နာရဒဇာတ်တော်ကြီး/နိဒါန်း

From Wikisource
Jump to navigation Jump to search
နာရဒဇာတ်တော်ကြီး by မင်းပူး လေသာကျောင်းဆရာတော် ရှင်ဩဘာသ
နိဒါန်း

အစိန္တေယျ လောကသေဌ်နင်း တရားမင်းဖြစ်တော်မူသော မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည်၏အနီး နွယ်ချိုတောဥယျာဉ်၌ နေတော်မူသောအခါ ဥရုဝေဠကဿပအား ဆုံးမခြင်းကိုအကြောင်းပြု၍ “အဟု ရာဇာ ဝိဒေဟာနံ”အစရှိသော ဂါထာပုဒ်တို့ဖြင့် တန်ဆာဆင်အပ်သော ဤ“နာရဒ”ဇာတ် ဒေသနာတော်ကို ဟောတော်မူ၏။ ထိုစကားကို ချဲ့၍ဆိုဦးအံ့။

မြတ်စွာဘုရားသည် ဘုရားဖြစ်ပြီး၍ ဝါဆိုလပြည့်နေ့၌ မဟာဗောဓိပင်မှသည် ဗာရာဏသီပြည်၏အနီး မိဂဒါဝုန်တောသို့ကြွတော်မူ၍ ပဉ္စဝဂ္ဂီ ၅-ယောက်တို့အား ဓမ္မစကြာတရားကို ဟောတော်မူပြီးလျှင် အစဉ်အတိုင်း မဂ်ဖိုလ်အရသာကို ပေးတော်မူလျက် ဝါကပ်တော်မူ၏။ ထိုဝါတွင်း၌ ယသဝဂ္ဂီ, ဘဒ္ဒဝဂ္ဂီတို့ကိုလည်း ချွတ်တော်မူပြီး၍၊ ဝါကျွတ်လတ်သော် ပဉ္စဝဂ္ဂီ, ယသဝဂ္ဂီ, ဘဒ္ဒဝဂ္ဂီရဟန်းတို့ကို ထိုထိုသော အရပ်မျက်နှာ မြို့ရွာဇနပုဒ်တို့သို့ စေလွှတ်တော်မူပြီးလျှင် ကိုယ်တော်တစ်ပါးတည်းသာ ဥရုဝေဠတောသို့ ကြွတော်မူ၍ ထိုတော၌ တပည့် ၅၀၀-အခြံအရံရှိသော ဥရုဝေဠကဿပ, တပည့် ၂၅၀-စီ အခြံအရံရှိသော နဒီကဿပ, ဂယာကဿပ ဤရသေ့ညီနောင် ၃-ယောက်တို့သည် တပည့် ၁၀၀၀-တို့နှင့်တကွ ကျော်စောထင်ရှားစွာ မိမိတို့ကိုယ်ကို “ရဟန္တာ”ဟုမှတ်လျက် မီးပူဇော်ခြင်းစသော အတ္တကိလမထကို အားထုတ်၍နေကြ၏။

ထိုရသေ့ ၁၀၀၀-တို့အား ဆုံးမတော်မူပြီးလျှင် ဗိမ္ဗိသာရမင်းကြီးအား ဘုရားမဖြစ်မီက ဝန်ခံတော်မူအပ်သော ပဋိညာဉ်ရှိတော်မူသည်ဖြစ်၍ ထို၁၀၀၀-သော ရဟန္တာတို့နှင့်တကွ ရာဇဂြိုဟ်ပြည်သို့ ကြွတော်မူ၍ နွယ်ချိုတောဥယျာဉ်၌ နေတော်မူ၏။ ထိုအခါ မဂဓရဌ်တိုင်း ရာဇဂြိုဟ်ပြည်ကိုအစိုးရသော ဗိမ္ဗိသာရမင်းကြီးသည် ၁-သိန်း ၂-သောင်းသော ပရိသတ်နှင့်တကွ လာလတ်၍ မြတ်စွာဘုရားကို ရှိခိုးလျက် တင့်အပ်သောအရပ်၌ နေ၏။

ထိုပရိသတ်အတွင်း၌ ပုဏ္ဏား၊ သူကြွယ်တို့အား ဤသို့ အကြံဖြစ်၏။ “ဥရုဝေဠကဿပတည်း ရဟန်းကြီး၏ တပည့်လော။ ယင်းသို့မဟုတ်မူ ရဟန်းကြီးသည်တည်း ဥရုဝေဠကဿပ၏ တပည့်လော။ အဘယ်အကြောင်းဖြင့် ငါတို့ သိရပါအံ့နည်း”ဟု အကြံဖြစ်ကုန်၏။

ထိုပရိသတ်အပေါင်းတို့၏အကြံကို မြတ်စွာဘုရားသည် ဘုန်းတော်ဖြင့် သိတော်မူလတ်၍ “ဥရုဝေဠကဿပသည် ငါဘုရား၏အထံတော်၌ ရဟန်းပြုသောအဖြစ်ကို ပရိသတ်အပေါင်းတို့အား သိစေအံ့”ဟု ကြံတော်မူပြီးလျှင်-

“ကိမေဝ ဒိသွာ ဥရုဝေဠဝါသိ၊ ပဟာသိ အဂ္ဂိံ ကိသကောဝဒါနော။

ပုစ္ဆာမိ တံ ကဿပ ဧတမတ္ထံ၊ ကထံ ပဟီနံ တဝ အဂ္ဂိဟုတ္တံ။”

ဟူသောဂါထာဖြင့် ဥရုဝေဠကဿပကို မေးတော်မူ၏။

အဓိပ္ပာယ်ကား-

“ဥရုဝေဠတော၌နေလျက် ခြိုးခြံသောအကျင့်ကို ကျင့်ရသည်ဖြစ်၍ ကြုံသောကိုယ်ရှိသော ကဿပ။ အဘယ်အကြောင်းကိုမြင်၍ သင်တို့ပူဇော်မြဲဖြစ်သော မီးကို အဘယ့်ကြောင့် မပူဇော်ဘဲ ယခု စွန့်ပစ်သနည်း”ဟု မေးတော်မူ၏။

အရှင်ဥရုဝေဠကဿပမထေရ်သည်လည်း မြတ်စွာဘုရားအလိုတော်ကိုသိ၍-

>

“ရူပေ စ သဒ္ဒေ စ အထော ရသေ စ၊ ကာမိတ္ထိယော စာပိ ဝဒန္တိ ယညာ။

ဧတံ မလန္တိ ဥပဓီသု ဉတွာ၊ တသ္မာ န ယိဋ္ဌေ န ဟုတေ အရဉ္ဇိံ။”

ဟူသော ဂါထာဖြင့် နားတော်လျှောက်၏။

အဓိပ္ပာယ်ကား-

“ဘုန်းတော်အလွန်ကြီးမြတ်တော်မူလှသော မြတ်စွာဘုရား။ ယဇ်ပူဇော်ကုန်သောသူတို့သည် အဆင်း, အသံ, အရသာ ကြိုက်နှစ်သက်သော မိန်းမရတနာတို့ကို အလိုရှိ၍ ပူဇော်ကုန်၏။ ထိုကာမဂုဏ်တို့သည် ရဟန်းတို့၌ အညစ်အကြေးတည်းဟု အကျွန်ုပ်သိသောကြောင့် ယဇ်ပူဇော်ခြင်းကိုလည်းကောင်း, မီးပူဇော်ခြင်းကိုလည်းကောင်း ပယ်စွန့်သတည်း”ဟု လျှောက်ပြီး၍၊

မိမိ၏ ဘုရားတပည့်သာဝက၏အဖြစ်ကို ထင်ရှားစိမ့်သောငှာ မြတ်စွာဘုရားခြေဖမိုးတော်၌ ဦးချလျက် “ဘုန်းတော်အလွန်ကြီးလှသော အရှင်ဘုရား။ အရှင်ဘုရားသည် အကျွန်ုပ်၏ဆရာတည်း။ အကျွန်ုပ်ကား အရှင်ဘုရား၏တပည့်တည်း”ဟု ဆို၍ ထန်းတစ်ဖျားခန့် ကောင်းကင်သို့တက်ပြီးလျှင် လျှောသက်၍ ခြေတော်အစုံကိုဦးခိုက်လျက် ဆိုမြဲတစ်ဖန် ဆိုပြန်၏။ တစ်ဖန် ထန်း ၂-ဆင့် ၃-ဆင့်၊ ထို့အတူ ၇-ဆင့်တိုင်အောင် ၇-ကြိမ် ကောင်းကင်သို့တက်၍ ဆင်းသက်ခဲ့ပြီးလျှင် မြတ်စွာဘုရားကိုရှိခိုးလျက် တင့်အပ်သောအရပ်၌ နေ၏။

ပရိသတ်အပေါင်းတို့သည် ထိုသို့သော တန်ခိုးပြာဋိဟာကိုမြင်၍ “မြတ်စွာဘုရားသည် တန်ခိုးအာနုဘော် ကြီးပေစွတကား။ အယူမှား၍ မိမိကိုယ်ကို ရဟန္တာဟုမှတ်သော ဥရုဝေဠကဿပကိုလည်း အယူမှားသောကွန်ရက်ကို ဖြတ်တော်မူ၍ ကိုယ်တော်၏အဆုံးအမ၌ တည်စေ၏”ဟု မြတ်စွာဘုရား၏ ဂုဏ်ကျေးဇူးကိုသာလျှင် ချီးမွမ်းကြကုန်၏။

မြတ်စွာဘုရားသည် ထိုသို့ချီးမွမ်းကြသော စကားကိုကြားတော်မူလျှင် “ရဟန်းတို့။ ယခုအခါ သဗ္ဗညုတဉာဏ်ကိုရပြီး၍ အထွတ်အထိပ်ဖြစ်တော်မူသော ငါဘုရားသည် ဥရုဝေဠကဿပ၏ အယူမှားခြင်းကွန်ရက်ကို ဖျက်ဆီးခြင်း၌ အံ့ဖွယ်မဖြစ်သေး။ ရှေး နာရဒဗြဟ္မာ ဖြစ်တော်မူသောအခါ ရာဂ, ဒေါသ အစရှိသော ကိလေသာမကင်းသေးသော ပုထုဇဉ်ဖြစ်လျက်လည်း ဥရုဝေဠကဿပ၏ မိစ္ဆာကွန်ရက်ကိုဖြတ်၍ ငါ၏အဆုံးအမ၌ တည်စေ၏”ဟု မိန့်တော်မူပြီးလျှင် ဆိတ်ဆိတ်နေတော်မူ၏။ ပရိသတ်တို့သည် “ထိုအတ္ထုပ္ပတ္တိကို ဟောတော်မူပါ”ဟု တောင်းပန်လတ်သော် အတိတ်ကို ဆောင်တော်မူ၍၊ ဤ“နာရဒ”ဇာတ်တော်ကို ဟောတော်မူ၏။