နာရဒဇာတ်တော်ကြီး/အခန်း-၁၀

From Wikisource
Jump to navigation Jump to search
နာရဒဇာတ်တော်ကြီး by မင်းပူး လေသာကျောင်းဆရာတော် ရှင်ဩဘာသ
၁၀။ နာရဒဗြဟ္မာမင်း တရားဟောခန်း

ထိုအခါ ဘုရားလောင်းသည် “နာရဒ”အမည်ရှိသော ဗြဟ္မာ ဖြစ်သတတ်။ ဘုရားလောင်းတို့မည်သည်ကား မိမိ မေတ္တာဘာဝနာဖြင့် သနားခြင်းရှိသည်ဖြစ်၍ ကောင်းသောအကျင့် မကောင်းသောအကျင့် ရှိကုန်သော သတ္တဝါတို့ကိုသိခြင်းငှာ အခါခပ်သိမ်း လောကကို ကြည့်သတည်း။

ထိုမင်းသမီး အဓိဋ္ဌာန်ပြု၍ ရှိခိုးသောအခါ နာရဒဗြဟ္မာမင်းသည်လည်း လောကကိုကြည့်လတ်သော် ရုဇာမင်းသမီး၏ ရှိခိုးခြင်းအလိုကို သိ၍ “ငါမှတစ်ပါး ထိုအင်္ဂတိမင်းကြီး၏ မိစ္ဆာဒိဋ္ဌိအယူကို လွတ်စေခြင်းငှာ တတ်နိုင်သောသူမည်သည် မရှိ။ ယနေ့ ငါသည် ရုဇာမင်းသမီးအား သင်္ဂြိုဟ်ထောက်ပံ့ခြင်းကိုလည်းကောင်း, ပရိသတ်နှင့်တကွ မင်း၏ချမ်းသာခြင်းကိုလည်းကောင်း ပြုအပ်သောငှာ အပ်၏။ အဘယ်သို့သော အသွင်ဖြင့် သွားရအံ့နည်း”ဟု ကြံပြီးသော်-

“လူတို့သည်ကား ရသေ့တို့ကို ချစ်မြတ်နိုးကုန်၏။ ဆိုအပ်သောစကားကိုလည်း အရိုအသေ အလေးအမြတ်ပြု၍ နာယူတတ်ကုန်၏။ ထိုသို့ဖြစ်သောကြောင့် ရဟန်းအသွင်ဖြင့် သွားအံ့ဟု စိတ်ကို ဆုံးဖြတ်ပြီးမှ ကြည်ညိုဖွယ် ရွှေအဆင်းနှင့်တူသော လူ၏အသွင်ဖန်ဆင်း၍၊ နှစ်လိုဖွယ်သော ဆံကျစ်အဝန်းကို ဖွဲ့ပြီးလျှင် ဆံကျစ်ကြား၌ ရွှေဦးသျှောင်ကျင်ကိုထိုးလတ်၍ ပံသုကူသင်္ကန်းကဲ့သို့ နီစွာသော ကိုယ်ဝတ်သင်းပိုင်ကိုဝတ်၍၊ ဖန်ရည်ဆိုးသောသင်္ကန်းကို စံပယ်တင်ဝတ်၍၊ ရွှေကြယ်အတိဆန်းကြယ်သော ရွှေစင်ဖြင့်ပြီးသော သစ်နက်ရေသင်္ကန်းကို ပခုံးတစ်ဘက်၌ တင်သည်ကိုပြု၍၊ ပုလဲဆိုင်သဏ္ဌာန်ကဲ့သို့သော ကရားကိုယူ၍၊ ရသေ့အသွင်ဖြင့် ကောင်းကင်ပြင်၌ လမင်းကဲ့သို့ထွန်းပလျက် ကောင်းကင်ခရီးဖြင့်လာလတ်၍၊ စန္ဒကူးနံ့သာ နန်းပြာသာဒ်သို့ဝင်ပြီးသော် အင်္ဂတိမင်းကြီး၏ရှေ့တူရူ ကောင်းကင်၌ တည်လေ၏။

ထိုနာရဒရှင်ရသေ့ကို မြင်လျှင် ရုဇာမင်းသမီးသည် ရှင်ရသေ့ကို ရှိခိုးလျက်နေ၏။ အင်္ဂတိမင်းကြီးကား ရှင်ရသေ့၏ အရှိန်အဝါဖြင့်ပင်လျှင် မိမိမင်းနေရာ၌ မနေဝံ့သဖြင့် ကြောက်လန့်တကြား နေရာမှလျှော၍ အောက်၌နေပြီးသော် ရှင်ရသေ့၏ လာရာအရပ်သို့လည်းကောင်း၊ အမည်အမျိုးကိုလည်းကောင်း မေးလိုသည်ဖြစ်၍-

“ကုတော နု အာဂစ္ဆသိ ဒေဝဝဏ္ဏိ၊ သြဘာသယံ သဗ္ဗဒိသံဝ စန္ဒိမာ။

အက္ခာဟိ မေ ပုစ္ဆိတော နာမဂေါတ္တံ၊ ကထံ တံ ဇာနန္တိ မနုဿလောကေ။”

ဟူသောဂါထာဖြင့်ဆို၏။

အဓိပ္ပာယ်ကား-

“နတ်၏အဆင်းကဲ့သို့ အဆင်းရှိသော ရှင်ရသေ့။ ခပ်သိမ်းသောအရပ်မျက်နှာကို လကဲ့သို့ အရောင်အဝါဖြင့် ထွန်းပစေလျက် အဘယ်အရပ်မှ လာသနည်း။ ရှင်ရသေ့သည် အကျွန်ုပ်အား လာရာအရပ်ကိုလည်းကောင်း, အမည်အမျိုးကိုလည်းကောင်း ကြားလော့။ ဤလူ့ရွာ၌ သင့်ကို အဘယ်သူဟူ၍ သိကြသနည်း”ဟုမေး၏။

ထိုသို့ မင်းကြီးမေးလျှင် “ဤမင်းသည် တမလွန်လောက မရှိဟု အယူရှိ၏။ ထိုမင်းအား တမလွန်လောကကို ရှေးဦးစွာ ကြားအံ့”ဟုကြံ၍-

“အဟဉှိ ဒေဝတော ဣဒါနိ ဧမိ၊ သြဘာသယံ သဗ္ဗဒိသံဝ စန္ဒိမာ။

အက္ခာမိ တေ ပုစ္ဆိတော နာမဂေါတ္တံ၊ ဇာနန္တိ မံ နာရဒေါ ကဿပေါ စ။”

ဟူသောဂါထာဖြင့်ကြား၏။

အဓိပ္ပာယ်ကား-

“မင်းကြီး။ ငါသည် နတ်ပြည်မှ ခပ်သိမ်းသောအရပ်မျက်နှာတို့ကို လကဲ့သို့ထွန်းပစေလျက် လာ၏။ သင့်အား ငါသည် အမည်အမျိုးကို ကြားအံ့။ ငါ့ကို နာရဒဟူ၍လည်းကောင်း, ကဿပဟူ၍လည်းကောင်း လူတို့ သိကုန်၏”ဟု ဆို၏။

ထိုအခါ မင်းကြီးသည် “ဤရသေ့ကို နောက်မှ တမလွန်လောကကို မေးအံ့။ ရှေးဦးစွာ တန်ခိုး၏ ရအပ်သောအကြောင်းကို မေးဦးအံ့”ဟုကြံ၍-

“အစ္ဆရိယရူပံ တဝ ယာဒိသဉ္စ၊ ဝေဟာသယံ ဂစ္ဆသိ တိဋ္ဌသိ စ။

ပုစ္ဆာမိ တံ နာရဒ ဧတမတ္ထံ၊ အထ ကေန ဝဏ္ဏေန တဝါယမိဒ္ဓိ။”

ဟူသော ဂါထာဖြင့်မေး၏။

အဓိပ္ပာယ်ကား-

“အကြင် သင်သို့သောသူသည် ကောင်းကင်၌ သွားလည်းသွား၏၊ တည်လည်း တည်၏။ ထိုသို့သောသင်သည် အံ့ဖွယ်သရဲ ရှိပေစွ။ နာရဒရှင်ရသေ့။ သင့်အား အဘယ်အကြောင်းကြောင့် ဤသို့သောတန်ခိုးသည် ဖြစ်လေသနည်း။ ငါ့အား ကြားလော့”ဟု ဆို၏။

နာရဒရှင်ရသေ့သည် မင်းကြီးအမေးကို ဖြေလို၍-

“သစ္စဉ္စ ဓမ္မော စ ဒမော စ စာဂေါ၊ ဂုဏာ မမေတေ ပကတာ ပုရာဏာ။

တေဟေဝ ဓမ္မေဟိ သုသေဝိတေဟိ၊ မနော ဇဝေါ ယေန ကာမံ ဂတောသ္မိ။”

ဟူသော ဂါထာကိုဆို၏။

အဓိပ္ပာယ်ကား-

“မင်းကြီး။ ငါသည် ရှေးတမလွန်က သစ္စာကိုလည်းကောင်း, တရားကိုလည်းကောင်း, ဣန္ဒြေဆုံးမခြင်းကိုလည်းကောင်း, ပေးကမ်းစွန့်ကြဲခြင်းကိုလည်းကောင်း ဤ၄-ပါးသောတရားတို့ကို ပြုခဲ့ဖူး၏။ ထိုသို့ပြုခဲ့ဖူးသော ကောင်းမှုကြောင့် ဤသို့သောတန်ခိုးသည် ဖြစ်သတည်း။ ထိုသို့ပြုခဲ့ဖူးသော ကောင်းမှုကြောင့် ငါသည် စိတ်ဖြင့်အလိုရှိတိုင်း ပြီးသတည်း”ဟု ဆို၏။

မင်းကြီးသည် ကုသိုလ်၏အကျိုးဖြစ်ကြောင်းကို ရှင်ရသေ့ဆိုပါသော်လည်း မိစ္ဆာဒိဋ္ဌိအယူ မြဲစွာစွဲခြင်းကြောင့် တမလွန်လောက ရှိသည်ကို မယုံသောအားဖြင့် “ကောင်းမှုအကျိုး အဘယ်မှာ ရှိအံ့နည်း”ဟု ဆိုလို၍-

“အစ္ဆရိယမာစိက္ခသိ ပုညသိဒ္ဓိံ၊ သစေဟိ ဧတေဟိ ယထာ ဝဒေသိ။

ပုစ္ဆာမိ တံ နာရဒ ဧတမတ်ထံ၊ ပုဋ္ဌော စ မေ သာဓု ဝိယာကရောဟိ။”

ဟူသော ဂါထာဖြင့် မေးပြန်၏။

အဓိပ္ပာယ်ကား-

“နာရဒရှင်ရသေ့။ သင်သည် ကောင်းမှု၏အကျိုး ရှိကြောင်းကို အံ့ဖွယ်သရဲ သင်ကြား၏။ အကယ်၍ ကောင်းမှု၏အကျိုး ရှိအံ့။ ငါ့အား ထင်စွာ သင်ပြလော့”ဟုဆို၏။

နာရဒရှင်ရသေ့သည်- “မင်းကြီး။ သင်သည် ယုံမှားခြင်းကို အလေးအမြတ် ပြု၏။ ထိုအလေးအမြတ်ပြုသော ယုံမှားခြင်းကို ငါ့အား မေးလော့။ ငါသည် အထူးထူးသောနည်းတို့ဖြင့်လည်းကောင်း, အကြောင်းအကျိုးတို့ဖြင့်လည်းကောင်း သင်၏ယုံမှားခြင်းကို ပျောက်စေအံ့”ဟုဆို၏။

ထိုစကားကိုကြားလျှင် မင်းကြီးသည်-

“ပုစ္ဆာမိ တံ နာရဒ ဧတမတ္ထံ၊ ပုဋ္ဌော စ မေ နာရဒ မာ မုသာ ဘဏိ။

အတ္ထိ နု ဒေဝါ ပိတရော စ အတ္ထိနု၊ လောကော ပရော အတ္တိနု ဇနောယမာဟု။”

ဟူသော ဂါထာဖြင့်မေး၏။

အဓိပ္ပာယ်ကား-

“နာရဒရှင်ရသေ့။ ဤမည်သောပြဿနာကို ငါ မေးအံ့။ ထိုပြဿနာကို ဟုတ်တိုင်း ဖြေလော့။ ပြက်ရယ်စကားကို မဆိုလင့်။ နာရဒရှင်ရသေ့။ “နတ်သည်လည်း ရှိ၏, အမိအဖသည်လည်း ရှိ၏။ ပစ္စုပ္ပန်လောက, တမလွန်လောကသည်လည်း ရှိ၏”ဟူ၍ လူတို့သည် ဆိုကုန်၏။ ထိုစကားသည် မှန်အံ့လော”ဟု မေး၏။

နာရဒရှင်ရသေ့သည် ထိုစကားကိုဖြေလို၍-

“အတ္ထေဝ ဒေဝါ ပိတရော စ အတ္ထိ၊ လောကော ပရော အတ္ထိ ဇနောယမာဟု။

ကာမေသု ဂိဒ္ဓါ စ နရာ ပမုဋ္ဌာ၊ လောကံပရံ န ဝိဒူ မောဟယုတ္တာ။”

ဟူသောဂါထာကို ရွတ်၏။

အဓိပ္ပာယ်ကား-

“မင်းကြီး၊ နတ်သည်လည်းကောင်း, အမိအဖသည်လည်းကောင်း၊ ပစ္စုပ္ပန်လောကသည်လည်းကောင်း, တမလွန်လောကသည်လည်းကောင်း ရှိ၏။ လူတို့သည်ကား ကာမဂုဏ်တို့၌ တပ်မက်မောခြင်း၊ တွေဝေမိန်းမောခြင်းကြောင့် တမလွန်လောကကို မသိမမြင်နိုင်ကုန်”ဟုဆို၏။

ထိုစကားကိုကြားလျှင် အင်္ဂတိမင်းကြီးသည် ပြက်ရယ်ပြုလိုသည်ဖြစ်၍-

“အတ္ထီတိ စေ နာရဒ သဒ္ဒဟာသိ၊ နိဝေသနံ ပရလောကေ မတာနံ။

ဣဓေဝ မေ ပဉ္စသတာနိ ဒေဟိ၊ ဒဿာမိ တေ ပရလောကေ သဟဿံ။”

ဟူသောဂါထာကို ဆို၏။

အဓိပ္ပာယ်ကား-

“နာရဒရှင်ရသေ့။ “တမလွန်၌ သေကုန်သောသူတို့၏ အိမ်သည် ရှိ၏”ဟူ၍ သင် ယုံကြည်အံ့။ ယခု မျက်မှောက်၌ သင်သည် ငါ့အား အသပြာ-၅၀၀ ပေးလော့။ တမလွန်လောကသို့ရောက်လျှင် သင့်အား ၁၀၀၀-သောဥစ္စာကို ငါ ပေးအံ့”ဟု ပြက်ရယ်စကားကို ဆို၏။

ထိုအခါ အင်္ဂတိမင်းကြီးကို ပရိသတ်တို့၏အလယ်၌ ကဲ့ရဲလိုသည်ဖြစ်၍-

“ဒဇ္ဇေမု ခေါ ပဉ္စသတာနိ ဘောတော၊ ဇညာမုစေ သီလဝန္တံ ဝဒညုံ။

လုဒ္ဒန္တံ ဘောန္တံ နိရယေ ဝသန္တံ၊ ကော စောဒဿ ပရလောကေ သဟဿံ။”

“ဣဓေဝ ယော ဟောတိ အဓမ္မသီလော၊ ပါပါစာရော အလသော လုဒ္ဒကမ္မော။

န ပဏ္ဍိတာ တသ္မိံ ဣဏံ ဒဒန္တိ၊ န ဟိ အာဂမော ဟောတိ တထာဝိဓမှာ။”

“ဒက္ခဉ္စ ပေါသံ မနုဇာ ဝိဒိတွာ၊ ဥဋ္ဌာနကံ သီလဝန္တံ ဝဒညုံ။

သယမေဝ ဘောဂေဟိ နိမန္တိယန္တိ၊ ကမ္မံ ကရိတွာ ပုန မာ ဟရေသိ။”

ဟူသော ဂါထာတို့ကို ရှင်ရသေ့ဆို၏။

အဓိပ္ပာယ်ကား-

မင်းကြီး။ သင်သည် သီလရှိသော, သူ့ကျေးဇူးကိုသိတတ်သော သူတော်ကောင်းဖြစ်မူ သင့်အား ၅၀၀-သောဥစ္စာကို မယုတ်သဖြင့် ယခု ငါ ပေးအံ့။ ကြမ်းကြုတ်ယုတ်မာစွာသော မိစ္ဆာအယူရှိသော သင့်အား ၅၀၀-သောဥစ္စာကို ငါ ပေးမိပချေသော်၊ ငရဲ၌နေသော သင့်ကို တမလွန်၌ ဥစ္စာ ၁၀၀၀-လိုသည်ဖြစ်၍ အဘယ်သူလိုက်၍ တောင်းပချေအံ့နည်း။”

“မင်းကြီး။ ဤလူ့ပြည်၌ ပညာရှိကုန်သောသူတို့သည် မကောင်းသောအကျင့် ရှိသောသူ, ပျင်းသောသူ, အလွန်ကြမ်းကြုတ် သော့သွမ်းညစ်ညမ်းသောသူ၊ ထိုသူတို့အား ကြွေးမြီချခြင်းကို မပြုကုန်။ ထိုမကောင်းသော သူယုတ်တို့အား ချမှားချေအံ့။ ထိုမြီအရင်းအပွားကို ရခြင်းမည်သည် မဖြစ်ရာ။”

“မင်းကြီး၊ ဤလူ့ပြည်၌ ပညာရှိတို့သည် ပညာအမြော်အမြင်ရှိသောသူ, လုံ့လထကြွ ကြောင့်ကြရှိသောသူ, သီလရှိသောသူ, သူ့ကျေးဇူးကို သိတတ်သောသူ, ထိုသို့သော သူတော်ကောင်းတို့အားသာလျှင် ကြွေးမြီချခြင်းကို ပြုကုန်ရာ၏။ ထိုသူတို့အား ချအပ်သောမြီသည် ဆိုသည့်အတိုင်း အရင်းအပွား ရရာ၏။ ထိုသို့ သဘောဖြောင့်မှန်သော သူကိုသာလျှင် “ဥစ္စာအလိုရှိလျှင် ချေးယူလှည့်”ဟူ၍ ဖိတ်ကြားကုန်၏”

ဤသို့ နာရဒရှင်ရသေ့သည် မင်းကြီးကို နှိပ်၍ဆိုသည်ရှိသော အင်္ဂတိမင်းကြီးသည် စကားဆိုရာ မရှိသည်ဖြစ်၍ ဆိတ်ဆိတ်နေ၏။ မှူးမတ်ဗိုလ်ပါ ပရိသတ်အပေါင်းတို့သည် ဝမ်းမြောက်ဝမ်းသာ “ဘုန်းတန်ခိုးကြီးလှစွာသော အရှင်နတ်မင်းသည် ယနေ့ မင်းကြီးကို မိစ္ဆာအယူမှ လွတ်စေအံ့သတည်း”ဟု တစ်ပြည်လုံး အုတ်အုတ်ကျက်ကျက်သောအသံသည် ဖြစ်၏။

ဘုရားလောင်း ဗြဟ္မာမင်း၏တန်ခိုးအားဖြင့် ၇-ယူဇနာ အပြောကျယ်သော မိထိလာပြည်၌ ဘုရားလောင်း ဗြဟ္မာမင်းသည် ဟောကြားအပ်သောတရားကို မကြားသောသူမည်သည် မရှိ။