နာရဒဇာတ်တော်ကြီး/အခန်း-၀၇

From Wikisource
Jump to navigation Jump to search
နာရဒဇာတ်တော်ကြီး by မင်းပူး လေသာကျောင်းဆရာတော် ရှင်ဩဘာသ
၇။ ရုဇာမင်းသမီးသည် ၇-ဖြစ်တို့ကို ဆင်ခြင်ခန်း

ထိုရုဇာမင်းသမီး၏ အတ္ထုပ္ပတ္တိကို ဤသို့ သိအပ်၏။ ရုစာမင်းသမီးသည် ရှေးသိကြားမင်း၏ အလုပ်အကျွေး နတ်သမီးဖြစ်သောအခါ “ငါသည် ဤနတ်ပြည်သို့ အဘယ်ဘဝမှ လာသနည်း”ဟု ဆင်ခြင်လတ်သော် ဝဇ္ဇီတိုင်း ရွာသူကြီး၏အမျိုး၌ နပုန်းအဖြစ်မှလာသည်ကို မြင်၏။ “အဘယ်ကောင်းမှုကြောင့် ဤနတ်ပြည်၌ ဖြစ်သနည်း”ဟု ကြည့်လတ်သော် ကောသမ္ဘီပြည်၌ သူဌေးဖြစ်၍ အလှူသီတင်းကို ဆောက်တည်ခဲ့ဖူးသော ကောင်းမှုကြောင့်တည်းဟုမြင်၏။ “အဘယ်အဖြစ်မှလာ၍ နပုန်းဖြစ်သနည်း”ဟု ဆင်ခြင်ပြန်လေသော်၊ ဝှေးစေ့ထုတ်သောနွားလားအဖြစ်မှ လာသည်ကိုမြင်၏။ “အဘယ်အဖြစ်မှလာ၍ နွားလားဖြစ်သနည်း”ဟု ဆင်ခြင်ပြန်လတ်သော်၊ ဝှေးစေ့ထုတ်သော မျောက်အမျိုးမှလာသည်ကို မြင်ပြန်၏။ “အဘယ်အဖြစ်မှလာ၍ မျောက်ဖြစ်လေသနည်း”ဟု ဆင်ခြင်ပြန်လတ်သော် ဘိန္နာဂတပြည်၌ ဝှေးစေ့ထုတ်သော ဆိတ်အဖြစ်မှ လာသည်ကို မြင်၏။ “အဘယ်အဖြစ်မှလာ၍ ဆိတ်ဖြစ်သနည်း”ဟု ဆင်ခြင်ပြန်လတ်သော် ရောရုဝငရဲ၌ နှစ်လရှည်စွာခံပြီး၍ ဖြစ်လာသည်ကို မြင်လာ၏။ ထိုသို့ ငရဲ၌လည်းကောင်း, တိရစ္ဆာန်အမျိုး၌လည်းကောင်း ခံရသောဆင်းရဲကိုမြင်၍ ထိုနတ်သမီးသည် အလွန်ကြောက်လန့်ခြင်း ဖြစ်၏။ “ထို ရောရုဝငရဲ၌ အဘယ့်ကြောင့် ခံနေရသနည်း”ဟု နောက်ဘဝကိုအောက်မေ့လတ်သော် ကောသမ္ဘီပြည်၌ သူဌေးဖြစ်၍ ပြုဖူးလေသောကောင်းမှုကို မြင်၏။ ထိုသူဌေးအဖြစ်မှ နောက်အဖြစ်ကို ဆင်ခြင်ပြန်လတ်သော် မဂဓရဌ်တိုင်း ရာဇဂြိုလ်ပြည်၌ ရွှေပန်းထိမ်သည်ဖြစ်၍ မကောင်းသောအဆွေခင်ပွန်းနှင့် ပေါင်းဖော်မိသောကြောင့် သူတစ်ပါးမယားကို ပြစ်မှားခဲ့ဖူးသော ပရဒါရကံကိုမြင်၍ “ဤမကောင်းမှုအကျိုးဆက်ကြောင့် ဤသို့သောဆင်းရဲကို ငါခံရသတည်း”ဟု သိလေ၏။

ဤသို့လွန်လေပြီးသော ၇-ဖြစ်ကိုဆင်ခြင်ပြီး၍ လာလတ္တံ့သောဘဝကို တစ်ဖန် ဆင်ခြင်ပြန်၏။ “ငါသည် ဤနတ်သမီးအဖြစ်မှစုတေလျှင် အဘယ်၌ဖြစ်ရအံ့နည်း”ဟု ဆင်ခြင်လတ်သော်၊ ဤနတ်သမီးအဖြစ်မှ အနှစ် ၃-ကုဋေ ၆-သန်း အသက်အတိုင်းနေ၍ စုတေလတ်သော် “ဤတာဝတိံသာနတ်ပြည်၌ပင်လျှင် ယခုကဲ့သို့ သိကြားမင်းကိုယ်လုပ်နတ်သမီး ဖြစ်လတ္တံ့”ဟု ၂-ကြိမ်မြောက်သောအဖြစ်ကို မြင်၏။ “ထိုဒုတိယဘဝမှ စုတေလတ်သော် အဘယ်ဘဝ၌ ဖြစ်ရအံ့နည်း”ဟု ဆင်ခြင်ပြန်လျှင် ဤတာဝတိံသာနတ်ပြည်၌ပင် သိကြားမင်းကိုယ်လုပ်နတ်သမီး ဖြစ်အံ့သည်ကို မြင်ပြန်၏။ ထိုတတိယဘဝမှ တစ်ဖန် ဆင်ခြင်ပြန်လတ်သော် ၄-ကြိမ်မြောက်ဖြစ်သော အဖြစ်၌လည်း သိကြားမင်းကိုယ်လုပ်နတ်သမီး ဖြစ်အံ့သည်ကို မြင်ပြန်၏။ ထိုစတုတ္ထဘဝမှ တစ်ဖန်ဆင်ခြင်ပြန်လတ်သော် ၅-ကြိမ်မြောက်သောဘဝ၌ကား ဤတာဝတိံသာနတ်ပြည်၌ ဇဝနနတ်သား၏မိဖုရားကြီး နတ်သမီး ဖြစ်အံ့သည်ကို မြင်ပြန်၏။ ထိုပဉ္စမဘဝမှတစ်ဖန် ဆင်ခြင်ပြန်လတ်သော် ၆-ကြိမ်မြောက်သော ဘဝ၌ကား လူ့ပြည်၌ မိထိလာပြည်ကိုအစိုးရသော အင်္ဂတိမင်းကြီး၏သမီး ရုဇာအမည်ရှိသော မင်းသမီး ဖြစ်အံ့သည်ကို မြင်၏။ ထိုရုဇာအဖြစ်မှ ဆင်ခြင်ပြန်လတ်သော် တာဝတိံသာနတ်ပြည်၌ တန်ခိုးကြီးသော နတ်သား ဖြစ်အံ့သည်ကို မြင်၏။ ထို၇-ကြိမ်မြောက်သောဘဝတိုင်မှ မိန်းမအဖြစ်မှ လွတ်အံ့သည်ကိုမြင်၏။

ဤသို့ ရုဇာမင်းသမီးသည် ရှေး သိကြားမင်းကိုယ်လုပ်နတ်သမီး ဖြစ်သောအခါ လွန်လေပြီးသော ၇-ဖြစ်, လာလတ္တံ့သော ၇-ဖြစ်ကို မြင်၏ဟု ရုဇာမင်းသမီးအဖြစ်၌ ရှေးအဖြစ်, နောက်အဖြစ်ကို မြင်ပြန်၍ ဤစကားကို ခမည်းတော်ဖြစ်သော အင်္ဂတိမင်းကြီးအား ဆိုပေသတည်း။