ဓနုရာသီ နတ်တော်လဘွဲ့ လူးတား

From Wikisource
Jump to navigation Jump to search
ဓနုရာသီ နတ်တော်လဘွဲ့ လူးတား  (1781) 
by ဦးယာ

စက်နေသင်္ချာ၊ ရာသီဓနု၊
တွက်စုငါးသောင်း၊ သိန်းပေါင်းနှစ်လီ၊
ရာသီသည်တွင်[1]၊ ဆင်ရာတိမ်ခိုး၊
ရွာရိုးမက ချမ်းစလေ။ ။

တေဇော ဓာတ်ခန်း၊ ရာသီနန်းဝယ်၊
နှင်းဖျန်းရွှန်းစို၊ မြိုင်လုံးညိုသား၊
ခေါ်ဆိုမည်ရ၊ ဒွေးဒေဟဟု၊
သည်လရတု၊ ဓနုခေါ်တွင်၊
ရာသီခွင်၌၊ နေ့လျှင်နာရီ၊
ဆဒွေးစီ၍၊ တလီညဉ့်ရေး၊
သုံးဆဲ့လေးတည်း၊ ချမ်းအေး နှင်းဖျော်[2]
လနတ္တော်ကို၊ တိမ်ပေါ်မိုးယံ၊
ငွေသားကျံ၍၊ ရောင်လျှံ ကြွားကြွား၊
ပတ္တမြားပြသာဒ်၊ လှည့်ပတ်အညီ၊
မိဂသီနှင့်၊ ယှဉ်မှီထွန်းလှာ၊
တာရာရွှင်လန်း၊ ဟင်္သာနန်းတို့၊
ရစ်သန်းတူကွ၊ ရောင်တောက်ပလျက်၊
သိင်္ဂရွှေစင်၊ ဖလ်စက်ရှင်လည်း၊
ထွက်ဝင်အတူ၊ နေ့မူတဖန်၊
ပြုဗ္ဗာသန်နှင့်၊ လျှင်မြန်လှည့်ထွန်း၊
မွန်းတည့်ရကား၊ ငါးဘဝါးဟု၊
ကစားပျော်ရာ၊ သည်အခါတွင်၊
မဟာဗိန္နဲ၊ နတ်ပွဲခင်းကျင်း[3]
စုံမြိုင်ရင်းမှာ၊ ကြိုင်သင်းတောလုံး၊
ရနံ့ ဖုံးသား၊ ပတ်ကုံးဝန်းကျင်၊
မြေတွင်မရောက်၊ ပင်ပေါ်ပေါက်၍၊
နှင်းသောက်ရွှင်ရွှင်၊ ဖူးတံဆင်သည်၊
သဇင်ရွှေပွင့်၊ လျှပ်ရောင်ဝင့်သို့၊
လှတင့်စိမ်းတွေး[4]၊ နတ်ပန်းမွှေးကို၊
မနှေးလျှင်မြန်၊ မိန့်တော်ပြန်လျက်၊
မျက်မှန်ကျောက်စုံ၊ ရွှေနန်းဘုံသို့၊
ဖူးငုံပေါ်စ၊ တင်ဆက်သသည်၊
နောက်မှပြည်သူ၊ သုံးယူပန်ဆင်၊
ရှုချင်မဝ၊ ပေါက်ပြလဲ့စိမ်း၊
ညွှမ်းတိမ်းကြော့ရွှန်း၊ ပြစ်မစွန်းသား[5]
မြှော့ဝန်းလုံးညီ၊ နာရနီသို့၊
လည်ဆီရစ်ဆွဲ၊ ယုယတွဲလျက်၊
ပုလဲငုံကင်း၊ ပြာလဲ့ဝင်းနှင့်၊
သံညှင်းပြေပြေ၊ စက်လယ်ဗွေတွင်၊
နှင်းဝေရံစိုက်၊ ပွေ့ပိုက်တူစုံ၊
ရင်ငွေ့လှုံ၍၊ ခန်းဘုံသာထဲ၊
ရွှေလည်နွှဲ၍၊ ဆကဲကြင်နာ၊
မေတ္တာသက်မျှ[6]၊ ပါချင်လှ၍၊
မြွက်ဟသံခြေ၊ ဆယ်မီးနေကြောင့်[7]
လွမ်းလေအောင်သာ၊ လျှပ်ရောင်ဖြာသည်။ ။

မိလ္လာနုရွှန်းရွှန်းတည့်လေ။ ။
သဇင်တည့်ဂမုန်း ချိန်ပွင့်တုန်း။ ။
မိုဃ်းချုန်း ဆင်ရာတိမ်။ ။
ကြိမ်ကြိမ်တည့်အုံ့မှိုင်း ရှစ်ရပ်ဆိုင်း။ ။
ပင်တိုင်း လမ်းစီစီ၊
တိမ်နီတည့်တိမ်ပန်း တိမ်ခရမ်း။ ။

မှတ်ချက်[edit]

  1. ရာသီရွှင်ရွှင် (မ) (ဟ)
  2. ချမ်းဧနှစ်ဘော် (မ) (ဟ)
  3. နတ်ပွဲဝင်ခြင်း (မ) (ဟ)
  4. လှတင့်စိန်သွေး (မ) (ဟ)
  5. လွတ်တိမ်းကျောက်ရွှန်း၊ ပြင်ပစွန်းက (မ)။ ညွတ်တိမ်းကောက်ယွန်း၊ ပြင်ပစွန်းကား (ဟ)။
  6. မေတ္တာတူမျှ (မ) (ဟ)
  7. ဆယ်မီးရွှေကြောင့် (မ)


  • မူရင်း - ရေနံချောင်း တွင်းစားကြီးဦးဘိုးဂုဏ် လက်ရေးမူ
  • [ဟ] - ဟံသာဝတီပုံနှိပ်တိုက်၊ ရန်ကုန်မြို့၊ ၁၉၀၇-ခုနှစ်ထုတ် စာအုပ်မူ
  • [မ] - မြန်မာစာညွန့်ပေါင်းကျမ်း၊ တတိယတွဲမူ
  • [ဘ] - ဘားနတ်ပိဋကတ်တိုက်ပေမူ၊ ရန်ကုန်မြို့

This work was published before January 1, 1929, and is in the public domain worldwide because the author died at least 100 years ago.

Public domainPublic domainfalsefalse