နာရဒဇာတ်တော်ကြီး/အခန်း-၁၃

From Wikisource
Jump to navigation Jump to search
နာရဒဇာတ်တော်ကြီး by မင်းပူး လေသာကျောင်းဆရာတော် ရှင်ဩဘာသ
၁၃။ ရထားဥပမာဖြင့် ပြဆိုခန်း

ဤသို့ ဘုရားလောင်း နာရဒဗြဟ္မာမင်းသည် အင်္ဂတိမင်းကြီးအား ဒါနကထာ, သီလကထာကို ဟောပြောပြီး၍ ယခုကား ဤမင်းသည် အကြင်မိမိကိုယ်ကို ရထား၏ဥပမာဖြင့် ဆောင်၍ပြသည်ရှိသော် နှစ်သက်လတ္တံ့။ ထို့ကြောင့် ခပ်သိမ်းသောအလိုကို ဆောင်တတ်သော ရထားဥပမာဖြင့် တရားဟောလိုသည်ဖြစ်၍- “ကာယော တေ ရထသညာတော” အစရှိသော ၁၀-ဂါထာတို့ဖြင့် ဟောတော်မူပေ၏။

အဓိပ္ပာယ်ကား-

“မင်းကြီး။ သင်၏ကိုယ်ကို “ရထား”ဟု မှတ်အပ်၏။ သင့်စိတ်ကို “ရထားထိန်း”ဟု မှတ်အပ်၏။ သူတစ်ပါးတို့အား မညှဉ်းဆဲခြင်းမေတ္တာကို အနှစ်ပြည့်သော “ရထားဝင်ရိုး”ဟု မှတ်အပ်၏။ ဝေဖန်ခွဲခြမ်းခြင်းကို “ရထားဝန်ခံ”သဖွယ် မှတ်အပ်၏။ မင်းကြီး။ သင်၏ခြေကိုကား “ရထားလှည်းဘီး”သဖွယ် မှတ်အပ်၏။ သင်၏လက်ကိုကား “ရထားလက်တင်”သဖွယ် မှတ်အပ်၏။ သင်၏ဝမ်းကို ဆီဖြင့်သွန်းအပ်သော “ရထားပုံတောင်း”သဖွယ် မှတ်အပ်၏။ သင်၏စကားကို “ရထားအသံ”သဖွယ် မှတ်အပ်၏။”

“ဟုတ်မှန်စွာ သစ္စာစကားကိုဆိုခြင်းကိုကား “အညီအညွတ်သော ရထားအင်္ဂါ”သဖွယ် မှတ်အပ်၏။ ချောပစ် ကုန်းတိုက်သောစကားကို မဆိုမူ၍၊ သူ၂-ယောက်တို့အား စေ့စပ်အပ်သောစကားကို ဆိုခြင်းကို ရထားဦး၌ စိုက်ဆောက်အပ်သော “အလံ”သဖွယ် မှတ်အပ်၏။ သိမ်မွေ့နူးညံ့သော စကားကိုဆိုခြင်းကို “ပြေပြစ်သောရထားအင်္ဂါ”သဖွယ် မှတ်အပ်၏။ ကိုယ်နှင့်တန်သော စကားကိုဆိုခြင်းကို “ကောင်းစွာစေ့စပ်အပ်သော ရထားတန်ဆာ”သဖွယ် မှတ်အပ်၏။ သဒ္ဓါခြင်း, အလိုနည်းခြင်းကို “ကောင်းစွာပြုပြင်အပ်သော ရထား”သဖွယ် မှတ်အပ်၏။ နှိမ့်ချခြင်း, လက်အုပ်ချီခြင်းကို “ရထားဝက်စွယ်”သဖွယ် မှတ်အပ်၏။ မာန်မခက်ထန်သဖြင့် ကိုင်းညွတ်ခြင်းကို “ရထားလှည့်သန်”သဖွယ် မှတ်အပ်၏။ သီလစောင့်ခြင်းကို “ရထားစည်းကုံး”သဖွယ် မှတ်အပ်၏။”

“အမျက်မထွက်ခြင်း, မသတ် မညှဉ်းဆဲခြင်း, တရားစောင့်ခြင်းကိုကား ရထား၌စိုက်အပ်သော “ထီးဖြူ”သဖွယ် မှတ်အပ်၏။ အကြားအမြင်များခြင်းကို “ရထားလက်တင် နောက်မှီတံကဲ”သံဖွယ် မှတ်အပ်၏။ တည်ကြည်သောစိတ်ကိုကား “ရထား မင်းနေရာ”သဖွယ် မှတ်အပ်၏။ အခါအခါကို သိသောအဖြစ်ကို “ဆန်းကြယ်သော ရထားတန်ဆာ”သဖွယ် မှတ်အပ်၏။ ရဲရင့်ခြင်းကိုကား “ရထားဒေါက် ၃-ချောင်း” သဖွယ် မှတ်အပ်၏။”

“နှိမ့်ချ၍ အဆုံးအမခံခြင်းကို “ရထားဦး၌ဖွဲ့သော လွန်ကြိုး”သဖွယ် မှတ်အပ်၏။ မာနမရှိခြင်းကို “ရထားတံကျင်”သဖွယ် မှတ်အပ်၏။ စိတ်၏ မတွန့်တိုခြင်းကို အဆန်းတကြယ် ငြိမ်သက်စွာသော “ရထားခင်း”သဖွယ် မှတ်အပ်၏။ ပညာရှိကို မှီဝဲခြင်းသည်ကား “မြူကို ဆေးလျှော်သည်” နှင့် တူ၏။ သတိတရားကိုကား “ရထား လှံတံ”သဖွယ် မှတ်အပ်၏။ တည်ကြည်ခြင်း၌ ယှဉ်ခြင်းကိုကား “ရထားထိန်းဆွဲသော ကြိုး”သဖွယ် မှတ်အပ်၏။”

“မင်းကြီး။ လှံကန်တို့ကြောင့် ကောင်းသောမြင်းတို့ဖြင့် က,၍ဆောင်လေသကဲ့သို့ ထို့အတူ ယဉ်ကျေးသောနှလုံးဖြင့် နိဗ္ဗာန်သို့သာ ဆောင်နိုင်လေ၏။ အလိုရမ္မက်ကြီးခြင်း တည်းဟူသော ခရီးလမ်းမသည်ကား အပါယ် ၄-ပါးသို့သွားရာ မကောင်းသော ခရီးလမ်းမတည်း။ ကိုယ်, နှုတ်, နှလုံးကို စောင့်သုံးခြင်းသည်ကား ဖြောင့်သော လမ်းခရီးတည်း။”

“မင်းကြီး။ ရူပါရုံ, သဒ္ဒါရုံ, ဂန္ဓာရုံ၊ ရသာရုံ, ဗောဋ္ဌဗ္ဗာရုံတည်း ဟူသောလမ်း၌ “ကိုယ်တည်းဟူသော ရထား”သည် ပြေးလတ်သည်ရှိသော် ပညာတည်းဟူသော လှံကန်ဖြင့် မစောင်းမတိမ်းရအောင်ပြု၍၊ ထိုကိုယ်တည်းဟူသော ရထား၌ မိမိစိတ်သည်ပင်လျှင် ရထားထိန်းတည်း။ မင်းကြီး ကောင်းသောအကျင့် ကောင်းသောတည်ကြည်ခြင်း၌ အကယ်၍ မြဲသည်ဖြစ်အံ့။ ဤသို့သောသံယာဉ်ဖြင့် ခပ်သိမ်းသောအလိုကို ပေးတတ်သော မင်းကြီးသည် ငရဲသို့ မလားပေရာ”

ဤသို့ အင်္ဂတိမင်းကြီးအား ဆုံးမသောအားဖြင့် မှားသောအယူကိုပယ်၍ သီလ၌တည်စေပြီးသော် “ဤနေ့မှစ၍ မကောင်းသော အဆွေခင်ပွန်းကိုပယ်၍ အဆွေခင်ပွန်းကောင်းတို့ကို အမြဲဆည်းကပ်လျက် မမေ့မလျော့ ကျင့်လော့”ဟု အဆုံးအမပေး၍၊ ရုဇာမင်းသမီးအားလည်း များစွာသော အကြောင်းတို့ဖြင့် ချီးမွမ်း၍ မင်း, မိဖုရား, မောင်းမမိဿံ, ခြွေရံပရိသတ်တို့အားလည်း အဆုံးအမပေး၍ များစွာသောတန်ခိုးအာနုဘော်ဖြင့် ထိုပရိသတ်တို့မြင်စဉ်ပင်လျှင် ဗြဟ္မာ့ပြည်သို့ သွားလေ၏။