နာရဒဇာတ်တော်ကြီး/အခန်း-၁၅

From Wikisource
Jump to navigation Jump to search
နာရဒဇာတ်တော်ကြီး by မင်းပူး လေသာကျောင်းဆရာတော် ရှင်ဩဘာသ
နိဂုံး ပိုဒ်စုံရတု

ရှေးဦးကမ္ဘာ၊ တည်စခါက၊ မဟာသမ္မတ်၊ မင်းမြတ်စတည်၊ ကသာပြည်သို့၊ ဘုန်းစီပွင့်လှိုင်း၊ မြန်ရပ်တိုင်းကို၊ အုပ်သိုင်းပြုစု၊ ရန်မတုသား၊ သမ္မုတိရာဇ်၊ စောနတ်စစ်လျှင်၊ ဘုန်းသစ်ပွင့်လန်း၊ စိုးမြန်းစံရာ၊ အဖြာဖြာတွင်၊ ရပ်သာဟူသည်၊ မြို့အောင်စည်၌၊ အသည်ကြီးသား၊ တို့ဘိုးဘွားလျှင်၊ တိုင်းကားပြည်ရွာ၊ မငြိမ်ရာတွင်၊ ရပ်သာနာဂရ၊ ထိုဌာနမှ၊ တူကွမကွေ၊ မျိုးဆွေနွယ်ချည်း၊ တစ်အုပ်တည်းလျှင်၊ တစည်းတဝေး၊ လုပ်ကျွေးကိုးကွယ်၊ မြတ်နွယ်ဆရာ၊ တို့ထိပ်ချာနှင့်၊ သာယာပျိုနု၊ စကုမြို့ကျေး၊ ရွာသူဌေးဟု၊ နီးဝေးခိုလာ၊ ငြိမ်းချမ်းစွာသား၊ ဧရာမြစ်ဦး၊ ကမ်းနဖူးဝယ်၊ မင်းပူးအောင်မြေ၊ ကျက်သရေသို့၊ ဖြိုးဝေကံငင်၊ ရောက်ကြလျှင်လည်း၊ နှစ်အင်တရား၊ စက်လေးပါးတွင်၊ တော်သားကြိမ်သင့်၊ ကောင်းကျိုးဆင့်ရှင့်၊ လှစ်ဖွင့်ပြဆို၊ ဤအလိုကား၊ ကုသိုလ်ပွားရာ၊ ကြောင်းအင်္ဂါတွင်၊ ဆရာတင့်တယ်၊ မျိုးနွယ်ကောင်းမြတ်၊ ပြည့်စုံလတ်က၊ ကျင့်ဝတ်တရား၊ အကြားအမြင်၊ ဆင်ခြင်လိမ္မာ၊ ထိုနည်းနာဖြင့်၊ ရေးရာတွင်ကျယ်၊ ဂုဏ်စံပယ်သည်။    ။ပန်းနှယ်ရောင်ခြည် ရွှန်းလှည့်သောဝ်။

ကျေးဇူးမဟာ၊ ကြီးလှစွာသား၊ ဆရာမြတ်မွန်၊ တို့ထိပ်ပန်လျှင်၊ ကျော်ဝှန်သတင်း၊ ကျွန်းလုံးချဉ်းမျှ၊ မင်းပူးတန်ဆောင်၊ နောက်တောင်ခပ်ယွန်း၊ သိကြားညွှန်း၍၊ တက်ထွန်းကျက်သရေ၊ ဘုန်းပွင့်မြေဝယ်၊ ဓာတ်မွေတော်ပေါင်း၊ ကျိန်းအောင်းပျော်ရာ၊ ရှေ့မျက်နှာက၊ များစွာစေတီ၊ သရီရမျိုး၊ ဂူပုထိုးဝယ်၊ အမျိုးတကာ၊ ပူဇော်ရာသား၊ မဟာစေတိယ၊ ပဗ္ဗတနှင့်၊ ချိုမြရသာ၊ သြဇာပြည့်နှက်၊ သရက်အုန်းပေ၊ ညွန့်ဝေရွှင်ရွှင်၊ မြေပြန့်သန့်ရှင်း၊ ရေတွင်းရေကန်၊ ပန်းမန်ကြိုင်မွှေး၊ ထုံနံ့အေးလျက်၊ ရန်ဘေးမိစ္ဆာ၊ ပျောက်လွင့်ကွာသား၊ လေသာသမိုက်၊ ကျောင်းတိုက်တော်ကြီး၊ သံဃာ့ထီးဟု၊ ဝေးနီးခိုလာ၊ ရံသံဃာကို၊ နည်းနာဥပဒေ၊ ပို့ငှဝေလျက်၊ လေးထွေသီလ၊ ဖြူစင်ပသား၊ မိုးဝကြယ်ရံ၊ ရွှေလစံသို့၊ ဘုန်းလျှံဂုဏ်ဝင်း၊ ကျော်နှံ့ခြင်းရှင့်၊ ထံရင်းမကွာ၊ မြတ်ဆရာဝယ်၊ သဒ္ဒါကစ္စည်း၊ ချသည်နည်းနှင့်၊ ပစ္စည်းနာမ်ရုပ်၊ ပစ္စယုဂ်ဝီထိ၊ နှိုင်းညှိပဋ္ဌာန်း၊ ဆန်းအလင်္ကာ၊ ကဗျာဖွဲ့ထုံး၊ ပန်းနှယ်ကုံး၍၊ နှလုံးယဉ်ကျေး၊ ဂုဏ်နံ့မွှေးလျက်၊ ငယ်သွေးပျိုနု၊ ကောင်းရာမှုဖြင့်၊ ဆယ်စုသက်ဝယ်၊ ဝဏ္ဏရွယ်၌၊ ရှုဖွယ်ရူပ၊ သမဏလျှင်၊ သုတဓရာ၊ ပညာပွားမှု၊ ဤဝတ္ထုကို၊ ပြုစုစီရင်၊ ထုတ်စေချင်ဟု၊ ချစ်ခင်နောင်လား၊ နွယ်မပြားသား၊ ပျိုထွားရွယ်ပေါက်၊ တောင်းပန်လျှောက်၍၊ “မောင်ထောက်”မည်ဆို၊ ထိုသူကိုလျှင်၊ မဂ်ဖိုလ်ရလွယ်၊ အကြောင်းသွယ်သည်။    ။ခန့်ရွယ်အောင်စည် မွှန်းလှည့်သောဝ်။

မွှေးကြူရသာ၊ ဤသည့်စာကို၊ နောင်လာသိထင်၊ ကမ္ပည်းဆင်အံ့၊ မြတ်ရှင်သာသနာ၊ ထောင်မှာကား ဒွိ၊ တြိကား ရာ၊ ဒွါရာကား ဆယ်၊ ခြောက်ခုကယ်ရှင့်၊ မှတ်ဖွယ်ဖြိုပစ်၊ သက္ကရာဇ်ကောဇာ၊ ဒီဃမှာကား၊ သင်္ချေတစ်ထောင်၊ ထိုနောင်တစ်ရာ၊ ဆယ်မှာစတု၊ လေးခုစွန်းပါ၊ ဝိသာခါဟု၊ မည်သာနှစ်မည်၊ လသည်လည်းကောင်း၊ တပေါင်းကြူးလစ်၊ ရွက်ဟောင်းပစ်၍၊ ရွက်သစ်ရွှင်ရွှင်၊ မင်းလွင်ဆိုင်းဆိုင်း၊ ညိုမှိုင်းရီရီ၊ သရဖီဖြော်ဖြော်၊ ကံ့ကော်ဆွတ်ဆွတ်၊ ရင်ခတ်သင်းသင်း၊ အင်ကြင်းလှိုင်လှိုင်၊ ပျံ့ကြိုင်စုံခြေ၊ မြစ်ရေဖွေးဖွေး၊ မြစ်တွေးရင်ကာ၊ ဟင်္သာလည်နွှဲ၊ ဝမ်းဘဲအတူ၊ သဲဖြူပြင်ရိပ်၊ ကမ်းဆိပ်သာယာ၊ ရေမှာတစ်သွယ်၊ ကုန်းဝယ်တစ်ထူး၊ ပျော်ဖွယ်မြူးသား၊ တန်ခူးဆန်းတက်၊ ဆယ့်နှစ်ရက်စေ့၊ သောကြာနေ့ဝယ်၊ ဘုန်းဟေ့လျှံဝင်း၊ နေမင်းရောင်စို၊ သုံးပဟိုရ်ကျော်၊ ခြောက်မောင်းပေါ်တွင်၊ သော်တာလစက်၊ လဂ်နှင့်ယှဉ်မှီ၊ ရာသီကြကဋ်၊ နက္ခတ်အမြိတ္တ၊ ပုနဗ္ဗသျှူ၊ ပျိုနုရွက်သက်၊ ကြင်ဖက်ရှိသူ၊ အတူနွှဲခွေ၊ သက်ဝေကြင်ဖော်၊ မရှိသော်မူ၊ မူးမော်စိတ်ဝမ်း၊ နုံးခွေနွမ်းသား၊ ညချမ်းဤခါ၊ မင်္ဂလာတွင်၊ မကြာဆောလျင်၊ ပြီးအောင်မြင်ရှင့်၊ ဤလျှင်မငြို၊ ငါ့ကုသိုလ်ကြောင့်၊ လူဗိုလ်တကာ၊ မေတ္တာသက်ဝင်၊ ဘေးရန်စင်၍၊ များဖြင်ကောင်းကြွယ်၊ လွန်တင့်တယ်သည်။    ။မြန့်လယ်မှောင်ပြည် ထွန်းလှည့်သော်။

နိဂုံး ပိုဒ်စုံရတုပြီး၏။

ဤတွင် နာရဒဇာတ်တော်ကြီး ပြီးပြည့်စုံပြီ။