံး မိုးရွာပါ၏လော ဟု သိကြားမင်း ဆိုလတ်သော် မရွာ ဟု ဗြဟ္မဒတ်မင်း ဆို၏။ သင်မင်းကြီးသည် မိုးမရွာခြင်း၏ အကြောင်းကို သိ၏လော ဟု သိကြားမင်း မေးသည်ရှိသော် သိကြားနတ်မင်း မသိပါ ဟု ဆို၏။

ရသေ့ကို ဖျက်ဆီးခြင်း

မြတ်သောမင်းကြီး... ဤဟိမဝန္တာအရပ်၌ ဣသိသိင်္ဂအမည်ရှိသော ရသေ့ငယ်သည် နေ၏။ ထိုဣသိသိင်္ဂ ရသေ့ငယ်သည် ပြင်းထန်သောအကျင့် ရှိ၏။ ချုပ်တည်း စောင့်စည်းသော ဣန္ဒြေရှိ၏။ ထိုဣသိသိင်္ဂ ရသေ့ငယ်သည် မပြတ်လျှင် မိုးရွာသည်ရှိသော် အမျက်ထွက်၍ ကောင်းကင်ကို ကြည့်၏။ ထို့ကြောင့် မိုးမရွာ ဟု သိကြားမင်းဆိုလတ်သော် ယခုအခါ ထိုဣသိသိင်္ဂ ရသေ့ငယ်အား အသို့ပြုအပ်သနည်း ဟု မေး၏။ ထိုဣသိသိင်္ဂ ရသေ့ငယ်၏သီလကို ဖျက်ဆီးသည်ရှိသော် မိုးရွာလတ္တံ့ ဟု သိကြားမင်း ပြောဆိုလတ်သော် ထိုဣသိသိင်္ဂ ရသေ့ ၏သီလကို ဖျက်ဆီးအံ့သောငှာ အဘယ်သူသည် စွမ်းနိုင်ပါမည်နည်း မေး၏။ မြတ်သောမင်းကြီး... သင်မင်းကြီး၏ သမီးတော် နိလိနိကာသည် စွမ်းနိုင်၏။ ထိုနိလိနိကာကို ခေါ်စေတော်မူ၍ ဤမည်သော အရပ်သို့သွား၍ ဣသိသိင်္ဂရသေ့ငယ်၏ သီလကိုဖျက်ဆီးချေဟု စေတော်မူလော့ ဟု ဗြဟ္မဒတ်မင်းကို ဆုံးမခဲ့ပြီးလျှင် မိမိနေရာ တာတိံသာ နတ်ရွာသို့လျှင် သွားလေ၏။ ဗြဟ္မဒတ်မင်းသည် နက်ဖြန်နေ့၌ မှူးမတ်တော်တို့နှင့်တကွ တိုင်ပင်ပြီးလျှင် သမီးတော် နိလိနိကာကို ခေါ်စေ၍ စေတော်မူလိုရကား-

။ ဥဒ္ဒယှတေ ဇနပဒေါ၊ ရဋ္ဌဉ္စာပိ ဝိနဿတိ။
ဧဟိ နိလိနိကေ ဂစ္ဆ၊ တံ မေ ဗြာဟ္မဏမာနယ။

ဟူသော ရှေးဦးစွာသာ ဤဂါထာကို ဆို၏။

၁။ နိလိနိကေ၊ ရှင်မ နိလိနိကာ။ ဧဟိ၊ လာလှည့်။ ဇနပဒေါ၊ ဇနပုဒ်သည်။ ဥဒ္ဒယှတေ၊ ဆင်းရဲပူလောင်၏။ ရဋ္ဌဉ္စာပိ၊ တိုင်းနိုင်ငံတော်သည်လည်း။ ဝိနဿတိ၊ ပျက်စီး၏။ တွံ၊ သင်ရှင်မသည်။ ဂစ္ဆ၊ သွားတည့်ချေ။ မေ၊ ငါ၏။ တံ ဗြာဟ္မဏံ၊ ထို အကျိုးမဲ့ကိုပြုကျင့်သော ရသေ့ငယ်ကို။ အာနယ၊ ရှင်မ အလိုသို့ ဆောင်တည့်ချေ။

ထိုစကားကိုကြား၍ သမီးတော် နိလိနိကာသည် ခမည်းတော် ဗြဟ္မဒတ်မင်းအား အကြောင်းကို ပြန်လျှောက်လိုရကား-

။ အဟံ ဒုက္ခက္ခမာ ရာဇ၊ နာဟံ အဒ္ဓါနကောဝိဒါ။
ကထံ အဟံ ဂမိဿာမိ၊ ဝနံ ကုဉ္ဇရသေဝိတံ။

ဟူသော နှစ်ခုမြောက်သော ဤဂါထာကို ဆို၏။

၂။ ရာဇ၊ ခမည်းတော်မင်းမြတ်။ အဟံ၊ အကျွန်ုပ်သည်။ န ဒုက္ခက္ခမာ၊ ဆင်းရဲခြင်းကို သည်းမခံနိုင်ပါ။ အဟံ၊ အကျွန်ုပ်သည်။ န အဒ္ဓါနကောဝိဒါ၊ လမ်းခရီး၌ မလိမ္မာပါ။ ကုဉ္ဇရသေဝိတံ၊ တောဆင်ရိုင်းတို့၏ မှီဝဲကျက်စားရာဖြစ်သော။ ဝနံ၊ တောကြီးထဲသို့။ အဟံ၊ အကျွန်ုပ်သည်။ ကထံ ဂမိဿာမိ၊ အဘယ်သို့ သွားရပါမည်နည်း။

ထို့နောင်မှ ခမည်းတော် ဗြဟ္မဒတ်မင်းသည် သွားနိုင်အံ့သော အကြောင်းကို သမီးတော်အား ကြားလိုရကား-

။ ဖီတံ ဇနပဒံ ဂန္တာ၊ ဟတ္ထိနာ စ ရထေန စ။
ဒါရုသံဃာဋယာနေန၊ ဧဝံ ဂစ္ဆ နိလိနိကေ။
။ ဟတ္ထိအဿရထေ ပတ္တီ၊ ဂစ္ဆေဝါဒါယ ခတ္တိယေ။
တဝေဝ ဝဏ္ဏရူပေန၊ ဝသံ တမာနယိဿသိ။

ဟူသော ဤနှစ်ဂါထာကို ဆို၏။

၃။ နိလိနိကေ၊ ရှင်မ နိလိနိကာ။ တွံ၊ သင်ရှင်မသည်။ ဖီတံ၊ ဝပြောသာယာ ပွင့်လင်းစေသော။ ဇနပဒံ၊ ဇနပုဒ်ကို။ ဟတ္ထိနာ စ၊ ဆင်စီးလိုလျှင်လည်း ဆင်စီး၍။ ရထေန စ၊ ရထားစီးလိုလျှင်လည်း ရထားစီး၍။ ဂန္တာ၊ သွားပြီးမှ။ ဒါရုသံဃာဋယာနေန၊ ရေသို့ရောက်သောအခါ လှေယာဉ်ဖြင့်။ ဂမိဿသိ၊ သွားရလတ္တံ့သည်တကား။ ဧဝံ- ယထာ ဝုတ္တနယေန၊ အကြင် အကြင် ဆိုအပ်ပြီးသော နည်းဖြင့်။ ဂစ္ဆ၊ သွားတည့်ချေ။

၄။ ခတ္တိယေ၊ မင်းသမီး နိလိနိကာ။ တဝေဝ၊ သင်ရှင်မ၏သာလျှင်။ ဝဏ္ဏရူပေန၊ အသွင်အဆင်းဖြင့်။ တံ၊ ထို ဣသိသိင်္ဂရသေ့ငယ်ကို။ ဝသံ၊ ကိလေသာနိုင်ငံသို့။ အာနသိဿသိ၊ ဆောင်နိုင်လတ္တံ့သည်တကား။ ဟတ္ထိအဿ ရထေ စ၊ ဆင်, မြင်း, ရထားတို့ကိုလည်းကောင်း။ ပတ္တီစ၊ ခြေသည်သူရဲတို့ကိုလည်းကောင်း။ အာဒါယ၊ ဆောင်ယူ၍။ ဂစ္ဆေဝ၊ သွားလျှင်တည့်ချေလော့။

မင်းသမီး တောထဲသွားပြီ

ဤသို့လျှင် ဗြဟ္မဒတ်မင်းသည် သမီးတော် နိလိနိကာနှင့်တကွ မအပ်သောစကားကို စင်လျက်လည်း တိုင်းပြည်ကိုစောင့်ရှောက်ခြင်းကို အမှီပြု၍ ဆိုတော်မူ၏။ ထိုမင်းသမီးတော် နိလိနိကာသည်လည်းကောင်းပြီ ဟု ဝန်ခံ၏။ ထိုအခါ သမီးတော်အား အလုံးစုံသော ပေးကောင်းဖွယ်ဟူသမျှကို ပေးလိုက်၍ အမတ်တို့နှင့်တကွ လွှတ်လိုက်၏။

အမတ်တို့သည် ပစ္စန္တရစ်သို့ရောက်လျှင် ထိုပစ္စန္တရစ်ဝယ် သစ်ခက်တပ်၌ နေစေပြီးလျှင် မင်းသမီး နီလိနိကာကို ထမ်းစေလျက် မုဆိုးကို ခရီးညွှန်ပြု၍ ဟိမဝန္တာသို့ ဝင်သဖြင့် နံနက်အခါ၌ ရသေ့၏ ကျောင်းအနီးသို့ ရောက်ကြလေကုန်၏။ ထိုခဏ၌ ဘုရားလောင်းသည် သားတော်ရသေ့ငယ်ကို ကျောင်း၌နေစေ၍ မိမိသည် သစ်သီးကြီးငယ် ဆွတ်ယူအံ့သောငှာ တောထဲသို့ ဝင်လေ၏။ မုဆိုးသည် မိမိသည်ကား ကျောင်းတိုင်အောင် မလိုက်မူ၍ ထိုကျောင်းကို မြင်ကောင်းရာ အရပ်၌သာလျှင်ရပ်၍ မင်းသမီး နိလိနိကာအား ထိုရှင်ရသေ့ကျောင်းကို ညွှန်ပြလိုရကား-

။ ကဒလိဓဇပညာဏော၊ အာဘုဇိပရိဝါရိဏော။
ဧသော ပဒိဿတိ ရမ္မော၊ ဣသိသိင်္ဂဿ အဿမော။
။ ဧသော အဂ္ဂိဿ သင်္ခါတော၊ ဧသော ဓူမော ပဒိဿတိ။
မညေ နော အဂ္ဂိံ ဟာပေတိ၊ ဣသိသိင်္ဂေါ မဟိဒ္ဓိကော။

ဟူသော ဤနှစ်ဂါထာကို ဆို၏။

၅။ ခတ္တိယေ၊ အရှင်မင်းသမီးတော်။ ကဒလီဓဇပညာဏော၊ ငှက်ပျောတံခွန်ဖြင့် ထင်ရှားစွာသော။ အာဘုဇိပရိဝါရိတော၊ ဘုဇပတ်ပင်ဖြင့် ခြံရံအပ်ထသော။ ရမ္မော၊ မွေ့လျော်ဖွယ်ရှိထသော။ ဣသိသိင်္ဂဿ၊ ဣသိသိင်္ဂ ရှင်ရသေ့၏။ ဧသော အဿမော၊ ဤကျောင်းတော်သည်။ ပဒိဿတိ၊ ထင်ရှား၏။

၆။ အဿ ဣသိသိင်္ဂဿ၊ ထိုဣသိသိင်္ဂ ရှင်ရသေ့သည်။ ဧသော အဂ္ဂိ၊ ထိုမီးကို။ သင်္ခါတော၊ ညှိအပ်သည်ဖြစ်၍။ ဧသော ဓူမော၊ ထိုမီးခိုးသည်။ ပဒိဿတိ၊ တလူလူ ထင်၏။ မဟိဒ္ဓိကော၊ တန်ခိုးကြီးသော။ ဣသိသိင်္ဂေါ၊ ဣသိသိင်္ဂရသေ့သည်။ အဂ္ဂိံ၊ မီးကို။ နော ဟာပေတိ မညေ၊ မယုတ်စေသည် ထင်၏။

အမတ်တို့သည်လည်း ဘုရားလောင်း တောသို့ဝင်သောအခါ ကျောင်းကိုခြံရံ၍ အစောင့်အရှောက်ကို ထားပြီးလျှင် မင်းသမီးနိလိနိကာကို ရသေ့အသွင်ကို ယူစေ၍ ရွှေအဝတ်ဖြင့် ဝတ်ရုံခြင်းကိုပြုစေ၍ ခပ်သိမ်းသော တန်ဆာတို့ဖြင့် တန်ဆာဆင်စေပြီးလျှင် ချည်ကြိုးဖြင့်ရစ်ဖွဲ့သော ဆန်းကြယ်သော ဂျင် (ဘောလုံး)ကို ကိုင်စေလျက် ကျောင်းတွင်းသို့ ဝင်စေ၍ မိမိတို့သည်ကား အပ၌ စောင့်ရှောက်ကုန်လျက် တည်ကြကုန်၏။ ထိုမင်းသမီး နိလိနိကာသည် ထိုဂျင်ဖြင့် ကစားလျက် စင်္ကြံဦးသို့ ဝင်လေ၏။ ထိုခဏ၌ ဣသိသိင်္ဂရသေ့သည် ကျောင်းတံခါးဝဝယ် ကျောက်ဖျာ၌ နေ၏။

ကျောင်းတံခါး၌ ကစားနေခြင်း

ထိုဣသိသိင်္ဂရသေ့သည် လာလတ်သော မင်းသမီး နိလိနိကာကိုမြင်လျှင် ကြောက်လန့်တကြား ထတည့်၍ ကျောင်းတွင်းသို့ ဝင်၍နေ၏။ ထိုမင်းသမီး နိလိနိကာသည်လည်း ထိုဣသိသိင်္ဂရသေ့ငယ်၏ ကျောင်းတံခါးဝသို့သွား၍ ကစားသလျှင်ကတည်း။

သဗ္ဗညူမြတ်စွာဘုရားသည် ထိုအကြောင်းကိုလည်းကောင်း၊ ထို့ထက်အလွန်ဖြစ်သော အကြောင်းကိုလည်းကောင်း ထင်ရှားပြတော်မူလိုရကား-

။ တဉ္စ ဒိသွာန အာယန္တိံ၊ အာမုက္ကမဏိကုဏ္ဍလိံ။
ဣသိသိင်္ဂေါ ပါဝိသိ ဘီတော၊ အဿမံ ပဏ္ဏဆာဒနံ။
။ အဿမဿစသာ ဒွါရေ၊ ဂေဏ္ဍုကေနဿ ကီဠတိ။
ဝိဒံသယန္တီ အင်္ဂါနိ၊ ဂုယှံ ပကာသိတာနိ စ။
။ တဉ္စ ဒိသွာန ကီဠန္တိံ၊ ပဏ္ဏသာလဂတော ဇဋီ။
အဿမာ နိက္ခမိတွာန၊ ဣဒံ ဝစနမဗြဝိ။

ဟူသော ဤသုံးဂါတို့ကို ဟောတော်မူ၏။

၇။ ဘိက္ခဝေ၊ ရဟန်းတို့။ အာမုက္ကမဏိကုဏ္ဍလိံ၊ ပတ္တမြားနားတောင်းဝတ်၍။ အာယန္တိံ၊ လာလတ်သော။ တဉ္စ ရာဇဓီတရံ၊ ထိုမင်းသမီး နိလိနိကာကိုလျှင်။ ဒိသွာန၊ မြင်၍။ ဘီတော၊ ကြောက်လေရကား။ ဣသိသိင်္ဂေါ၊ ဣသိသိင်္ဂရသေ့ငယ်သည်။ ပဏ္ဏဆာဒနံ၊ သစ်ရွက်မိုးသော။ အဿမံ၊ ကျောင်းတွင်းသို့။ ပါဝိသိ၊ ဝင်လေ၏။

၈။ ဘိက္ခဝေ၊ ရဟန်းတို့။ သာ၊ ထိုမင်းသမီး နိလိနိကာသည်။ ဂုယှဉ္စ၊ လျှို့ဝှက်အပ်သော အင်္ဂါကိုလည်းကောင်း။ ပကာသိတာနိ၊ ထင်ရှားပြအပ်ကုန်သော။ အင်္ဂါနိစ၊ မျက်နှာ ခြေ, လက် အစရှိသော အင်္ဂါတို့ကို လည်းကောင်း။ ဝိဒံသံသယန္တီ၊ ထင်စွာပြလျက်။ အဿ၊ ထိုဣသိသိင်္ဂရှင်ရသေ့၏။ အဿမဿ၊ သင်္ခမ်းကျောင်း၏။ ဒွါရေ၊ တံခါးဝ၌။ ဂေဏ္ဍုကေန၊ ဆန်းကြယ်သာဂျင်ဖြင့်။ ကီဠတိ၊ ကစား၏။

၉။ ဘိက္ခဝေ၊ ရဟန်းတို့။ ပဏ္ဏသာလဂတော၊ ကျောင်းတွင်း၌နေသော။ ဇဋီ၊ ဣသိသိင်္ဂရသေ့သည်။ ကီဠန္တိံ၊ ကစားသော။ တဉ္စ ရာဇဓီတရံ၊ ထိုမင်းသမီး နိလိနိကာကိုလျှင်။ ဒိသွာန၊ မြင်လေ၍။ အဿမာ၊ ကျောင်းတွင်းမှ။ နိက္ခမိတွာန၊ ထွက်တည့်၍။ ဣဒံ ဝစနံ၊ ဤသို့သောစကားကို။ အဗြဝိ၊ ဆိုလေ၏။

ရသေ့လေး မေးပြီ

ထိုဣသိသိင်္ဂ ရှင်ရသေ့သည် ကျောင်းတွင်း၌ ရပ်၍ ဤသူသည် အကယ်၍ ဘီလူးဖြစ်ငြားအံ့၊ ကျောင်းတွင်းသို့ ဝင်၍ တည်သောငါ့ကို ကျွတ်ကျွတ်မြည်စေ၍ စားလေရာ၏။ ဤသူသည် ဘီလူးမဟုတ်၊ ရသေ့ ဖြစ်လတ္တံ့ ဟု ကြံ၏။ ကြံပြီးလျှင် ကျောင်းတွင်းမှ ထွက်လတ်၍ ထိုမင်းသမီး နိလိနိကာကို မေးလိုရကား-

၁၀။ အမ္ဘော ကော နာမ သော ရုက္ခော၊
ယဿ တေဝံဂတံ ဖလံ။
ဒူရေပိ ခိတ္တံ ပစ္စေတိ၊ န တံ ဩဟာယ ဂစ္ဆတိ။

ဟူသော ဤဂါထာကို ဆို၏။

၁၀။ အမ္ဘော၊ အို ရှင်ရသေ့။ တေ၊ သင် ရှင်ရသေ့၏။ ယဿ ရုက္ခဿ၊ အကြင်သစ်ပင်၏။ ဧဝံဂတံ၊ ဤသဘောရှိသော။ ဖလံ၊ သစ်သီးသည်။ ဒူရေ၊ အဝေးသို့။ ခိတ္တံပိ၊ ပစ်လိုက်သော်လည်း။ ပစ္စေတိ၊ ပြန်၍လာ၏။ တံ၊ သင် ရှင်ရသေ့ကို။ ဩဟာယ၊ စွန့်၍။ န ဂစ္ဆတိ၊ မသွား။ သော ရုက္ခော၊ ထို သစ်ပင်သည်။ ကော နာမ၊ အဘယ်သစ်ပင်မည်သနည်း။

မင်းသမီး၏ အဖြေ

ထိုသို့မေးသောအခါ မင်းသမီး နိလိနိကာသည် ဣသိသိင်္ဂရသေ့အား ကြားလိုရကား -

၁၁။ အဿမဿ မမ ဗြဟ္မေ၊ သမီပေ ဂန္ဓမာဒနေ။
ဗဟဝေါ တာဒိသာ ရုက္ခာ၊ ယဿ တေဝံဂတံ ဖလံ။
ဒူရေပိ ခိတ္တံ ပစ္စေတိ၊ န မံ ဩဟာယ ဂစ္ဆတိ။

ဟူသော ဤဂါထာကို ဆို၏။

၁၁။ ဗြဟ္မေ၊ ရှင်ရသေ့။ မမ အဿမဿ၊ ငါ့ကျောင်း၏။ သမီပေ၊ အနီးဖြစ်သော။ ဂန္ဓမာဒနေ၊ ဂန္ဓမာဒနတောင်၌။ ယဿ ရုက္ခဿ၊ အကြင်သစ်ပင်၏။ ဧဝံဂတံ၊ ဤသို့သဘောရှိသော။ ဖလံ၊ အသီးသည်။ ဒူရေ၊ အဝေးသို့။ ခိတ္တံပိ၊ ပစ်လိုက်သော်လည်း။ ပစ္စေတိ၊ ပြန်၍လာ၏။ မံ၊ ငါ့ကို။ ဩဟာယ၊ စွန့်၍။ န ဂစ္ဆတိ၊ မသွား။ တာဒိသာ၊ ထိုသို့ သဘောရှိကုန်သော။ ရုက္ခာ၊ သစ်ပင်တို့သည်။ ဗဟဝေါ၊ များစွာရှိကုန်၏။

ဧည့်ခံကျွေးမွေးခြင်း

ဤသို့လျှင် ထိုမင်းသမီး နိလိနိကာသည် ချွတ်ယွင်းသော စကားကို ပြောဆို၏။ ဣသိသိင်္ဂရသေ့ငယ်သည်လည်း ယုံကြည်၍ ဤသူသည် ရသေ့ပင်တည်းဟူသောအမှတ်ဖြင့် ပျူငှာလောကဝတ်ကို ပြုလိုရကား-

၁၂။ ဧတု ဘဝံ အဿမိမံ အဒေတု၊
ပဇ္ဇဉ္စ ဘက္ခဉ္စ ပဋိစ္ဆ ဒမ္မိ။
ဣဒမာသနံ အတြ ဘဝံ နိသီဒတု၊
ဣတော ဘဝံ မူလဖလာနိ ဘုဉ္ဇတု။

ဟူသော ဤဂါထာကို ဆို၏။

၁၂။ တာပသ၊ ရှင်ရသေ့။ ဘဝံ၊ အရှင်ရသေ့သည်။ ဣမံအဿမံ၊ ဤကျောင်းတွင်းသို့။ ဧတု၊ ဝင်တော်မူပါလှည့်။ အာဟာရံ၊ ဘုန်းပေးဖွယ်သော အာဟာရကို။ အဒေတု၊ ဘုန်းပေးတော်မူပါလှည့်။ ပဇ္ဇဉ္စ၊ ခြေသုတ်ပုဆိုးကိုလည်းကောင်း။ ဘက္ခဉ္စ၊ ချိုမြိန်မြတ်သော သစ်သီးကြီးငယ်ကို လည်းကောင်း။ ပဋိစ္ဆ၊ ခံတော်မူလှည့်။ ဒမ္မိ၊ ငါပေး၏။ ဣဒံ၊ ဤသည်ကား။ အာသနံ၊ နေရာတည်း။ အတြ၊ ဤနေရာ၌။ ဘဝံ၊ ရှင်ရသေ့သည်။ နိသီဒတု၊ နေတော်မူလော့။ ဣတော မူလဖလာနိ၊ ဤသစ်မြစ် သစ်သီးတို့ကို။ ဘဝံ၊ ရှင်ရသေ့သည်။ ဘုဉ္ဇတု၊ ဘုဉ်းပေးတော်မူပါလော့။

အံ့ဩ၍ မေးရပြီ

ကျောင်းတွင်းသို့ဝင်၍ သစ်ပျဉ်ပြားတည်းဟူသော နေရာအထူး၌နေသော ထိုမင်းသမီး နိလိနိကာ၏ ရွှေပြားစီသောအဝတ်ကို လှစ်ဖွင့်လိုက်သည်ရှိသော် ရှေ့ကိုယ်သည် မဖုံးလွှမ်းမိသည် ဖြစ်၏။ ဣသိသိင်္ဂ ရသေ့ငယ်သည် မိန်းမကိုယ်ကို မမြင်ဘူးသည်၏အဖြစ်ကြောင့် ထိုလျှို့ဝှက် ဖုံးလွှမ်းအပ်သော အင်္ဂါကို မြင်လေလျှင် ဤသည်ကား အနာတည်းဟူသော အမှတ်ဖြင့် နိလိနိကာကို မေးလိုရကား-

၁၃။ ကိံ တေ ဣဒံ ဦရူနမန္တရသ္မိံ၊
သုပိစ္ဆိတံ ကဏှရိဝပ္ပကာသတိ။
အက္ခာဟိ မေ ပုစ္ဆိတော ဧတမတ္ထံ၊
ကောသေ နု တေ ဥတ္တမင်္ဂံ ပဝိဋ္ဌံ။

ဟူသော ဤဂါထာကို ဆို၏။

၁၃။ တာပသ၊ ရှင်ရသေ့။ တေ-တဝ၊ ရှင်ရသေ့၏။ ဦရူနံ၊ ပေါင်နှစ်ဖက်တို့၏။ အန္တရသ္မိံ၊ အကြား၌။ သုပိစ္ဆိတံ၊ ကောင်းစွာစေ့သော။ ဣဒံ၊ ဤအနာသည်ကား။ ကိံ၊ အဘယ်အနာနည်း။ ကဏှရိဝ၊ အနားနှစ်ဖက်၌ မှဲ့မည်းကဲ့သို့။ ပကာသတိ၊ ထင်၏။ ပုစ္ဆိတော၊ မေးအပ်သော ရှင်ရသေ့သည်။ မေ၊ ငါ့အား။ ဧတမတ္ထံ၊ ထိုအကြောင်းကို။ အက္ခာဟိ၊ ပြောလော့။ တေ-တဝ၊ ရှင်ရသေ့၏။ ဥတ္တမင်္ဂံ၊ မြတ်သောအင်္ဂါသည်။ ကောသေ၊ သိုအိမ်တွင်းသို့။ ပဝိဋ္ဌံ နု၊ ဝင်ရှာလေတော့သလော။

ဝံကိုက်နာကို ဆေးကုပါ

ထိုသို့ မေးသောအခါ မင်းသမီး နိလိနီကာသည် ဣသိသိင်္ဂရသေ့ငယ်ကို လှည့်စားလိုရကား-

၁၄။ အဟံ ဝနေ မူလဖလေသနံ စရံ၊
အာသာဒယိံ အစ္ဆံ သုဃောရရူပံ။
သော မံ ပတိတွာ သဟသာဇ္ဈပ္ပတ္တော၊
ပနုဇ္ဇ မံ အဗ္ဘဟိ ဥတ္တမင်္ဂံ။
၁၅။ သွာယံ ဝဏော ခဇ္ဇတိ ကဏ္ဍု ဝါယတိ၊
သဗ္ဗဉ္စ ကာလံ န လဘာမိ သာတံ။
ပဟော ဘဝံ ကဏ္ဍုမိမံ ဝိနေတုံ၊
ကုရုတံ ဘဝံ ယာစိတော ဗြာဟ္မဏတ္ထံ။

ဟူသော ဂါထာနှစ်ခုတို့၏ အပေါင်းကို ဆို၏။

၁၄။ တာပသ၊ ရှင်ရသေ့။ မူလဖလေသနံ၊ သစ်မြစ်သစ်သီး ရှာအံ့သောငှာ။ ဝနေ၊ တော၌။ စရံ- စရန္တော၊ သွားသော။ အဟံ၊ ငါသည်။ သုဃောရရူပံ၊ အလွန်ကြောက်မက်ဖွယ်သော သဘောရှိသော။ အစ္ဆံ၊ ဝံကို။ အာသာဒယိံ၊ ခဲဖြင့် ပစ်လိုက်မိ၏။ သော အစ္ဆော၊ ထိုဝံသည်။ မံ၊ ငါ့ဆီသို့။ ပတိတွာ၊ ပြေးလာတည့်၍။ သဟသာ၊ အဆောတလျင်။ အဇ္ဈပ္ပတ္တာ၊ မီလာ၍။ မံ၊ ငါ့ကို။ ပနုဇ္ဇ၊ ပက်လက်လန်အောင် တွန်းလှဲ၍။ ဥတ္တမင်္ဂံ၊ မြတ်သော အင်္ဂါကို။ အဗ္ဘဟိ၊ နုတ်၍ ပြေးလေ၏။

၁၅။ သွာယံ- သော အယံ ဝဏော၊ ထိုဝံနုတ်ရာ အနာသည်။ ခဇ္ဇတိ စ၊ ကိုက်လည်း ကိုက်ခဲ၏။ ကဏ္ဍုဝါယတိစ၊ ယားလည်း ယား၏။ တေန၊ ထို့ကြောင့်။ သဗ္ဗဉ္စကာလံ၊ အခါခပ်သိမ်း။ သာတံ၊ ကိုယ်စိတ်၏ ချမ်းသာခြင်းကို။ န လဘာမိ၊ မရပါ။ ဘဝံ၊ အရှင်သည်။ ဣမံ ကဏ္ဍုံ၊ ဤဝံကိုက်နာကို။ ဝိနေတုံ၊ ဖျောက်အံ့သောငှာ။ ပဟော၊ စွမ်းနိုင်တော်မူပါ၏။ ယာစိတော၊ တောင်းပန်အပ်သော။ ဘဝံ၊ အရှင်သည်။ ဗြာဟ္မဏတ္ထံ၊ ရသေ့ဖြစ်သော ငါ့အား ဆေးကုခြင်းအမှုကို။ ကုရုတံ၊ ပြုတော်မူပါလော့။

အနာကို စစ်ဆေးကြည့်ခြင်း

ထိုဣသိသိင်္ဂ ရသေ့ငယ်သည် မင်းသမီးနိလိနီကာ လှည့်စားသော မုသားစကားကို မှန်သောစကားဟူ၍ ယုံကြည်သဖြင့် အရှင်သည် ချမ်းသာသည် အကယ်၍ ဖြစ်အံ့၊ ဆေးကုအံ့ ဟု ဆို၍ ထိုအရပ်ကိုကြည့်လျက် ကုစားလိုရကား-

၁၆။ ဂမ္ဘီရရူပေါ တေ ဝဏော သလောဟိတော၊
အာပူတိကော ဝဏဂန္ဓော မဟာ စ။
ကရောမိ တေ ကိဉ္စိ ကသာယယောဂံ၊
ယထာ ဘဝံ ပရမသုခီ ဘဝေယျ။

ဟူသော အခြားမရှိသော ဤဂါထာကို ဆို၏။

၁၆။ အမ္ဘော၊ အို... အရှင်ရသေ့။ တေ၊ ရှင်ရသေ့၏။ ဝဏော၊ ဝံကိုက်နာသည်။ ဂမ္ဘီရရူပေါ၊ နက်သော သဘောရှိ၏။ သလောဟိတော၊ နီသောအရောင်ရှိ၏။ အပူတိကော၊ အသားဆွေးလည်း မရှိ။ ဝဏဂန္ဓော၊ စဉ်းငယ် မကောင်းနံ့ နံ၏။ မဟာ စ၊ ကျယ်လည်း ကျယ်၏။ ယထာ၊ အကြင်သို့သော အခြင်းအရာအားဖြင့်။ ကယိရမာနေ၊ ဖန်ဆေးခြင်းကို ပြုသည်ရှိသော်။ ဘဝံ၊ ရှင်ရသေ့သည်။ ပရမသုခီ၊ မြတ်သော ချမ်းသာကိုရသည်။ ဘဝေယျ၊ ဖြစ်ရာ၏။ တထာ၊ ထိုသို့သော အခြင်းအရာအားဖြင့်။ တေ၊ ရှင်ရသေ့၏။ ဝဏံ၊ ဝံကိုက်နာကို။ ကိဉ္စိကသာယယောဂံ၊ စဉ်းငယ် ဖန်ဆေးသောအားဖြင့် ဆေးကုခြင်းကို။ ကရောမိ၊ ပြုရတော့အံ့။

ထို့နောင်မှ မင်းသမီးနိလိနိကာသည် ဣသိသိင်္ဂရသေ့ငယ်စကားကို ပယ်သဖြင့် မိမိအလိုအားလျော်စွာ ကုစားစေလိုရကား-

ကိုယ်ဖိရင်ဖိ ဆေးကုစေခြင်း

၁၇။ န မန္တယောဂါ န ကသာယယောဂါ၊
န ဩသဓာ ဗြဟ္မစရိ ကမန္တိ၊
ဃဋ္ဋေန မုဒုကေန ဝိနေဟိ ကဏ္ဍုံ၊
ယထာ အဟံ ပရမသုခံ ဘဝေယျ။

ဟူသော ဤဂါထာကို ဆို၏။

၁၇။ ဘော ဗြဟ္မစာရိ၊ အို... ရှင်ရသေ့။ မမ၊ ငါ၏။ ဣမသ္မိံ ဝဏေ၊ ဤ ဝံကိုက်နာ၌။ မန္တယောဂါ၊ မန္တရား မန်းသဖြင့်လည်း။ ဝေဒနာ၊ ကိုက်ခဲယားယံကုန်သော ဝေဒနာတို့သည်။ န ကမန္တိ၊ မငြိမ်းကုန်။ ကသာယယောဂါ၊ ဖန်ဆေးသဖြင့်လည်း။ ဝေဒနာ၊ ကိုက်ခဲယားယံသော ဝေဒနာတို့သည်။ န ကမန္တိ၊ မငြိမ်းကုန်။ ဩသဓာ၊ ဆေးလိမ်းကျံသဖြင့်လည်း။ ဝေဒနာ၊ ကိုက်ခဲယားယံသော ဝေဒနာတို့သည်။ န ကမန္တိ၊ မငြိမ်းကုန်။ ယထာ၊ အကြင်သို့သော အခြင်းအရာအားဖြင့်။ ကယိရမာနေ၊ ပြုသည်ရှိသော်။ အဟံ၊ ငါသည်။ ပရမသုခီ ဘဝေယျံ၊ မြတ်သော ချမ်းသာကို ရသည် ဖြစ်လေရာ၏။ တထာ၊ ထိုသို့သော အခြင်းအရာအားဖြင့်။ မုဒုကေန၊ နူးညံ့သော။ အင်္ဂေန၊ ရှင်ရသေ့၏ အင်္ဂါဇာတ်ဖြင့်။ ဃဋ္ဋေန- ဃဋ္ဋံ ကတွာ၊ ထိုးသည်ကိုပြု၍။ ကဏ္ဍုံ၊ ဝံကိုက်နာကို။ ဝိနေဟိ၊ ကုစားတော်မူပါလော့။

ထိုဣသိသိင်္ဂ ရသေ့ငယ်သည် ဤရှင်ရသေ့ကား မှန်သောစကားကိုလျှင် ဆို၏ ဟု မှတ်၍ မေထုန် ပေါင်းဖော်ခြင်းကြောင့် သီလပျက်တတ်၏။ ဈာန် ကွယ်ပျောက်တတ်၏ ဟု အပြစ်ကို မသိသည်ဖြစ်၍ မိန်းမကို မမြင်ဘူးသည်၏ အဖြစ်ကြောင့် မေထုန် အကျင့်ကိုလည်း မသိသည်၏အဖြစ်ကြောင့်သာလျှင် ဆေးကုစားခြင်း ဟူ၍ မုသားစကားကိုဆိုသော ထိုမင်းသမီး နလိနိကာ၌ မေထုန်မှီဝဲလေ၏။ ထိုခဏ၌သာလျှင် ထိုဣသိသိင်္ဂ ရသေ့ငယ်၏ သီလသည် ပျက်စီးလေ၏။ ဈာန်သည် ကွယ်ပျောက်၏။

နေရပ်ကိုမေးခြင်း

ထိုဣသိသိင်္ဂ ရသေ့ငယ်သည် နှစ်ကြိမ်သုံးကြိမ် မေထုန်စပ်ယှက်ခြင်းကို ပြုခြင်းကြောင့် ပင်ပန်းရကား ကျောင်းမှထွက်ပြီးလျှင် ရေအိုင်သို့ဆင်းသက်၍ ရေချိုးသဖြင့် အပင်ပန်းငြိမ်းလျှင် လာလတ်၍ ကျောင်းတွင်း၌နေလျက် တစ်ဖန်လည်း ထိုမင်းသမီး နိလိနိကာကို ရသေ့ဟုမှတ်၍ နေရာအရပ်ကို မေးလိုရကား-

၁၈။ ဣတော နု ဘောတော ကတမေန အဿမော၊
ကစ္စိ ဘဝံ အဘိရမသိ အရညေ။
ကစ္စိ နု တေ မူလဖလံ ပဟူတံ၊
ကစ္စိ ဘဝန္တံ န ဝိဟိံသန္တိ ဝါဠာ။

ဟူသော ဤဂါထာကို ဆို၏။

၁၈။ ဘော တာပသ၊ အိုရှင်ရသေ့။ ဘောဘော၊ ရှင်ရသေ့၏။ အဿမော၊ ကျောင်းသင်္ခမ်းသည်။ ဣတော၊ ဤကျောင်းမှ။ ကတမေန၊ အဘယ်အရပ်၌။ အတ္ထိ၊ ရှိလေသနည်း။ ဘဝံ၊ ရှင်ရသေ့သည်။ အရညေ၊ နေတော်မူရာ တောမြိုင်သာ၌။ အဘိရမသိ ကစ္စိ၊ ပျော်တော်မူပါ၏လော။ တေ၊ ရှင်ရသေ့အား။ မူလဖလံ၊ သစ်မြစ်သစ်သီးသည်။ ပဟူတံ ကစ္စိနု၊ ပေါများပါ၏လော။ ဘဝန္တံ၊ ရှင်ရသေ့ကို။ ဝါဠာ၊ သားရဲတို့သည်။ န ဝိဟိံသန္တိ ကိစ္စ၊ မညှဉ်းဆဲဘဲ ရှောင်လွှဲပါကုန်၏လော။

လိုက်ခဲ့ပါရန်

ထို့နောင်မှ မင်းသမီး နိလိနီကာသည် လှည့်စားပျက်ပြယ်သဖြင့် ဣသိသိင်္ဂရသေ့ငယ်အား မိမိနေရာအရပ်ကို ပြောဆိုလိုရကား-

၁၉။ ဣတော ဥဇုံ ဥတ္တရာယံ ဒိသာယံ၊
ခေမာ နဒီ ဟိမဝတော ပဘာဝီ။
တဿာ တီရေ အဿမော မယှ ရမ္မော၊
အဟော ဘဝံ အဿမံ မယှံ ပဿေ။
၂၀။ အမ္ဗာ စ သာလာ တိလကာ စ ဇမ္ဗုယော၊
ဥဒ္ဒါလကာ ပါဋလိယော စ ဖုလ္လာ။
သမန္တတော ကိမ္ပုရိသာဘိဂီတံ၊
အဟော ဘဝံ အဿမံ မယှံ ပဿေ။
၂၁။ တာလာ စ မူလာ စ ဖလာ စ မေတ္ထ၊
ဝဏ္ဏေန ဂန္ဓေန ဥပေတရူပံ။
တံ ဘူမိဘာဂေဟိ ဥပေတရူပံ၊
အဟော ဘဝံ အဿမံ မယှံ ပဿေ။
၂၂။ ဖလာ စ မူလာ စ ပဟူတာ မေတ္ထ၊
ဝဏ္ဏေန ဂန္ဓေန ရသေနုပေတာ။
အာယန္တိ စ လုဒ္ဒကာ တံ ပဒေသံ၊
မာ မေ တတော မူလဖလံ အဟောသုံ။

ဟူသော ဤလေးဂါထာတို့ကို ဆို၏။

၁၉။ ဘော တာပသ၊ အိုရှင်ရသေ့။ ဘောတော၊ ရှင်ရသေ့၏။ ဣတော၊ ဤကျောင်းမှ။ ဥဇုံ ဥတ္တရာယံ ဒိသာယံ၊ မြောက်ဘက်တူရူအရပ်၌။ ခေမာနဒီ၊ ခေမာအမည်ရှိသော မြစ်သည်။ ဟိမဝတော၊ ဟိမဝန္တာမှ။ ပဘာဝီ၊ စီးလာ၏။ တဿာ တီရေ၊ ထိုခေမာ မြစ်ကမ်းထိပ်၌။ ရမ္မော၊ မွေ့လျော်ဖွယ်ရှိသော။ မယှံ၊ ငါ၏။ အဿမော၊ ကျောင်းသည်။ ဝိဇ္ဇတိ၊ ရှိပါ၏။ အဟော၊ မြင်စေချင်လှ၏။ ဘဝံ၊ ရှင်ရသေ့သည်။ မယှံ၊ ငါ၏။ အဿမံ၊ ကျောင်းကို။ ပဿေ၊ လိုက်၍ရှုပါလှည့်။

၂၀။ ဘော တာပသ၊ အိုရှင်ရသေ့။ တသ္မိံ အဿမေ၊ ထိုကျောင်း၌။ အမ္ဗာ စ၊ သရက်ပင်တို့သည်လည်းကောင်း။ သာလာ စ၊ အင်ကြင်းပင်တို့သည်လည်းကောင်း။ တိလကာ စ၊ ပြည့်စင်ပင်တို့သည်လည်းကောင်း။ ဇမ္ဗုယော စ၊ သပြေပင်တို့သည်လည်းကောင်း။ ဥဒ္ဒါလကာ စ၊ ငုရွှေပင်တို့သည်လည်းကောင်း။ ပါဋလိယော စ၊ သခွက်ပင်တို့သည်လည်းကောင်း။ ဖုလ္လာ၊ စည်ပင်လှကုန်၏။ သမန္တတော၊ ကျောင်းထက်ဝန်းကျင်မှ။ ကိမ္ပုရိသာဘိဂီတံ၊ ကိန္နရာတို့သည် သာယာစွာ သီချင်းသီကြကုန်၏။ အဟော၊ မြင်စေချင်လှ၏။ ဘဝံ၊ ရှင်ရသေ့သည်။ မယှံ၊ ငါ၏။ အဿမံ၊ ကျောင်းကို။ ပဿေ၊ ရှုပါလှည့်။

၂၁။ မေ၊ ငါ၏။ ဧတ္ထ အဿမေ၊ ထိုကျောင်း၌။ တာလာ စ၊ ထန်းပင်တို့သည်လည်းကောင်း။ မူလာ စ၊ သစ်မြစ်တို့သည်လည်းကောင်း။ ဖလာ စ၊ သစ်သီးတို့သည်လည်းကောင်း။ ဝဏ္ဏေန စ၊ အဆင်းနှင့်လည်းကောင်း။ ဂန္ဓေန စ၊ အနံ့နှင့်လည်းကောင်း။ ဥပေတရူပံ၊ ပြည့်စုံသော သဘောရှိကုန်၏။ တံ အဿမံ၊ ထိုငါ၏ ကျောင်းသည်။ ဘူမိဘာဂေဟိ၊ သာယာညီညွတ်ကုန်သော မြေအဖို့တို့နှင့်။ ဥပေတရူပံ၊ ပြည့်စုံသောသဘောရှိ၏။ အဟော၊ မြင်စေချင်လှ၏။ ဘဝံ၊ ရှင်ရသေ့သည်။ မယှံ၊ ငါ၏။ အဿမံ၊ ကျောင်းကို။ ပဿေ၊ ရှုပါလှည့်။

၂၂။ ဘော တာပသ၊ အိုရှင်ရသေ့။ ဝဏ္ဏေန စ၊ အဆင်းနှင့်လည်းကောင်း။ ဂန္ဓေန စ၊ အနံ့နှင့်လည်းကောင်း။ ရသေန စ၊ အရသာနှင့်လည်းကောင်း။ ဥပေတာ၊ ပြည့်စုံကုန်သော။ ပဟူတာ၊ များစွာကုန်သော။ ဖလာ စ၊ သစ်သီးတို့သည်လည်းကောင်း။ မူလာ စ၊ သစ်မြစ် သစ်နွယ်တို့သည်လည်းကောင်း။ မေ၊ ငါ၏။ ဧတ္ထ၊ ထိုကျောင်း၌။ သံဝိဇ္ဇန္တိ၊ ရှိကုန်၏။ တံပဒေသံ၊ ထိုငါ၏ကျောင်းသို့။ လုဒ္ဒကာ စ၊ များစွာကုန်သော မုဆိုးတို့သည်လည်း။ အာယန္တိ၊ လာကြကုန်၏။ တေ၊ ထိုမုဆိုးတို့သည်။ တတော၊ ထိုငါ၏ ကျောင်းမှ။ မေ၊ ငါ၏။ မူလဖလံ၊ သစ်မြစ်သစ်သီးကို။ မာ အဟာရေယုံ၊ မခိုးမယူကြကုန်။

ဖခင်ရသေ့လာအောင် စောင့်ပါ

ထိုနိလိနိကာမင်းသမီး စကားကိုကြား၍ ဣသိသိင်္ဂသည် အကြင်မျှလောက် ခမည်းတော်ရှင်ရသေ့ ရောက်လာအံ့သော ကာလသည် ရှိ၏။ ထိုခမည်းတော် ရှင်ရသေ့ ရောက်ရုံ ဆိုင့းငံ့စေလိုရကား-

၂၃။ ပိတာ မမံ မူလဖလေသနံ ဂတော၊
ဣဒါနိ အာဂစ္ဆတိ သာယကာလေ။
ဥဘောဝ ဂစ္ဆာမသေ အဿမံ တံ၊
ယာဝ ပိတာ မူလဖလတော ဧတု။

ဟူသော ဤဂါထာကို ဆို၏။

၂၃။ ဘော တာပသ၊ အို-ရှင်ရသေ့။ မမ၊ ငါ၏။ ပိတာ၊ ခမည်းတော် ရှင်ရသေ့သည်။ မူလဖလေသနံ- မူလဖလေသနတ္ထာယ၊ သစ်မြစ်သစ်သီး ရှာအံ့သောငှာ။ ဂတော၊ တောသို့သွားလေ၏။ ဣဒါနိ၊ ယခုပင်။ အာဂစ္ဆတိ၊ ရောက်လာလတ္တံ့။ ပိတော၊ ခမည်းတော် ရှင်ရသေ့သည်။

မူလဖလတော၊ သစ်သီး သစ်မြစ်တောမှ။ ယာဝ ဧတု၊ လာပါစေဦး။ သာယာလေ၊ ညချမ်းအခါ၌။ တံ အဿမံ၊ ထိုရှင်ရသေ့ ကျောင်းတော်သို့။ ဥဘောဝ ဂစ္ဆာမသေ၊ နှစ်ဦးတူစုံ သွားကြကုန်အံ့။

မင်းသမီးရသေ့ ပြန်ခဲ့ပြီ

ထို့နောင်မှ မင်းသမီးနိလိနိကာသည် ဣသိသိင်္ဂရသေ့ငယ်သည် တောထဲ၌သာလျှင်ကြီးသည်၏အဖြစ်နှင့် ငါ၏ မိန်းမ၏အဖြစ်ကို မသိသည်ဖြစ်စေဦး၊ ထိုရသေ့ငယ်၏ အဖရသေ့ကြီးသည်ကား ငါ့ကိုမြင်လျှင်ပင် မိန်းမမှန်းသိ၍ နင်ကား ဤငါ၏ကျောင်း၌လျှင် အသို့ပြုရန် လာသနည်းဟု ဆို၍ ထမ်းပိုးကောက်စွန်းဖြင့် ရိုက်ပုတ်၍ ငါ၏ဦးခေါင်းကိုသော်လည်း ပေါက်ခွဲရာချေ၏။ ထိုရသေ့ကြီး မလာခင်လျှင် ငါသွားခြင်းငှာ သင့်၏။ ဗာရာဏသီပြည်ကြီးမှ လာခဲ့၍ ဆောင်အပ်သော ငါ၏အမှုသည်လည်း ပြီးလေပြီ ဟု ကြံ၏။ ကြံပြီး၍ ထိုမင်းသမီး နိလိနိကာသည် ထိုဣသိသိင်္ဂရသေ့ငယ်အား လာခြင်း၏အကြောင်းကို ပြောကြားခဲ့လိုရကား-

၂၄။ အညေ ဗဟူ ဣသယော သာဓုရူပါ၊
ရာဇီသယော အနုမဂ္ဂေ ဝသန္တိ။
တေ ယေဝ ပုစ္ဆေသိ မမဿမံ တံ၊
တေ တံ နယိဿန္တိ မမံ သကာသေ။

ဟူသော ဤဂါထာကို ဆို၏။

၂၄။ သမ္မ၊ အရွယ်တူဖြစ်သော ရှင်ရသေ့။ ရာဇီသယော၊ မင်းမျိုး ပုဏ္ဏားမျိုးတို့မှ တောထွက်ကုန်သော ရသေ့ဖြစ်ကုန်သော။ သာဓုရူပါ၊ ကောင်းသော သဘောရှိကုန်သော။ ဗဟူ၊ များစွာကုန်သော။ အညေ ဣသယော၊ တစ်ပါးကုန်သော ရသေ့တို့သည်။ မမ၊ ငါ၏။ အနုမဂ္ဂေ၊ ကျောင်းသို့သွားသော ခရီး၌။ ဝသန္တိ၊ နေကြကုန်၏။ မမ၊ ငါ၏။ တံ အဿမံ၊ ထိုကျောင်းကို။ တေယေဝ၊ ထိုရသေ့တို့ကိုသာလျှင်။ ပုစ္ဆေသိ၊ မေးတော်မူပါလော့။ တေ၊ ထိုရှင်ရသေ့တို့သည်။ တံ၊ သင့်ကို။ မမ သကာသေ၊ ငါ့အထံသို့။ နယိဿန္တိ၊ ဆောင်ပို့ကုန်လတ္တံ့။

ဤသို့လျှင် ထိုမင်းသမီး နိလိနိကာသည် မိမိသွားဖို့ရာ ဥပါယ်တံမျဉ်ကို ပြောဆို၍ ကျောင်းမှထွက်ခဲ့၍ ထိုဣသိသိင်္ဂ ရသေ့ငယ်ကို စိန်းစိန်းကြည့်လျှက်သာလျှင် အရွယ်တူ ရှင်ရသေ့... ရှင်ရသေ့သည် လိုက်လာရစ်လော့ဟု ဆို၍ လာခဲ့သောခရီးဖြင့်လျှင် အမတ်တို့၏အထံသို့ သွားလေ၏။

ထိုအမတ်တို့သည် မင်းသမီး နိလိနိကာကို ဆောင်ယူ၍ သစ်ခက်တပ်သို့ သွားပြီးလျှင် အစဉ်သဖြင့် ဗာရာဏသနနေပြည်တော်သို့ ရောက်ကြကုန်၏။ သိကြားမင်းသည်လည်း အလွန်နှစ်သက်သည်ဖြစ်၍ ထိုနေ့၌လျှင် အလုံးစုံသောတိုင်း၌ မိုးကိုရွာစေ၏။ ထိုမိုးရွာခြင်းတို့ကြောင့် တိုင်းဇနပုဒ်သည် သာယာဝပြောခြင်း ဖြစ်၏။

ရသေ့ကြီး မေးပြီ

ဣသိသိင်္ဂ ရသေ့ငယ်သည်လည်း ထိုမင်းသမီး နိလိနိကာသွားလျှင်ပင် ကိုယ်အလုံး၌ ပူပန်ခြင်းဖြစ်၏။ ထိုဣသိသိင်္ဂ ရသေ့ငယ်သည် စိတ်တုန်လှုပ်သည်ဖြစ်၍ ကျောင်းတွင်းသို့ ဝင်ပြီးလျှင် လျှော်တေသင်္ကန်းကိုခြုံ၍ စိုးရိမ်ပူပန်လျက် အိပ်၏။ ဘုရားလောင်းသည် ညချမ်းအခါ ပြန်လာလတ်၍ သားကိုမမြင်ရကား အဘယ်အရပ်သို့ သွားလေသနည်း ဟု ထမ်းပိုးကိုချ၍ ကျောင်းတွင်းသို့ဝင်လျှင် ထိုဣသိသိင်္ဂရသေ့ငယ် အိပ်၍နေသည်ကိုမြင်၍ ချစ်သား အသို့ဖြစ်သနည်းဟု ဆို၍ ကျောကိုဆုပ်နယ်လျက် အကြောင်းကို မေးလိုရကား-

၂၅။ န တေ ကဋ္ဌာနိ ဘိန္နာနိ၊ န တေ ဥဒကမာဘတံ။
အဂ္ဂီပိ တေ န ဟာပိတော၊ ကိံနု မန္ဒောဝ ဈာယသိ။
၂၆။ ဘိန္နာနိ ကဋ္ဌာနိ ဟုတော စ အဂ္ဂိ၊
တပနီပိ တေ သမိတာ ဗြဟ္မစာရီ။
ပီဌဉ္စ မယှံ ဥဒကဉ္စ ဟောတိ၊
ရမသိ တုဝံ ဗြဟ္မဘူတော ပုရတ္ထာ။
၂၇။ အဘိန္နကဋ္ဌောသိ အနာဘတောဒကော၊
အဟာပိကဂ္ဂီသိ အသိဒ္ဓဘောဇနော။
န မေ တုဝံ အာလပသီ မမဇ္ဇ၊
နဋ္ဌံ နု ကိံ စေတသိကဉ္စ ဒုက္ခံ။

ဟူသော ဤသုံးဂါထာတို့ကို ဆို၏။

၂၅။ တာတ၊ ချစ်သား။ တေ-တယာ၊ သင်သည်။ ကဋ္ဌာနိ၊ ထင်းတို့ကို။ န ဘိန္နာနိ၊ မခွဲအပ်ကုန်။ တေ-တယာ၊ သင်သည်။ ဥဒကံ၊ ရေကို။ န အာဘတံ၊ မခပ်အပ်။ အဂ္ဂီပိ၊ မီးကိုလည်း။ တေ တယာ၊ သင်သည်။ န ဟာပိတော၊ မညှိအပ်။ မန္ဒောဝ၊ တွေမှိုင်၍သာလျှင်။ ကိံ ဈာယသိ နု၊ အဘယ်ကိုကြံသနည်း။

၂၆။ ဗြဟ္မစာရိ၊ မြတ်သောအကျင့်ကို ကျင့်လေ့ရှိသော သားရသေ့။ ပုရတ္ထာ၊ ရှေးကာလက။ တေ-တယာ၊ သင်သည်။ ဘိန္နာနိကဋ္ဌာနိ၊ ငါမလာမီက ထင်းခွဲလင့်အပ်ကုန်၏။ အဂ္ဂိဟုတော စ၊ မီးလည်းပူဇော်နှင့်၏။ တပနီပိသမိတာ၊ လှုံစရာမီးတို့ကိုလည်း စီရင်အပ်ကုန်၏။ မယှံ၊ ငါ့ကို။ ပီဌဉ္စ ဟောတိ၊ နေရာလည်း ခင်းနှင့်၏။ ဥဒကဉ္စ ဟောဟိ၊ ခြေဆေးရေလည်း တည်နှင့်၏။ ဗြဟ္မဘူတော၊ မြတ်သည်ဖြစ်၍။ ရမသိ၊ မွေ့လျော် ပျော်ရွှင်၏။

၂၇။ ဗြဟ္မစာရိ၊ မြတ်သောအကျင့်ကို ကျင့်လေ့ရှိသော သားရသေ့။ ဣဒါနိ၊ ယခုတမူကား။ တုဝံ၊ သင်ချစ်သားသည်။ အဘိန္နကဋ္ဌောသိ၊ ထင်းလည်း မခွဲနှင့်ပါတကား။ အနာဘတောဒကော၊ ရေလည်း မခပ်နှင့်ပါတကား။ အဟာပိတဂ္ဂီသိ၊ မီးလည်း မညှိနှင့်ပါတကား။ အသိဒ္ဓဘောဇနော၊ ဖိုစားစရာ သစ်မြစ် သစ်ရွက်လည်း မပြုတ် ဖြောနှင့်ပါတကား။ မမပုတ္တ၊ ငါ့သားချစ်။ အဇ္ဇ၊ ယခု။ မေ၊ ငါ့အား။ န အာလပသိ၊ စကားမပြောပါတကား။ တေ၊ သင်အား။ ကိံ၊ အဘယ်ဥစ္စာသည်လည်း။ နဋ္ဌံ နု၊ ပျောက်သနည်း။ စေတသိကံ ဒုက္ခဉ္စ ကိံ၊ ငါ့ကိုတည်း စိတ်ဆိုးသလော။

ရသေလေးထံ လိုက်ပို့စေခြင်း

ထိုဣသိသိင်္ဂ ရသေ့သည် ခမည်းတော် ရသေ့ကြီးစကားကိုကြား၍ ထိုအိပ်ခြင်း၏အကြောင်းကို ခမည်းတော်အား ပြောလိုရကား-

၂၈။ ဣဓာဂမာ ဇဋိလော ဗြဟ္မစာရီ၊
သုဒဿနေယျာ သုတနူ ဝိနေတိ။
နေဝါတိဒီဃော န ပနာတိရဿော၊
သုကဏှကဏှစ္ဆဒနေဟိ ဘောတော။
။ လ။
၅၀။ ဝိစိတြဖုလ္လံ ဟိ ဝနံ သုတံ မယာ၊
ဒိဇာဘိဃုဋ္ဌံ ဒိဇသံဃသေဝိတံ။
တံ မံ ဝနံ ပါပယ တာတ ခိပ္ပံ။
ပုရာ တေ ပါဏံ ဝိဇဟာမိ အဿမေ။

ဟူသော ဤနှစ်ဆယ့်သုံးဂါထာတို့ကို ဆို၏။

၂၈။ တတ၊ ခမည်းတော်။ ဇဋိလော၊ ဆံကျစ်ထုံးသော။ ဗြဟ္မစာရီ၊ ရသေ့ပျို တစ်ယောက်သည်။ ဣဓ၊ ဤကျောင်းသို့။ အာဂမာ၊ လာ၏။ သော၊ ထိုငါတို့ကျောင်းသို့ လာသော ရသေ့ပျိုသည်။ သုဒဿနေယျာ၊ အလွန် ရှုစဖွယ်ရှိ၏။ သုတနူ၊ တင့်တယ်သော ကိုယ်ရှိ၏။ ဝိနေတိ၊ မိမိကိုယ်ရောင်ဖြင့် ဤကျောင်းတွင်းကို တစ်ပြိုင်နက်သော အရောင်ကဲ့သို့ပြု၍ ပြည့်စေ၏။ နေဝါတိဒီဃော၊ ရှည်လည်း မရှည်လွန်း။
(တစ်နည်း) နေဝါတိဒီဃော
၊ မြင့်လည်း မမြင့်လွန်း။ နပနာတိရဿော၊ နိမ့်လည်း မနိမ့်လွန်း။ (တစ်နည်းကား) နပနာတိရဿော၊ ပုလည်း မပုလွန်း။ ဘောတော၊ ငါတို့ကျောင်းသို့လာသော ရှင်ရသေ့၏။ သုကဏှကဏှစ္ဆဒနေဟိ၊ အလွန် ညိုကုန်သည်ဖြစ်၍ ပိတုံးရောင်ကဲ့သို့ ပြောင်ပြောင်လက်လက် ဖိတ်ဖိတ်နက်ကုန်သော ဆံတို့ဖြင့်။ သုကဏှသီသံ၊ ကောင်းစွာ ညိုနက်သော ဦးခေါင်းသည်။ သုမဇ္ဇိတမဏိမယံ ဝိယ၊ ကောင်းစွာပွတ်အပ်သော ပတ္တမြားညိုဖြင့် ပြီးသကဲ့သို့။ ခါယတိ၊ ထင်၏။

၂၉။ အမဿုဇာတော၊ မုတ်ဆိတ်ကျင်စွယ်လည်း မပေါက်သေး။ အပုရာဏဝဏ္ဏီ၊ ရသေ့ပြုသစ်စနှင့် တူ၏။ အဿ၊ ထိုရှင်ရသေ့၏။ ကဏ္ဌေ ပန၊ လည်ပင်း၌ကား။ အဓာရရူပဉ္စ၊ ကရွတ်ခွေနှင့်တူသော တန်ဆာသည်လည်း။ အတ္ထိ၊ ရှိ၏။ ဥရေ၊ ရင်၌။ သုဇာတာ၊ ကောင်းစွာဖြစ်ကုန်သော။ သုဝဏ္ဏတိန္ဒုကနိဘာ၊ ရွှေတည်သီးနှင့်တူကုန်သော။ ပဘဿရာ၊ ပြိုးပြိုးပြက် ထွက်လတ်သော အရောင်ရှိကုန်သော။ ဒွေယမာဂဏ္ဍာ၊ နှစ်ခုအစုံဖြစ်ကုန်သော အသားငုံတို့သည်။ သန္တိ၊ ရှိကုန်၏။

၃၀။ တဿ၊ ထိုရှင်ရသေ့ပျို၏။ မုခဉ္စ၊ မျက်နှာသည်လည်း။ ဘုသဒဿနေယျံ၊ အလွန် ရှုချင်ဖွယ်ရှိ၏။ ကဏ္ဏေသု၊ နားနှစ်ဖက်တို့၌။ ကုဉ္ဇိတဂ္ဂါ၊ ကော့သော အဖျားရှိသောတန်ဆာတို့ကိုလည်း။ လမ္ဗန္တိ၊ ဝတ်ကုန်၏။ စရတော၊ သွားသော။ မာဏဝဿ၊ ရသေ့ပျို၏။ တေ၊ ထိုနားနှစ်ဖက်တို့၌ ဝတ်ကုန်သော တန်ဆာတို့သည်။ ဇောတရေ၊ ဖိတ်ဖိတ်လက်လက် ပြိုးပြိုးပြက်လျှင် ထွန်းပကုန်၏။ အဿ၊ ထိုရှင်ရသေ့ပျို၏။ သံယမနံ၊ ထုံးအပ်ကုန်သော။ ဇဋာနံ၊ ဆံကျစ်တို့ကို။ သုတ္တဉ္စ၊ စည်းသော ကြိုးသည်လည်း။ ဇောတတိ၊ ထွန်းပ၏။

၃၁။ တဿ၊ ထိုရသေ့ပျို၏။ အညာ-အညာနိ၊ တစ်ပါးကုန်သော။ နီလာ-နီလာနိ စ၊ ညိုသော အဆင်းရှိသည်လည်း ဖြစ်ကုန်သော။ ပီတာ-ပီတာနိ စ၊ ရွှေသော အဆင်း ရှိသည်လည်း ဖြစ်ကုန်သော။ လောဟိတကာ-လောဟိတကာနိ စ၊ နီသော အဆင်းရှိသည်လည်း ဖြစ်ကုန်သော။ သေတာ-သေတာနိ စ၊ ဖြူသော အဆင်းရှိသည်လည်း ဖြစ်ကုန်သော။ စတဿော-စတ္တာရိ၊ လေးပါးကုန်သော အဆင်းရှိကုန်သော။ သံယမာနိ စ၊ တန်ဆာတို့သည်လည်း။ သန္တိ၊ ရှိကုန်၏။ စရတော၊ သွားသော။ မာဏဝသ၊ ရှင်ရသေ့ပျို၏။ တာ-တာနိ ပိလန္ဓနာနိ၊ ထိုတန်ဆာတို့သည်။ ဝါဝုသမှိ၊ မိုးတွင်းကာလ၌။ တိရိဋိသင်္ဃာရိဝ၊ ပုစဉ်းအပေါင်းတို့ကဲ့သို့။ ပိသရေ-ပိသိတွာ ရဝန္တိ၊ ထိသည်ဖြစ်၍ မြည်ကြကုန်၏။

၃၂။ တာတ၊ ခမည်းတော်။ သော မာဏဝေါ၊ ထိုရသေ့ပျိုသည်။ မုဉ္ဇမယံ၊ ဖြူဆံမြက်ဖြင့် ရက်သော။ မိခလံ၊ ခါးကြိုးကို။ န ဓာရေတိ၊ မစည်းမဆောင်။ တာတ၊ ခမည်းတော်။ မယံ၊ ငါတို့သည်။ သန္ထရေ၊ လျှော်တေသင်္ကန်းတို့ကိုလည်းကောင်း။ ပဗ္ဗဇဿ၊ ပြိတ်မြက်ဖြင့်။ ကတံ၊ ပြုအပ်သော သင်္ကန်းကိုလည်းကောင်း။ ဓာရေတိ ယထာ၊ ဝတ်ကြကုန်သကဲ့သို့။ တထာ၊ ထို့အတူ။ သော မာဏဝေါ၊ ထိုရသေ့ပျိုသည်ကား။ သန္ထရေ၊ လျှော်တေသင်္ကန်းတို့ကို။ န ဓာရေတိ၊ မဝတ်မဆောင်။ ပဗ္ဗဇဿ၊ ပြိတ်မြက်ဖြင့်။ ကတံ၊ ပြုအပ်သော သင်္ကန်းကို။ နော ပန ဓာရေတိ၊ မဝတ်သည်သာတည်း။ တာတ၊ ခမည်းတော်။ အန္တလိက္ခေ၊ ကောင်းကင်၌။ သတေရတာနိစ္စံစရိတာ၊ အစဉ်မပြတ် တလျှပ်လျှပ်ရှိကုန်သော။ ဝိဇ္ဇုရိဝ၊ လျှပ်စစ်နွယ်ကဲ့သို့။ တဿ၊ ထိုရှင်ရသေ့ပျို၏။ ဇဃနန်တရဝေိလဂ္ဂါ၊ ခါးတွင်စည်းအပ်ကုန်သော။ တာ၊ ထိုခါးကြိုးတို့သည်။ ဇောတရေ၊ ထိန်ထိန်လက်လက် ထွန်းပကုန်၏။

၃၃။ တာတ၊ ခမည်းတော်။ တဿ၊ ထိုရှင်ရသေ့ပျို၏။ ကဋိသမောဟိတာနိ၊ ခါး၌စည်းအပ်ကုန်သော။ ဟေဋ္ဌာ၊ အောက်သို့။ နဘျာနဝယာနိ၊ မလျှောမကျကုန်သော။ အခိလကာနိ၊ အခွံလည်း မရှိကုန်သော။ အဝဏ္ဋကာနိ စ၊ အညှာလည်း မရှိကုန်သော သစ်သီးတို့သည်။ အဃဋိတာနိ၊ အချင်းချင်း မထိပါးကုန်သည် ဖြစ်၍။ နိစ္စကီဠံ၊ အစဉ်ရွှင်မြူးခြင်းကို။ ကရောန္တိ၊ ပြုကြကုန်၏။ တာနိ၊ ထိုချည်ဖြင့်သီ၍ ခါး၌စည်းအပ်ကုန်သော သစ်သီးလုံးတို့သည်။ ကိံ ရုက္ခဖလာနိ၊ အဘယ်သစ်သီးတို့ မည်ကုန်သနည်း။

၃၄။ တာတ၊ ခမည်းတော်။ အဿ၊ ထိုရှင်ရသေ့ပျို၏။ ဇဋိလာ စ၊ ဆံကျစ်တို့သည်လည်း။ ဘုသဒဿနေယျာ၊ အလွန် ရှုချင်စဖွယ် ရှိကုန်၏။ ပရောသတံ၊ အရာမက။ ဝလ္လိတဂ္ဂါ၊ သားလှီးဓားကဲ့သို့ ကော့သော အဖျားရှိသော ဆံတို့သည်။ သုဂန္ဓာ၊ ကြိုင်ကြိုင် မွှေးကုန်၏။ တဿ၊ ထိုရှင်ရသေ့ပျိုအား။ ဒွေဓာသိရော၊ ဦးခေါင်းကို နှစ်စုံဝေ၍။ သာဓုဝိဘတ္တရူပေါ၊ ထုံးအပ်သော ဆံကျစ်တို့၏ အစွမ်းအားဖြင့် ကောင်းစွာ ဝေဖန်အပ်သော သဘောရှိ၏။ မယှံ၊ ငါ၏။ ဇဋာ၊ ဆံကျစ်တို့သည်။ တထာ၊ ထိုရှင်ရသေ့ ဆံကျစ်အတူ။ အဟော နု ခေါ အဿု၊ ဖြစ်ပါကုန်ဘိတော့လော။ ဝါ၊ ဖြစ်ပါမူကား ကောင်းလေစွ။

၃၅။ တာတ၊ ခမည်းတော်။ ယဒါ စ၊ အကြင်အခါ၌လည်း။ သော မာဏဝေါ၊ ထိုရသေ့ပျိုသည်။ ဝဏ္ဏေန၊ အဆင်းနှင့်လည်းကောင်း။ ဂန္ဓေန၊ အနံ့နှင့်လည်းကောင်း။ ဥပေတရူပံ၊ ပြည့်စုံသော သဘောရှိကုန်သော။ တာ ဇဋာယော၊ ထိုဆံကျစ်တို့ကို။ ပကိရတိ၊ ဖြေလိုက်၏။ တဒါ၊ ထိုအခါ၌။ နီလုပ္ပလံ ဝါတသမေရိတံဝ၊ ကြာညိုနံ့ကို လေသည် ဆောင်လာသကဲ့သို့။ တထေဝ၊ ထို့အတူလျှင်။ အယံ အဿမော သံဝါယတိ၊ ဤတစ်ကျောင်းလုံး ကြိုင်ကြိုင်မွှေး၏။

၃၆။ တာတ၊ ခမည်းတော်။ တဿ၊ ထိုရသေ့ပျို၏။ ကာယေ၊ ကိုယ်၌။ ပင်္ကော စ၊ လူးသောညွန်သည်လည်း။ ဘုသဒဿနေယျော၊ အလွန်ရှုချင်စဖွယ်ရှိ၏။ မယှံ၊ ငါ၏။ ကာယေ၊ ကိုယ်၌။ ပင်္ကော၊ လူးသောညွန်သည်။ ယာဒိသော၊ အကြင်သို့ ရွံဖွယ်လိလိ သဘောရှိ၏။ တဿ၊ ထိုရှင်ရသေ့ ပျို၏။ ကာယေ ပန၊ ကိုယ်၌ သော်ကား။ ပင်္ကော၊ လူးသောညွန်သည်။ တာဒိသော၊ ထိုသို့ ရွံဖွယ်လိလိသဘော ရှိသည်။ န ဟောတိ၊ မဖြစ်။ အဂ္ဂဂိမှေ၊ နွေလ၏ အထွတ်ဖြစ်သော မိုးဦးကာလ၌။ သုဖုလ္လံ၊ ကောင်းစွာပွင့်သော။ ဝနံ ယထာ၊ ပန်းတောကဲ့သို့။ တထာ၊ ထို့အတူ။ မာလုတေန၊ လေညင်းသည်။ ဧရိတော၊ သွေးဆောင်တိုက်လွှင့်အပ်သော။ သော ပင်္ကော၊ ထိုရသေ့ပျို၏ကိုယ်၌ လူးခဲ့သော ညွန်ပျောင်းသည်။ ဝါယတိ၊ ကြိုင်ကြိုင်မွှေး၏။

၃၇။ တာတ၊ ခမည်းတော်။ သုစိတ္တရူပံ၊ အလွန်ထူးဆန်းသော အဆင်းရှိသော။ ရုစိရံ၊ နှစ်သက်ဖွယ်ရှိသော။ ဒဿနေယျံ၊ ရှုချင်စဖွယ်ရှိသော။ ရုက္ခဖလံ၊ သစ်သီးကို။ သော မာဏဝေါ၊ ထိုရသေ့ပြိုသည်။ ပထဗျာ၊ မြေပေါ်၌။ နဟန္တိ နိဟနတိ၊ ပစ်၏။ ခိတ္တဉ္စ၊ ပစ်သော်လည်း။ ယံ ရုက္ခဖလံ၊ အကြင်သစ်သီးသည်။ တဿ၊ ထိုရသေ့ပျို၏။ ဟတ္ထံ၊ လက်တွင်းသို့။ ပုနရေတိ၊ လာပြန်၏။ တာတ၊ အို ခမည်းတော်။ တံ ရုက္ခဖလံ၊ ထိုသစ်သီးသည်။ ကိံ ရုက္ခဖလံ နု ခေါ၊ အဘယ် သစ်သီးမျိုးနည်း။

၃၈။ တာတ၊ ခမည်းတော်။ တဿ၊ ထိုရသေ့ပျို၏။ ဒန္တာ စ၊ သွားတို့သည်လည်း။ ဘုသဒဿနေယျာ၊ အလွန်ရှုချင်စဖွယ် ရှိကုန်၏။ သမာသင်္ခဝရူပပန္နာ၊ ကောင်းစွာ ပွတ်အပ်သော ခရုသင်းအဆင်းနှင့် တူကုန်၏။ သုဒ္ဓါ၊ စင်ကြယ်ကုန်၏။ ဝိဝရိယမာနာ၊ ဖွင့်လိုက်သည်ရှိသော်။ မနော၊ ငါ၏စိတ်ကို။ ပသာဒေန္တိ၊ ရွှင်စေကုန်၏။ တာတ၊ ခမည်းတော်။ သော တာပသော၊ ထို ရှင်ရသေ့ပျို၏။ တေဟိ၊ ထိုသွားတို့ဖြင့်။ သာကံ၊ ဟင်းရွက် သစ်မြစ်သစ်သီးကို။ န ဟိ နူန အခါဒိ၊ မစားလေသည် ထင်၏။

၃၉။ တာတ၊ ခမည်းတော်။ တဿ၊ ထိုရှင်ရသေ့ပျို၏။ ဘာသိတံ၊ ပြောဆိုသော စကားသည်။ အကက္ကသံ၊ ပြေပြစ်ချောမြေ့၏။ အခလိတံ၊ အဖန်တလဲလဲ ပြောဆိုသော်လည်း မချွတ်ယွင်း။ မုဟုံ၊ လျင်မြန်၏။ မုဒုံ၊ နူးညံ့၏။ ဥဇုံ၊ ဖြောင့်မတ်၏။ အနုဒ္ဓတံ၊ မပျံလွင့်။ အစပလံ၊ မလျှပ်ပေါ်။ ရုဒံ၊ ပြောဆိုစဉ် ရင့်ကျူးသော အသံသည်လည်း။ မနူညံ၊ နှစ်သက်ဖွယ်ရှိ၏။ ကရဝီကသုဿရံ၊ ကရဝိက်ငှက်မင်း၏ သာယာသော အသံနှင့်တူ၏။ ဟဒယင်္ဂမံ၊ နှလုံးသို့ သက်ဝင်၏။ တဿ၊ ထိုရှင်ရသေ့ပျို၏။ တံ ဘာသိတံ၊ ထိုပြောဆိုသံကို။ မေ၊ ငါ၏။ မနော၊ စိတ်သည်။ ရဉ္ဇယတေဝ၊ ကြိုက်နှစ်သက်သည်သာတည်း။

၄၀။ တာဝ၊ ခမည်းတော်။ သော တာပသော၊ ထိုရှင်ရသေ့ပျိုသည်။ ဗိန္ဒုဿရော၊ လုံးသော အသံရှိ၏။ နာတိဝိဿဋ္ဌဝါကျော၊ တိုးတိုးသာသာ ပြောဆိုတတ်၏။ သဇ္ဈာယံ-သဇ္ဈာယနကာလေ၊ ကမ္မဋ္ဌာန်းဗေဒင် သင်အံခြင်းကို ပြုသောကာလ၌။ န နူန အတိပ္ပယုတ္တော၊ အားမထုတ်လွန်းလေသည် ထင်၏။ တာတ၊ ခမည်းတော်။ ဟိ-ယသ္မာ၊ အကြင့်ကြောင့်။ သော မာဏဝေါ၊ ထို ရှင်ရသေ့ပျိုသည်။ ပုရတ္ထာ၊ ရှေးကာလက။ မေ၊ ငါ၏။ မိတ္တော၊ အဆွေခင်ပွန်းသည်။ အဟု၊ ဖြစ်ပြီ။ တသ္မာ၊ ထို့ကြောင့်။ တံ မာဏဝံ၊ ထိုရသေ့ပျိုကို။ ပုနဒေဝ၊ နောက်ကိုတစ်ဖန်လျှင်။ ဒဋ္ဌုံ ဣစ္ဆာမိ၊ မြင်ရလိုသေး၏။

၄၁။ တာတ၊ ခမည်းတော်။ တဿ မာဏဝဿ၊ ထို ရှင်ရသေ့ပျို၏။ ဦရူနံ၊ ပေါင်နှစ်သက်တို့၏။ အန္တရေ၊ အကြား၌။ ဧကံ ဝဏံ၊ ဝံကိုက်နာ တစ်ခုသည်။ အတ္ထိ၊ ရှိ၏။ ဣမံ ဝဏံ၊ ဤဝံကိုက်နာသည်။ သုသန္ဓိ၊ ယောက်သွားခုံး မျက်နှာဝကဲ့သို့ ကောင်းစွာစေ့စပ်၏။ သဗ္ဗတ္ထဝိမဋ္ဌံ၊ ထက်ဝန်းကျင်မှ ကောင်းစွာပြေပြစ် ချောမော၏။ ပုထူ၊ ကြီးလည်းကြီး၏။ သုဇာတံ၊ ကောင်းသော သဏ္ဌာန်လည်းရှိ၏။ ခရပတ္တသန္နိဘံ၊ ပွင့်လုခါနီးဖြစ်သော ပဒုမ္မာကြာငုံဖူးနှင့်တူသော မျက်နှာရှိ၏။ တေနေဝ၊ ထိုသို့ အနာရှိသောကြောင့်လျှင်။ မာဏဝေါ၊ ရှင်ရသေ့ပျိုသည်။ ဝိဝရိယ၊ ကိုယ်ဝတ်ကို ဖွင့်လှစ်တည့်၍။ မံ၊ ငါ့ကို။ ဥတ္တာရိယာန၊ ဖိထည့်၍။ ဦရုံဇဃနေန၊ ပေါင်ခါးစောင်ဖြင့်။ ပီဠယိ၊ ညှပ်၏။

၄၂။ တာတ၊ ခမည်းတော်။ တဿ မာဏဝဿ၊ ထိုရှင်ရသေ့ပျို၏။ သရီရတော၊ ကိုယ်မှ။ နိစ္ဆရန္တာ၊ ပြိုးပြိုး ပြက်ပြက် ထွက်လတ်ကုန်သော။ သုဝဏ္ဏဝဏ္ဏာ၊ ရွှေအဆင်းနှင့်တူသော အဆင်းရှိကုန်သော။ ရသ္မိယော၊ အရောင်တို့သည်။ အန္တလိက္ခေ၊ ကောင်းကင်၌။ သတေရတာ၊ အစဉ်မပြတ် တလျှပ်လျှပ်ရှိကုန်သော။ ဝိဇ္ဇုရိဝ၊ လျှပ်စစ်နွယ်တို့ကဲ့သို့။ တပန္တိ ဧဝ၊ ထိန်ထိန် ဝင်းကုန်သလျှင်ကတည်း။ အာဘန္တိ ဧဝ၊ အလွန် ထွန်းပကုန်သလျှင်ကတည်း။ ဝိရောစရေဝ၊ အထူးသဖြင့် ထွန်းလင်းကုန်သလျှင်ကတည်း။ တဿ၊ ထိုရှင်ရသေ့ပျို၏။ အဉ္ဇနလောမ သဒိသာ၊ မျက်စဉ်းညို အဆင်းနှင့်တူသော အဆင်းရှိကုန်သော အမွေးတို့နှင့် ပြည့်စုံကုန်သော။ ဗာဟာ၊ မောင်းနှစ်ဖက်တို့သည်။ မုဒူ၊ နူးညံလှကုန်၏။ တဿ၊ ထိုရှင်ရသေ့ပျို၏။ ဟတ်ထာ၊ လက်တို့သည်။ ဝိစိတြဝဋင်္ဂုလိကာ၊ ဆန်းကြယ်လှစွာ သန္တာညွန့်နှင့်တူကုန်သော လုံးသော လက်ချောင်းရှိကုန်သည်ဖြစ်၍။ သောဘရေ၊ တင့်တယ်ကုန်၏။

၄၃။ တာတ၊ ခမည်းတော်။ သော မာဏဝေါ၊ ထိုရှင်ရသေ့ပျိုသည်။ အကက္ကသင်္ဂေါ၊ ပွေးဝဲမစွဲ ရှုမရဲသော ကိုယ်ရှိ၏။ အဿ၊ ထိုရှင်ရသေ့ပျို၏။ န စ ဒီဃလောမော၊ အမွေးတို့သည် ရှည်လည်း မရှည်ကုန်။ အဿ၊ ထိုရသေ့ပျို၏။ နခါ၊ လက်သည်းတို့သည်။ ဒီဃာ၊ ရှည်ကုန်၏။ အပိစ၊ ရှည်ကာသာလည်း မဟုတ်သေး။ လောဟိတင်္ဂါ၊ ကျေးနှုတ်သီးကဲ့သို့ တွေးတွေးနီသော အဆင်းလည်း ရှိကုန်၏။ ကလျာဏရူပေါ၊ ကောင်းသော သဘောရှိသော ရှင်ရသေ့ပျိုသည်။ မုဒူဟိ၊ နူးညံ့ကုန်သော။ ဗာဟာဟိ၊ မောင်းနှစ်ဖက်တို့ဖြင့်။ ပလိဿဇန္တော၊ ငါ့ကိုပိုက်ဖက်၍။ ရမယံ-ရမယန္တော၊ မွေ့လျော်စေလျက်။ ဥပဋ္ဌဟိ၊ ငါ့အား လုပ်ကျွေးပေ၏။

၄၄။ တာတ၊ ခမည်းတော်။ အဿ၊ ထိုရှင်ရသေ့ပျို၏။ ဟတ္ထာ၊ လက်တို့သည်။ တူလူပနိဘာ၊ ဝါဂွမ်းစုကဲ့သို့။ မုဒူ၊ နူးညံ့ကုန်၏။ ပဘဿရာ၊ ပြိုးပြိုးပြက်ပြက် ထွက်လတ်သော အရောင်ရှိကုန်၏။ သုဝဏ္ဏကမ္ဗုတလဝဋ္ဋာ၊ ရွှေကြေးမုံကဲ့သို့ ညီညွတ်သော လက်ဝါးပြင်, ပွတ်တင်သကဲ့သို့ လုံးသော လက်ချောင်း ရှိကုန်၏။ သုစ္ဆဝီ၊ ကောင်းသော အရေအသား ရှိကုန်၏။ သော၊ ထိုရှင်ရသေ့ပျိုသည်။ တေဟိ၊ ထိုသို့သဘောရှိကုန်သော။ မုဒုကေဟိ၊ နူးညံ့လှကုန်သောလက်တို့ဖြင့်။ မံ၊ ကို။ သံဖုသိတွာ၊ ကောင်းစွာတို့၍။ ဣတော၊ ဤကျောင်းမှ။ ဂတော၊ ငါမျှော်လိုက်စဉ်ပင် သွားရှာလေ၏။ တေန၊ ထိုသိုနူးညံ့လှကုန်သော လက်တို့ဖြင့် ငါ့ကိုတို့၍ သွားရှာလေသောကြောင့်။ မံ-မမ၊ ငါ၏။ စိတ္တံ၊ စိတ်သည်။ ဒဟတိ၊ ပူလှချေ၏။

၄၅။ တာတ၊ ခမည်းတော်။ သော ဣသိ၊ ထို ရှင်ရသေ့ပျိုသည်။ ခါရိဝိဓံ၊ ပရိက္ခရာဖြင့်ပြည့်သော ဝန်ကို။ န ဝဟတိ နူန၊ မထမ်းလေသည် ထင်၏။ သော ဣသိ၊ ထိုရှင်ရသေ့ပျိုသည်။ သယံ၊ ကိုယ်တိုင်။ ကဋ္ဌာနိ၊ မီးပူဇော်စရာထင်းတို့ကို။ န အဘဉ္ဇိ နူန၊ ခွဲဘူးဟန်မရှိ။ သော ဣသိ၊ ထို ရှင်ရသေ့ပျိုသည်။ ဒုမေ၊ သစ်ပင်တို့ကို။ ကုဒါရိယာ၊ ပုဆိန်ဖြင့်။ န ဟန္တိ နူန၊ ပေါက်ဘူးဟန်မရှိ။ ဟိ-သစ္စံ၊ မှန်၏။ အဿ၊ ထိုရှင်ရသေ့ပျို၏။ ဟတ္တေသု၊ လက်တို့၌။ ခိလာနိ၊ ပွန်းရာ ပေါက်ရာတို့သည်။ န အတ္ထိ- နသန္တိ၊ မရှိကုန်။

၄၆။ တာတ၊ ခမည်းတော်။ အစ္ဆော စ ခေါ၊ ဝံတစ်ခုသည်လျှင်။ အဿ၊ ထိုရသေ့ပျို၏။ ဦရုန္တရေ၊ ပေါင်ကြား၌။ ဝဏံ၊ အနာကို။ အကာသိ၊ ပြုလေ၏။ တာတ၊ ခမည်းတော်။ သော၊ ထိုရှင်ရသေ့သည်။ ဗြဟ္မေ၊ ဣသိသိင်္ဂရသေ့မြတ်။ တွံ၊ ရှင်ရသေ့သည်။ မံ၊ ငါ့ကို။ သုခိတံ၊ ချမ်းသာအောင်။ ကရောဟိ၊ ပြုပါလော့။ ဣတိ၊ ဤသို့။ မံ၊ ငါ့ကို။ အဗြဝိ၊ ဆို၏။ တေန၊ ထို့ရှင်ရသေ့ပျိုသည်။ မမ၊ ငါ့အား။ သုခိတံ၊ ချမ်းသာအောင်။ ကရောဟိ၊ ပြုပါလော့။ ဝုတ္တော၊ ဆိုအပ်သော။ သော အဟံ၊ ထိုငါသည်။ တဿ၊ ထိုရှင်ရသေ့ပျိုအား။ သောချံ၊ ချမ်းသာအောင်။ ကရိံ၊ ပြုလိုက်၏။ တာတ၊ ခမည်းတော်။ ကာရိတေ၊ ချမ်းသာအောင်ပြုသည်ရှိသော်။ သော တာပသော၊ ထိုရှင်ရသေ့ပျိုသည်။ မံ၊ ငါ့ကို။ ဗြဟ္မေ၊ ဣသိသိင်္ဂ ရှင်ရသေ့မြတ်။ သုခိတောသ္မိ၊ ငါ ချမ်းသာပြီ။ ဣတိ၊ ဤသို့။ အဗြဝိ၊ ပြောဆိုခဲ့၏။

၄၇။ တာတ၊ ခမည်းတော်။ တေ-တဝ၊ ခမည်းတော်၏။ မာလုဝပဏ္ဏသန္ထတာ၊ မာလောရွက်ဖြင့် မိုးအပ်သော။ အယဉ္စ၊ ဤကျောင်းတော်သည်လည်း။ အဇ္ဇ၊ ယနေ့။ မယာ စ၊ ငါသည်လည်းကောင်း။ တေနေ စ၊ ထိုရှင်ရသေ့ပျိုသည်လည်းကောင်း။ အညမညပရာမသနာလိင်္ဂနဝသေန၊ အချင်းချင်း သုံးသပ်ဖက်ရမ်းကြသည်၏ အစွမ်းအားဖြင့်။ ပရိဝတ္တေန္တေဟိ၊ ထိုမှဤမှ လွင့်၍ ကျကုန်သောကြောင့်။ ဝိကိဏ္ဏရူပါဝ၊ ဖရိုဖရဲ ဤသို့သောသဘောရှိ၏။ တာတ၊ ခမည်းတော်။ အဟဉ္စ၊ ငါသည်လည်းကောင်း။ သော စ၊ ထို ရှင်ရသေ့ပျိုသည်လည်းကောင်း။ ရမိတွာ၊ မွေ့လျော်ကြ၍။ ကိလန္တရူပါ၊ ပင်ပန်းကြလျှင်။ ဥဒကေ၊ ရေအိုင်၌။ ရမိတွ၊ ရေချိုးကြ၍။ ပုနပ္ပုနံ၊ အဖန်တလဲလဲ။ ပဏ္ဏကုဋိံ၊ ကျောင်းတွင်းသို့။ ဝဇာမ၊ ဝင်ကြကုန်၏။

၄၈။ တာတ၊ ခမည်းတော်။ အဇ္ဇ၊ ယနေ့။ မမ၊ ငါ့အား။ မန္တာ၊ ဗေဒင်တို့သည်။ နပ္ပဋိဘန္တိ၊ မထင်ကုန်။ အဂ္ဂိဟုတ္တမ္ပိ၊ မီးပူဇော်ခြင်းသည်လည်း။ နပ္ပဋိဘာတိ၊ မထင်။ ယညန္တံပိ၊ ယဇ်ပူဇော်ခြင်းသည်လည်း။ နပ္ပဋိဘာတိ၊ မထင်။ တတြ- တသ္မိံ၊ ထိုအရပ်၌။ တံ ဗြဟ္မာစာရိံ၊ ထိုရှင်ရသေ့ပျိုကို။ ယာဝ၊ အကြင်မျှလောက်သော ကာလပတ်လုံး။ န ပဿမိ၊ မမြင်ရသေး။ တာဝ၊ ထို မမြင်ရသေးသမျှ ကာလပတ်လုံး။ တေ၊ သင်ခမည်းတော်၏။ မူလဖလာနိ၊ သစ်မြစ်သစ်သီးတို့ကို။ န စာပိ ဘုဉ္ဇ၊ ငါမစား။

၄၉။ တာတ၊ ခမည်းတော်။ ယဿ ဒိသံ၊ အကြင် အရပ်မျက်နှာ၌။ သော ဗြဟ္မစာရီ၊ ထိုရှင်ရသေ့ပျိုသည်။ ဝသ၊ နေ၏။ တံ ဒိတံ၊ ထိုအရပ်မျက်နှာကို။ တုဝမ္ပိ၊ သင် ခမည်းတော်သည်လည်း။ အဒ္ဓါ၊ စင်စစ်။ ပဇာနာသိ၊ သိတော်မူအံ့။ တာတ၊ ခမည်းတော်။ အဟံ၊ အကျွန်ုပ်သည်။ တေ၊ သင်ခမည်းတော်၏။ အဿမမှိ၊ ကျောင်းတော်၌။ မာ အမရိ၊ မသေခင်။ တံ ဒိသံ၊ ထိုရှင်ရသေ့ပျိုနေသော အရပ်သို့။ မံ၊ ငါ့ကို။ ခိပ္ပံ ပါပယ၊ လျင်စွာ ပို့ပါလော့။

၅၀။ တာတ၊ ခမည်းတော်။ ဝနံ၊ ရှင်ရသေပျို၏ ကျောင်းကိုလည်၍ တည်သောတောသည်။ ဝိစိတြဖုလ္လံ၊ အဖြူ အနီ အစရှိသည်တို့ဖြင့် ဆန်းကြယ်သော အဆင်း ရှိသော ပန်းပွင့်တို့ဖြင့် ပွင့်လင်းသာယာ၏။ ဒိဇာဘိဃုဋ္ဌံ၊ ငှက်အပေါင်းတို့၏ သာယာစွာ တွန်မြူးရာဖြစ်၏။ ဒိဇသံဃသေဝိတံ၊ ငှက်အပေါင်းတို့ မှီဝဲရာဖြစ်၏။ ဣတိ၊ ဤသို့။ မယာ၊ ငါသည်။ သုတံ၊ ရှင်ရသေ့ပျိုပြော၍ ကြားလိုက်ရ၏။ တာတ၊ ခမည်းတော်။ အဟံ၊ အကျွန်ုပ်သည်။ တေ၊ ခမည်းတော်ရှင်ရသေ့၏။ အဿမေ၊ ကျောင်းတော်၌။ ပါဏံ၊ အသက်ကို ပုရာ ဝိဇဟာမိ၊ မစွန့်ရခင်။ တံ ဝနံ၊ ထိုရှင်ရသေ့ပျိုနေရာ တောမြိုင်သာသို့။ မံ၊ ငါ့ကို။ ခိပ္ပံ ပါပယ၊ လျင်စွာ ပို့တော်မူပါလော့။

ရသေ့ကြီး၏ ဆုံးမစကား

ဤသို့ တ, သ မြည်တမ်းသော သားတော် ဣသိသိင်္ဂရသေင့ယ်၏ ထိုတ, သ မြည်တမ်းသံကိုကြား၍ ဘုရားအလောင်းသည် တစ်ယောက်သော မိန်းမသည် ဤဣသိသိင်္ဂရသေ့ငယ်၏ သီလကို ဖျက်ဆီးသည်ဖြစ်လတ္တံ့ဟု သိ၍ သားတော် ဣသိသိင်္ဂရသေ့ငယ်ကို ဆုံးမတော်မူလိုရကား-

၅၁။ ဣမသ္မာဟံ ဇောတိရသေ ဝနမှိ၊
ဂန္ဓဗ္ဗဒေဝစ္ဆရ သံဃသေဝိတေ။
ဣသီနမာဝါသေ သနန္တနမှိ၊
နေတာဒိသံ အရတိံ ပါပုဏေထ။
၅၂။ ဘဝန္တိ မိတ္တာနိ အထော န ဟောန္တိ၊
ဉာတီသု မိတ္တေသု ကရောန္တိ ပေမံ။
အယဉ္စ ဇမ္မော ကိဿ ဝါ နိဝိဋ္ဌော၊
ယော နေဝ ဇာနာတိ ကုတောမှိ အာဂတော။
၅၃။ သံဝါသေန ဟိ မိတ္တာနိ၊ သန္ဓိယန္တိ ပုနပ္ပုနံ။
သွေဝ မိတ္တော အသံဂန္တု၊ အသံဝါသေန ဇီရတိ။
၅၄။ သစေ တုဝံ ဒက္ခသိ ဗြဟ္မစာရိံ၊
သစေ တုဝံ သလ္လပေ ဗြဟ္မစာရိနာ။
သမ္ပန္နသဿံဝ မဟောဒကေန၊
တပေါ ဂုဏံ ခိပ္ပမိမံ ပဟိဿသိ။
၅၅။ ပုနပိ စေ ဒက္ခသိ ဗြဟ္မစာရိံ၊
ပုနပိ စေ သလ္လပေ ဗြဟ္မစာရိနာ။
သမ္ပန္နသဿံဝ မဟောဒကေန၊
ဥသ္မာဂတံ ခိပ္ပမိမံ ပဟိဿသိ။
၅၆။ ဘူတာနိ ဟေတာနိ စရန္တိ တာတ၊
ဝိရူပရူပေန မနုဿလောကေ။
န တာနိ သေဝေထ နရော သပညော၊
အာသဇ္ဇ နံ နဿတိ ဗြဟ္မစာရီ။

ဟူသော ဤခြောက်ဂါထာတို့ကို ဆို၏။

၅၁။ တာတ၊ ချစ်သား ဣသိသိင်္ဂ။ ဂန္ဓဗ္ဗဒေဝစ္ဆရသံဃသေဝိတေ၊ ဂန္ဓဗ္ဗ နတ်သမီးအပေါင်းတို့၏ မှီဝဲရာဖြစ်ထသော။ ဣသီနံ၊ ရသေ့သူမြတ်တို့၏။ အာဝါသေ၊ နေရာဖြစ်ထသော။ သနန္တနမှိ၊ ရှည်ကြာ ဟောင်းမြင်းလေပြီးထသော။ ဇောတိရသေ၊ ပူဇော်သော မီးအရောင်ဖြင့် တပြောင်ပြောင် ထွန်းပထသော။ ဣမသ္မာ-ဣမသ္မိံ၊ ဤသို့ သဘောရှိသော။ ဝနမှိ၊ ဟိမဝန္တာတော၌။ ဝသန္တော၊ နေသော။ တွံ၊ သင် ချစ်သားသည်။ ယံ အနဘိရတိံ၊ အကြင်ပညာရှိတို့အား မထိုက်မလျော်သော ငြီးငွေ့ခြင်းသို့။ ပတ္တော၊ ရောက်ချေပြီ။ ဧတာဒိသံ၊ ထိုသို့သဘောရှိသော။ အရတိံ၊ ငြီးငွေ့ခြင်းသို့။ န ပါပုဏေထ၊ မရောက်သင့်ပါတကား။

၅၂။ တာတ၊ ချစ်သား ဣသိသိင်္ဂ။ လောကေ၊ လောက၌။ သတ္တာနံ၊ သတ္တဝါတို့အား။ မိတ္တာနိ၊ အဆွေခင်ပွန်းတို့မည်သည်။ ဘဝန္တိ၊ ရှိသည်လည်း ဖြစ်ကုန်၏။ အထော၊ ထိုမှတစ်ပါး။ နဟောန္တိ၊ မရှိသည်လည်း ဖြစ်ကုန်၏။ တတ္ထ၊ ထိုအဆွေခင်ပွန်း ရှိ, မရှိ ဖြစ်ကုန်သောသူ နှစ်ဦးတို့တွင်။ ယေသံ၊ အကြင်သူတို့အား။ ဟောန္တိ၊ အဆွေခင်ပွန်းရှိသည် ဖြစ်ကုန်၏။ တေ၊ ထိုအဆွေခင်ပွန်း ရှိကုန်သော သူတို့သည်။ ဉာတီသု၊ အဆွေအမျိုးတော်ကုန်သော။ မိတ္တေသု၊ အဆွေခင်ပွန်းတို့၌သာလျှင်။ ပေမံ၊ ချစ်ခြင်းကို။ ကရောန္တိ၊ ပြုကြကုန်သည်တကား။ ယော၊ အကြင်ဣသိသိင်္ဂသည်။ အဟံ၊ ငါကား။ ကုတော၊ အဘယ်အရပ်မှ။ အာဂတော၊ လာသည်။ အမှိ၊ ဖြစ်သနည်း။ ဣတိ၊ သို့။ ဧတ္တကမ္ပိ၊ ဤမျှကိုလည်း။ နေဝ ဇာနာတိ၊ မသိသည်သာတည်း။ အထ၊ ထိုသို့ မသိဘဲလျက်။ အယဉ္စ ဇမ္မော၊ ဤဣသိသိင်္ဂ ရသေ့ယုတ်သည်လျှင်။ ကိဿ ဝါ၊ အဘယ် မည်သော အကြောင်းကြောင့်လျှင်။ နိဝိဋ္ဌော၊ မိန်းမ၌ အဆွေခင်ပွန်းဟူသော အမှတ်ဖြင့် ချစ်ကျွမ်းဝင်ရလေသနည်း။

၅၃။ တာတ၊ ချစ်သား ဣသိသိင်္ဂ။ ပုနပ္ပနံ၊ အဖန်တလဲလဲ။ သံဝါသေနဟိ၊ ပေါင်းဖော်ခြင်းဖြင့်လျှင်။ မိတ္တာနိ၊ အဆွေခင်ပွန်းတို့သည်။ သန္ဓိယန္တိ၊ တပေါင်းတည်း ဖြစ်ကုန်၏။ အသံဂန္တု၊ မပေါင်းဖော်သောသူအားကား။ သွေဝ မိတ္တော၊ ထိုအဆွေခင်ပွန်းသည်လျှင်။ အသံဝါသေန၊ မပေါင်းဖော်ခြင်းကြောင့်။ ဇီရတိ၊ ပျက်စီး၏။

၅၄။ တာတ၊ ချစ်သား။ တုဝံ၊ သင်သည်။ ဗြဟ္မစာရိံ၊ ဤကျောင်းသို့လာသော ရှင်ရသေ့ကို။ သစေ ဒက္ခသိ၊ အကယ်၍ မြင်ရပြန်အံ့။ တုဝံ၊ သင်သည်။ ဗြဟ္မစာရိနာ၊ ဤကျောင်းသို့ လာသော ရှင်ရသေ့နှင့်။ သစေ သလ္လပေ၊ အကယ်၍ ပြောဟောပြန်အံ့။ အထ၊ ထိုသို့ မြင်ပြန် ပြောပြန် ဟောပြန်သည်ရှိသော်။ သမ္မန္နသဿံ၊ ပြည့်စုံသော ကောက်ပင်ကို။ မဟောဒကေန၊ ပြင်းထန်စွာသော ရေသည်။ နီဟရိယတိ ဣဝ၊ မျှောလေအပ်သကဲ့သို့။ တထာ၊ ထို့အတူ။ ဣမံ တပါဂုဏံ၊ ဤမြတ်သော အကျင့်တည်းဟူသော ဂုဏ်ကို။ ခိပ္ပံ၊ လျင်စွာ။ တွံ၊ သင်သည်။ ပဟိဿသိ၊ ဖျောက်ပေလတ္တံ့။

၅၅။ တာတ၊ ချစ်သား ဣသိသိင်္ဂ။ တွံ၊ သင်သည်။ ဗြဟ္မစာရိံ၊ ဤကျောင်းသို့ လာသော ရသေ့ကို။ ပုနပိ၊ တစ်ဖန်လည်း။ န ဒက္ခသိ စေ၊ မတွေ့ပြန်သည်ဖြစ်အံ့။ တွံ၊ သင်သည်။ ဗြဟ္မစရိနာ၊ ဤကျောင်းသို့ လာသော ရသေ့နှင့်။ ပုနပိ၊ တစ်ဖန်လည်း။ န သလ္လပေ စေ၊ မပြောဆိုပြန်သည် ဖြစ်အံ့။ သမ္ပန္နသဿံ၊ ပြည့်စုံသော ကောက်ပင်ကို။ မဟောဒကေန၊ များစွာသော ရေသည်။ ပဟိဿသိ ဣဝ၊ ရွှင်စေဘိသကဲ့သို့။ တထာ၊ ထို့အတူ။ ဣမံ ဥသ္မာဂတံ၊ ဤရသေ့ ရဟန်းတို့၏ တန်ခိုးအရှိန်ကို။ တွံ၊ သင်သည်။ ခိပ္ပံ၊ လျင်စွာ။ ပဟိဿသိ၊ ရွှင်စေလတ္တံ့။

၅၆။ တာတ၊ ချစ်သား ဣသိသိင်္ဂ။ မနုဿလောကေ၊ လူ့ပြည်၌။ ဝိရူပရူပေန၊ အထူးထူးသော အဆင်းဖြင့်။ ဧတာနိ ဘူတာနိ စ၊ ထိုဘီလူးမတို့သည်လည်း။ စရန္တိ၊ လှည့်ပတ်သွားလာတတ်ကုန်။ တာနိ၊ ထိုဘီလူးမတို့ကို။ သပညော၊ ပညာရှိသော။ နရော၊ ယောကျ်ားသည်။ န သေဝေထ- န သေဝေယျ၊ မမှီဝဲရာ။ ဗြဟ္မစာရီ၊ မြတ်သောအကျင့်ကို ကျင့်သော ရသေ့ရဟန်းသည်။ အာသဇ္ဇနံ၊ မှီဝဲခြင်းသို့။ ပတွာ၊ ရောက်၍။ နဿတိ၊ ပျက်စီးတတ်၏။

ဈာန်များ ပြန်ရလေပြီ

ထိုဣသိသိင်္ဂရသေ့ငယ်သည် ခမည်းတော် ရှင်ရသေ့ကြီး၏စကားကို ကြားရလျှင် ထိုမိန်းမသည် ဘီလူးမဖြစ်သတတ်ဟု ကြောက်လန့်ရကား မင်းသမီးသို့ ပြေးသွားသောစိတ်ကို ပြန်လည်စေ၍ ဖခင် ဤကျောင်းမှ မသွားပါအံ့၊ အကျွန်ုပ်အား သင်ဖခင်တို့သည် သည်းခံတော် မူပါကုန်ဟု ဆို၍ ကန်တော့၏။

ခမည်းတော် ရှင်ရသေ့ကြီးသည်လည်း ထိုသားတော် ဣသိသိင်္ဂ ရသေ့ငယ်ကို သက်သာရာရစေ၍ လုလင်... အမောင်သည် လာလှည့်၊ မေတ္တာကို ပွားစေလော့, ကရုဏာကို ပွားစေလော့, မုဒိတာကို ပွားစေလော့, ဥပေက္ခာကို ပွားစေလော့ဟု ဆို၍ ဗြဟ္မဝိဟာရဘာဝနာကို ကြားတော်မူ၏။ သားတော် ဣသိသိင်္ဂရသေ့ငယ်သည်လည်း ခမည်းတော် ရှင်ရသေ့ကြီးကြားတိုင်း ကျင့်၏။ တစ်ဖန် ဈာန် အဘိညာဉ်တို့ကို ဖြစ်စေ၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤနိလိနိကာဇာတ် ဓမ္မဒေသနာကို ဆောင်တော်မူပြီးလျှင် သစ္စာတို့ကို ပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ သစ္စာတို့ကို ပြတော်မူသည်၏ အဆုံး၌ သာသနာတော်၌ ငြီးငွေ့ဆန့်ကျင် မပျော်ရွှင်သည်ဖြစ်၍ လူထွက်ချင်သော ရဟန်းသည် သောတာပတ္တိဖိုလ်၌ တည်၏။ ဇာတ်ကို အဘယ်သို့ ပေါင်းတော်မူသနည်းဟူမူကား၊ ယခုအခါ သာသနာတော်၌ ငြီးငွေ့ဆန့်ကျင် မပျော်ရွှင်သည်ဖြစ်၍ လူထွက်ချင်သောရဟန်း၏ မယားဟောင်းသည် ထိုအခါ နိလိနိကာအမည်ရှိသော မင်းသမီး ဖြစ်ဖူးပြီ၊ ယခုအခါ သာသနာတော်၌ ငြီးငွေ့ဆန့်ကျင် မပျော်ရွှင်သည်ဖြစ်၍ လူထွက်ချင်သော ရဟန်းသည် ထိုအခါ ဣသိသိင်္ဂရသေ့ငယ် ဖြစ်ဖူးပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ခမည်းတော်ရသေ့ကြီး ဖြစ်ဖူးပြီ ဤသို့ ဇာတ်ပေါင်းတော်မူ၏။

မဘက်လိုက်ရာ၊ မိုက်ဘက်ပါ၊ ပညာပျက်တတ်သည်

ရှေးဦးစွာ နိလိနိကာဇာတ်သည် ပြီး၏။

*****