နတ်ရှင်မယ်တော်ဧချင်း

From Wikisource
Jump to navigation Jump to search
နတ်ရှင်မယ်တော်ဧချင်း
by ကျည်းထောင်သား ဆီးကိုင်းစား

နမောတဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

  1. ဇမ္ဗူဒီပါ အောင်ချာသောင်းမြေ ခေါင်ထပ်ဗွေထက် သပြေပင်ဝန်း ယောက်စည်ထွန်းသော် ဤကျွန်းစကြဝဠာ တို့ကမ္ဘာတွင် တရာထီးစင်း မင်းတို့အမျိုး တုန်ဝပ်လျိုးသား တန်ခိုးစက်ရောင် ဒွတ္တပေါင်နှင့် ပုံဆောင်မယွင်း သောင်းကျွန်းတွင်းဝယ် ရန်နှင်းစောထီး ငါးစီးရှင်မြစ် ဘွားချစ်ဥမျိုး ရှင်မဘိုးကို နန်းရိုးသိုက်ဝင် ယဉ်လျှင်တုလွတ် တမွတ်အဖျား မင်းတရားဟု လန့်ကြားရွံ့စိုး ကျွန်းလုံးဖြိုးမျှ ထိပ်မိုးရှိကြာ စိုးသော့ခါဝယ် နရာရင်နှစ် မင်းစစ်သမီး နတ်လူချီးသော် သားကြီးရင်သွေး ဘွားတော်မြေးကို ဘိုးဘေးချီချ စံပသက်ရှည် ပျော်စိမ့်မည်ဟု မှတ်ရည်ထင်စွာ သံသာဧချင်း ကျူးသံညင်းသည် ရှင်ရင်းတည့်ငြိမ်လေး နာဘိသေး ဧလည်းယင်ယင်ဧ ပျော်ကြောင်းဖျော်သည် ဘွားတော်ရှင်ပင်မြေးတည့်လေး ဘွားတော်ရှင်ပင်မြေးတည့်လေး ဧလည်းယင်ယင်ဧ ။
  2. ဝေပူလမှ ဇော်တမျက်ရှင် ထက်မိုးခွင်ဝယ် ကောင်းကင်ပျံသွား ပတ္တမြားကို အညားတော်ဘိ ရလိုက်မိသို့ ဘုန်းရှိစင်စင် ရှင်မိခင်တုံ လွန်ကြင်ဆယ်လ ပိုက်ယုယ၍ တစမရှောက် ထွန်းတောက်အသရေ ရွှေချက်ကြွေသား အကြေဟူသည် ဤရွှေပြည်၌ ပွင့်စည်သာပျော် ရှေးခါသော်လည်း ရှင်တော်မြတ်စွာ ဘုရားလျာလျှင် ဟင်းသာအစစ် ဖြစ်ခဲ့ဘူးသည် ပဲကူးမင်းနေ အောင်ချက်ဗွေထက် ရန်မွေမမြော် လက်ရုံးတော်ဖြင့် ပြိုင်ဘော်မဲ့အောင် အခေါင်ကျွန်းလုံး စိုးယူကျုံးမှ မျက်ကုံးရတနာ သားသည်းချာနှင့် ညီညာဝန်းလျား မျိုးများတစု မျက်ရှုခြံရံ စံစိမ့်မည်ဟု သာသည်သံပြိုင် သံညီဆိုင်လျက် သံတိုင်နိမ့်မြင့် သံဆင့်သံညင်း ရိုက်ကြူးခြင်းလည်း မပြင်းစေရ လွှဲယုယသည် ရှင်မတည့်ငြိမ့်လေး စက်ဘိသေး ဧလည်းယင်ယင်ဧ ပျော်ကြောင်းဖျော်သည် ဘွားတော်ရှင်ပင်မြေးတည့်လေး ဘွားတော်ရှင်ပင်မြေးတည့်လေး ဧလည်းယင်ယင်ဧ ။
  3. ဘုရားထွဋ်ခေါင် သင်းပွင့်တောင်တွင် ဉာဏ်ရောင်ကသိုဏ်း ဗျာဒိတ်တိုင်းဖြင့် မြင်စိုင်းပန်းယ အင်းဝတည်မြောက် မင်းငါးယောက်တွင် နှောင်းအောက်အထွေး သားတော်မြေးကို ကျော်သွေးမြေပြင် တစီးရှင်ဟု မြန်ခွင်စောင်းထောင် စက်ရောင်ပတ်ကုံး ဘုန်းလည်းဝှန်တောက် ကျော်နှံ့ချောက်၏ နှိုင်းထောက်ထိုတူ ယခုမူကား ဇမ္ဗူတသွန် ကျော်ဝှန်ဟိုးဟိုး ရှင်ချစ်ဘိုးသည် ဥမျိုးတည့်စဉ် ရှေးရှည်မဝေး ဧလည်းယင်ယင်ဧ ပျော်ကြောင်းဖျော်သည် ဘွားတော်ရှင်ပင်မြေးတည့်လေး ဘွားတော်ရှင်ပင်မြေးတည့်လေး ဧလည်းယင်ယင်ဧ ။
  4. တစီးသခင် ငါးစီးရှင်နှင့် နွယ်ပင်မျိုးရင်း ဘွားဘိုးမင်းလည်း သတင်းဝှန်ဆူ ကျွန်းဇမ္ဗူတွင် ပြိုင်တူမဲ့ဆုံး လက်ရုံးတန်ဆောင် မင်းခေါင်ကြီးမြစ် မျိုးစစ်မှန်မော မနောထွဋ်ထား ရှစ်ချစ်ဘွားနှင့် သည်းကြားနှစ်ယောက် တဝမ်းပေါက်ဝယ် ချစ်လောက်မညီး မျိုးစံသီးဟု သားကြီးရင်နှစ် ကြင်ချစ်ပျံ့ပျူး မြေးတော်ဦးကို ရူးမူးစုံမက် ရွှေချက်ဝမ်းတွင် မကြွေခင်လျှင် အရှင်ဘုန်းခေါင် နန်းသို့ဆောင်သည် နှစ်မြောင်တည့်ရိုက်ကြွေး မြော်စိတ်စေး ဧလည်းယင်ယင်ဧ ပျော်ကြောင်းဖျော်သည် ဘွားတော်ရှင်ပင်မြေးတည့်လေး ဘွားတော်ရှင်ပင်မြေးတည့်လေး ဧလည်းယင်ယင်ဧ ။
  5. အစဉ်ရှေးသော် ဆက်တိုင်းကျော်သည် ယသော်ဓရာ ဥက္ကာကရာဇ် ရှေးဇာစ်မှန်ရှောင်း နားတော်ညောင်းလော ရှစ်သောင်းဦးစွန်း တောနန်အရိုး ဥမျိုးမှန်စစ် ဘွားရှင်ပင်လည်း လွန်ကြင်ရှုပျော် မြေးဦးတော်ကို ရွှင်ပျော်စုံမက် ရွှေချက်ဝမ်းတွင် မကြွေခင်က သခင်တဆူ ယူမည်သော်ခါ အံ့အာသရဲ မင်းဆက်ကဲသော် ပြောင်းပြဲထက်ဆုံး မျက်ကုံးစီမြှောင် ရွှေခြည်ပြောင်သည် ရွှေရောင်ပြိုးပြက် ရွှေချက်ညီးညီး ရွှေဝေါစီး၍ ရွှေထီးပွင့်ထောက် ရှေ့နောက်တလိုင်း ထော်မှိုင်းထော်ပန် တသွန်များစွာ မြန်မာမှူးမတ် ရံပတ်စံပ မိန်းမတိသာ ရှစ်မြွာထူးလည် မြှောက်စည်သံလွင် အိမ်ရှင်စောင်းငြင်း တီးမှုတ်ခြင်းလည်း စံကျင်းလျက်ပေး ကြင်မြတ်လေး ဧလည်းယင်ယင်ဧ ပျော်ကြောင်းဖျော်သည် ဘွားတော်ရှင်ပင်မြေးတည့်လေး ဘွားတော်ရှင်ပင်မြေးတည့်လေး ဧလည်းယင်ယင်ဧ ။
  6. တစိန့်စိန်လျှင် ရှုမိန်ကြည်မြှော် ရွှေနန်းတော်က ဘိုးကျော်နတ်ရှင် မျှော်လျက်ပင်တည့် ညာတင်တောင်နန်း ဦးစွန်းထွဋ်ထား ရှစ်သောင်းဖျားလည်း ချစ်ဘွားယုယ မြေးတော်လှနှင့် စံပလျစ်လျူ တင့်မူထူးလည် လာလတ်သည်ကို ချစ်ကြည်ဝမ်းမြောက် မခေါက်မရက် စုံမက်မြတ်နိုး ရှစ်ချစ်ဘိုးလည်း ပိုက်မျိုးတူရူ လှမ်းနှင့်ယူ၍ သည်းဦးပြတ်ကြင် နတ်ရှင်စောထီး ချစ်သမီး၏ သားကြီးရင်နှစ် မြေးတော်စစ်ကို ရှင်ချစ်ဖန်လဲ ရှုမရဲတည့် နန်းတဲရိပ်သာ ပျော်ရာမျက်ပွင့် ဘွားမင့်းသက်ဝေ မယ်တော်ပေဟု နန်းရွှေဘုံရိပ် ယုယသိပ်သည် ခွေလိပ်တည့်ကြင်မြတ်လေး ဘွားရှင့်မြေး ဧလည်းယင်ယင်ဧ ပျော်ကြောင်းဖျော်သည် ဘွားတော်ရှင်ပင်မြေးတည့်လေး ဘွားတော်ရှင်ပင်မြေးတည့်လေး ဧလည်းယင်ယင်ဧ ။
  7. တစေ့စေ့လျှင် ရှု၍ပန်လဲ အံ့မရဲတည့် ဝမ်းကွဲယူတ မျိုးစဉ်စကို ရှင်မဘုန်းခေါင် နားတော်ထောင်လော့ မြန်ဘောင်ထင်ပေါ် ရှေးကသော်လည်း ဘွားတော်ချစ်ဘိုး စဉ်ဥမျိုးတည့် ကျော်ဟိုးကြေညာ သင်္ခယာဟု မည်သာခေါ်သွေေး ရှင်မိဘေးလည်း စဉ်ရှေးမဆွ အစမြင်ရှည် ဆောင်ခဲ့တည်၍ ရွှေပြည်ဇမ္ဗူ တောင်ငူရပ်သီး မြှောက်စည်တီးနှင့် မြို့ကြီးတထောက် ရွှေနန်းဆောက်၍ တောင်မြောက်မကွဲ ရေလွဲရံဆိုင် ငါးခရိုင်ကို စိုးပိုင်မကြွင်း လွှံသင်းသင်းသည် မိမင်းတည့်ရှင်ဘေး စဉ်မဝေး ဧလည်းယင်ယင်ဧ ပျော်ကြောင်းဖျော်သည် ဘွားတော်ရှင်ပင်မြေးတည့်လေး ဘွားတော်ရှင်ပင်မြေးတည့်လေး ဧလည်းယင်ယင်ဧ ။
  8. စောဘုန်းကြီးလျှင် စံညီးလူ့ဘော် နတ်ပြည်ပျော်သား မြေပေါ်ဇမ္ဗူ ထိန်ထိန်ဆူမျှ တောင်ငူဟူသည် ရွှေပြည်မြို့ကြီး ထိုကဆီး၍ နန်းထီးပွင့်ရိုး ကျော်ဟိုးစေရ ဘွားတော်ဘလျှင် ဌာနအောင်ချာ ဘမင်းရာကို ဆက်ကာယူသိမ်း ဘုန်းဖြင့်ထိမ်းက ညွတ်တိမ်းပြည်ထောင် ကုန်အောင်မကြွင်း ရမည်းသင်းနှင့် တောင်တွင်းသင်ကြီး ဝတီးယင်းတော် ရေသော်မကြွင်း ပင်းနှင့်ပင်လယ် တသွယ်ညောင်ရမ်း မြစ်ကမ်းတလျောက် ထိန်ထိန်ချောက်မျှ ရန်တောက်မပြူ မြို့တောင်ငူကို ထီးဖြူရွှေနန်း ပေါ်ထွန်းမြင့်ရှည် ထောင်စတည်သည် အရှည်တည့်မျှော်တွေး ရှင်မဘေး ဧလည်းယင်ယင်ဧ ပျော်ကြောင်းဖျော်သည် ဘွားတော်ရှင်ပင်မြေးတည့်လေး ဘွားတော်ရှင်ပင်မြေးတည့်လေး ဧလည်းယင်ယင်ဧ ။
  9. ဥဒုမ္ပရာ ဝိသာခါနှင့် ပမာဘုန်းရှိ တုမောဘိလည်း သီရိမြူတေ ကြက်သရေပြောင်ဝင်း ဘွားရှင်ရင်းလည်း သားချင်နှစ်ယောက် တဝမ်းပေါက်တွင် ထွန်းတောက်လက်ရုံး ဘုန်းလည်းရှိန်ပြင်း မောင်တော်ရင်းဟု သတင်းကျော်ဝှန် ယမန်တလတ် ရန်ဖြတ်နင်းချိုး ရှင်ဘိုးလည်းကောင်း ရင့်ညောင်းသမ္ဘာ ဘေးတော်ရာကို ဆက်ကာမှီက စမ္ပာယ်မှလျင် ဌာနအောင်ချာ ဟံသာဝတီ ခေါ်ညီထူးလည်း ကျေးရပ်ပြည်ကို ဖွေနည်ဝန်းကျင် ရန်မျိုးသင်၍ တိုင်းခွင်နန်းထက် တဆက်ရှေးဦး စိုးလေးဘူးသည် ကူးတည့်ရပ်ကျေး ကျော်စဉ်ရှေး ဧလည်းယင်ယင်ဧ ပျော်ကြောင်းဖျော်သည် ဘွားတော်ရှင်ပင်မြေးတည့်လေး ဘွားတော်ရှင်ပင်မြေးတည့်လေး ဧလည်းယင်ယင်ဧ ။
  10. ဆက်ကာစိုးသည် မင်းရိုးတသွန် ယမန်မဝေး ရှင်ပင်ဘေးလည်း ကျော်သွေးထိန့်ဆူ သီဟသူဟု တောင်ငူဟူသည် ရွှေပြည်နိုင်ငံ စိုးဦးစံမှ အလျှံတပြောင် ရွှေရောင်ညီးညီး ရွှေရည်စီးမျှ ရွှေထီးပြောင်ဝင်း သုံးလူ့မင်း၏ ရှင်ရင်းဓာတ်ပုံ မြစည်းခုံကို ရိပ်မြုံကောင်းမှု တည်ခဲ့ပြုသည် ကျွတ်ဆုတည့်လှူကံကျွေး သဒ္ဓါရှေး ဧလည်းယင်ယင်ဧ ပျော်ကြောင်းဖျော်သည် ဘွားတော်ရှင်ပင်မြေးတည့်လေး ဘွားတော်ရှင်ပင်မြေးတည့်လေး ဧလည်းယင်ယင်ဧ ။
  11. ရတနာလျှင် သည်းချာနှစ်ယောက် တဝမ်းပေါက်ဝယ် ချစ်လောက်မငြီး သားကြီးနှောင်းလျှင် ဘွားမြောက်စင်သည် လွန်ကြင်ရွှေတုံး လက်ရုံးအံ့အဲ့ ရွှေဘွဲ့ကဲသည် မင်းရဲကျော်စွာ မည်သာကျစ်လျစ် ဆဲ့ခြောက်နှစ်က နန်းစစ်ကြိုးပမ်း အမှုထမ်းသည် ချီးမွမ်းဝှဲ့ချီး ရှင်ဦးရီးလည်း မြေကြီးစောင်ဝင်း ရှိန်သတင်းနှင့် ဘမင်းကိုယ်စား ပျိုထွားဆစည်း ဤရှိတည်းက ရိုက်ကြည်းဝှန်ချောက် မီးသို့တောက်မျှ နန်းတောက်စဉ်ရှည် မင်းလျာတည်သည် မြန်ပြည်တည့်ကျော်သွေး ကြင်မြတ်လေး ဧလည်းယင်ယင်ဧ ပျော်ကြောင်းဖျော်သည် ဘွားတော်ရှင်ပင်မြေးတည့်လေး ဘွားတော်ရှင်ပင်မြေးတည့်လေး ဧလည်းယင်ယင်ဧ ။
  12. မြတ်ဥမျိုးဟု တန်ခိုးကြက်သရေ မင်းနှစ်သွေကား စောင့်နေမယွင်း ဆောက်တည်ခြင်းဖြင့် သိတင်းအာရုံ သီလထုံလျက် နှိုင်းပုံတည်စွာ ယင်းသော်ခါလည်း ကဏှာဇာလီ မဒီဘုန်းရှိ ချစ်မိရှင်မ ဝေဿန္တနှင့် တုလှမောစွာ ထိုပမာလျှင် သည်းချာတူပေါက် နှစ်ယောက်နှင်သော် ဘိုးတော်ချစ်ဘွား မင်းလေးပါးလည်း ထိုလားတူမော မနောစကြာ စံသောခါဝယ် ရတနာမျက်ရှု မြေးရှင်ပုကို ယခုလွန်ကြင် ဘေးရှင်ပင်တို့ ချစ်အင်ကဲစွာ လာ၍ရှုကြည့် ပျော်ပါလှည့်ဟု ကျူးလှည်သံညင်း ပျော်စံခြင်းသည် နန်းတွင်းတည့်မှောင်ဝေး လင်းရိပ်ပြေး ဧလည်းယင်ယင်ဧ ပျော်ကြောင်းဖျော်သည် ဘွားတော်ရှင်ပင်မြေးတည့်လေး ဘွားတော်ရှင်ပင်မြေးတည့်လေး ဧလည်းယင်ယင်ဧ ။
  13. မျက်ရှုဖြိုး၍ ပိုက်ပျိုးယုယ ရှင်မဘုန်းကြွယ် နတ်ရှင်မယ်ကို ပျော်ဘွယ်ပျံ့ညင်း နားတော်သွင်းအံ့ ရာစင်းတို့ဘောင် မင်းကုန်အောင်တွင် အခေါင်တမွတ် ကျွန်းလုံးညွတ်မျှ ဘုန်းထွဋ်ဘုန်းဖြိုး ရှင်ချစ်ဘိုးကား တန်ခိုးလွန်ပြင်း ဘွားတော်ရင်းနှင့် စံကျင်းစံပ နေလအသွင် ထက်မိုးခွင်ဝယ် သဘင်ကြယ်လယ် တင့်စမ္ပာယ်သား နှိုင်းဆွယ်ထိုတူ ကျွန်းဇမ္ဗူဝယ် မည်သူရင်ဆိုင် မပြိုင်စကောင်း ဝပ်ဝပ်ညောင်းမျှ တသောင်းကျွန်းတွင် ဘက်မမြင်တည့် လူရှင်သီးသီး အံ့ဝှဲချီးသည် စောထီးတည့်ချစ်မြေး နားထောင်သေး ဧလည်းယင်ယင်ဧ ပျော်ကြောင်းဖျော်သည် ဘွားတော်ရှင်ပင်မြေးတည့်လေး ဘွားတော်ရှင်ပင်မြေးတည့်လေး ဧလည်းယင်ယင်ဧ ။
  14. စစ်ကိုင်းပန်းယ အင်းဝတကောင်း ရှေးနှောင်းမကျန် တသွန်နန်းထက် လာစဉ်ဆက်ကို ရေတွက်ချီငေါ် ဘိုးတော်ယူကျုံး ဇမ္ဗူလုံးဝယ် လက်ရုံးတန်ဆောင် တပြောင်ပြောင်လျှင် ရန်မြောင်လင်းလင်း ခွင်းသည်အတူ ယခုလူတွင် မမြင်ဘူးသေး အစဉ်ရှေး၌ ရန်လှေးပယ်ချိုး ရှင်ချစ်ဘိုးကို မြေမိုးဝှန်ချောက် ကျွန်းလုံးကြောက်သည် ပြိုင်တောက်တည့်နီးဝေး ရှောင်လွင့်ပြေး ဧလည်းယင်ယင်ဧ ပျော်ကြောင်းဖျော်သည် ဘွားတော်ရှင်ပင်မြေးတည့်လေး ဘွားတော်ရှင်ပင်မြေးတည့်လေး ဧလည်းယင်ယင်ဧ ။
  15. အန်စာမိက ရဲရဲပသား သိင်္ခအာနီ မျက်စုံညီကို ကုံးသီပြောင်နစ် မိုးလျှပ်စစ်သို့ ထစ်ထစ်မယွန်း နန်းလုံးထွန်းသည် လေးကျွန်းသခင် နတ်ရှင်မင်းမြေး ရည်သွေးဘုန်းခေါင် နားတော်ထောင်လော မြန်ဘောင်ကျိုက်ပွက် အောက်ထက်ရိုကျိုး မြေနှင့်မိုးကို လှုပ်ချိုးနှိပ်နင်း မင်းချင်းချင်းဝယ် နှိုင်းခင်းမမြော် ရှင်ဘိုးတော်ကို ထင်ပေါ်ပေါက်ပြ ရှေးကကျော်ဝှန် ငါ့မှန်ကန်လျှင် သိုက်ကြန်ကျမ်းလာ မင်းတကာထက် အာဏာပြင်းဝှန် တသွန်မြန်ပြည် စိုးလမည်ဟု ကျော်သည်ဟိုးဟိုး ရှင်ချစ်ဘိုးသည် နေမျိုးတည့်စဉ်ရှေး နွယ်မဝေး ဧလည်းယင်ယင်ဧ ပျော်ကြောင်းဖျော်သည် ဘွားတော်ရှင်ပင်မြေးတည့်လေး ဘွားတော်ရှင်ပင်မြေးတည့်လေး ဧလည်းယင်ယင်ဧ ။
  16. ၁၆။ မျက်ရှုဖြိုး၍ မျိုးရိုးကုံကြွယ် နတ်ရှင်မယ်ကို လည်ဝယ်ကျစ်လျစ် ဆွဲကျူးရစ်၍ ခါးထစ်ရင်ခွင် ချစ်ကြင်ပိုက်နမ်း အလွမ်းဖျော်ဘက် ဘွားတော်သက်လျှင် စက်ပျော်စေအောင် နားတော်ထောင်လော မြန်ဘောင်ထင်ပေါ် ကျွန်းလုံးကျော်သည် မမြော်ဘူးမြဲ ဘိုးတော်ပွဲကို အံ့အဲမနိုင် နှုန်းပြိုင်မဲ့တွေ ကျွန်ုပ်ရေအံ့ မင်းနေသာထူး ကျေးပဲကူးတွင် ရှေးဦးစွာက ဒလဒဂုံ လုံးစုံမကျန် ကျေတသွန်လျှင် လှန်လသော့ခါ ရဲမြတ်စွာနှင့် ဘယ်ညာတလိုင်း အရိုင်းသိန်းသန်း များလွန်းပတ်လည် ရံလသည်ကို မြန်ပြည်ကျိုက်ပွက် အဘက်မမြော် ရှင်ဘိုးတော်ကား ချွန်းသော်လှစ်ဖွင့် ဖြန့်ကာလွှင့်သော် ကျေလွင့်ထွားထွား မှော်အလားသို့ ဘဝါးဖွေးဖွေး ပြေးနှင့်သည်သာ ထိုအခါဝယ် စကြာမင်းဖျား နောက်ဆုံးထား၍ သူများအသက် ကယ်ခေါက်ရက်သည် စဉ်ဆက်တည့်ကျော်သွေး မြော်နီးဝေး ဧလည်းယင်ယင်ဧ ပျော်ကြောင်းကျူးသည် ရန်ငူးနတ်ရှင်မြေးတည့်လေး ရန်ငူးနတ်ရှင်မြေးတည့်လေး ဧလည်းယင်ယင်ဧ ။
  17. အတည်တည်လျှင် မဆည်မငံ့ မြင်သော်အံ့၏ အနှံ့များမြောင် သူ့ရပ်ဘောင်ဝယ် ငတောင်ငကြည်း ဖြင်ပည်းသီးသီး မြို့တိုင်းသီးသည် စောထီးနရာ ရဲမြတ်စွာနှင့် ဘယ်ညာတလိုင်း အုံနှင့်တိုင်းကို စံခိုင်းမမြော် ဘိုးတော်တိုက်ဘောက် ပဲကူးရောက်လည်း တယောက်မမြင် သူနှင်နှင်တိ ထိုတွင်တခြား စစ်တောင်းစားတုံ ခွန်အားပည်ဖြင် ဝှေ့ဆင်သုံးထွေ ဗိုလ်ခြေထပ်လောင်း လွှတ်သူသောင်းနှင့် ခြေကြောင်းရာထပ် ကြပ်ကြပ်တတည် လိုက်ပြန်သည်ကို တိုက်မည်ရိပ်ပြ သိလေမှလျှင် လောကထွဋ်စိုး ရှင်ချစ်ဘိုးကို ရန်မျိုးကုန်အောင် ကြောက်နှင့်ရှောင်သည် ပြည်တောင်တည့်နီးဝေး တုန်ဝပ်ကွေး ဧလည်းယင်ယင်ဧ ပျော်ကြောင်းကျူးသည် ရန်ငူးနတ်ရှင်မြေးတည့်လေး ရန်ငူးနတ်ရှင်မြေးတည့်လေး ဧလည်းယင်ယင်ဧ ။
  18. ပဲကူးဟူသည် သူ့ပြည်လွန်မြောက် တိုင်းခွင်ရောက်သော် သာလျောက်ငြိမ်လေး ဟင်းခနွေးတွင် တဝေးတစု မျှော်ရှုမပြတ် ရှစ်သောင်းထွဋ်နှင့် မှူးမတ်ရှိတိုင်း ထော်မှိုင်းထော်ပန် တသွန်မြန်မာ ဖူးရလှာသော် ဝမ်းသာမြတ်နိုး ရှင်ချစ်ဘိုးကို ထိပ်မိုးထွဋ်တင် မျှော်လျက်ပင်တည့် ထိုတွင်လည်ဖျော် မင်းနှစ်ဘော်လျှင် သုံးဘော်ယုံရက် စက်ခဲ့ဦးမှ ရန်ငူးဘုန်းခေါင် မြို့ကုံဘောင်ကို သုံးမြောင်စစ်ဟုံ ချီလေတုံသည် သာဘုံတည့်ရပ်ကျေး များမဝေး ဧလည်းယင်ယင်ဧ ပျော်ကြောင်းကျူးသည် ရန်ငူးနတ်ရှင်မြေးတည့်လေး ရန်ငူးနတ်ရှင်မြေးတည့်လေး ဧလည်းယင်ယင်ဧ ။
  19. တောင်ငူမြို့တွင် နတ်သို့စံပျော် ရဲဘော်တုဘက် စွန့်ကြလျက်ဟု ချိမ်ချက်ကြလို နောက်ကိုမြော်တင် နှောင်ကြွင်းတလျဉ် သားစဉ်မြေးမြစ် ကောင်းရစ်စေချင် လူရှင်စီးပွား နှစ်ပါးမကြံ သက်နှံမရိုင်း ထော်မှိုင်းထော်ပန် တသွန်မြန်မာ မတ်တကာနှင့် သစ္စာညှိရုံး ပြုခဲ့ဆုံးမှ လက်ရုံးတောက်ရွှန်း နေနှယ်ထွန်းသည် လေးကျွန်းသခင် နတ်ရှင်ဘုန်းတူ ရောက်တော်မူသော် တောင်ငူဟူသည် ရွှေပြည်ရှေ့ပါး ပေါင်လောင်းနားတွင် မင်းဖျားစံပ ကွန်းတော်ချသည် ငြိမ်မျှတည့်ရိုက်ဧ သံညင်းကြေး ဧလည်းယင်ယင်ဧ ပျော်ကြောင်းကျူးသည် ရန်ငူးနတ်ရှင်မြေးတည့်လေး ရန်ငူးနတ်ရှင်မြေးတည့်လေး ဧလည်းယင်ယင်ဧ ။
  20. ကေတုမတီ သာညီအောင်မျှို့ တောင်ငူမြို့ကို လူတို့ထွဋ်ချာ နရာဒိပ္ပ ထိုး၍ရမှ ကြင်ဆလေးမြတ် ညီတော်လတ်နှင့် ရိုညွတ်ကျိုးနွံ သစ္စာခံမှ ဘုန်းလျှံပြောင်ဝင်း လူမှန်ကင်းမူ ချက်ချင်တဘန် မြို့ပေးပြန်ရှင့် ပုန်ကန်ရွံကြောက် မြစ်တလျောက်ဝယ် ရန်ထောက်တင်းလင်း ပြည်မင်းသတိုး အားကျိုးမာန်ပါ ထိုးစစ်မှာသို့ မကြာမရှည် ငါချီမည်ဟု မြန်ပြည်ဇမ္ဗူ ထိန့်ဆူရိုက်ကြိုး ရန်ညွန့်ချိုးသည် ရှင်ဘိုးတည့်ကျော်သွေး ရပ်နီးဝေး ဧလည်းယင်ယင်ဧ ပျော်ကြောင်းကျူးသည် ရန်ငူးနတ်ရှင်မြေးတည့်လေး ရန်ငူးနတ်ရှင်မြေးတည့်လေး ဧလည်းယင်ယင်ဧ ။
  21. မခေါက်မရက် မြဘယက်သို့ စုံမက်ဘွယ်ဘိ ဘုန်းရှိအသရေ မြူတေမျက်စုံ ပုလဲငုံသို့ မြန်ဘုံကြေညာ ရှစ်ရပ်ချာတွင် အံ့အာသရဲ ဘိုးတော်ပွဲကို နှိုင်းရဲလူတွင် ဘက်မမြင်သည် သခင်အလ ရှင်မစိတ်စေး နားထောင်သေးလော့ ဘိုးဘေးစဉ်ဆက် တသက်လူရွာ တကမ္ဘာဝယ် ဘယ်မှာသည်တူ လူဝယ်ရှေးနှောင်း ပြော်ဘူးထောင်အံ မြစ်ကြောင်းတလျှောက် ရန်ထောက်ပြည်မင်း ဆန်ငြင်းပုန်ကန် မြင်းမိုရ်ဝှန်၍ ကျူးလွန်မြင့်ရှည် ကြံလေသည်ကို ထက်ပြည်မိုးခွင် ထက်ကောင်းကင်က နတ်ရှင်သိကြား လွှားလွှားပျံနင်း သက်ဘိလျှင်းသို့ နဝင်းတောင်ရှည် ရွှေပြည်အလုံး ဝန်းပတ်ကုံးဝယ် ကျုံးလည်းနှစ်ထပ် လန်ဖျပ်မနိုး တိုက်ပေါက်တိုးသည် ရှင်ဘိုးတည့်လက်နွှေး နိုင်သည်ကျေး ဧလည်းယင်ယင်ဧ ပျော်ကြောင်းကျူးသည် ရန်ငူးနတ်ရှင်မြေးတည့်လေး ရန်ငူးနတ်ရှင်မြေးတည့်လေး ဧလည်းယင်ယင်ဧ ။
  22. သရေခေတ္တရာ စိုးချာမင်းခေါင် ဒွတ္တပေါင်ဟု တည်ထောင်အစ ပြည်ပူရကို ခဏလွယ်ကူ ဘုန်ဖြင့်ယူမှ တောင်ငူသည်းချာ ကြင်နာချစ်ကြိုး သတိုးဓမ္မရာဇာ မည်သာတုမွတ် ညီတော်လတ်ကို လေးမြတ်ချစ်ချင်း ပြည်လုံးနှင်းမှ ဆင်မြင်းကြည်းရေ ချီလေမကြာ ကောင်းရာရာကို ငါကားမြစ်ကြောင်း လှေတသောင်းနှင့် အလောင်းစည်သူ ဘေးတော်တူလျှင် ဇမ္ဗူဝန်းလည်း ငါလှည့်မည်ဟု ရည်သည်အလျောက် ကူဖြူမြောက်တွင် မောက်မောက်ထင်ပေါ် ဖိုးဦးမော်ကို ရှုတော်ရာစက် ထိပ်ထက်တင်မြူး ရှုခဲ့ဦးမှ ကူးတုံရှေ့ဘက် ကျောက်စက်ရေတိုး တန်ခိုးပြင်းလှ မောင်နှမဟု မည်ရသိင်္ဂီ မြစေတီနှင့် အညီအင်းဝ မြို့ဂါမတွင် ဖြင်မျှတထောင် စောမြတ်ခေါင်က မရုပ်စသား ထိုမှတလျဉ် လှေစဉ်မွမ်းသိပ် ညောင်ပင်ဆိပ်တွင် ကမ်းထိပ်ရေမိုး ပုထိုးတိုင်အောင် နှစ်ဘက်မြောင်လျှင် ဘုန်းခေါင်စံပ ကွန်တော်ချ၍ လောကထိပ်မိုး ရေမြေစိုးသည် ရှင်ဘိုးတည့်မြစ်ကွေး စံငြိမ်လေး ဧလည်းယင်ယင်ဧ ပျော်ကြောင်းကျူးသည် ရန်ငူးနတ်ရှင်မြေးတည့်လေး ရန်ငူးနတ်ရှင်မြေးတည့်လေး ဧလည်းယင်ယင်ဧ ။
  23. ဘိုးတော်နတ်ရှင် ရေမြေရှင်မူ မြေခွင်ပြောင်ရွှန်း ရွှေတောင်နန်းကို ရံဝန်းလှေထက် တဘက်တထောင် နှစ်ပြောင်တင့်ဆုံး ပန်းနှယ်ကုံးမျှ ရွှေတုံးဝှန်ဖြိုး ရှင်ချစ်ဘိုးကား တန်ခိုးပြင်ထွေ စုံသည်ရေလျှက် မနေဝံ့ပြန် ထက်သို့ဆန်၏ တသွန်မြစ်လှဲး မြစ်ဝဲတလျောက် အနောက်တခွင် လေးတိုင်စင်မြောက် သရက်ရောက်၍ မောက်မောက်ပြောင်စင် ကမ်းထိပ်ပြင်ထက် ရှင်ပင်နှစ်ဆူ စေတီကူကို ဘုန်းတူညွတ်ကျိုး ကျွတ်ဆုကိုးသည် ရှင်ဘိုးတည့်စိတ်ပြေး သဒ္ဓါရှေး ဧလည်းယင်ယင်ဧ ပျော်ကြောင်းကျူးသည် ရန်ငူးနတ်ရှင်မြေးတည့်လေး ရန်ငူးနတ်ရှင်မြေးတည့်လေး ဧလည်းယင်ယင်ဧ ။
  24. နရိန္ဒလျှင် ထိုကစံပျော် ကြွခဲ့သော်တုံ မယ်တော်ချစ်ဘ နရထွဋ်စိုး ရှင်မဘိုးကို ဥမျိုးမှန်မော ဘွားစောသခင် ရေသဘင်ကို မြင်စေခလို တဆိုချင်လွန် ပြွန်နှင့်ချင်တဲ့ ရေဝဲလှိုက်ပြုံး ကလားကြုံးနှင့် မိုးဘုန်းတက်မှာ မြေတဲညာတွင် လူချာထွဋ်စံ လက်ဆောင်ခံ၍ တစံတပယ် ထိုဝယ်စက်တော် ခေါ်ခဲ့ပြီးမှ စောထီးဘုန်းခေါင် ရေလုံးပြောင်မျှ ရွှေတောင်ရွှေနန်း ရံဝန်းအများ ကျောက်နဂါးတွင် ဝန်းလျားကြည့်မျှော် ရွာစည်သော်လည်း ဘော်နှင့်လွန်ကျီ အညီထုတ်ချင်း ရွာလင်းကျောင်ကြီး စောထီးကြငှန်း တောင်ခွင်ကျွန်းဝယ် သာလွန်ဘောင်တော် စက်ခဲ့ပျော်သည် ဘိုးတော်တည့်မြတ်လေး ကြည်စိတ်ပြေး ဧလည်းယင်ယင်ဧ ပျော်ကြောင်းကျူးသည် ရန်ငူးနတ်ရှင်မြေးတည့်လေး ရန်ငူးနတ်ရှင်မြေးတည့်လေး ဧလည်းယင်ယင်ဧ ။
  25. မပိပိပိ ပိပိပိလျှင် ဘန်တိဘန်ထွတ် သွားတတ်ခြေသင် နန်းရင်ပြင်၌ မိခင်ဘုန်းရှိ ကြီးဘိခလို တဆိုမနိုင် နှုန်းပြိုင်ဘက်ရှဲ ဘိုးတော်ပွဲကို ပုလဲသည်းချာ ရတနာပျံ့ပျူး နားထောင်ဦးလော ရန်ငူးနေမျိုး ရှင်ချစ်ဘိုးကား တန်ခိုးပြင်းထန် အာဏာဝှန်လျက် မလွန်တလျောက် အနောက်တလွှား မြို့စားတစု စကုစလင်း ပေါင်းလင်းလယ်ကိုင်း မရိုင်းမကန် ကန်လှန်မမြော် ကျွန်တော်နှင်နှင် ရှင်လက်ဝင်ဟု ရှေ့ခွင်တဝန်း ပုခန်းစလေ ရိုသေကြောက်ရွံ ပြည်ပုဂံဝယ် သက်နှံကြခြင်း လူ့ရှင်အများ ဘုရားချွတ်မည် လာပြီးသည်ဟု ထိုထိုရပ်သူ ဖွေးဖွေးဖြူမျှ မဟူထောင်အောင် လက်ဆောင်ပြည့်ထက် ကြိုနှင့်ဆက်သည် စုံမက်တည့်မြတ်လေး ညာရပ်ကျေး ဧလည်းယင်ယင်ဧ ပျော်ကြောင်းကျူးသည် ရန်ငူးနတ်ရှင်မြေးတည့်လေး ရန်ငူးနတ်ရှင်မြေးတည့်လေး ဧလည်းယင်ယင်ဧ ။
  26. မြေပြင်စောင်းမျှ တသောင်းထိန့်ဆူ ကျွန်းဇမ္ဗူဝယ် လက်တူမထင် ရန်လုံစင်မှ ညာတင်တပိုင်း စစ်ကိုင်းပန်းယ အင်းဝရွှေပြည် ငါကြည့်မည်ဟု ဘုန်းစဉ်ပြောင်ပြောင် နေတထောင်သို့ ထစ်လောင်ရိုက်ကြိုး ရှင်ပင်ဘိုးကား သာမျိုးလွတ်စံ မြို့ပုဂံကို နိုင်ငံလက်ရ စိုးသိမ်းမှလျှင် မဆွရှေးသော် ရှင်ဘေးတော်ဟု အနော်ရထာ တည်ခဲ့စွာသည် လက်ယာစွယ်ရှင် ကျော်စောထင်သား ရှင်ပင်ဓာတ်ပုံ ရွှေစည်းခုံကို ဖူးတုံခဲ့ပြီး စောထီးဘုန်းဝှန်း ထိုကဆန်သော် ဗိမှာန်ရွှေနန်း မြစ်လုံးထွန်းမျှ ထူးဆန်းဘိအောင် ရွှေတောင်တအုပ် ဘုန်းတော်ချုပ်လျက် လက်ထုပ်ကြောဆီ ပန်းလျှင်သီးသို့ ဦးစီးကျိုက်ပွက် ရှေ့နောက်ဆက်လည်း အဘက်မမြော် သဘင်တော်ဟု သာပျော်လုံချုံ မြစ်ဆုံချင်းတွင် ခပင်းထိန့်ဆူ ဖွေးဖွေးဖြူမျှ ကန်ဖြူငါဖြူ ထိုသည်ရွာထောက် ကျောက်တလုံးက စသည်ရွာသစ် တောင်ရစ်တမည် ညနေခြည်တွင် စစ်သည်လုံးရင်း ဆင်မြင်းဗိုလ်ခြေ လှေကားတသောင်း ကြည်းကြောင်းတသိန်း စက်ကိန်းသာပျော် ရှင်ဘိုးတော်သည် ထိုရော်တည့်အရေး ကြံမထွေး ဧလည်းယင်ယင်ဧ ပျော်ကြောင်းကျူးသည် ရန်ငူးနတ်ရှင်မြေးတည့်လေး ရန်ငူးနတ်ရှင်မြေးတည့်လေး ဧလည်းယင်ယင်ဧ ။
  27. တန်ခိုးပြင်းဝှန် စောဘုန်းသံလျှင် တောင်စွန်ညာထား ရှစ်သောင်းဖျား၏ ချစ်ဘွားတော်မြေး ရင်သွေးကြင်ဘွယ် နတ်ရှင်မယ်ကို စမ္ပာယ်ပျံညင်း နားတော်သွင်းပိမ့် မင်းချင်းတို့တက် အာဏာစက်မူ အဘက်မမြော် ရှင်ဘိုးတော်ကို မြေပေါ်ထိတ်လ အင်းဝတသွန် မကျန်ရှင်ကျေး ကလေးသောင်သွပ် လှပ်လိပ်မကြွင်း မိုးညင်းမိုးကောင်း အပေါင်းဝန်းသို ထိုထိုပြည်ထောင် အုန်ပေါင်သီပေါ မောနှင့်မိုးမိတ် ကျော်ထိတ်ရှမ်းမြေ ညောင်ရွှေရောက်စောက် တလျှောက်တီကျစ် တလစ်စကား မြို့လဲချားနှင့် တခြားမြေရှင် မြောက်ခွင်ဦးတည် ပတ်လည်ဝန်းချုပ် ထိန့်ထိန့်လှုပ်မျှ လက်အုပ်တသွန် ပေးထိုက်တန်သည် ကျော်ဝှန်ထိပ်မိုး ရှစ်ချစ်ဘိုးကို ကြောက်စိုးရွံဆို ကျွန်းလုံးဖြိုသည် ထိုထိုတည့်နီးဝေး ကြောက်ရွံပြေး ဧလည်းယင်ယင်ဧ ပျော်ကြောင်းကျူးသည် ရန်ငူးနတ်ရှင်မြေးတည့်လေး ရန်ငူးနတ်ရှင်မြေးတည့်လေး ဧလည်းယင်ယင်ဧ ။
  28. ဟံသာဝတီ ခေါ်ညီသာထူး ကျေးပဲကူးကို လက်ဦးယူမှန် ရှည်ထွန်းရက်ပေါင်း မကြာကောင်းဟု မြစ်ကြောင်းတရိုး မထိုဘဲပင် ညာတခွင်ကို နတ်ရှင်ချင်တောက် အင်းဝယ်ရောက်လည် တလျှောက်ကြင်ဘွယ် သုံးဆယ်ငါးမြို့ အောင်မျှို့လက်ရုံး ယူကျုံးလွယ်ကူ ထို့ကာယူသည် တောင်ငူနှင့်ပြည် မရှည်ရလျှင်း တလချင်းဝယ် မှန်ကင်းနေမျိုး ရှင်ချစ်ဘိုးကား တန်ခိုးတောက်ပ ညာအင်းဝကို နောက်မှသာကြွေ ယူရစေဟု အောင်မြေပူရ ရွှေစေတ္တသို့ စံပရွှင်ပျော် စုန်လေသော်လည် စိုက်ခေါ်စုံမက် မြစ်နှစ်ဘက်ဝယ် ထိပ်လက်အစုံ ကြာငုံတင်ဖြိုး ရှိခိုးခဲပြီ အဖြီးဖြီးလျှင် ကောင်းခြီးမညံ သောင်းသောင်းကျံမျှ ဝန်းလျံပေါက်ပြ ထိတ်လမြေပေါ် ရှင်ဘိုးတော်ကို ရည်ရော်အားလုံး ပတ်ကုံးကြွေးကြော် သာဓုခေါ်သည် ကြည့်မျှော်တည့်စိတ်စေး အံ့ကြမေး ဧလည်းယင်ယင်ဧ ပျော်ကြောင်းကျူးသည် ရန်ငူးနတ်ရှင်မြေးတည့်လေး ရန်ငူးနတ်ရှင်မြေးတည့်လေး ဧလည်းယင်ယင်ဧ ။
  29. သရေခေတ္တ ဌာနအောင်ချာ လက်ယာပေါ်ထွန်း တောင်ခွင်ကျွန်းတွင် ကြငှန်းဘုန်းလျှံ ငါးရက်စံမှ ရွှေဆံတော်စစ် သခင်ချစ်တွင် ဆုသစ်ကြည်နူး တောင်ဘိုးဦးမှ ဆန်းထူးဘိတောင်း ကြည်းကြောင်းတထွေ တောင်ခြေရွှင်ပျော် ရှင်ဘိုးတော်ကား ရှေးသောအခါ သာသနာကို ဓမ္မာသောက အစစဉ်ရှေး ရှင်ချစ်ဘေးလျှင် ပြည်ရေပြည်ရာ လွန်ကျော်ညာလျက် ဘယ်ညာသုတ်သင် ရန်မြှေးစင်မှ တိုင်းခွင်ဇမ္ဗူ လည်သောဟူ၏ ထိုတူနှိုင်းတုံ ကျွန်းဆုံရံပိတ် သာတိတ်မြို့တောင် ကုန်အောင်ညောင်ဝန်း သာထွန်းရပ်ကျေး မြင်ပွေလက်ယာ ကြက်လျှာလည်ရောက် စခန်းထောက်၍ ရွှေမှောက်ဘုန်းတူ ရောက်တော်မူသည် တောင်ငူတည့်သာလေး ကျော်စည်ရှေး ဧလည်းယင်ယင်ဧ ပျော်ကြောင်းကျူးသည် ရန်ငူးနတ်ရှင်မြေးတည့်လေး ရန်ငူးနတ်ရှင်မြေးတည့်လေး ဧလည်းယင်ယင်ဧ ။
  30. မျက်ရှုဖျော်၍ ဘွားတော်ဘိုးခေါင် ညာတောင်ထွဋ်စိုး နန်းထက်ဖြိုး၍ မြတ်နိုးလှစွာ သားသည်းချာကို ကြင်နာလွန်ပြင် မိမင်းမြေးရှင် နားတော်တင်လော လူတွင်ဧကရာဇ် ဘိုးတော်ချစ်မူ ရန်မြစ်မစင် ပလ္လင်ခွင်ဝယ် သူ့ရှင်ရန်လှေး ရှိလေသေးဟု ဆွေးနွေးစာနာ နန်းတော်သာဝယ် တချာသည်းဦး ချစ်မျိုးကျူသည် ဘတူရဲကျော် ညီတော်မြောက်ဖြား မင်းလေးပါးဝယ် သည်းကြားပုလဲ ဘသွေးခဲဟု မင်းရဲကျော်စွာ နန်းလျာပွင့်ထောက် ပေါက်မြောက်လတ်ပြီး ချစ်မညီးနှင့် မှူးကြီးမတ်ရာ မြန်မာတလိုင်း ထော်မှိုင်းထော်ပန် တသွန်စစ်သည် လျှပ်ခြည်အလား ဝတ်စားရွှေရောင် ကိုယ်စီပြောင်မျှ ရန်ခေါင်စွန်နေ ယူလေစေဟု နှုတ်ရွှေမိန့်ခေါ် ဗျာဒိတ်တော်ကို ထိပ်ပေါ်ဦးထက် မြဲစွာရွက်၍ ရဲမက်တော်များ စွမ်းအားတွက်ရေ စစ်ခြေသုံးသိန်း တွက်ကိန်းလုံးရင်း မြင်းကားတထောင် မုန်ပြောင်သွင်သွင် ဝှေ့ထင်တုလွတ် ရှစ်ရာမြတ်နှင့် လူ့ထွဋ်မှန်ကင်း ကသာတင်းသည် ဆင်မြင်းတည့်ပြည့်ကျွေး များမနွှေး ဧလည်းယင်ယင်ဧ ပျော်ကြောင်းကျူးသည် ရန်ငူးနတ်ရှင်မြေးတည့်လေး ရန်ငူးနတ်ရှင်မြေးတည့်လေး ဧလည်းယင်ယင်ဧ ။
  31. ဇမ္ပူဒီပါ သောင်းချာဖြင်ခန်း တတိုက်ဝန်းတွင် ဦးစွန်းမှန်ကူ ထီးဖြူရာစင် မင်းထက်မင်းဟု ဦးကင်းထိပ်ဖျား လူ့ထွဋ်ထားသည် တရားနေမျိုး ရှင်ချစ်ဘိုးကား မြေမိုးဘဝဂ် အောက်ထက်ထူးဆန်း ပျံဘနန်းတည်း လေးကျွန်းသခင် နတ်ရှင်ဘုန်းတူ ချီတော်မူက ဝှန်ဆူထိန်ရှင် စစ်သဘင်ကို မြင်ချင်ကုန်လိုက် မြို့လုံးရိုက်မျှ ခေါ်စိုက်အံ့အဲ ဝမ်းကွဲတပါး ဆန်းပြားသိအောင် ရွှေတိပြောင်သား ရွှေရောင်ချိုချက် ပြိုးပြက်ညိုးညိတ် မြေပြင်ထိတ်မျှ မည်သိတ်စစ်မြေး ဆင်ထွေဦးစီ ငြိမ့်ငြိမ့်ချီသော် အသီရွာထောက် ချောက်ကားမြောက်ဝယ် ဝှန်းချောက်ထိန်ဝေ ချတုံလေသည် တို့မြေတည့်ရပ်ကျေး များမဝေး ဧလည်းယင်ယင်ဧ ပျော်ကြောင်းကျူးသည် ရန်ငူးနတ်ရှင်မြေးတည့်လေး ရန်ငူးနတ်ရှင်မြေးတည့်လေး ဧလည်းယင်ယင်ဧ ။
  32. ဝရစိန်သို့ အရှိန်ချောင်းချောင်း ရှင်ဘိုးလောင်းကား တောင်မြောင်းအံ့ဘွယ် စပယ်တိုင်ဦး ငံ့လင်ကူးက သာမြူးပျော်ပါး နေနားမြင်းဆင် ပြည့်လျက်ပင်တည့် နတ်ရှင်ဧကရာဇ် ဘိုးတော်ချစ်ကား ရွာသစ်ကွန်ထဲ သဲသဲကျိုက်ပွက် ရဲမက်တော်များ သောက်စားဝကျေး ဟင်းခနွေးကို တို့ကျေချပ်ကာ ကျဲဖြူရွာတွင် ထွဋ်ချာဘုန်းလျှံ သုံးထောက်စံမူ နိုင်ငံမြေခြား သုံးပါးနီးလစ် ကျောက်စရစ်က မင်းရဲလှနှင့် ပေါက်ပြကျော်ရှိန် ဓနုမိန်တွင် အောင်ချိန်လည်းကောင်း ပျက်ပေါ်ချောင်းကို ထောင်းထောင်းမြေမိုး အခိုးကောင်းကင် ထက်ခွင်တိမ်မြေ မှိုင်းမှိုင်းဝေမျှ စစ်မြေအပြင် ပြည့်လျက်ပင်တည့် သခင်ချစ်ဘိုး နေမျိုးစောထီး ရောက်လေပြီးလည်း ဆင်စီးမြင်းသည် စွမ်းရည်တခြား ခြေသားထားဝင် ပန်းပင်နေနား သောက်စားတစေ ချတုံလေဟု ပရမေဘုန်းထွဋ် မိန့်တော်လွှတ်သည် မိုးနတ်တည့်ပုံသွေး တွေးချင့်ရေး ဧလည်းယင်ယင်ဧ ပျော်ကြောင်းကျူးသည် ရန်ငူးနတ်ရှင်မြေးတည့်လေး ရန်ငူးနတ်ရှင်မြေးတည့်လေး ဧလည်းယင်ယင်ဧ ။
  33. အဆန်းအထူး ရှုသော်မူးမျှ ပျံ့ပျူးသာရွှင် မွေးမယ်ရှင်ကား လွန်ကြင်စက်တော် ခေါ်စိမ့်မွှေးမွှေး နားထောင်သေးလော ဘိုးဘေးစဉ်ဆက် ဤတသက်တွင် အဘက်မမြော် ရှင်ဘိုးတော်ကား မြေပေါ်ထိန်ရွှင် စစ်သဘင်ကို သည်တွင်ကြည့်လေ ငါ့ဘိုးပေဟု ပရမေတောက်ထွန်း လက်ရုံးဖြန်းက ကျွန်းလုံးမြေပြင် ထိန်ထိန်ရှင်မျှ စစ်အင်တိုက်အောက် ဘယ်ခေါက်ဘယ်ညာ လက်ယာလက်ဝဲ ပြောင်ပြဲပြိုးပြက် ချိုးချက်ညီးညီး ရွှေထီးပွင့်ဆောက် သုံးမြောင်တောက်မှ ရှေ့နောက်ဝန်းကျင် မြင်းဆင်စစ်ထွေ ပြန်ကုန်လေဟု နတ်ဆွေမိန့်တော် ရဲတင်းဆော်သည် ဘိုးတော်တည့်အရေး ကြံမတွေး ဧလည်းယင်ယင်ဧ ပျော်ကြောင်းကျူးသည် ရန်ငူးနတ်ရှင်မြေးတည့်လေး ရန်ငူးနတ်ရှင်မြေးတည့်လေး ဧလည်းယင်ယင်ဧ ။
  34. အဆိုင်းဆိုင်းလျှင် တလိုင်းအလုံး ပတ်ကုံးညီမွမ်း မြေပြင်ကြမ်းမျှ ပြွမ်ပြွမ်ထွက်ပြူ သဲသဲဆူ၍ ထိုသူစွမ်းခြင်း ထိုမင်းကျော်စော သမိန်ထောလျှင် ရမောဘိအောင် ဆင်တထောင်စင် ရှေ့ဖျားတင်၍ သူ့ဆင်ချစ်ချင်း ထိုမင်းစွမ်းရည် တိုက်လှာသည်ကို မဆည်ဆီးတား တို့ကသားလျှင် ဘဝါးဖွေးဖွေး ဖြေးချေတုံစွာ ထိုအခါတွင် စကြာသခင် နတ်ရှင်နေမျိုး ရှင်ချစ်ဘိုးကား မြေးမိုးထိန်ရှင် သည်တွင်ကြည့်လေ ငါ့ပွဲပေဟု နှိုင်းထွေမမြော် တုလွတ်ကျော်သည် ဥပေါ်သထာ မည်သာရိုက်ကြည်း တစီးတည်းနှင့် ရှိန်သည်းအပြင်း လွှတ်တည့်လျှင်းသည် သနင်းတည့်အရေး ကြံမနှေး ဧလည်းယင်ယင်ဧ ပျော်ကြောင်းကျူးသည် ရန်ငူးနတ်ရှင်မြေးတည့်လေး ရန်ငူးနတ်ရှင်မြေးတည့်လေး ဧလည်းယင်ယင်ဧ ။
  35. ရှင်ချစ်ဘိုးလျှင် တန်ခိုးရှိန်ပင့် ချွန်းတော်ဖွင့်၍ အသင့်စိုက်စိုက် လွှတ်တည့်လိုက်က တုန်ရိုက်ခေါက်ခွေး ကွေးကွေးဝပ်ယောင် လည်လျင်အောင်၍ ပေါင်ပေါင်နင်းချွံ ကျူထရံသို့ သူ့လှံထိုးလျက် လက်တော်ထက်ဝယ် စက်စက်သွေးရည် မဆည်တန်တိ ယိုလျက်စီးလည်း ကျေကြီးကျေအောင် စောဘုန်းခေါင်ကား တမြှောင်ကသာ တခြားလည်းကောင်း ထပ်လောင်းဆင်ပုံ အုံလှာတုံလည် ရွှေဘုံသခင် နတ်ရှင်စွမ်းတွေ နှစ်ဆယ်ထွေကို ပရမေစောထီး ချွန်းသီးဝင်လည့် လွှတ်ပြန်ထည့်သော် တုန်ချည့်ကြောက်ဧ တထွေးတလုံး သုံးစီးလုံးလျှင် ပျက်ရှုံးဝပ်လျား မြေဝယ်တွားမှ စွယ်ပျားတတောင် ကျွမ်းလျှင်အောင်လျှင် ဘောင်ဘောင်နင်းချိုး ရှင်ချစ်ဘိုးကား ရန်မျိုးမလွန် တိုက်လွှတ်ပြန်သည် သုံးဘန်တည့်စဉ်ရှေး မကြာသေး ဧလည်းယင်ယင်ဧ ပျော်ကြောင်းကျူးသည် ရန်ငူးနတ်ရှင်မြေးတည့်လေး ရန်ငူးနတ်ရှင်မြေးတည့်လေး ဧလည်းယင်ယင်ဧ ။
  36. သပြေဟူသည် ဇမ္ဗူလယ်ချက် သောင်းထိပ်ထက်ဝယ် ဘဝဂ်မြင်းမိုရ် ကျွန်းလုံးပျိုမျှ အိုအိုဆန်းထူး မြော်တိုင်းမူးသည် ပဲကူးထုတ်သန်း ကျေးတခန်းကို လေးကျွန်းသခင် တိုက်စည်ဝင်လျှင် စစ်တုရင်္ကသူ ဝှန်ဆူတစ်ခေါ် ကုန်းလယ်ပေါ်က ထိုရော်လှံချက် ထိုမင်းထက်ဝယ် ဝက်ဝက်ထိုးနွံ မိုးကြိုးသံသို့ ချပ်ခံနှစ်ထပ် မြဲကြပ်ကြပ်ကို တပ်တပ်လက်အန် ရွယ်တိုင်မှန်လျက် တသွန်ကျော်ဟိုး ရှင်ချစ်ဘိုးကား မြေမိုးရိုက်ကြည်း တစီးတည်းနှင့် တိုက်လှည်းသူ့ကို တွေလိုကြပ်ကြပ် စွယ်နှင့်ခပ်၍ ဘယ်ရပ်ဘယ်ပြည် ဝန်းလည်ကြေညာ ထီးတရာတွင် ဘယ်မှာသနင်း အဘယ်မင်းလျှင် စီးချင်းဟူးဟူး ရှည်ထပ်ပူး၍ တိုက်ဘူးသနည်း မြေမိုးကြည်းမျှ နောက်လည်းတလျဉ် သားစဉ်မြေးမြစ် ပြောပရစ်သည် တံတစ်တည့်စဉ်ရှေး ကျော်သံပြေး ဧလည်းယင်ယင်ဧ ပျော်ကြောင်းကျူးသည် ရန်ငူးနတ်ရှင်မြေးတည့်လေး ရန်ငူးနတ်ရှင်မြေးတည့်လေး ဧလည်းယင်ယင်ဧ ။
  37. တဧမြမြ လွမ်းယူယလျှင် ချစ်ဘဝမ်းတွင် ရှင်ဘွားရမူ ချစ်ချင်းပိုက်ထွေး နန်းထက်မွေးသည် ငယ်သွေးရုပ်သွင် နားတော်တင်စိမ့် မြေပြင်ကျော်ဟိုး ရှင်ချစ်ဘိုးကား ရန်မျိုးအားလုံး နှိမ်ခဲ့ဆုံးမှ ရွှေဘုန်းတောက်ပ နရမှန်ကင်း လူ့သနင်းကား ဆင်မြင်းခြွေရွေ အုတ်တွေဝန်လျာ မှူးမတ်များနှင့် သိကြားမိုးနတ် ထက်ဘုံထွဋ်က လွတ်ကျဘိဟန် မိုးနေမှန်ဟု ကျော်ဝှန်ထိန့်ဆူ ကျွန်းဇမ္ဗူတွင် သည်တူဆန်းထူး မမြင်ဘူးတည့် အံ့မူးဘိအောင် အခေါင်ထိပ်မိုး ရန်ညွန့်ချိုးသည် ရှင်ဘိုးတည့်ရန်လှေး စင်အောင်ဆေး ဧလည်းယင်ယင်ဧ ပျော်ကြောင်းကျူးသည် ရန်ငူးနတ်ရှင်မြေးတည့်လေး ရန်ငူးနတ်ရှင်မြေးတည့်လေး ဧလည်းယင်ယင်ဧ ။
  38. ကြင်မရှဲသည် ပုလဲအဆင်း မြေးမိမင်းဟု နန်းတွင်းရိပ်ချောင် စက်ပျော်အောင်လျှင် လူဘောင်လောက ဘက်မရသည် ရှင်မဘုန်းရှိ နားထောင်ဘိလော့ စက်ငြိပြောင်ပြောင် ဘုန်းရောင်လွှမ်းမိုး ရှင်မဘိုးကား ရန်မျိုးတျင်းတျင်း အကြောင်းမင်းကို စီးချင်းရင်ဆိုင် ထွားထွားနိုင်မှ ပေါက်တိုင်တွင်မည် သာသည်ထင်ရှား ဘုရားရှင်ပင် မြေသာတွင်ဝယ် နတ်ရှင်နေမျိုး သောက်မိုးလင်းရုံ စက်ခဲ့တုံမှ ရွှေဘုံသာထူး ပန်းနှယ်နူးသို့ ပဲကူးဇမ္ဗူ ဝင်တော်မူလျှင် ဝှန်းဆူကျိုက်ပွက် မြို့လုံးထွက်၍ စုံမက်မြတ်နိုး ရှင်ချစ်ဘိုးကို ရှိခိုးဦးတင် ကျွန်တော်ပင်ဟု ကျေးခွင်ရပ်သူ ဖွေးဖွေးဖြူမျှ ဆုယူခေါက်ရက် ရွှေနန်းတက်သည် အောင်ချည်တည့်စံရေး ကျေးရပ်ကျေး ဧလည်းယင်ယင်ဧ ပျော်ကြောင်းကျူးသည် ရန်ငူးနတ်ရှင်မြေးတည့်လေး ရန်ငူးနတ်ရှင်မြေးတည့်လေး ဧလည်းယင်ယင်ဧ ။
  39. ဦးကင်းဖွင့်လျက် ရွှေနန်းထက်ဝယ် သုံးရက်ဘိုးတော် စံခံပျော်မှ ထိုရော်သူ့ရှင် ပုသိန်ခွင်သို့ ရွံညင်ကြောက်မူ မတူမတည် ပြေးလေသည်ကို ဖွေနည်ရှာထပ် ကြပ်ကြပ်မိအောင် ဘုန်းခါင်နေမျိုး ရှင်ချစ်ဘိုးကား တန်ခိုးထွန်းတောက် ထိုတွင်ရောက်မှ ရွံကြောက်ပြင်းထွေ ရှောင်ပြေးလေသည် နောက်မြေတခွင် သူ့ရှင်လန်ကြား ပုသိန်စားကို ဘဝါးတော်အောက် ပြောင်ပေါက်တုလွတ် တရားမြတ်နှင့် ရိုညွတ်ဘူးထွက် ကြိုနှင့်ဆက်သည် ရန်ဘက်တည့်ကြောက်ဧ လွတ်ရာပြေ ဧလည်းယင်ယင်ဧ ပျော်ကြောင်းကျူးသည် ရန်ငူးနတ်ရှင်မြေးတည့်လေး ရန်ငူးနတ်ရှင်မြေးတည့်လေး ဧလည်းယင်ယင်ဧ ။
  40. မြို့ပုသိန်ဝယ် နရိန်ဝရ ကျွန်းလုံးဘလျှင် တလလုံးလုံး ပျော်ခဲ့ဆုံးမှ ပတ်ကုံးတသွန် ပြည်စွန်မြောင်မြ ခွေလင်စသာ လက်ပြကုန်အောင် ကညင်ချောင်နှင့် ဘိုးခေါင်တလျှောက် အနောက်တဝန်း မကျမ်းလက်တူ ဓနုဖြူသို့ ဝှန်ဆူရိုက်ကြိုး ရှင်မိဘိုးလျှင် နေမျိုးဘုန်းတူ ရောက်တော်မူက တဦးသည်းချာ ငါ၏လက်ရုံး ငရွှေဘုံးကို နှလုံးထပ်တူ အမျိုးမူ၍ သုစခေါက်ရက် ဝှန်တက်ကျော်ဟိုး ရန်ညွန့်ချိုးသည် သတိုးဓမ္မရာဇာ မည်သာတမွတ် ညီတော်လတ်လျှင် တုလွတ်လှေပွဲ အံ့အဲရည်ဆောင် လှေသုံးထောင်နှင့် ရဲခေါင်စွမ်းရည် နိုင်ပေသည်ဟု မြန်ပြည်ကျော်ကြား ဘေးသုံးပါး၏ ခမ်းနားမကြွင်း ရဲဆုနှင်းသည် သတင်းတည့်ပျံ့မွှေး ကြိုင်နံ့ဧ ဧလည်းယင်ယင်ဧ ပျော်ကြောင်းကျူးသည် ရန်ငူးနတ်ရှင်မြေးတည့်လေး ရန်ငူးနတ်ရှင်မြေးတည့်လေး ဧလည်းယင်ယင်ဧ ။
  41. ပျော်ဘွယ်တုလွတ် မြေလတ်လဟု ဓနုဖြူဝယ် ဇမ္ဗူသခင် ထိုတွင်ဆယ်ရက် ပျော်မွေ့စက်မှ ကျိုက်ပွက်ကျော်ဟိုး ရှင်ချစ်ဘိုးကား တန်ခိုးစက်ရောင် ရေလုံးပြောင်မျှ ရွှေတောင်ရွှေနန်း ထူးတဆန်းနှင့် သိန်းသန်းလှေပုံ ဘယ်ညာရုံလျက် စုန်ခဲ့သောခါ နရာနတ်ရှင် ရေသဘင်ကို သူ့ရှင်တလိုင်း အဆိုင်းဆိုင်းလျှင် တတိုင်းညွတ်မျှ မျှော်နှင့်ကြ၏ ထိုမှသိန်းသန်း ရှမ်းယွန်းမြန်မာ ဇဝါဇဝီ ပသိကုလား သင်းဘော်သားလည်း မင်းတရားကျွန် သံဝှန်ကြိမ်းဆို ထိန်ထိန်ပြိုမျှ ထိုထိုရပ်က နရိန္ဒလျှင် ဒလဒဂုံ လွန်ခဲ့တုံ၍ ရွှေဘုံသာထူး ပဲကူးရွှေနန်း ကြေရပ်ကျွန်းသို့ ကြငှန်းဘုန်းတူ တက်တော်မူက မည်သူမကျန် ကျော်ဇော်ဝှန်သည် တသွန်တည့်နီးဝေး ရိုညွတ်ကွေး ဧလည်းယင်ယင်ဧ ပျော်ကြောင်းကျူးသည် ရန်ငူးနတ်ရှင်မြေးတည့်လေး ရန်ငူးနတ်ရှင်မြေးတည့်လေး ဧလည်းယင်ယင်ဧ ။
  42. ပရမေတေဇ ဝှန်ပေါက်ပြသည် လောကစောထီး ရေပေါ်မီးသို့ လျှံညီးထစ်လောင်း သောင်းကျွန်းဘောင်ဝယ် အခေါင်ကျော်ဟိုး ရှင်ချစ်ဘိုးကို ကြောက်စိုးမြေပြင် ထိန်ထိန်ရှင်မျှ သစ်ပင်တို့လျက် အသက်ရှိဟန် လူသဏ္ဌာန်လျှင် တသွန်သစ်သီး ချည်စွာပြီးလျက် အံ့ချီးတဖန် ချိုရပြန်ရှင့် ပြင်းဝှန်ကျော်ဟိုး ရှင်ချစ်ဘိုး၏ တန်ခိုးရှိန်စော် အာဏာတော်ကြောင့် ထွန်ကျော်ကျေးငှက် အမိုက်လျက်တုံ ပင်ထက်သန်သန် နတ်ရှင်ကျွန်းဟု တသွန်မိုးအောက် ကျွန်းလုံးကြောက်သည် ပြိုင်တောက်တည့်နှိုင်းသွေး ဘက်မဲ့ဝေး ဧလည်းယင်ယင်ဧ ပျော်ကြောင်းကျူးသည် ရန်ငူးနတ်ရှင်မြေးတည့်လေး ရန်ငူးနတ်ရှင်မြေးတည့်လေး ဧလည်းယင်ယင်ဧ ။
  43. သာသနာလူ့ဘောင် ပထွန်းပြောင်သည် အခေါင်ဓမ္မရာဇ် မှန်ကင်းဖြစ်၍ ဘုန်းသစ်တက်ပြိုး ရှင်မဘိုးကား ဘကိုးနှင့်ပြည် ပတ်လည်ဇမ္ဗူ တောင်ငူနိုင်ငံ ပုဂံတောင်တွင်း ရမည်းသင်းနှင့် စလင်းသာယာဝတီ တညီမကြွင်း ထီးရှစ်စင်းကို နှစ်ချင်းလွယ်ကူ ယူတော်မူ၍ ဇမ္ဗူစကြာ စိုးသောခါတွင် တောင်ညာထွဋ်ထား ချစ်ဘွားရှင်ပင် လွန်ကြင်ဘုန်းကြီး သမီးတော်ချစ် ရင်နှင့်ပျံ့ပျူး မြေးတော်ဦးကို ဆန်းထူးရုပ်သွင် မျက်နှာမြင်သည် ဘွားရှင်တည့်မြတ်လေး နန်းထက်မွေး ဧလည်းယင်ယင်ဧ ပျော်ကြောင်းကျူးသည် ရန်ငူးနတ်ရှင်မြေးတည့်လေး ရန်ငူးနတ်ရှင်မြေးတည့်လေး ဧလည်းယင်ယင်ဧ ။
  44. လွန်လေးမြတ်၍ ဘုန်းထွဋ်အခေါင် ရွှေနန်းဆောင်ဝယ် အခေါင်ထွဋ်စိုး နေမင်းမျိုးဟု နန်းရိုးမှန်ကူ ရှိန်လူပေါက်ပြ ရှင်မချစ်ဘွား ရှစ်သောင်းဖျားလည်း သည်းကြားဘုန်းကြီး သမီးတော်ချစ် ရင်နှစ်သွေးခဲ ရှုမရဲသည် ပုလဲတမူး မြေးတော်ဦးကို ပျံ့ပျူးစုံမက် နန်းထက်သက်ရှည် ပျော်စိမ့်သည်ဟု ကိုးမည်မျက်တိ မဏိကုံးမြောင် ရွှေခြည်ပြောင်သည် ရွှေရောင်ပြိုးပြက် ရွှေပုခက်မူ ခြူးရွက်ခြူးဆိုင် ရုပ်ပြိုင်ဆန်းပြား ထောင့်လေးပါး၌ ကြွားကြွားခြင်သေ့ ခုန်ဆွေ့ပျံလတ် အရှင်လွှတ်သို့ ရံပတ်ထိန်းယ အပစံပျော် မျက်ရှုဖျော်သည် ဘွားတော်တည့်မြတ်လေး နန်းထက်မွေး ဧလည်းယင်ယင်ဧ ပျော်ကြောင်းကျူးသည် ရန်ငူးနတ်ရှင်မြေးတည့်လေး ရန်ငူးနတ်ရှင်မြေးတည့်လေး ဧလည်းယင်ယင်ဧ ။
  45. အရိုင်အရိုင် ရိပ်ခမ်းမြိုင်၌ ဧတိုင်ဧခံ ကျူးသည်သံလည်း မညံမစဲ ရွှေနန်းထဲဝယ် ပုလဲအဆင်း မိမင်းကြင်ဘွယ် နတ်ရှင်မယ်ကို ရှိရွယ်ဆင်းယောင် ကြက်တောင်မြိတ်လွတ် ရစ်ပတ်ဦးလုံး ပတ်ကုံးဝန်းကျင် ယဇ်ခင်စုလည်း တသွန်တည်းလျှင် ပြင်ပည်းရွေဘော် စက်တော်မြတ်လေး ခေါ်ဘိသေးဟု ဘိုးဘေးချီငေါ် လွှဲကျူးဖျော်သည် ဘွားတော်တည့်မြတ်လေး ပိုက်သိမ်းမွေး ဧလည်းယင်ယင်ဧ ပျော်ကြောင်းကျူးသည် ရန်ငူးနတ်ရှင်မြေးတည့်လေး ရန်ငူးနတ်ရှင်မြေးတည့်လေး ဧလည်းယင်ယင်ဧ ။

သံတိုင် ပြီး၏။

  1. ဩ ဘဒ္ဒကမ္ဘာ ပေါ်ဦးခါက မဟာသမတ နရိန္ဒဟု အစနန်းရိုး ဘိုးရှင်မျိုးလည်း ချစ်ဘိုးလူ့ဖျား ရှင်ဘွားထွဋ်တင် ရှစ်သောင်းရှင်နှင့် နွှယ်ပင်စဉ်ရိုး ဆက်ကာစိုးသည် တန်ခိုးထွန်းပြောင်လင်းတည့်လေ တန်ခိုးထွန်းပြောင်လည်းတည့်လည် ။
  2. ဩ အဆက်နန်းရိုး ရှင်ချစ်ဘိုးကား နေမျိုးမင်းသွေး ဘွားတော်မြေးကို နီးဝေးလွှံထင် ငါးစီးရှင်ဟု မြေပြင်အပေါ် ထိန်ထိန်ကျော်သည် မျိုးတော်နွှယ်မယွင်းတည့်လေ မျိုးတော်နွှယ်မယွင်းတည့်လည် ။
  3. ဩ ဆင်ဖြူသခင် ငါးစီးရှင်နှင့် နွယ်ပင်ဆက်ရိုး ရှင်ချစ်ဘိုးသည် ကျော်ဟိုးစင်သန့်ရှင်းတည့်လေ ကျော်ဟိုးစင်သန့်ရှင်းတည်လည် ။
  4. ဩ အစဉ်နန်းရိုး မြတ်ဥမျိုးဟု ရှင်ဘိုးချစ်ဘေး မျိုးစဉ်ရှေးလည်း ငယ်သွေးရုပ်သွင် မြေးရှင်ပင်ကို မြင်စေခလို တလှည့်ဆိုသည် ရှင်ကိုသက်လုံးနှင်းတည့်လေ ရှင်ကိုသက်လုံးနှင်းတည့်လည် ။
  5. ဩ ကေတုမတီ မြစ်နဒီနှင့် ခေါ်ညီဝှဲချီး ထိုပြည်ကြီးကို တည်ပြီးသော်စ ဘွားတော်ဘသည် ရှင်မဘေးတော်ရင်းတည့်လေ ရှင်မဘေးတော်ရင်းတည့်လည် ။
  6. ဩ တရားရိပ်ဖြူ ကျွန်းဇမ္ဗူဝယ် မည်သူပြိုင်ဘော် ဘက်မမြော်သည် ဘွားတော်ဘုရား ရှစ်သောင်းဖျားသည် သနားလွန်ချစ်ပြင်းတည့်လေ သနားလွန်ချစ်ပြင်းတည့်လည် ။
  7. ဩ သင်းပွင့်တောင်ထက် ရာတော်စက်သည် ပြက်ပြက်စုံအောင် ပထွန်းပြောင်သား ဘုန်းခေါင်ဘုရား ဗျာဒိတ်ထားသည် လူ့ဖျားစောမှန်ကင်းတည့်လေ လူ့ဖျားစောမှန်ကင်းတည့်လည် ။

နတ်ရှင်မယ်တော်ဧချင်း ပြီး၏။