ဒဠှဓမ္မဇာတ်

From Wikisource
Jump to navigation Jump to search
ပုံတော်စုံ ငါးရာငါးဆယ် ဇာတ်ဝတ္ထု by မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော်
၄၀၉။ ဒဠှဓမ္မဇာတ် (၇-၂-၄)


သတ္တကနိပါတ် - ဂန္ဓာရဝဂ်

၄။ ဒဠှဓမ္မဇာတ်

ပြုဖူးသောကျေးဇူးကို သိသင့်ကြောင်း

ဟောတော်မူရာဌာန... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သာ သဗ္ဗညူ မြတ်စွာဘုရားသခင်သည် အဟံ စေ ဒဠှဓမ္မဿ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဒဠှဓမ္မဇာတ်ကို ကောသမ္ဗီပြည်ကိုမှီ၍ ဃောသိဘာရုံကျောင်း၌ သီတင်းသုံး နေတော်မူစဉ် ဥတေနမင်း၏ ဘဒ္ဒဝတီ ဆင်မကို အကြောင်းပြု၍ ဟောတော်မူ၏။

ပစ္စုပ္ပန်ဝတ္ထု... ထိုဆင်မ၏ ရအပ်သော အစီအရင်သည်လည်းကောင်း၊ ဥတေနမင်း၏ မင်းနွယ်သည်လည်းကောင်း မာတင်္ဂဇာတ်၌ ထင်စွာ ဖြစ်လတ္တံ့။

ဘဒ္ဒဝတီဆင်မ လျှောက်ပုံ

တစ်နေ့သ၌ ထိုဆင်မသည် နံနက် အခါ၌လျှင် အရိယာအပေါင်း ခြံရံလျက် နှိုင်းယှဥ်စရာ ဥပမာမရှိသော ဘုရားအသရေတော်ဖြင့် မြို့သို့ ဆွမ်းအလို့ငှာ ဝင်သော သဗ္ဗညူမြတ်စွာဘုရားကို မြင်၍ သဗ္ဗညူမြတ်စွာဘုရား၏ ခြေတော်ရင်း၌ ဝပ်၍ ဘုန်းတော်ကြီးသော ခပ်သိမ်းသောတရားကို သိတော်မူသော လောကကို ဝဋ်ဆင်းရဲမှ ထုတ်တော်မူသော အရှင်ဘုရား ဥတေနမင်းသည် အကျွန်ုပ်ကို ပျိုသောကာလ အမှုကို လုပ် ဆောင်ခြင်းငှာ စွမ်းနိုင်သောကာလ၌ ဤဆင်မကိုမှီ၍ ငါသည် အသက်ကိုလည်းကောင်း၊ ပြည်ကိုလည်းကောင်း, မိဖုရားကိုလည်းကောင်း ရအပ်၏ ဟု ချစ်သနား၍ ကြီးစွာသော ပူဇော် သက္ကာရကို ပေး၏။ ခပ်သိမ်းသော တန်ဆာတို့ဖြင့် တန်ဆာဆင်၍ တည်ရာအရပ်၌ နံ့သာဖြင့် လိမ်းကျံ၍ အထက်၌ ရွှေကြယ်ဗိတာန်ကိုဖွဲ့၍ ထက်ဝန်းကျင်မှ ဆန်းကြယ်သော တင်းတိမ်ကို ကာ၍ ဆီမီးကိုထွန်း၍ အခိုး အထုံအိုးကိုထား၍ ကျင်ကြီးစွန့်ရာအရပ်၌ ရွှေအိုးကိုတည်စေ၍ အကျွန်ုပ်ကို ဆန်းကြယ်သော အခင်းရှိသော အင်းပျဉ်၌ထား၏။ အကျွန်ုပ်အား မင်းအားသာထိုက်သော အထူးထူးသော အရသာရှိသော ဘောဇဉ်ကို ပေး၏။ ယခုအခါ အကျွန်ုပ်အား အိုသောကာလ၌ အမှုကို လုပ်ဆောင်အံ့သောငှာ မစွဲမ်းနိုင်သော ကာလ၌ အလုံးစုံသော ပူဇော် သက္ကာရကို ဖြတ်၏။ ကိုးကွယ်ရာ ထောက်ပံ့ရာ မရှိသည်ဖြစ်၍ တော၌ ဆတ်သွားတို့ကို စားလျက် အသက်မွေးရ၏။ အကျွန်ုပ်အား တစ်ပါးသော ကိုးကွယ်ရာသည် မရှိ၊ ဘုန်းတော်ကြီးသော အရှင်ဘုရား... အရှင်ဘုရားတို့သည် ဥတေနမင်းအား အကျွန်ုပ်၏ကြေးဇူးကို မှတ်စေ၍ ရှေး၌ဖြစ်သော ပူဇော်သက္ကာရကို ပကတိရှိသည်ကို ပြုတော်မူပါကုန်လော့ဟု ငိုကြွေးလျက် မြတ်စွာဘုရားကို တောင်းပန်၏။

မြတ်စွာဘုရား ဆုံးမခြင်း

သဗ္ဗညူမြတ်စွာဘုရားသည် သင်သွားလော့၊ ငါသည် ဥတေနမင်းအား သင်၏ကျေးဇူးကို ဟော၍ စည်းစိမ်အခြံအရံကို ပကတိရှိသည်ကိုပြုအံ့ ဟု ဆို၍ မင်း၏ နန်းတော်တံခါးသို့ ကြွတော်မူ၍ မင်းသည် သဗ္ဗညူမြတ်စွာဘုရားကို နန်းတော်တွင်းသို့ သွင်း၍ ဘုရားအမှူးရှိသော သံဃာတော်အား အလှူကိုဖြစ်စေ၏။ သဗ္ဗညူ မြတ်စွာဘုရားသည် ဆွမ်းစားပြီးသော ကိစ္စအဆုံး၌ အနုမောဒနာကိုပြု၍ မြတ်သော မင်းကြီး... ဘဒ္ဒဝတီသည် အဘယ်မှာနည်းဟု မေးတော်မူ၏။ အရှင်ဘုရား... မသိ ဟု လျှောက်လတ်သော် မြတ်သောမင်းကြီး... ကျေးဇူးများကုန်သော သူတို့အား အခြံအရံကိုပေး၍ အိုသောကာလ၌ အခြံအရံကို သိမ်းယူသောမည်သည် မသင့်၊ သူ့ကျေးဇူးကို သိတတ်သည် ဆပ်တတ်သည် ဖြစ်ခြင်းငှာ သင့်၏။ ဘဒ္ဒဝတီသည် ယခုအခါ ကြီးရင့်အိုမင်းပြီ၊ ကိုးကွယ်ရာ မရှိသည်ဖြစ်၍ တော၌ ဆတ်သွားတို့ကိုစားလျက် အသက်ကို မွေးရ၏။ အိုသောကာလ၌ ကိုးကွယ်ရာမရှိသည်ကို ပြုအံ့သောငှာ သင်မင်းကြီးတို့အား မသင့်ဟု ဘဒ္ဒဝတီ၏ ကျေးဇူးကို ဟော၍ ရှေး၌ဖြစ်သော အလုံးစုံသော ပူဇော်သက္ကာရကို ပကတိရှိသည်ကို ပြုလော့ဟု မိန့်တော်မူ၍ ဖဲတော်မူ၏။

ဥတေနမင်းသည် မြတ်စွာဘုရား မိန့်တော်မူတိုင်း ပြု၏။ သဗ္ဗညူ မြတ်စွာဘုရားသည် ဘဒ္ဒဝတီ၏ကျေးဇူးကို ဟောတော်မူ၍ ရှေး၌ဖြစ်သော စည်းစိမ်အခြံအရံကို ပကတိရှိသည်ကို ပြုတော်မူ၏ ဟု မြို့အလုံးသည် နှံ၏။ ရဟန်း သံဃာ၌လည်း ထိုအကြောင်းသည် ထင်ရှား၏။ ထိုအခါ ရဟန်းတို့သည် တရားသဘင်၌ ငါ့ရှင်တို့ သဗ္ဗညူမြတ်စွာဘုရားသည် ဘဒ္ဒဝတီ၏ကျေးဇူးကို ဟောတော်မူ၍ ရှေး၌ဖြစ်သော စည်းစိမ်အခြံအရံကို ပကတိရှိသည်ကို ဖြစ်စေ၏ ဟု စကားကို ဖြစ်စေကုန်၏။ သဗ္ဗညူ မြတ်စွာဘုရားသည် လာတော်မူလတ်၍ ရဟန်းတို့ ယခုအခါ အဘယ်စကားဖြင့် စည်းဝေးကုန်သနည်းဟု မေးတော်မူလတ်၍ ဤမည်သော စကားဖြင့် စည်းဝေးပါကုန်၏ ဟု နားတော်လျှောက်သည်ရှိသော် ရဟန်းတို့ ယခုအခါ၌သာလျှင် ငါဘုရားသည် ဤဆင်မ၏ ကျေးဇူးကို ဖော်၍ ပြောလတ်ပြီးသော် စည်းစိမ်အခြံအရံကို ပကတိအတိုင်း ရစေသည်ကို ပြုသည်မဟုတ်သေး၊ ရှေး၌လည်း ပြုဖူး သလျှင်ကတည်း ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဒဠှဓမ္မမင်းသည် မင်းပြုလတ်သည်ရှိသော် ဘုရားလောင်းသည် ထိုမင်း၏အထံမှ ကြီးစွာသော စည်းစိမ်ကိုရ၍ အမတ်အရာ၌ တည်၏။

ဆင်မတော်

ဒဠှဓမ္မမင်းအား အစွမ်းအားနှင့်ပြည့်စုံသော ခွန်အားကြီးသော တစ်ခုသော ဩဋ္ဌဗျာဓိမည်သော ဆင်မသည် ရှိ၏။ တစ်နေ့ချင်း ယူဇနာတစ်ရာကို သွားနိုင်၏။ တမန်သည်တို့ ဆောင်အပ်သော ကိစ္စကို ပြု၏။ စစ်ထိုးရာ၌ စစ်ထိုးခြင်းကို ပြု၏။ ရန်သူတို့ကို နှိမ်နင်းခြင်းကို ပြု၏။ မင်းသည် ဤဩဋ္ဌဗျာဓိသည် ငါ့အား ကျေးဇူးများ၏ဟု ဩဋ္ဌဗျာဓိအား အလုံးစုံသော တန်ဆာကို ပေး၍ ဥတေနမင်းကြီးသည် ဘဒ္ဒဝတီ ဆင်မင်းအား ပေးအပ်သည်နှင့်တူသော အလုံးစုံသော စည်းစိမ်အခြံအရံကို ပေး၏။

အရာကျပြီ

ထိုအခါ ထိုဩဋ္ဌဗျာဓိ၏ အိုသော အားနည်းသောကာလ၌ မင်းသည် အလုံးစုံသော စည်းစိမ်အခြံအရံကို ယူ၏။ ထိုဩဋ္ဌဗျာဓိသည် ထိုအခါမှစ၍ ကိုးကွယ်ရာ မရှိသည်ဖြစ်၍ တော၌ မြက်သစ်ရွက်တို့ကို စားလျက် အသက်ကို မွေးရ၏။ ထိုအခါ တစ်နေ့သ၌ မင်းအိမ်၌ အိုးတို့သည် မလောက်ကုန်သည်ရှိသော် မင်းကြီးသည် အိုးထိန်းကို ခေါ်စေ၍ အိုးတို့သည် မလောက်ကုန်သတတ် ဟု ဆိုလေ၏။ အရှင်မင်းကြီး နွားချေးဆောင်သော ယာဉ်၌ ကအံ့သောငှာ နွားတို့ကို မရဟု ဆို၏။ မင်းသည် အိုးထိန်း၏ စကားကို ကြား၍ ငါ၏ ဩဋ္ဌဗျာဓိသည် အဘယ်မှာနည်းဟုမေး၏။ အရှင်မင်းကြီး... မိမိဓမ္မတာအားဖြင့် လှည့်လည်၏ဟု ဆို၏။ မင်းသည် ဤနေ့မှစ၍ ဩဋ္ဌဗျာဓိကို က၍ နွားချေးတို့ကို ဆောင်လော့ဟု ဩဋ္ဌဗျာဓိကို အိုးထိန်းသည်အား ပေး၏။ အိုးထိန်းသည်လည်း အရှင်မင်းကြီး ကောင်းပြီဟု ဆို၍ မင်းဆိုတိုင်း ပြု၏။

ပညာရှိအမတ်ကို တိုင်ပုံ

ထိုအခါ တစ်နေ့သ၌ ဩဋ္ဌဗျာဓိသည် မြို့မှထွက်၍ ညအခါ မြို့သို့ဝင်သော ဘုရားလောင်းကို မြင်၍ ရှိခိုး၍ ဘုရားလောင်း၏ ခြေရင်း၌ ဝပ်၍ ငိုကြွေးလျက် အရှင်မင်းကြီးသည် အကျွန်ုပ်ကို ပျိုသောကာလ၌ ကျေးဇူးများ၏ ဟု မှတ်၍ ကြီးစွာသော စည်းစိမ် အခြံအရံကို ပေး၍ ယခု အိုသောကာလ၌ အလုံးစုံသော စည်းစိမ်အခြံအရံကို ဖြတ်၍ အကျွန်ုပ်၌ စိတ်ကိုမျှတည်း မပြု၊ အကျွန်ုပ်သည် ကိုးကွယ်ရာ မရှိဖြစ်၍ တော၌ မြက်သစ်ရွက်တို့ကို စားလျက် အသက်မွေးရ၏။ ဤသို့ ဆရဲခြင်းသို့ရောက်သော အကျွန်ုပ်ကို ယခုအခါ ယာဉ်၌ ကစိမ့်သောငှာ အိုးထိန်းသည်အား ပေးပြန်၏။ အရှင်တို့ကိုထား၍ အကျွန်ုပ်အား တစ်ပါးသော ကိုးကွယ်ရာသည် မရှိ။ မင်းအား အကျွန်ုပ်ပြုသော ကျေးဇူးကို အရှင်တို့သည် သိပါစေကုန်လော့၊ အကျွန်ုပ် တောင်းပန်ပါ၏။ ယခုအခါ အကျွန်ုပ်အား ပျောက်သောစည်းစိမ်ကို ပကတိရှိသည်ကို ပြုကုန်လော့ဟု ဆို၍-

၉၈။ အဟံ စေ ဒဠှဓမ္မဿ၊ ဝဟန္တီ နာဘိရာဓယိံ၊
ဓရန္တိ ဥရသိ သလ္လံ၊ ယုဒ္ဓေ ဝိက္ကန္တစာရိနီ။
၉၉။ နူန ရာဇာ န ဇာနာတိ၊ မမ ဝိက္ကမပေါရိသံ။
သင်္ဂါမေ သုကတန္တာနိ၊ ဒူတ ဝိပ္ပဟိတာနိ စ။
၁၀၀။ သာ နူနာဟံ မရိဿာမိ၊ အဗန္ဓု အပရာယိနီ။
တဒါ ဟိ ကုမ္ဘကာရဿ၊ ဒိန္နာ ဆကဏဟာရိကာ။

ဟူသော ဤသုံးဂါထာတို့ကို ဆို၏။

၉၈။ သာမိ၊ အရှင်။ အဟံ၊ အကျွန်ုပ်သည်။ ဝဟန္တီ၊ ထိုထိုကိစ္စကို ရွက်ဆောင်လျက်။ ဥရသိ၊ ရင်၌။ သလ္လံ၊ ဖွဲ့အပ်သော သန်လျက်ကို။ ဓရန္တီ၊ ရှေးရှုဆောင်လျက်။ ယုဒ္ဓေ၊ စစ်ထိုးရာ၌။ ဝိက္ကန္တစာရိနီ၊ အောင်စေတတ်သော စစ်ထိုးခြင်းဖြင့် လုံလကို ဆောင်သွားလျက်။ ဒဠှဓမ္မဿ၊ ဒဠှဓမ္မမင်း၏။ စိတ္တံ၊ စိတ်ကို။ စေ နာဘိရာဓယိံ၊ အကယ်၍ မနှစ်သက်စေနိုင်သည် ဖြစ်အံ့။ ကော၊ အဘယ်သူသည်။ တဿ၊ ထိုမင်း၏။ စိတ္တံ၊ စိတ်ကို။ အာရာဓယိဿတိ၊ နှစ်သက်စေလတ္တံ့နည်း။

၉၉။ မမ၊ အကျွန်ုပ်၏။ ဝိက္ကမပေါရိသံ၊ အားထုတ်ခြင်းဟူသော ယောကျ်ားတို့၏ အမှုကိုလည်းကောင်း။ သင်္ဂါမေ၊ စစ်ထိုးရာ၌။ သုကတန္တာနိ၊ ကောင်းစွာ ပြုအပ်ကုန်သော ကိစ္စတို့ကိုလည်းကောင်း။ ဒုတဝိပ္ပဟိတာနိ စ၊ လည်၌ စာခွေကိုဖွဲ့၍ ဤမည်သောမင်းအား ပေးလော့ဟု စေအပ်သည်ရှိသော် အကျွန်ုပ်သည် တစ်နေ့ချင်းလျှင် ယူဇနာ တစ်ရာရှိသော အရပ်သို့သွား၍ တမန်သည်တို့ ဆောင်အပ်သော အမှုကို ဆောင်ခြင်းတို့ကိုလည်းကောင်း။ ရာဇာ၊ ဒဠှဓမ္မမင်းသည်။ န ဇာနာတိ နူန၊ မသိယောင်တကား။

၁၀၀။ သာ အဟံ၊ ထိုအကျွန်ုပ်သည်။ အဗန္ဓု၊ အဆွေ ခင်ပွန်း မရှိသည်ဖြစ်၍။ အပရာယိနီ၊ ကိုးကွယ်ရာ မရှိသည်ဖြစ်၍။ မရိဿာမိ နူန၊ သေရယောင်တကား။ တဒါ ဟိ၊ ထို့ကြောင့်လျှင်။ ဆကဏဟာရိကာ၊ နွားချေးဆောင်သော အမူကို။ ကတွာ၊ ပြု၍။ ရဇာ၊ မင်းသည်။ ကမ္ဘကာရဿ၊ အိုးထိန်းအား။ ဒိန္နာ၊ ငါ့ကို ပေးအပ်၏။

မင်းကြီးအား လျှောက်ခြင်း

ဘုရားလောင်းသည် ဩဋ္ဌဗျာဓိ၏ စကားကိုကြား၍ သင်သည် မစိုးရိပ်လင့်၊ ငါသည် မင်းအားဆို၍ သင့်အား စည်းစိမ်အခြံအရံကို ပကတိရှိသည်ကို ပြုအံ့ ဟု ဩဋ္ဌဗျာဓိကို နှစ်သိမ့်စေ၍ မြို့သို့ဝင်၍ နံနက်စာ စားပြီးသော် မင်း၏အထံသို့ သွား၍ စကားကို ဖြစ်စေ၍ မြတ်သော မင်းကြီး... ဤအမည်ရှိသော ဩဋ္ဌဗျာဓိသည် ဤမည်သော အရပ်၌, ရင်၌ မြား လှံကိုဖွဲ့၍ စစ်ထိုးခြင်းအမှုကို ထုတ်ဆောင်၏။ ဤမည်သော နေ့၌ကား လည်၌ စာကိုဖွဲ့၍ စေလွှတ်၍ ယူဇနာတစ်ရာရှိသော အရပ်သို့ သွား၏။ အရှင်မင်းကြီးတို့သည်လည်း ထိုဩဋ္ဌဗျာဓိအား ကြီးစွာသော စည်းစိမ်အခြံအရံကို ပေးကုန်၏။ ထိုဩဋ္ဌဗျာဓိသည် ယခု အဘယ်မှာနည်းဟု မေး၏။ ထိုဩဋ္ဌဗျာဓိကို ငါသည် နွားချေးဆောင်စိမ့်သောငှာ အိုးထိန်းသည်အား ပေး၏ ဟု ဆို၏။ ထိုအခါ မင်းကို ဘုရားလောင်းသည် မြတ်သော မင်းကြီး ရှင်မင်းကြီးတို့သည် ပြုအပ်သော အမှုသည် မလျောက်ပတ်၊ အိုးထိန်းအား ယာဉ်၌ က, စိမ့်သောငှာ ပေးတော်မူခြင်းသည် မလျောက် ပတ်သည်သာလျှင်ကတည်းဟု ဆို၍ မင်းအား ဆုံးမလိုသည်၏ အစွမ်းအားဖြင့်-

၁၀၁။ ယာဝတာ သီသတီ ပေါသော၊ တဝဒေဝ ပဝီဏတိ။
အတ္ထာပါယေ ဇဟန္တိ နံ၊ ဩဋ္ဌဗျာဓိံဝ ခတ္တိယော။
၁၀၂။ ယော ပုဗ္ဗေ ကတကလျာဏော၊ ကတတ္ထော နာဝ ဗုဇ္စျတိ။
အတ္ထာ တဿ ပလုဇ္ဇန္တိ၊ ယေ ဟောန္တိ အဘိပတ္ထိတာ။
၁၀၃။ ယော ပုဗ္ဗေ ကတကလျာဏော၊ ကတတ္ထော မနု ဗုဇ္ဈတိ၊
အတ္ထာ တဿ ပဝဍ္ဎန္တိ၊ ယေ ဟောန္တိ အဘိပတ္ထိတာ။
၁၀၄။ တံ ဝေါ ဝဒါမိ ဘဒ္ဒန္တေ၊ ယာဝန္တေတ္ထ သမာဂတာ။
သဗ္ဗ ကတညုနော ဟောထ၊ စိရံ သဂ္ဂမှိ ဌဿထ။

ဟူသော ဤလေးဂါထာတို့ကို ဆို၏။

၁၀၁။ ပေါသော၊ ယောက်ျားသည်။ ယံ ပုရိသံ၊ အကြင်ယောက်ျားကို။ ယာဝတာ၊ အကြင်မျှလောက်သော ကာလပတ်လုံး အာသီသတိ၊ တောင့်တ၏။ တာဝဒေဝ၊ ထိုမျှလောက်သော ကာလပတ်လုံးလျှင်။ တံ ပုရိသံ၊ ထိုယောက်ျားကို။ ပဝီဏတိ၊ ဆည်းကပ်၏။ ခတ္တိယော၊ မင်းသည်။ ဩဋ္ဌဗျာဓိံ၊ ဩဋ္ဌဗျာဓိမည်သော ဆင်မကို။ ဇဟတိ ဣဝ၊ စွန့်သကဲ့သို့။ အတ္ထာပါယေ၊ အကျိုး စီးပွား ကင်းသည်ရှိသော်။ နံ၊ ထိုယောကျ်ားကို။ ဇဟန္တိ၊ စွန့်ကုန်၏။

ကျေးဇူးမသိ ပျက်စီးတတ်

၁၀၂။ ယော၊ အကြင်သူသည်။ ပုဗ္ဗေ၊ ရှေး၌။ ကတကလျာဏော၊ ပြုအပ်သော ကျေးဇူးရှိသည်ဖြစ်၍။ ကတတ္ထော၊ သူတစ်ပါးပြီးစေအပ်သော အမှုကိစ္စရှိသည် ဖြစ်လျက်။ နာဝ ဗုဇ္စျတိ၊ မသိတတ်။ တဿ၊ ထိုသူသည်။ ယေ အတ္ထာ၊ အကြင် ကျိုးတို့ကို။ အဘိပတ္ထိတာ၊ တောင့်တအပ်ကုန်သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။ တေ အတ္ထာ၊ ထိုအကျိုးတို့သည်။ ပလုဇ္ဇန္တိ၊ ပျက်စီးကုန်၏။

၁၀၃။ ယော၊ အကြင်သူသည်။ ပုဗ္ဗေ၊ ရှေး၌။ ကတကလျာဏော၊ ပြုအပ်သော ကျေးဇူးရှိသည်ဖြစ်၍။ ကတတ္ထော၊ သူတစ်ပါးပြီးစေအပ်သော အမှုကိစ္စရှိသည်ဖြစ်၍။ အနုဗုဇ္စျတိ၊ ကျေးဇူးသိ၏။ တဿ၊ ထိုသူသည်။ ယေ အတ္ထာ၊ အကြင်အကျိုးတို့ကို။ အဘိပတ္တိတာ၊ တောင့်တအပ်ကုန်သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။ တေ အတ္ထာ၊ ထိုအကျိုးတို့သည်။ ပဝဍ္ဎန္တိ၊ ပွားကုန်၏

၁၀၄။ ဘဒ္ဒန္တေ၊ အရှင်တို့။ တံ-တေန ကာရဏေန၊ ထိုအကြောင်းကြောင့်။ အဟံ၊ ငါသည်။ ဝေါ၊ သင်တို့ကို။ ဝဒါမိ၊ ဆို၏။ ဧတ္ထ။ ဤအရပ်၌။ ယာဝန္တာ၊ အကြင်မျှလောက်ကုန်သော။ သမာဂတာ၊ စည်းဝေးကုန်သော။ သဗ္ဗေ၊ ခပ်သိမ်းကုန်သော။ တုမှေ၊ သင်တို့သည်။ ကတညုနော၊ သူ့ကျေးဇူးကို သိကုန်သည်။ ဟောထ၊ ဖြစ်ကုန်၏။ စိရံ၊ ကြာမြင့်စွာ၊ သဂ္ဂမှိ၊ နတ်ပြည်၌။ ဌဿထ၊ နေရကုန်အံ့။

ရာထူးပြန်ခန့်

ဤသို့ ဘုရားလောင်းသည် မင်းကို အစပြုကုန်၍ စည်းဝေးကုန်သော ခပ်သိမ်ကုန်သော သူတို့အား အဆုံးအမကို ပေး၏။ ထိုစကားကို ကြား၍ မင်းသည် ဩဋ္ဌဗျာဓိအား စည်းစိမ်အခြံအရံကို ပကတိ ရှိသည်ကို ပြု၏။ ဘုရားလောင်း၏ အဆုံး အမ၌လည်း တည်၍ ကြာမြင့်စွာ အလှူအစရှိသော ကောင်းမှုတို့ကိုပြု၍ နတ်ပြည်သို့ လား၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ ဘဒ္ဒဝတီသည် ထိုအခါ ဩဋ္ဌဗျာဓိ ဖြစ်ဖူးပြီ၊ ယခုအခါ အာနန္ဒာသည် ထိုအခါ မင်းဖြစ်ဖူးပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ အမတ်ဖြစ်ဖူးပြီဟု ဇတ်ကို ပေါင်းတော်မူ၏။

ကျေးဇူးရှိငြား၊ သိသူအား၊ ကျိုးများဖြစ်ထွန်းရာ

လေးခုတို့၏ ပြည့်ကြောင်းဖြစ်သော ဒဠှဓမ္မဇာတ်သည် ပြီး၏။

*****