နတ်ပင့်

From Wikisource
Jump to navigation Jump to search
နတ်ပင့်
by အမည်မသိ

သမန္တာ စက္ကဝါဠေသု၊ အတြာ ဂစ္ဆန္တု ဒေဝတာ။

သဒ္ဒမ္မံ မုနိ ရာဇဿ၊ သုဏန္တု သဂ္ဂ မောက္ခဒံ။

(ဓမ္မဿဝနကာလော အယံ ဘဒ္ဒန္တာ။)

သမန္တာ- ဤစကြဝဠာ အစဖြာ၍ ဒိသာလေးရပ် တစ်ပြေးစပ့်လျက် ဆက်ကပ်ဖက်ယှဉ် ထက်ဝန်းကျင်မှ ။ စက္ကဝါဠေသု- တံတိုင်းချင်းစပ် ဝိုင်းရံပတ်၍ ချင်းကပ်ဆက်ဆိုက် စကြဝဠာတိုက်တို့၌။ ဝသန္တာ- ဘုန်းကံ အလျောက် ထွန်းပေါ်ပေါက်သည့် ရွှန်းအရောင်လျှံ ဘုံဗိမာန်၌ ပျော်စံစိုးပိုင် နေထိုင်ကြကုန်သော။ ဒေဝတာ- အာကာသဋ္ဌ, ဘုမ္မဋ္ဌနှင့် ရုက္ခဋ္ဌ တစ်ဖြာ သက္ကာအာဒိ ဗြဟ္မာထိအောင် များဘိသောင်းသောင်း နတ်, ဗြဟ္မာအပေါင်း တို့သည်။ မုနိရာဇဿ- သုံးလောကမှန်ကင်းရဟန်းမင်းစစ်ဖြစ်တော်မူသော မြတ်စွာဘုရား၏။ သဂ္ဂမောက္ခဒံ- နတ်ရွာ, နိဗ္ဗာန် မြိုက်သုခံကို ဧကန်မနှေး ပေးတော်မူတတ်သော။ သဒ္ဓမ္မံ- ရှင်တော်နှုတ်ထွက် ဓမ္မစက်ခေါ် ချီးမွမ်းအပ် သော တရားတော်ကို။ သောတုံ- သဒ္ဓမ္မဿဝဏ အတိ ဒုလ္လဘကို ကြုံရခိုက်တွင် နှစ်ခြိုက်ရွှင်စွာ နာကြားအံ့သောငှာ။ အတြ- ရှင်တော်မြတ်ဖျားဟော ကြားထုတ်ဖော် သုတ္တန်ဒေသနာတော်ကို ညီညာဖျဖျ ရွတ်ဆိုကြရန် ရည်သန်သမှု စည်းဝေးပြုလတ် အကျွန်ုပ်တို့ ပရိတ်ရွတ်ရာ ဤအရပ်သို့။ အာဂစ္ဆန္တု- ဆင့်ကာ, ဆင့်ကာ ဖင့်မကြာဘဲ သင့်ရာစုဆုံ ကြွရောက်တော်မူကုန်ကြပါ ကုန်လော။ သုဏန္တု- ပီတိဖရဏာ ရွှန်းအိဖြာလျက် ကြည်သာညွတ်နူး အထူးယုံကြည်စွာ မှတ်သားနာကြားကြပါကုန်လော။

ဘဒ္ဒန္တာ- စကြဝဠာအပေါင်း တိုက်တစ်သောင်း၌ ပျော်အောင်နေငြား အို- နတ်ဗြဟ္မာအများတို့။ အယံ ကာလော- ကျင့်ဝတ်ဖြူစင် သူတော် စင်တို့ ရွှင်ကြည်စုဝေး သံပြိုင်ကြွေး၍ ငြိမ်းအေးညီညာ ရွတ်ဆိုကြသည့် ဤအခါသည်ကား။ ဓမ္မဿဝန ကာလော- မုနိပုင်္ဂဝ မြတ်ဇိန၏ ဓမ္မသိင်္ဂီ တရားဆီကို ရွှင်ကြည်သာအိမ့် ထောင်နားစိမ့်၍ ပီတိသိမ့်ဖြာ နာကြားရမည့် အခါပေတည်း။


သမန္တာ– စကြဝဠာ ဤကစ၍ တည်ကာ ဒိသာလေးရပ် တစ်ပြေးစပ်လျက် မှေးကပ်ဖက်ယှဉ် ထက်ဝန်းကျင်မှ။ စက္ကဝါဠေသု- တံတိုင်းချင်းစပ် ဝိုင်းရံပတ်၍ ချဉ်းကပ်ဆက်ဆက် တစ်သောင်းသော စကြဝဠာတိုက်တို့၌။ ဝသန္တာ- ဖိတ်ဖိတ်လျှံဟုန် ဗိမာန်ဘုံနှင့် မိဿံရွေစုံ နေကြကုန်သော။ ဒေဝတာ- အာကာသဋ္ဌ, ဘုမ္မဋ္ဌနှင့် သက္ကအာဒိ ဗြဟ္မာထိအောင် များလှသောင်းသောင်း နတ်အပေါင်းတို့သည်။ မုနိရာဇဿ– သံသရာဘေး ကင်းလွတ်အေးဖို့ တွေးမှန်လာခ သာဝကတို့၏ အာသဘဓမ္မရာဇ် ရဟန်းမင်း ဖြစ်တော်မူသော မြတ်စွာဘုရား၏။ သဂ္ဂမောဂ္ဂဒံ- လူရွာနတ်တိုက် ဗြဟ္မာဆိုက်အောင် အမြိုက်သုဒ္ဓ ဟူသမျှ တို့ကို ဝေငှတော်မူတတ်သေ။ သဒ္ဓမ္မံ– မှန်မယွင်းလတ်, သစ္စာနှင့်စပ်သဖြင့် ကောင်းမြတ်သော ( ) တရားတော်ကို။ သောတုံ- ဒုလ္လဘထဲ ကြုံရခဲတွင် ကြုံဆဲကြုံရာ ကြုံတွေ့ ရပေ၏ဟု သောမနသ်စိတ်သွင်း နာကြားခြင်းငှာ။ အတြ- အကျွန်ုပ်တို့ ယခုစည်းဝေးပြုကြသည့် ဗိုလ်ထုပရိသတ် ဤအရပ်သို့။ အာဂစ္ဆန္တု- ဆင့်ကာဆင့်ကာ ဖင့်မကြာပဲ သင့်ရာစုဆုံ လာကြပါကုန်လော့။ သုဏန္တု- ဖရဏာလျှမ်းမောက် လက်ပန်း ပေါက်ဖြင့် ဝမ်းမြောက်ကြည်ယုံ နာကြပါကုန်လော့။

ဘဒ္ဒန္တာ- စကြဝဠာ ရိုက်ညောင်း တိုက်တစ်သောင်း၌ ဆိုက်အောင်းပျော်ပါး အို နတ်အများတို့။ အယံ ကာလော- အများပရိသတ် သူတော်မြတ်တို့ ဆည်းကပ်စုဝေး သံပြိုင်ကြွေး၍ ငြိမ်းအေးညီညာ ရွတ်ဆိုကြမည့် ဤအခါသည်ကား။ ဓမ္မဿဝနကာလော- အနုတ္တရ သမ္ဗုဒ္ဓတို့၏ ထုတ်ပြမိန့်ချီ ဗျာဒိတ်ဆီကို သိင်္ဂီထားလှိမ့် ထောင်နားစိမ့်၍ နှစ်သိမ့်ကြည်သာ ကြားနားရမည့် အခါပေတည်း။

အမှာ။ ( ) ဤလက်သည်းကွင်းအတွင်း၌ ရွတ်ဆိုပူဇော်မည့် တရားတော်ကို ထည့်သွင်းဆိုပါ။ ဥပမာ-(ဓမ္မစကြာ) တရားတော်ကို သို့မဟုတ် (မင်္ဂလသုတ်ပရိတ်) တရားတော်ကို။

This work was published before January 1, 1929, and is in the public domain worldwide because the author died at least 100 years ago.

Public domainPublic domainfalsefalse