ဓမ္မစကြာအဖွင့်

From Wikisource
Jump to navigation Jump to search
ဓမ္မစကြာအဖွင့်
by အမည်မသိ

ဘုန်းပန်းပရမေ ထိန်ထိန်ဝေသည့် စိန္တေထွတ်ဖျား စောဘုရားကား၊ ရှည်လျားလွန်လေ လေးသင်္ချေနှင့် ကပ်နေတစ်သိန်း၊ ဆယ်ဆင့်သော ပါရမီကိန်းတို့ကို ဖြည့်သိမ်းဆည်းပူးတော်မူခဲ့ရာ၊ ဒီပင်္ကရာအစ ကဿပအဆုံး စောထွတ်ဘုန်းတို့၏ မြွက်ကြုံးသည့် ဗျာဒိတ်ပန်းကို ဆင်မြန်းတော်မူပြီးလျှင် လုမ္ဗိနီဥယျာဉ်ဝယ် ဖွားမြင်တော်မူ၍ ဆယ့်ခြောက်နှစ်အရွယ်တော်တွင် မယ်ယသော် ကမ္ဗုဖွားနှင့် စုလျားတော်ရစ်ဆင် သားရာဟု ဖွားမြင် လေးနိမိတ်ထင်သည်တွင် လောကီကို ငြီးငွေ့၍ ထိုယနေ့ ညသန်းခေါင် ရွှေနန်းကို ခွာရှောင်၍ အနော်မာသောင်ကမ်း တစ်ဖက်သို့ မြန်းထွက်တော်မူခဲ့လေသတည်း။

(ကြေးစည်တစ်ချက်ရိုက်)

အနော်မာသောင်စွယ်ဝယ် ဆံတော်ကို ဖြတ်ပယ်၍ ရှစ်သွယ်သော ပရိက္ခရာကို ဃဋိကာရဗြဟ္မာမင်း သက်ဆင်း၍ လှူကပ်သဖြင့် လူနတ်တို့၏ ထိပ်ပန်း မြတ်ရဟန်းပြုပြီးသော် အကျင့်တော်ဒုက္ကရ ခြောက်နှစ်မျှ တိုင်တိုင် ကျင့်နိုင်ဖို့ ခက်ခဲကို ရဲရဲကြီးကျင့်သုံးလျက် နောက်ဆုံးနှစ်တိုင် ပင်ဗောဓိမဏ္ဍိုင်ဝယ် ကိုယ်တော် တိုင်သာ လေးဆိုင်သော သစ္စာကို မှန်ကန်စွာသိငြား၍ မြတ်ဘုရားဖြစ်တော်မူခဲ့လေသတည်း။

(ကြေးစည်တစ်ချက်ရိုက်)

မြတ်ဘုရားဖြစ်တော်မူပြီးသည့်အခါ သတ္တဝါတွေက ကိလေသာပြောထူ၊ ငါသိတော်မူတဲ့ တရားတွေ က များစွာနက်နဲ၊ သိဖို့ရန် သိမ်မွေ့ခက်ခဲသဖြင့် ငါ၏တရား မဟောကြားဘဲ ငါတစ်ကိုယ်တည်း ချမ်းသာမှီး၍ ငြိမ်းကြီးငြိမ်းစွာ ဖိုလ်ချမ်းသာဖြင့် နေတော့မည့် နှလုံးသားနှင့် စောထွတ်ဘုန်းမြတ်ဘုရားသည် စဉ်းစားတော်မူခဲ့ရာ။ ထိုစဉ်အခါ မိုးဗြဟ္မာဟု သဟမ္ပတိ အမှန်ပင်သိလေသော် “နဿတိ ဝတ ဘော လောကော ”၊ ဘော – အို.. အချင်းတို့၊ လောကော -လောကကြီးသည်၊ နဿတိ ဝတ -ပျက်စီးတော့မည် တကား။' သဟမ္ပတိဗြဟ္မာကြီးသည် ဤကဲ့သို့ ညည်းတွားရှာလေသတည်း။

(ကြေးစည်တစ်ချက်ရိုက် )

ဤကဲ့သို့ ညည်းတွားလျက် ဘုရားရှင်အထံတော်သို့ လျင်မြန်စွာ ကပ်ချဉ်း၍ ဝပ်စင်းကာ ရှိခိုးခြင်း အဉ္ဇလီ အကြိမ်ကြိမ်ဦးတင်ချီလျက် သမင်္ဂီစေတနာ ရိုသေခြင်း အဖြာဖြာကို ရှေ့တော်မှာပြုပြီးလျှင် “ဒေသေတု ဘဂဝါ ဓမ္မံ”။ ဘဂဝါ – ဘုန်းတော်နေဝန်း ထွန်းထထိန်ထိန် သာကိန်ထွတ်ဖူး နိဗ္ဗာန်မှူး၊ ဓမ္မံ -သိမြင်ထိုးထွင်း အလင်းထိန်လက် ဓမ္မစက်ကို၊ ဒေသေတု – ဟောကြားတော်မူပါဘုရား” ဟု လျှောက်ထားလေသော်-

“ဒွေ မေ ဘိက္ခဝေ အန္တာ ပဗ္ဗဇိတေန န သေဝိတဗ္ဗာ” ဤကဲ့သို့ အစဖြာသော ဓမ္မစကြာ တရားတော်စည်ကြီးကို ရိုက်တီးဟောကြားတော်မူခဲ့လေသတည်း။

(ကြေးစည်တစ်ချက်ရိုက်)


This work was published before January 1, 1929, and is in the public domain worldwide because the author died at least 100 years ago.

Public domainPublic domainfalsefalse