နိဂြောဓမိဂဇာတ်

From Wikisource
Jump to navigation Jump to search
ပုံတော်စုံ ငါးရာငါးဆယ် ဇာတ်ဝတ္ထု by မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော်
၁၂။ နိဂြောဓမိဂဇာတ်

ဧကကနိပါတ်-သီလဝဂ်

၂။ နိဂြောဓမိဂဇာတ်

အသက်ချင်း လှယ်၍ ကယ်ဘူးသော အကြောင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် နိဂြောဓမေဝ သေဝေယျ အစရှိသောဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော နိဂြောဓမိဂဇာတ်ကို သာဝတ္ထိပြည် ဇေတဝန် ကျောင်းတော်၌ နေတော်မူစဉ် ကုမာရ ကဿပ မထေရ်၏ အမိကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုမထေရ်၏ အမိသည် ရာဇဂြိုဟ်ပြည်၌ များသောစည်းစိမ်ရှိသော သူဌေး၏သ္မီး ဖြစ်သတည်း၊ ထိုသူဌေးသမီးသည် များစွာသော ကုသိုလ်မူလရှိ၏။ ဝိပဿနာလက်ဖြင့် သုံးသပ် ဆုပ်နယ်အပ်သော သင်္ခါရတရားရှိ၏။ ပစ္ဆိမဘဝိက သတ္တဝါဖြစ်၏။ အိုး၏ အတွင်း၌ရှိသော ဆီမီးကဲ့သို့ ထိုသူဌေသမီး၏ နှလုံး၌လည်း အရဟတ္တဖိုလ်၏ ဥပနိဿယသည် ထွန်းပ၏။ ထိုသူဌေးသ္မီးသည် ကိုယ်ကိုသိသောကာလမှစ၍ အိမ်၌မမွေ့လျော်သည်ဖြစ်၍ ရဟန်းပြုလိုရကား အမိအဘတို့ကို မိခင်ဘခင်တို့ အိမ်၌ အကျွန်ုပ်သည်မမွေ့လျော် အကျွန်ုပ်သည် ဝဋ်ဆင်းရဲမှ ထွက်မြောက်စေတတ်သော ဘုရားသာသနာတော်၌ ရဟန်းပြုလို၏။ အကျွန်ုပ်ကို ရဟန်းပြုကုန်လောဟု ဆို၏။ ချစ်သ္မီး အသို့ဆိုဘိသနည်း ဤအမျိုးသည် များသောစည်းစိမ်ရှင်ဖြစ်၏။ ချစ်သ္မီးသည်လည်း ငါတို့၏တယောက်ထည်းသော သ္မီးဖြစ်ခဲ့၏။ ချစ်သ္မီးသည် ရဟန်းပြုခြင်းငှါ အခွင့်မရထိုက်တကားဟု မိဘတို့ ဆိုကုန်၏။ ထိုသူဌေးသ္မီးသည် အကြိမ်ကြိမ် ခွင့်တောင်းသော်လည်း မိဘတို့ထံမှ ရဟန်းပြုခွင့်ကို မရ၍ မရသည်ပင်ဖြစ်စေဦး လင့်အိမ်သို့ရောက်သောအခါမှ လင်ကို နှစ်သိမ့်စေ၍ ရဟန်းပြုအံ့ဟု ကြံ၏။

ထိုသူဌေးသ္မီးသည် အရွယ်ရောက်၍ လင့်အိမ်သို့ ရောက်သည်တွင် လင်ကို နတ်ကဲ့သို့ရိုသေ၍ သီလနှင့်ပြည့်စုံစွာ ကောင်းသော အကျင့်ရှိလျက် အိမ်၌နေ၏။ ထိုအခါ ထိုသူဌေးသ္မီးအား သံဝါသကိုအစွဲပြု၍ ကိုယ်ဝန်တည်လေ၏။ ထိုသူဌေးသ္မီးသည် ကိုယ်ဝန်တည်သည်၏ အဖြစ်ကိုမသိ၊ ထိုအခါ ရာဇဂြိုဟ်ပြည်၌ နက္ခတ်သဘင်ကို ကြွေးကြော်ကုန်၏။ အလုံးစုံသော မြို့သူတို့သည် နက္ခတ်သဘင် ကစားကုန်၏။ မြို့သည် နတ်ပြည်ကဲ့သို့ ဆင်ယင်အပ်သော တန်ဆာနှင့်စပ်၏။ ထိုသူဌေးသ္မီးသည်ကား မြတ်သော နက္ခတ်သဘင် ကစားခြင်းသည် ဖြစ်ငြားသော်လည်း မိမိကိုယ်ကို မလိမ်းမကျံ မဆင်ယင်ဘဲ ပကတိ အသွင်ဖြင့်သာလျှင်သွား၏။ ထိုအခါ လင်သည် ရှင်မ တမြို့လုံးသည် နက္ခတ်သဘင်ကိုမှီ၏။ သင်သည်တမူကား ကိုယ်ကို မသုတ်သင် မဆင်ယင်တကားဟုဆို၏။

အရှင့်သား အကျွန်ုပ်ကိုယျသည် သုံးဆယ့်နှစ်ပါးကုန်သော အပုပ်တို့ဖြင့်ပြည့်၏။ ဤသို့သောကိုယ်ကို တန်ဆာဆင်သဖြင့် အဘယ်မူအံ့နည်း ဤကိုယ်ကို နတ်လည်း မဖန်ဆင်း၊ ဗြဟ္မာလည်း မဖန်ဆင်း၊ ဤကိုယ်သည် ရွှေဖြင့်လည်း မပြီး၊ ပတ္တမြားဖြင့်လည်း မပြီး၊ စန္ဒကူးနံ့သာဖြူဖြင့်လည်း မပြီး၊ ပုဏ္ဍရိက်ကြာ ကုမုဒြာကြာ ကြာညို ကြာနီ ကြာဖြူတို့၏ ပွင့်ချပ်တို့၌လည်း မဖြစ်၊ မသေ နေရသည်လည်း မဟုတ်သေး၊ မသေနေရသောဆေးဖြင့် ပြည့်သည်လည်းမဟုတ်၊ စင်စစ်သော်ကား မစင်ဖြင့် ပြည့်၏။ အပုပ်အစပ်၌ ဖြစ်၏။ မမြဲသော သဘောရှိ၏။ နနွင်း ကသယ် အစရှိသည်တို့ဖြင့် လိမ်းကျံအပ်သော သဘောရှိ၏။ ဆုပ်နယ်အပ်သော သဘောရှိ၏။ ကွဲပြိုတတ်သော သဘောရှိ၏။ ပျက်စီးတတ်သော သဘောရှိ၏။ စက်ဆုပ်ဘွယ်သောအာဟာရကြောင့် ပွား၍ တဏှာကို ဖြစ်စေ၏။ စိုးရိမ်ခြင်းတို့၏ အကြောင်း ဖြစ်၏။ ငိုကြွေးခြင်းတို့၏ တည်ရာဖြစ်၏။ ခပ်သိမ်းသောရောဂါတို့၏ တည်ရာဖြစ်၏။ ညှဉ်းဆဲခြင်းတို့ကို ခံယူတတ်၏။ အတွင်း၌ ပုပ်၏။ အမြဲလျှင် အဝသို့ အပုပ်အစပ်တို့ ယို၏။ ပိုးမျိုးတို့ နေရာဖြစ်၏။ သုသာန်မြေ၌ လျောင်းရလတ္တံ့ သည်ဖြစ်၏။ သေခြင်းလျှင် အဆုံးရှိ၏။ လူအပေါင်း၏ မျက်စိမြင်ကောင်းသော အရပ်၌ ဖြစ်သော်လည်း ဤကိုယ်သည် အရိုးအကြောတို့နှင့်ယှဉ်လျက် အတွင်းရေ အသားတို့သည် လိမ်းကျံလျက် အပရေသည် ဖုံးလွှမ်းအပ်ရကား အဟုတ် အမှန်အားဖြင့် သတ္တဝါအများ ကာမသားတို့အား မထင်၊ အသည်း စည်ပေါင်းအိမ် နှလုံး အဆုပ် အညှို့ အဖျဉ်း နှပ် တံတွေး ချွေး အဆီခဲ သွေး အစေး သည်းခြေ ဆီကြည်တို့ဖြင့် အူသိမ် အူမ ဝမ်းတို့၌ ပြည့်၏။

ထိုမှတပါးလည်း ဤကိုယ်၏ ဒွါရကိုးပေါက်တို့မှ အစဉ်တစိုက်လျှင် မစင်မကြယ် စက်ဆုပ်ရွံရှာဘွယ်တို့သည် ယိုစီး၏။ မျက်စိမှ မျက်ချေး၊ နားမှ နဖာချေး၊ နှာခေါင်းမှ နှပ်၊ ခံတွင်းမှ ရံခါ သလိပ်၊ ရံခါ သည်းခြေ၊ ကိုယ်မှ ချွေးကြီးချွေးငယ်တို့သည် ယိုစီးကုန်၏။ ထိုမြို့လည်း ဤကိုယ်၏အတွင်းသည် အပဖြစ်တုံငြားအံ့၊ နှင်တံကိုင်၍ ကျီးခွေးတို့ကို မြစ်ရရာသည်မဟုတ်လော၊ ဤကိုယ်သည် မကောင်းသောအနံ့ရှိ၏။ မစင်ကြယ်သည်သာ ဖြစ်၏။ ခွေးကောင်ပုပ်သဖွယ် ဖြစ်၏။ လူနတ်တို့၏ မျက်စိသဖွယ်ဖြစ်ကုန်သော အရိယာသူတော်ကောင်းတို့သည် ဤကိုယ်ကို ကဲ့ရဲ့အပ်ကုန်၏။ သူမိုက်တို့သာလျှင် နှစ်သက်အပ်၏။ စိုသောအရေဖြင့် ဖုံးလွှမ်းအပ်၏။ ဤကိုယ်သည် အမာကြီးဟူ၍ဆိုအပ်သော ကိုးပေါက်သော ဒွါရရှိ၏။ ဤကိုယ်၏ အလုံးစုံသော ဒွါရကိုးပေါက်တို့မှ ပုပ်သော အနံ့ရှိကုန်သော မစင်ဘင်ပုပ်တို့သည် ယိုစီးကုန်၏။

အရှင့်သား ဤသို့သဘောရှိသော ကိုယ်ကို တန်ဆာဆင်သဖြင့် အဘယ်ပြုအံ့နည်း၊ ဤသို့သဘောရှိသောကိုယ်ကို တန်ဆာဆင်ခြင်းသည် မစင်ဖြင့်ပြည့်သောအိုး၏ အဝ၌ ပန်းချီဆေးဝါး ရေးသားဆင်ယင်ဘိသကဲ့သို့ မရှိတုံလောဟု သူဌေးသ္မီး ဆို၏။ သူဌေးသ္မီးသည် ဆိုသော စကားကိုကြား၍ ရှင်မ သင်သည် ဤကိုယ်၏အပြစ်ကို သို့စဉ်မြင်လျက် အဘယ့်ကြောင့် ရဟန်းမပြုဘဲ နေဘိသနည်းဟု ဆို၏။ အရှင့်သား အကျွန်ုပ်သည် ရဟန်းပြုခွင့်ကို ရပါသည်ဖြစ်မူကား ယနေ့ပင်လျှင် ရဟန်းပြုပါအံ့ဟု သူဌေးသ္မီးဆို၏။ သူဌေးသားသည် ကောင်းပြီ အကျွန်ုပ် ရှင်မကို ရဟန်းပြုပါစေအံ့ဟု ဆို၏။ အလှူကြီးကိုဖြစ်စေ၍ ကြီးစွာသော ပူဇော်သက္ကာရကိုပြုလျက် များစွာသောအခြံအရံဖြင့် ရဟန်းမိန်းမတို့၏ ကျောင်းသို့ပို့၍ ရဟန်းပြုစေသည်ရှိသော် ဒေဝဒတ် အဝင် အပါဖြစ်ကုန်သော ရဟန်းမိန်းမတို့၏ အထံ၌ ရဟန်းပြုစေ၏။ ရဟန်းအဖြစ်ကိုရပြီး၍ ပြည့်စုံသောအကြံရှိရကား ဝမ်းမြောက်ဝမ်းသာ ရှိ၏။ ထိုအခါ ရဟန်းမိန်းမ၏ ကိုယ်ဝန်ရင့်လတ်သော် ဣန္ဒြေတို့၏ ဖောက်ပြန်ခြင်းတို့သည်ဖြစ်၏။ ရဟန်းမိန်းမတို့သည် လက်ဘမိုးထူခြင်း ဝမ်းရေကြီးခြင်းကိုမြင်၍ ရှင်မ သင်သည် ကိုယ်ဝန်စွဲဝင်တကား၊ အဘယ်ကြောင့် ဤအမှုသည် ဖြစ်တုံဘိသနည်းဟု မေး၏။ ထိုရဟန်းမိန်းမလည်း ရှင်မတို့ ဤမည်သောအကြောင်းကြောင့် ကိုယ်ဝန်စွဲသည်ဟူ၍ကား အကျွန်ုပ် မသိ၊ အကျွန်ုပ်အား သီလသည်မူကား ပြည့်စုံပါ၏ဟု ပြော၏။

ထိုအခါ ရဟန်းမိန်းမတို့သည် ထိုကိုယ်ဝန်စွဲသော ရဟန်းမိန်းမကို ဒေဝဒတ်အထံသို့ ဆောင်ကုန်၍ အရှင်ဘုရား ဤအမျိုးသ္မီးသည် ငြိုငြင်သဖြင့် လင်ကိုနှစ်သိမ့်စေ၍ ရဟန်းအဖြစ်ကိုရ၏။ ယခုမူကား ဤရှင်မအားကိုယ်ဝန်စွဲခြင်းသည် ဖြစ်၏။ အကျွန်ုပ်တို့သည် ဤကိုယ်ဝန်ကို ရဟန်းဖြစ်မှရသည်ကို၎င်း လူဖြစ်စဉ်ကရလေသည်ကို၎င်း မသိနိုင်ကုန်၊ ယခု အဘယ်သို့ ပြုရအံ့နည်းဟု ဒေဝဒတ်ကိုမေးလျှောက်ကုန်၏။ ဒေဝဒတ်သည် ပညာမရှိသည်၏ အဖြစ်ကြောင့်၎င်း ခန္တီ မေတ္တာ ကရုဏာ မရှိသည်၏ အဖြစ်ကြောင့်၎င်း ဒေဝဒတ်၏ ဩဝါဒခံ ရဟန်းမိန်းမသည် ဝမ်းဖြင့်ကိုယ်ဝန်ကိုလွယ်၏။ ဒေဝဒတ်သည်လည်း ထိုရဟန်းမိန်းမကို တစိမ့်စိမ့် ကြည့်၏ဟူ၍ ငါ့အား လူကဲ့ရဲ့ခြင်းသည် ဖြစ်ရာချေ၏။ ငါသည် ဤရဟန်းမိန်းမကို လူထွက်စေသင့်၏ဟု ကြံ၏။ ဤသို့ ကြံပြီး၍ ဒေဝဒတ်သည် မဆင်ခြင်မူ၍လျှင် ကျောက်ခဲတုံးကို လှိမ့်ဘိသကဲ့သို့ ပြေးတည့်၍ သင်တို့သွားကြကုန်၊ ဤရဟန်းမိန်းမကိုလူထွက်စေလေကုန်ဟုဆို၏။

ထိုရဟန်းမိန်းမတို့သည် ဒေဝဒတ်၏စကားကို ကြားကုန်၍ ရှိခိုးကုန်လျက် ကျောင်းသို့ သွားကြကုန်၏။ ထိုအခါ ရဟန်းမိန်းမငယ်သည် ရှင်မတို့ ဒေဝဒတ်သည် ဘုရားမဟုတ်၊ ကျွန်ုပ်လည်း ရှင်ဒေဝဒတ်အထံ ရဟန်း မပြု၊ ကျွန်ုပ်သည် လောက၌ သဗ္ဗညူ မြတ်စွာဘုရား အထံတော်၌သာ ရဟန်းပြု၏။ ထိုရဟန်း ပြုခြင်းကိုလည်း လွယ်လင့်တကူ ရသည်မဟုတ်၊ ငြိုငြင်သဖြင့်သာလျှင် ရအပ်၏။ အကျွန်ုပ်ကိုလူဝတ်မလဲကြပါလင့်ကုန်ဦး၊ ကျွန်ုပ်ကို ဘုရားအထံတော် ဇေတဝန်ကျောင်းတော်သို့ ဆောင်ယူသွားကြပါကုန်ဦး ဟူ၍ ဆို၏။ ထိုရဟန်းမိန်းမတို့သည် ထိုရဟန်းမိန်းမငယ်ကို ဆောင်၍ ရာဇဂြိုဟ်ပြည်မှ လေးဆယ့်ငါးယူဇနာ ခရီးကိုလွန်၍ အစဉ်သဖြင့် ဇေတဝန် ကျောင်းတော်သို့ ရောက်၍ မြတ်စွာဘုရားကို ရှိခိုးကုန်၍ ထိုအကြောင်းကို ကြားလျှောက်ကုန်၏။

သဗ္ဗညူမြတ်စွာဘုရားသည် ဤရဟန်း မိန်းမငယ်အား လူဖြစ်စဉ်ကာလ၌ကိုယ်ဝန်သည် အကယ်၍ တည်၏။ ဤသို့ လူဖြစ်စဉ်ကာလ၌ တည်ငြားသော်လည်း ရဟန်းဂေါတမသည် ရှင်ဒေဝဒတ် စွန့်ပစ်အပ်သော ရဟန်းမိန်းမငယ်ကို ယူ၍ သွားဘိသလောဟု တိတ္ထိတို့၏ကဲ့ရဲခွင့်သည် ဖြစ်လတ္တံ့၊ ထို့ကြောင့် ကဲ့ရဲ့စကားကို ဖြတ်အံ့သောငှါ မင်းနှင့်တကွသော ပရိသတ်၏ အလယ်၌ ဤတရားကို ဆုံးဖြတ်ခြင်းငှါသင့်၏ဟု ကြံတော်မူ၏။ ကြံပြီး၍ နက်ဖြန်နေ့၌ ပသေနဒီကောသလမင်း မဟာအနာထပိဏ်သူဌေး စူဠအနာထပိဏ်သူဌေး ဝိသာခါ ဒါယိကာမကြီးတို့ကို၎င်း တပါးကုန်သော ကျော်စောထင်ရှားကုန်သော အမျိုးကြီးတို့ကို၎င်း ခေါ်စေတော်မူ၍ ညချမ်းအခါ၌ လေးပါးကုန်သောပရိသတ်တို့သည် စည်းဝေးကုန်လတ်သော် အရှင်ဥပါလိမထေရ်ကို ဥပါလိ သင်သည် သွားလော၊ လေးပါးသော ပရိသတ်အလယ်၌ ဤရဟန်း မိန်းမငယ်၏ အမှုကို သုတ်သင်လောဟု မိန့်တော်မူ၏။ အရှင်ဥပါလိမထေရ်သည် ကောင်းပါပြီ အရှင်ဘုရားဟု ဝန်ခံလျက် ပရိသတ်အလယ်သို့သွား၍ ခင်းအပ်သောမိမိနေရာ၌ နေပြီးသော် မင်း၏ ရှေ့၌ ဝိသာခါ ဤရဟန်း မိန်းမငယ်သည် ဤမည်သော ကာလ၌ ဤမည်သောနေ့၌ ရဟန်းပြု၏။ အဟုတ်အမှန်ကိုသိ၍ ဤကိုယ်ဝန်ကို ရှေး၌၎င်း နောက်၌၎င်း ရသည်၏အဖြစ်ကို သိအောင်ပြု ဟု ဝိသာခါ ဒါယိကာမအား ဤအမှုကိုအပ်နှင်း၏။ ဝိသာခါ ဒါယိကာမသည် ကောင်းပြီဟု ဝန်ခံ၍ တင်းတိမ်တို့ကို ကာစေပြီးသော် တင်းတိမ်တွင်း၌ ရဟန်းမိန်းမငယ်၏ လက် ခြေ ချက် ဝမ်း အဆုံးရှိကုန်သော အင်္ဂါတို့ကိုကြည့်၍ လ, ရက်တို့ကိုတွက်လတ်သော် လူဖြစ်စဉ်ကာလက သန္ဓေရသည့် အဖြစ်ကို အဟုတ်အမှန်အားဖြင့်သိ၍ ထိုအကြောင်းကို လျှောက်၏။

ထိုအခါ ဥပါလိမထေရ်သည် ပရိသတ်လေးပါးအလယ်၌ ထိုရဟန်းမိန်းမငယ်ကို သန့်ရှင်းစင်ကြယ်သည်ကို ပြု၏။ ရဟန်းမိန်းမငယ်သည် သန့်ရှင်းစင်ကြယ်ပြီးသည်ရှိသော် ရဟန်းသံဃာကိုလည်း ရှိခိုး၍ ရဟန်းမိန်းမတို့နှင့်တကွ ကျောင်းသို့လျှင် ပြန်သွား၏။ ရဟန်းမိန်းမငယ်သည် ကိုယ်ဝန်၏ ရင့်ခြင်းကိုစွဲ၍ ပဒုမုတ္တရ မြတ်စွာဘုရား၏ ခြေတော်ရင်း၌ ပန်ဆင်အပ်သော ဆုရှိသော ကြီးသော အာနုဘော်ရှိသော သားကို ဖွား၏။ ထိုအခါ တနေ့သ၌ မင်းကြီးသည် ရဟန်းမိန်းမတို့၏ ကျောင်းအနီးဖြင့် သွားလတ်သော် သူငယ်သံကိုကြား၍ အမတ်တို့ကို မေး၏။ အမတ်တို့သည် ထိုအကြောင်းကို သိ၍ အရှင်မင်းကြီး ရဟန်းမိန်းမငယ်သည် သားဖွား၏ ထိုအသံသည် သူငယ်၏ အသံတည်းဟု လျှောက်ကုန်၏။ အချင်းတို့ ရဟန်းမိန်းမတို့အား သူငယ်ကို စောင့်ရှောက်ခြင်းမည်သည်ကား ပလိဗောဓ ဖြစ်၏။ ထိုသူငယ်ကို ငါတို့လုပ်ကျွေးကုန်အံ့ဟုဆို၍ မင်းသည် ထိုသူငယ်ကို ကချေသည်မိန်းမတို့အား ပေးစေ၍ မင်းသားတို့၏ အခြံအရံ အစောင့် အရှောက်ဖြင့် ကြီးစေ၏။ အမည်မှည့်သော နေ့၌လည်း ထိုသူငယ်အား ကဿပ ဟူသော အမည်ကို မှည့်ကုန်၏။

ထိုအခါ ထိုသူငယ်ကို မင်းသားတို့၏ အခြံအရံ အစောင့်အရှောက်ဖြင့်လျှင်ကြီးသည်၏ အဖြစ်ကြောင့် ကုမာရကဿပဟု သိကြကုန်၏။ ကုမာရကဿပသည် ခုနစ်နှစ် ရှိလတ်သောအခါ၌ မြတ်စွာဘုရား အထံတော်ဝယ် သာမဏေပြု၍ အသက်နှစ်ဆယ် ပြည့်လတ်သော် ပဉ္စင်းအဖြစ်ကိုရ၍ ကာလရှည်လတ်သော် မ္မကထိကပုဂ္ဂိုလ်တို့တွင် ဆန်းကြယ်စွာ တရားဟောတတ်သော ဓမ္မကထိက ပုဂ္ဂိုလ် ဖြစ်၏။ ထိုအခါ သဗ္ဗညူမြတ်စွာဘုရားသည် အရှင်ကုမာရကဿပမထေရ်ကို ဧတဒဂ္ဂံ ဘိက္ခဝေ မမသာဝကာနံ စိတြကထိကာနံ ယဒိဒံ ကုမာရကဿပေါ ဟု ဧတဒဂ်အရာ၌ထားတော်မူ၏။ ကုမာရ ကဿပ မထေရ်သည် နောက်ဝမ္မိကသုတ်ကို ဟောတော်မူသောအခါ၌ အရဟတ္တဖိုလ်သို့ ရောက်၏။ ကုမာရကဿပမထေရ်၏ မယ်တော် ရဟန်းမိန်းမသည်လည်း ဝိပဿနာကိုပွားစေ၍ အရဟတ္တဖိုလ်သို့ ရောက်၏။ ကုမာရကဿပမထေရ်သည် ဘုရားသာသနာတော်ဝယ် ကောင်းကင်လယ်၌ လပြည့်ဝန်းကဲ့သို့ ထင်ရှား၏။ ထိုအခါ တနေ့သ၌ ဝိပဿီ အစရှိသော ရှေးဘုရားတို့ကဲ့သို့ ကောင်းသော လာခြင်းရှိတော်မူသော သဗ္ဗညူမြတ်စွာဘုရားသည် ဆွမ်းဘုဉ်းပေးပြီးသည်မှ နောက်၌ ဆွမ်းခံရွာမှ ဖဲခဲ့တော်မူပြီးသော် ရဟန်းတို့အား အဆုံးအမကိုပေး၍ ဂန္ဓကုဋိတိုက်သို့ ဝင်တော်မူ၏။

ရဟန်းတို့သည် ဩဝါဒကို ယူကုန်၍ မိမိ မိမိတို့၏ ညဉ့်သန့်ရာ နေ့သန့်ရာဌာနတို့၌ နေ့အဘို့ကို ကုန်စေ၍ ညချမ်းအခါ တရားသဘင်၌ စည်းဝေးကုန်၍ ငါ့သျှင်တို့ ဒေဝဒတ်သည် မိမိ၏ ပညာမရှိသည်၏အဖြစ် ခန္တီ၊ မေတ္တာ၊ ကရုဏာမရှိသည်၏အဖြစ်ကြောင့် ကုမာရကဿပ မထေရ်ကို၎င်း၊ မထေရ်၏ မယ်တော် မထေရ်မကို၎င်း ဖျက်ဆီးအပ်၏။ သဗ္ဗညူမြတ်စွာဘုရားသည်တမူကား ကိုယ်တော်ဓမ္မရာဇ် ဖြစ်တော်မူသည်၏ အဖြစ်ကြောင့်၎င်း၊ ခန္တီ မေတ္တာ၊ ကရုဏာတို့နှင့် ပြည့်စုံတော်မူသည်၏ အဖြစ်ကြောင့်၎င်း မထေရ်မိသား နှစ်ပါးတို့၏လည်း အထောက်အပံ့ ဖြစ်တော်မူ၏ဟု ဘုရားဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းကုန်လျက် နေကြကုန်၏။ သဗ္ဗညူမြတ်စွာဘုရားသည် ဘုရားရှင်တို့၏ တင့်တယ်ခြင်းဖြင့် တရားသဘင်သို့ ကြွတော်မူလာ၍ ခင်းအပ်သော နေရာတော်၌ နေတော်မူပြီးသော် ရဟန်းတို့ ငါလာတော်မူသောအခါ၌ အဘယ်စကားဖြင့် သင်တို့စည်းဝေးကုန်သနည်းဟု မေးတော်မူ၏။ ဘုန်းတော်ကြီးမြတ်သော အရှင်ဘုရား အရှင်ဘုရားတို့၏ ဂုဏ်ကျေးဇူးစကားဖြင့်သာလျှင် အကျွန်ုပ်တို့ စည်းဝေးပါကုန်၏ဟု အလုံးစုံသောစကားကို ကြားလျှောက်ကုန်၏။ ရဟန်းတို့ ငါဘုရားသည် ယခုအခါ၌သာလျှင် ဤနှစ်ယောက်ကုန်သော မိသားတို့၏ အထောက် အပံ့ ကိုးကွယ်ရာ ဖြစ်တော်မူသည် မဟုတ်သေး၊ ရှေး၌လည်း ဖြစ်ဘူးသည်သာလျှင်တည်းဟု မိန့်တော်မူ၏။ ရဟန်းတို့သည် ထိုအကြောင်းကို ထင်စွာဖြစ်စိမ့်သောငှာ ဘုန်းတော်ကြီးသော သဗ္ဗညူမြတ်စွာဘုရားကို တောင်းပန်ကုန်၏။ ဘုန်းတော်ကြီးသော သဗ္ဗညူ မြတ်စွာဘုရားသည် ဘဝတပါးဖြင့် ဖုံးလွှမ်းသောအကြောင်းကို ထင်စွာ ပြတော်မူ၏။

အတိတ်ဝတ္ထု... ရဟန်းတို့ လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်းပြုလတ်သော် ဘုရားလောင်းသည် သမင်မျိုး၌ ပဋိသန္ဓေကိုယူ၏။ ထိုဘုရားလောင်းသည် အမိဝမ်းမှ ဖွားသည်ရှိသော် ရွှေအဆင်းနှင့်တူသော အဆင်းရှိ၏။ ဘုရားလောင်း၏ မျက်လုံးတို့သည်ကား ပတ္တမြားလုံးနှင့် တူကုန်၏။ ဦးချိုတို့သည် ငွေပန်းဆိုင်းအဆင်းနှင့် တူကုန်၏။ မျက်နှာသည် နီသော ကမ္ဗလာအစု၏ အဆင်းနှင့်တူ၏။ လက်ခြေ အပိုင်းအခြားတို့သည် ချိပ်ရည်တို့ဖြင့် ဆိုးအပ်ကုန်သကဲ့သို့ ရှိကုန်၏။ မြီးဆံသည် စာမရီ၏ မြီးဆံကဲ့သို့ဖြစ်၏။ ထိုဘုရားလောင်း ရွှေသမင်၏ ကိုယ်သည်ကားကြီး၏။ မြင်းငယ် အတိုင်း အရှည် ရှိ၏။ ဘုရားအလောင်း ရွှေသမင်သည် သမင်ငါးရာခြံရံလျက် တော၌နေ၏။ အမည်အားဖြင့် နိဂြောဓသမင်မည်၏။ ထိုနိဂြောဓသမင်၏ အနီး၌ သမင်ငါးရာ အခြွေအရံရှိသော သာခမိဂ အမည်ရှိသော တပါးသောသမင်သည်လည်း နေ၏။ ထိုသာခမိဂမည်သော သမင်သည်လည်း ရွှေအဆင်းနှင့်တူ၏။

ထိုအခါ ဗာရာဏသီမင်းသည် သမင်သတ်ခြင်းအမှု၌ လေ့လာ၏။ အမဲနှင့်ကင်း၍ ထမင်းမစား၊ လူတို့အမှုကိုဖျက်၍ ခပ်သိမ်းသော ဇနပုဒ်သူတို့ကို စည်းဝေးစေ၍ နေ့တိုင်း နေ့တိုင်း သမင်သတ်အံ့သောငှာသွား၏။ လူတို့သည် ဤမင်းကြီးကား ငါတို့အမှုတို့ကို ဖျက်၏။ ငါတို့သည် ဥယျာဉ်၌ သားတို့၏ အစာကိုထား၍ ရေကိုပြည့်စုံစေ၍ များစွာကုန်သောသားတို့ကို ဥယျာဉ်သို့သွင်း၍ တံခါးဖွဲ့၍ မင်းကြီးအား အပ်နှင်းရကုန်သော် ကောင်း၏ဟု ကြံကုန်၏။ ကြံကုန်ပြီး၍ ထိုခပ်သိမ်းသောလူတို့ကို ဥယျာဉ်၌ သားတို့၏အစာ မြက်တို့ကို ပေါက်ရောက်စေ၍ ရေကိုပြည့်စေ၍ တံခါးကိုယှဉ်စေပြီးသော် ပိုက်တန်းဆောက်ပုတ် စသည်တို့ကိုယူ၍ လက်စွဲကုန်လျက် တောသို့ဝင်ကုန်၍ သားတို့ကို ရှာကုန်လတ်သော် အလယ်၌တည်ကုန်သောသားတို့ကို ယူကုန်အံ့ဟု တယူဇနာမျှ အရပ်ကိုခြုံ၍ ခြံရံကုန်သည်ရှိသော် နိဂြောဓသမင် သာခသမင်တို့၏ နေရာအရပ်ကို အလယ်ထား၍ ခြံရံကုန်၏။ ထိုအခါ လူတို့သည် သမင်အပေါင်းကိုမြင်၍ သစ်ပင် ချုံ အစရှိသည်တို့ကို၎င်း မြေကို၎င်း ဆောက်ပုတ်တို့ဖြင့် ပုတ်ခတ်ကုန်လျက် သမင်အပေါင်းကို နေရာအရပ်မှထုတ်၍ သန်လျက် လှံလေးအစရှိသောလက်နက်တို့ကိုကိုင်ကုန်၍ သည်းစွာသောအသံတို့ကို ဟစ်ကြွေးကုန်လျက် သမင်အပေါင်းကို ဥယျာဉ်သို့ သွားစေကုန်ပြီးသော် တံခါးကိုပိတ်၍ မင်းအထံသို့ ကပ်လျက် အရှင်မင်းကြီး အရှင်တို့သည် မပြတ်သမင်တောသို့ သွားကုန်လျက် အကျွန်ုပ်တို့၏အမှုကို ဖျက်ဆီးကုန်၏။ အကျွန်ုပ်တို့သည် တောမှ သမင်တို့ကို ဆောင်ကုန်၍ ရှင်မင်းကြီးတို့၏ ဥယျာဉ်တော်ကို ပြည့်စေအပ်ပြီ၊ ရှင်မင်းကြီးသည် ယနေ့မှစ၍ ထိုသမင်တို့၏ အသားကို စားတော်မူလောဟု မင်းကိုပန်၍ ဖဲလေကုန်၏။

မင်းကြီးသည် ထိုသူတို့စကားကိုကြားသဖြင့် ဥယျာဉ်သို့သွား၍ သမင်တို့ကို ကြည့်လတ်သော် နှစ်ခုကုန်သော ရွှေသမင်တို့ကိုမြင်၍ ထိုရွှေသမင်တို့အား ဘေးမဲ့ကို ပေး၏။ ထိုအခါမှ စ၍ကား ရံခါ မင်းသည် မိမိကိုယ်တိုင်သွား၍ တခုသောသမင်ကိုပစ်၍ ဆောင်၏။ ရံခါ စားတော်ချက်သည် သွား၍ တခုသော သမင်ကိုပစ်၍ ဆောင်၏။ သမင်တို့သည် လေးကိုမြင်ကုန်၍ သေဘေးမှကြောက်ကုန်ရကား ပြေးကုန်၏။ နှစ်ခု သုံးခုကုန်သော သမင်တို့သည် ထိခိုက်ခြင်းကိုရကုန်၍ ပင်ပန်းကုန်၏။ ထိုထိခိုက်သော သမင်တို့သည် နာသည်မူလည်း ဖြစ်ကုန်၏။ သေခြင်းသို့မူလည်း ရောက်ကုန်၏။ သမင်အပေါင်းတို့သည် ထိုအကြောင်းကို ဘုရားအလောင်းအား ကြားကုန်၏။ ဘုရားလောင်းသည် သာခသမင်ကို ခေါ်စေ၍ အဆွေ များစွာကုန်သော သမင်တို့သည် ပျက်စီးကုန်၏။ စင်စစ်သဖြင့် သေရအံ့သည်ရှိသော် ချမ်းသာကို ရသည်မဖြစ်လတ္တံ့၊ ယနေ့မှစ၍ သမင်တို့ကို မြားဖြင့်မပစ်စေကုန်လင့်၊ စဉ်းတီတုံး ထားရာအရပ်၌ သမင်တို့၏ အလှည့်ဖြစ်စေ၊ တရက်သည်ကား ငါ့ပရိသတ်၏ အလှည့်ဖြစ်စေ၊ တရက်သည်ကား သင့်ပရိသတ်၏ အလှည့်ဖြစ်စေ၊ ထိုသို့ အလှည့်ရောက်သောသမင်သည် သွား၍ စဉ်းတီတုံး၌ လည်ကိုထားသဖြင့် အိပ်စေ၊ ဤသို့ဖြစ်မှ သမင်တို့သည် မပင်ပန်းရကုန်လတ္တံ့ဟု ဆို၏။ သာခသမင်သည် ကောင်းပြီဟု ဝန်ခံ၏။ ထိုအခါမှစ၍ အလှည့်ရောက်သော သမင်သည်သာလျှင် သွား၍ စဉ်းတီတုံး၌ လည်ကိုထား၍ အိပ်၏။ စားတော်ချက်သည် လာလတ်၍ စဉ်းတီတုံး၌အိပ်သောသမင်ကိုလျှင် ယူ၍သွား၏။

ထိုအခါ တနေ့သ၌ သာခသမင်၏ပရိသတ်ဖြစ်သော သန္ဓေရှိသောတခုသောသမင်မ၏ အလှည့်သည် ဖြစ်၏။ ထိုသမင်မသည် သာခသမင်သို့ကပ်၍ အရှင်အကျွန်ုပ်သည် ကိုယ်ဝန်ရှိ၏။ သားဖွား၍ မိသား နှစ်ယောက်တို့သည် အလှည့်သို့ ရောက်ပါကုန်လတ္တံ့၊ အကျွန်ုပ်အလှည့်ကို လွန်ပါစေဦးလော့ဟု ဆို၏။ သာခသမင်သည် သင့်အလှည့်ကို တပါးကုန်သော သမင်တို့အား ရောက်စေခြင်းငှါ မတတ်ကောင်း၊ သင်သာလျှင် သင့်အလှည့်ကို သိရလတ္တံ့ သွားလေလောဟုဆို၏။ ထိုသမင်မသည် သာခမည်သော သမင်မင်း၏အထံမှ အထောက်အပံ့ကို မရလတ်သော် ဘုရားလောင်း အထံသို့ကပ်၍ အကြောင်းကိုလျှောက်၏။ ဘုရားလောင်းသည် ထိုသမင်မ၏ စကားကိုကြား၍ သမင်မငယ် သင်ဆိုတိုင်းဖြစ်စေ၊ သင်သည် သွားလေ၊ ငါသည် သင့်အလှည့်ကို လွန်စေအံ့ဟုဆို၍ မိမိသည် စဉ်းတီတုံး၌ ဦးခေါင်းထား၍ အိပ်၏။ စားတော်ချက်သည် ဘုရားလောင်းကိုမြင်၍ ဘေးမဲ့ကိုရပြီးသော သမင်မင်းသည် စဉ်းတီတုံး၌ အိပ်၏။ အကြောင်း အသို့တုံနည်းဟု လျင်စွာသွား၍ မင်းကြီးအား လျှောက်၏။ မင်းသည် ထိုခဏ၌လျှင် ရထားစီး၍ များစွာသော အခြွေအရံဖြင့် လာလတ်၍ ဘုရားလောင်းကို မြင်လတ်သော် ကောင်းမြတ်သော သမင်မင်း အကျွန်ုပ်သည် အသင့်အား ဘေးမဲ့ကိုပေးသည် မဟုတ်တုံလော၊ အဘယ့်ကြောင့် သမင်မင်းသည် ဤစဉ်းတီတုံး၌ အိပ်ဘိသနည်းဟု ဆို၏။

မြတ်သောမင်းကြီး ကိုယ်ဝန်ရှိသော သမင်မသည် လာ၍ အကျွန်ုပ်၏အလှည့်ကို တပါးသောသမင်အား ရောက်ပါစေဟု ဆို၏။ အကျွန်ုပ်သည် တယောက်သောသူ၏ သေခြင်းဆင်းရဲကို တယောက်သောသူ၏ အထက်၌တင်ခြင်းငှါ မတတ်ကောင်း၊ ထိုအကျွန်ုပ်သည် ကိုယ့်အသက်ကို ကိုယ်ဝန်ရှိသော သမင်မအားပေး၍ ကိုယ်ဝန်ရှိသော သမင်မငယ်၏ အနီးသို့ရောက်သော သေခြင်းကိုယူ၍ ဤစဉ်းတီတုံး၌အိပ်၏။ မြတ်သော မင်းကြီး အရှင်တို့သည် တစုံတခုကို မရွံရှာလင့်ကုန်ဟု ဆို၏။ မင်းကြီးသည် အရှင်ရွှေသမင်မင်း အကျွန်ုပ်သည် သင် သမင်မင်းကဲ့သို့ သဘောရှိသော ခန္တီ မေတ္တာ၊ ကရုဏာနှင့် ပြည့်စုံသောသူကို လူတို့တွင်လည်း မမြင်စဘူး၊ ထို့ကြောင့် သင် သမင်မင်းအား အကျွန်ုပ်ကြည်ညို၏။ သင် သမင်မင်းအား၎င်း ကိုယ်ဝန်ရှိသောသမင်မအား၎င်း ဘေးမဲ့ကို ပေး၏ဟု ဆို၏။ မြတ်သောမင်းကြီး နှစ်ခုသော သမင်တို့သည် ဘေးမဲ့ကို ရအပ်ပြီးသည်ရှိသော် ကြွင်းသောသမင်တို့သည် အသို့ပြုရအံ့နည်းဟုဆို၏။ အရှင်ရွှေသမင်မင်း ကြွင်းသော သမင်တို့အားလည်း ဘေးမဲ့ကို အကျွန်ုပ်ပေးပါ၏ဟု မင်းကြီးဆို၏။ မြတ်သောမင်းကြီး ဤသို့ ပေးသော်လည်း ဥယျာဉ်၌ သမင်တို့သည်သာလျှင် ဘေးမဲ့ကို ရကုန်လတ္တံ့၊ ကြွင်းသော သမင်တို့သည် အသို့ပြုရအံ့နည်းဟု ဘုရားလောင်းဆို၏။ အရှင်သမင်မင်း ထိုသမင်တို့အားလည်း ဘေးမဲ့ကို အကျွန်ုပ်ပေး၏ဟု ဆို၏။ မြတ်သောမင်းကြီး ရှေးဦးစွာ သမင်တို့သည် ဘေးမဲ့ကို ရကုန်၏။ ကြွင်းကုန်သော အခြေလေးချောင်း ရှိကုန်သော သားတို့သည် အသို့ပြုရကုန်အံ့နည်းဟု ဘုရားလောင်း ဆို၏။ အရှင်သမင်မင်း ထိုကြွင်းသော အခြေလေးချောင်း ရှိကုန်သော သားတို့အားလည်းဘေးမဲ့ကို အကျွန်ုပ်ပေး၏ဟု မင်းကြီးဆို၏။

မြတ်သောမင်းကြီး ရှေးဦးစွာအခြေလေးချောင်းရှိကုန်သော သားတို့သည် ဘေးမဲ့ကိုရကုန်၏။ ငှက်အပေါင်းတို့သည် အသို့ပြုရအံ့နည်းဟု ဘုရားလောင်းဆို၏။ အရှင်ရွှေသမင်မင်း ထိုငှက်တို့အားလည်း ဘေးမဲ့ကိုအကျွန်ုပ်ပေး၏ဟု မင်းကြီးဆို၏။ မြတ်သောမင်းကြီး ရှေးဦးစွာ ငှက်တို့အား ဘေးမဲ့ကို ရကုန်၏။ ရေ၌နေကုန်သော ငါးလိပ်တို့သည် အသို့ပြုကုန်အံ့နည်းဟု ဘုရားလောင်းဆို၏။ အရှင်ရွှေသမင်မင်း ထိုငါးလိပ်တို့အားလည်း ဘေးမဲ့ကို အကျွန်ုပ်ပေး၏ဟု မင်းကြီးဆို၏။

ဤသို့ ဘုရားလောင်းသည် မင်းကိုခပ်သိမ်းကုန်သောသတ္တဝါတို့အား ဘေးမဲ့ပေးခြင်းကို တောင်းပြီးလျှင် ထ၍ ငါးပါးကုန်သောသီလတို့၌ မင်းကိုတည်စေ၍ မြတ်သောမင်းကြီး အရှင်မင်းကြီးသည် တရားကိုကျင့်လော၊ အမိအဘ သားသ္မီး ရဟန်း ပုဏ္ဏား နိဂုံးဇနပုဒ်နေဖြစ်ကုန်သော အိမ်ရှင်တို့၌ တရားကို ကျင့်သည်ရှိသော် ခန္ဓာပျက်ခြင်း တည်းဟူသော စုတိ၏ နောက်၌ ကောင်းမှုကိုပြုသောသူတို့၏ လားရာဖြစ်သော နတ်ပြည်သို့ လားရကုန်လတ္တံ့ဟု မင်းအား ဘုရားကဲ့သို့သော တင့်တယ်ခြင်းဖြင့် တရားဟော၍ နှစ်ရက်သုံးရက်တို့ပတ်လုံး ဥယျာဉ်၌နေ၍ မင်းကြီးအား ဩဝါဒကိုပေးပြီးလျှင် သမင်အပေါင်း ခြံရံလျက်ဝင်၍ ထိုကိုယ်ဝန်ရှိသော သမင်မသည်လည်း ပန်းအချက်နှင့်တူသော သားကိုဖွား၏။ ထိုသမင်ငယ်သည်ကား မြူးရွှင်လျက် သာခသမင်အထံသို့ သွား၏။ ထိုအခါ သားသမင်ငယ်ကို အမိသည် သာခသမင် အထံသို့ သွားလတ်သည်ကိုမြင်၍ ချစ်သား ယနေ့မှစ၍ သင်သည် သာခသမင် အထံသို့ မသွားနှင့်၊ နိဂြောဓသမင်၏ အထံသို့ သွားလေလောဟု ဆုံးမလို၍-

၁၂။ နိဂြောဓမေဝ သေဝေယျ၊ န သာခမုပသံဝသေ။
နိဂြောဓသ္မိံ မတံ သေယျာ၊ ယဉ္စေ သာခသ္မိံ ဇီဝိတံ၊

ဟူသော ဤဂါထာကို ဆို၏။

၁၂။ ပုတ္တ၊ ချစ်သား။ နိဂြောဓမေဝ၊ နိဂြောဓသမင်မင်းကိုသာလျှင်။ ဟိတကာမော၊ အစီးအပွားကို လိုသောသူသည်။ သေဝေယျ၊ မှီဝဲရာ၏။ သာခံ၊ သာခသမင်ကို။ နဥပသံဝသေ၊ မမှီဝဲရာ။ နိဂြောဓသ္မိံ၊ နိဓသမင်၏ ခြေရင်း၌။ မတံ၊ သေရခြင်းသည်လည်း။ သေယျာ၊ ကောင်းမြတ်၏။ သာခသ္မိံ၊ သာခသမင်၏ အထံ၌။ ယံ ဇီဝိတံ၊ အကြင်အသက်ရှင်ရခြင်းသည်။ အတ္ထိ၊ ရှိ၏။ တံ၊ ထိုအသက်ရှင်ခြင်းသည်။ နေဝ သေယျာ၊ မကောင်းမြတ်သာလျှင်ကတည်း။

ထိုအခါမှစ၍ကား ဘေးမဲ့ကိုရကုန်သော သမင်တို့သည် လူတို့၏ ကောက်တို့ကိုစားကုန်၏။ လူတို့သည် ဤသမင်တို့ကား ဘေးမဲ့ကိုရကုန်၏ဟူ၍ သမင်တို့ကို ပစ်ခြင်းငှါ၎င်း ချောက်လှန့်ခြင်းငှါ၎င်း မဝံ့ကုန်၊ ထိုလူတို့သည် မင်းယင်ပြင်၌ စည်းဝေးကုန်လျက် မင်းအား ထိုအကြောင်းကို ကြားကုန်၏။ မင်းသည်ကား ကြည်ညိုသဖြင့် နိဂြောဓသမင်မင်းအား ဘေးမဲ့အဖြစ်ကို ပေးအပ်၏။ ငါသည်မင်းအဖြစ်ကိုသော် စွန့်အံ့၊ ထိုပဋိညာဉ်ကို မဖျက်၊ ငါ့နိုင်ငံ၌ တစုံတယောက်သောသူသည် သမင်တို့ကို မပစ်မခတ်ရဟူ၍ ဆို၏။ နိဂြောဓသမင်မင်းသည် ထိုသတင်းစကားကို ကြားလတ်သော် သမင်အပေါင်းတို့ကို စည်းဝေးစေ၍ သင်တို့သည် ယနေ့မှစ၍ သူတပါးတို့၏ ကောက်ကို မစားကြကုန်လင့်ဟု သမင်တို့ကိုဆုံးမ၍ လူတို့အား ယနေ့မှစ၍ ကောက်လုပ်ကုန်သောသူတို့သည် ကောက်ကိုစောင့်ရှောက်ခြင်းငှာ စည်းစောင်းရမ်းကို မလုပ်စေသတည်း၊ လယ်ကိုကာရံ၍ သစ်ရွက်အမှတ်ကို ဖွဲ့စေကုန်သတည်းဟု အကြောင်းကိုကြ၏။ ထိုအခါမှစ၍ လယ်တို့၌သစ်ရွက်ဖွဲ့သော အမှတ်သည် ဖြစ်သတတ်၊ ထိုအခါမှစ၍ သစ်ရွက်အမှတ်ကိုလွန်စေသော သမင်မည်သည်မရှိ၊ ဤသစ်ရွက်အမှတ်ကို မလွန်ခြင်းသည်တမူကား ထိုသမင်တို့အား ဘုရားလောင်းမှရသော ဩဝါဒဖြစ်သတတ်၊ ဘုရားလောင်းသည် ဤသို့ သမင်အပေါင်းကို ဆုံးမပြီး၍ အသက်အပိုင်းအခြား ကာလပတ်လုံးတည်၍ သမင်တို့နှင့်တကွ ကံအားလျော်စွာ လား၏။ မင်းသည်လည်း ဘုရားလောင်း၏ အဆုံးအမ၌တည်သဖြင့် ကောင်းမှုတို့ကိုပြု၍ ကံအားလျော်စွာလား၏။

ဇာတ်ပေါင်း... သဗ္ဗညူမြတ်ဘုရားသည် ရဟန်းတို့ ငါကား ယခုသာလျှင် ကုမာရကဿပ၏ အမိဖြစ်သော ရဟန်းမိန်းမ၏၎င်း ကုမာရကဿပ၏၎င်း ကိုးကွယ်ရာဖြစ်တော်မူသည် မဟုတ်သေး၊ ရှေး၌လည်း ကိုးကွယ်ရာဖြစ်ဘူးသည်သာလျှင်တည်းဟု ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ သစ္စာလေးပါးကိုဟောတော်မူ၍ ဝတ္ထုနှစ်ပါးတို့ကိုပြလျက် အနုသန္ဓေကို စပ်တော်မူ၍ ယခုအခါ ဒေဝဒတ်သည် ထိုအခါ သာခသမင်ဖြစ်ဘူးပြီ၊ ယခုအခါ ဒေဝဒတ်၏ပရိသတ်တို့သည် ထိုအခါ သာခသမင်၏ အခြံအရံ ဖြစ်ဘူးပြီ၊ ယခုအခါ မထေရ်မသည် ထိုအခါ သားငယ်အမိသမင်မ ဖြစ်ဘူးပြီ၊ ယခုအခါ ကုမာရကဿပသည် ထိုအခါ သမင်မသား ဖြစ်လေပြီ၊ ယခုအခါ အာနန္ဒာသည် ထိုအခါ ဗာရာဏသီမင်း ဖြစ်ဘူးလေပြီ၊ ယခုအခါ ငါဘုရားသည် ထိုအခါ နိဂြောဓသမင် ဖြစ်ဘူးလေပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

ကရုဏာထား၊ လောင်းဘုရားကြောင့်၊ အများသတ္တ၊ ချမ်းသာရ၏

နှစ်ခုမြောက်သော နိဂြောဓမိဂဇာတ်သည် ပြီး၏။

*****