ဒသရထဇာတ်

From Wikisource
Jump to navigation Jump to search
ပုံတော်စုံ ငါးရာငါးဆယ် ဇာတ်ဝတ္ထု by မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော်
၄၆၁။ ဒသရထဇာတ် (၇)

ဧကာဒသကနိပါတ်

၇။ ဒသရထဇာတ်

တည်ကြည်ဖြောင့်မတ်သော ရာဇမင်းအကြောင်း

ဟောတော်မူရာဌာန... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူသည်ရှိသော် အဖသေသော တစ်ယောက်သော သူကြွယ်ကို အကြောင်းပြု၍ ဧထံ လက္ခဏ သီတာ စ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဒသရထဇာတ်ကို ဟောတော်မူ၏။

ပစ္စုပ္ပန်ဝတ္ထု... ထိုစကားကို ချဲ့ဦးအံ့။ ထိုသူကြွယ်သည် အဖသေသည်ရှိသော် စိုးရိမ်ခြင်း နှိပ်စက်သည်ဖြစ်၍ အလုံးစုံသော ကိစ္စတို့ကို စွန့်၍နေ၏။ သဗ္ဗညူ မြတ်စွာဘုရားသည် မိုးသောက်ထအခါ၌ လောကကို ကြည့်တော်မူလတ်သော် ထိုသူကြွယ်၏ အရဟတ္တဖိုလ်၏အကြောင်း ဥပနိဿယကို မြင်တော်မူ၍ ဆွမ်းအလို့ငှာ ကြွတော်မူ၍ ဆွမ်းဘုဉ်းပေးခြင်းကိစ္စ ပြီးလတ်သော် ရဟန်းတို့ကို လွှတ်တော်မူ၍ တစ်ယောက်သော နောက်ပါရဟန်းကိုခေါ်၍ ထိုသူကြွယ်အိမ်သို့ ကြွတော်မူ၍ ရှိခိုး၍နေသော သူကြွယ်ကို သာယာစွာသောစကားဖြင့် ခေါ်တော်မူ၍ ဥပါသကာ... စိုးရိမ်သလောဟု မေးတော်မူ၏။ အရှင်ဘုရား စိုးရိမ်သည် မှန်ပေ၏။ အဖ၌စိုးရိမ်ခြင်းသည် အကျွန်ုပ်ကို နှိပ်စက်၏ ဟု နားတော် လျှောက်ပေ၏။ ဒါယကာ ရှေးပညာရှိတို့သည် လောကဓံတရား ရှစ်ပါးတို့ကို ဟုတ်မှန်သောအားဖြင့် သိကုန်သည်ဖြစ်၍ အဖသေလွန်လတ်သော် အနည်းငယ်မျှ တည်းသော စိုးရိမ်ခြင်းကို မပြုကုန်ဟု မိန့်တော်မူ၍ ထိုသူကြွယ်သည် တောင်းပန်လတ်သော် အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ဒါယကာ လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဒသရထမည်သော မင်းကြီးသည် အဂတိ လေးပါးသို့ လိုက်ခြင်းကိုစွန့်၍ တရားနှင့်အညီ မင်းပြု၏။ ထိုမင်းအား တစ်သောင်း ခြောက်ထောင်သော မောင်းမတို့၏ အကြီးဖြစ်သော မိဖုရားသည် သားနှစ်ယောက်တို့ကိုလည်းကောင်း, သမီးတစ်ယောက်ကို လည်းကောင်း ဖွားမြင်၏။ သားကြီးသည် ရာမသုခမိန် မည်၏။ နှစ်ယောက်မြောက်သော သားသည် လက္ခဏမင်းသားမည်၏။ သမီးတော်သည် သီတာမင်းသမီး မည်၏။

အခါတစ်ပါး၌ မိဖုရားကြီးသည် သေလွန်ခဲ့၏။ မင်းသည် ထိုမိဖုရားကြီးသေခြင်းကြောင့် အလွန်ရှည်မြင့်စွာ စိုးရိမ်ခြင်းနိုင်ငံသို့ လိုက်၍ အမတ်တို့သည် သီစေအပ်သည်ဖြစ်၍ ထိုမိဖုရားကြီးအား ပြုအပ် ဆောက်အပ်သည်ကို ပြု၍ မင်းသမီးတစ်ယောက်ကို မိဖုရားကြီးအရာ၌ထား၏။

သားထွေးကို မင်းဖြစ်စေလို

ထိုမိဖုရားကြီးကို မင်းသည် အလွန်ချစ်နှစ်သက်၏။ ထိုမိဖုရားသည်လည်း အခါ တစ်ပါး၌ ကိုယ်ဝန်ယူ၍ ရအပ်သော ကိုယ်ဝန်၏ စောင့်ရှောက်ခြင်း ရှိသည်၏အဖြစ်ကြောင့် သားကိုဖွားမြင်၏။ ထိုသားအား ဘရတမင်းသား ဟူသော အမည်ကို မှည့်ကုန်၏။ မင်းကြီးလည်း သား၌ ချစ်သဖြင့် မိဖုရား သင့်အား ဆုကို ငါပေး၏။ ယူလော့ ဟု ဆို၏။ မိဖုရားသည် ယူသည်ကို ပြု၍ထား၏။ မင်းသား၏ ခုနစ်နှစ် ရှစ်နှစ်ရှိသောအခါ၌ မင်းသို့ကပ်၍ မင်းကြီး ရှင်မင်းကြီးသည် ကျွန်ုပ်၏သားအား ဆုကို ပေးတော်မူ၏။ ယခုအခါ၌ ထိုကျွန်ုပ်၏သားအား ဆုကို ပေးတော်မူလော့ ဟု ဆို၏။ မိဖုရား ယူလော့ ဟု ဆိုလတ်သော် အရှင်မင်းကြီး အကျွန်ုပ်၏ သားအား မင်းအဖြစ်ကို ပေးပါလော့ ဟု ဆိုလတ်သော် မင်းသည် လက်ဖျစ်တီး၍ ဟယ် သူယုတ်မ ပျက်လေလော့၊ ငါ၏ သားတော်နှစ်ယောက်တို့သည် မီပုံကြီးကဲ့သို့ ထွန်းတောက်ပကုန်၏။ ထိုငါ့သားနှစ်ယောက်တို့ကို သတ်စေ၍ နင့်သားအား မင်းအဖြစ်ကို တောင်းဘိ၏ ဟု ခြိမ်းခြောက်၏။ ထိုမိဖုရားသည် ကြောက်၍ ကျက်သရေတိုက်ခန်းကိုဝင်၍ တစ်ပါးသော နေ့၌လည်း အဖန်တလဲလဲ မင်းအဖြစ်ကိုသာလျှင် တောင်း၏။

သားကြီးတို့ကို တောသို့ပို့

မင်းကြီးသည် ထိုမိဖုရားအား ထိုဆုကို မပေးမူ၍လျှင် ကြံ၏။ မိန်းမသည်ကား သူ့ကျေးဇူးကို မသိဘတ်၊ ခင်ပွန်းကို ပြစ်မှားတတ်၏။ ဤမိဖုရားသည် ငါ၏ သားတော်တို့ကို ကောက်ကျစ် သော ပဏ္ဏာကာရကိုလည်းကောင်း, ကောက် ကျစ်သော တံစိုးလက်ဆောင်ကို လည်းကောင်း ပြု၍ သတ်ရာ၏ ဟု ကြံ၍ ထိုမင်းသည် သားတို့ကိုခေါ်၍ ထိုအကြောင်းကို ကြား၍ သားဘော်တို့ သင်တို့အား ဤပြည်၌ နေသည်ရှိသော် အန္တရာယ်ဖြစ်ရာ၏။ သားတော်တို့သည် ရွာတစ်ပါးသို့လည်းကောင်း, တောသို့လည်းကောင်း သွား၍ ငါသေသောအခါ၌ လာ၍ အဖအမွေဖြစ်သော မင်း၏အဖြစ်ကို ယူကြကုန်လော့ဟု ဆို၍ တစ်ဖန် နိမိတ်ဖတ်တတ်ကုန်သော ပုဏ္ဏားတို့ကိုခေါ်၍ မိမိ၏ အသက်အပိုင်းအခြားကို မေး၍ တစ်ဆယ့်နှစ်နှစ်သာ အသက်ရှည်လတ္တံ့ ဟု ကြား၍ သားတော်တို့ ဤနှစ်မှ တစ်ဆယ့်နှစ်နှစ် လွန်သဖြင့် လာ၍ ထီးဖြူကို ဆောင်းကြကုန် ဟု ဆို၏။

မောင်နှမ ၃-ဦး ထွက်ခွာကြ

ထိုသားတော်တို့သည် ကောင်းပြီ ဟု အဖကို ရှိခိုးလျက် ငိုကုန်လျက် ပြာသာဒ်မှ သက်ဆင်းကုန်၏။ သီတာ မင်းသမီးသည် အကျွန်ုပ်သည် မောင်တော်တို့နှင့်တကူ လိုက်ပါအံ့ ဟု အဖကိုရှိခိုး၍ ငိုကြွေးလျက် ထွက်၏။ မင်းသုံးပါးတို့သည် များစွာသော အခြံအရံရှိကုန်သည် ဖြစ်၍ ထွက်ကြကုန်၍ လူများတို့ကို ပြန်စေ၍ အစဉ်သဖြင့် ဟိမဝန္တာသို့ဝင်ကုန်၌ ပြည့်စုံသော ရေရှိသော ရလွယ်သော သစ်သီးကြီးငယ်ရှိသော တောအုပ်၌ ကျေင်းသင်္ခမ်း ဆောက်လုပ်၍ သစ်သီးကြီးငယ်ဖြင့် မျှကုန်လျှက် နေကြကုန်၏။ လက္ခဏ ပဏ္ဍိတ သုခမိန်သည်လည်းကောင်း သီတာဒေဝီသည်လည်းကောင်း ရာမသုခမိန်ကို တောင်းပန်၏။ နောင်တော်တို့သည် အကျွန်ုပ်တို့၏ အဖအရာ၌ တည်ကုန်၏။ ထို့ကြောင့် ကျောင်း၌သာလျှင် နေကုန်လော့၊ ကျွန်ုပ်တို့သည် သစ်သီကြီးငယ်ကို ဆောင်ယူ၍ နောင်တော်ကို လုပ်ကျွေးပါအံ့ဟု ဝန်ခံကုန်၏။ ထိုမှစ၍ ရာမပဏ္ဍိတသည် ထိုကျောင်း၌သာ နေ၏။ ရာမသုခမိန်မှ တစ်ပါးကုန်သော မောင်နှမနှစ်ယောက်တို့သည် သစ်သီးကြီးငယ်ကို ဆောင်ယူ၍ ထိုရာမသုခမိန်ကို လုပ်ကျွေးကြကုန်၏။

မင်းကြီးကံကုန်

ထိုမင်းသုံးပါးတို့သည် သစ်သီးကြီးငယ်ဖြင့် မျှနေကြကုန်စဉ် ဒသရထမင်းကြီးသည် သားတော် သမီးတော်တို့၌ စိုးရိမ်သဖြင့် ကိုးနှစ်မြောက်၌ လွန်လေ၏။

သားထွေး တောသွား အကြောင်းကြား

ထိုမင်း၏ သင်္ဂြိုဟ်ခြင်းကိစ္စကို ပြုစေ၍ မိဖုရားကြီးသည် မိမိ၏သားဖြစ်သော ဘာရတမင်းသားအား ထီးဖြူကို ဆောင်နှင်းကုန်လော့ ဟု ဆို၏။ အမတ်တို့သည် ထီးနန်းရှင်တို့ကား တော၌သာ ရှိကုန်၏ ဟု ဆိုကုန်၍ မပေးကုန်။ ဘာရတမင်းသားသည် ငါ၏ နောင်တော်ဖြစ်သော ရာမသုခမိန်ကို တောမှဆောင်၍ ထီးဖြူကို ဆောင်းစေအံ့ ဟု မင်းမြောက်တန်ဆာ ငါးပါးတို့ကိုယူ၍ အင်္ဂါလေးပါးရှိသော စစ်သည်ဖြင့် ရာမသုခမိန်၏ နေရာသို့သွား၍ မနီးမဝေး၌ သစ်တပ်တည်၍ ထိုသစ်တပ်၌နေ၍ နှစ်ယောက် သုံးယောက်ကုန်သော အမတ်တို့နှင့်တကွ လက္ခဏသုခမိန်၏ လည်းကောင်း, သီတာဒေဝီ၏ လည်းကောင်း တောသို့ သွားသောအခါ၌ ကျောင်းသင်္ခမ်းသို့ဝင်၍ ကျောင်းသင်္ခမ်းတံခါး၌ ထားအပ် ရွှေဆင်းတုကဲ့သို့ ရွံရှားခြင်းမရှိဘဲ ချမ်းသာစွာနေသော ရာမသုခမိန်သို့ကပ်၍ ရှိခိုး၍ တင့်အပ်သောအရာ၌ တည်လျှက် မင်း၏ အကြောင်းကို ကြား၍ အမတ်တို့နှင့်တကွ ခြေတို့၌ဝပ်၍ ငို၏။ ရာမသုခမိန်ကား မစိုးရိမ် မငိုကြွေး၊ ထိုရာမသုခမိန်အား ဣန္ဒြေ၏ ဖောက် ပြန်ခြင်းသည် မဖြစ်။

ညီနှင့်နှမတို့ကို ပြောပြပုံ

ဘာရတမင်းသားကား ငိုပြီး၍ နေသောအခါဝယ် ညချမ်းအခါ၌ ရာမသုခမိန်မှ တစ်ပါးကုန်သော မောင်နှမ နှစ်ယောက်တို့သည် သစ်သီးကြီးငယ်ကိုယူ၍ လာကုန်၏။ ရာမသုခမိန်သည် ကြံ၏။ ငါ့ညီ, ငါ့နှမတို့သည် ငယ်ကုန်၏။ ဤငါ့ညီ ငါ့နှမတို့အား ငါကဲ့သို့ အဆင်အခြင် အသိမ်းဆည်း ပညာသည် မရှိကြ၊ သင်တို့၏ ခမည်းတော်သည် သေခဲ့၏ ဟု အဆောတလျင် ပြောဆိုသည်ရှိသော် စိုးရိမ်ခြင်းကို တည်တံ့စေခြင်းငှာ မတတ်နိုင်ကုန်သည် ဖြစ်၍ ထို ငါ့ညီ, ငါ့နှမတို့၏ နှလုံးသည် ကွဲရာ၏တကား၊ ဥပါယ် တံမျဉ်ဖြင့် ထိုသူတို့အား ရေသို့ သက်ဆင်းစေ၍ ဤအကြောင်းကို ကြာအံ့ဟု ကြံ၏။ ထိုသို့ ကြံပြီး၍ ထိုမောင်နှမ နှစ်ယောက်တို့၏ ရှေ့မှု ရေကန်တစ်ခုကိုပြ၍ သင်တို့သည် အလွန်ကြာမှ လာကုန်၏။ သင်တို့အား ဤသို့ ဒဏ်ပေးခြင်းသည် ဖြစ်စေလော့၊ ဤရေကန်သို့ သက်ဆင်း၍ တည်ကြကုန်ဟု ဒဏ်ပေးလိုရကား-

၈၄။ ဧထ လက္ခဏ သီတာ စ၊ ဥဘော ဩတရထောဒကံ။

ဟူသော ထက်ဝက်သော ရှေးဦးသော ဤဂါထာကို ဆို၏။

၈၄။ ဘောန္တော လက္ခဏသီတာ၊ အို လက္ခဏ, သီတာတို့။ ဧထ၊ လာကြကုန်။ ဥဘော၊ နှစ်ယောက်ကုန်သော သင်တို့သည်။ ဥဒကံ၊ ရေကန်သို့။ ဩတရထ၊ သက်ဆင်းကြကုန်။

ထိုမောင်နှမ နှစ်ယောက်တို့သည် တစ်ခွန်းတည်းသော စကားဖြင့် ရေကန်သို့ သက်ဆင်းကြကုန်၏။ ထိုအခါ ထိုသူ နှစ်ယောက်တို့အား ခမည်းတော်၏ အကြောင်းကို ကြားလိုသော ရာမပဏ္ဍိတသည်-

ဧဝါယံ ဘရတော အာဟ၊ ရာဇာ ဒသရထော မတော။

ဟူသော ကြွင်းသော ထက်ဝက်သော ဤဂါထာကို ဆို၏။

၈၄။ ဒသရထော၊ ဒသရထ အမည်ရှိသော။ ရာဇာ၊ ခမည်းတော်မင်းကြီးသည်။ မတော၊ နတ်ရွာလား၏။ ဧဝံ၊ ဤသို့။ အယံ ဘရတော၊ ဤဘရတ မင်းသားသည်။ အာဟ၊ ဆို၏။

ထိုမောင်နှမ နှစ်ယောက်တို့သည် အဖ၏ နတ်ရွာလားကြောင်း စကားကို ကြား၍ မိန်းမောကုန်၏။ တစ်ဖန်လည်း ထိုမင်းနှစ်ပါးတို့အား ပြောကြား၏။ တစ်ဖန်လည်း ထိုမင်းနှစ်ပါးတို့သည် မိန်းမောကုန်၏။ ဤသို့လျှင် သုံးကြိမ်မြောက်အောင် မိန်းမောသော အဖြစ်သို့ ရောက်ကုန်သော ထိုမင်းနှစ်ပါးတို့ကို အမတ်တို့သည် ချီ၍ ရေမှ ထုတ်ဆယ်၍ သက်သာရာကို ရစေကုန်၏။ ထိုအလုံးစုံသော သူတို့သည် အချင်းချင်း ငိုကြွေးမြည်တမ်းကုန်၏။

အဘယ့်ကြောင့် မငိုသနည်း

ထိုအခါ ဘရတမင်းသားသည် ကြံ၏။ ငါ၏ နောင်တော်ဖြစ်သော လက္ခဏမင်းသားသည်လည်းကောင်း, နှမတော်ဖြစ်သော သီတာဒေဝီသည်လည်းကောင်း ခမည်းတော်၏ နတ်ရွာလားကြောင်း စကားကိုကြား၍လျှင် စိုးရိမ်ခြင်းကို တည်တံ့စေခြင်းငှာ မတတ်နိုင်ကြကုန်၊ နောတော် ရာမပဏ္ဍိတသည်ကား မစိုးရိမ် မငိုကြွေး၊ ထိုရာမပဏ္ဍိတ၏ မစိုးရိမ်ခြင်းအကြောင်းကား အသို့နည်း၊ ထိုရာမသုခမိန်ကို မေးအံ့ ဟု ကြံ၍ ထိုဘတရတမင်းသားသည် ထိုရာမသုခမိန်ကို မေးလိုရကား-

၈၅။ ကေန ရာမပ္ပဘာဝေန၊ သောစိတဗ္ဗံ န သောစသိ။
ပိတရံ ကာလင်္ကတံ သုတွာ၊ န တံ ပသဟတေ ဒုက္ခံ။

ဟူသော နှစ်ခုမြောက်သော ဤဂါထာကို ဆို၏။

၈၅။ ရာမ၊ ရာမအမည်ရှိသော။ ဒေဝ၊ အရှင်မင်းကြီး။ ကေန ပဘာဝေန၊ အဘယ်အာနုဘော်ကြောင့်။ သောစိတဗ္ဗံ၊ စိုးရိမ်အပ်သည်ကို။ န သောစသိ၊ မစိုးရိမ်သနည်း။ ပိတရံ၊ ဓမည်းတော်၏။ ကာလင်္ကတံ၊ နတ်ရွာလားသည်ကို။ သုတွာ၊ ကြားရ၍။ တံ၊ သင်နေနောင်တော်ကို။ ဒုက္ခံ၊ စိုးရိမ်ခြင်းဆင်းရဲသည်။ ကထံ ကေန ကာရဏေန၊ အဘယ်အကြောင်းကြောင့်။ န ပသဟတေ၊ မနှိပ်စက်အပ်သနည်း။

မငိုခြင်း အကြောင်းများ

ထိုအခါ၌ ထိုဘရတမင်းသားအား ရာမသုခမိန်သည် မစိုးရိမ်ခြင်းအကြောင်းကို ပြောလိုရကား-

၈၆။ ယံ န သက္ကာ နိပါလေတုံ၊ ပေါသေန လပတံ ဗဟုံ။
သ ကိဿ ဝိညူ မေဓာဝီ၊ အတ္တာန မုပတာပယေ။
၈၇။ ဒဟရာ စ ဟိ ဝုဒ္ဓါစ၊ ယေ ဗာလာ ယေ စ ပဏ္ဍိတာ။
အဍ္ဎာ စေဝ ဒလိဒ္ဒါ စ၊ သဗ္ဗေ မစ္စုပရာယဏာ။
၈၈။ ဖလာနမိဝ ပက္ကာနံ၊ နိစ္စံ ပတနတော ဘယံ။
ဧဝံ ဇာတာနမစ္စာနံ၊ နိစ္စံ မရဏတော ဘယံ။
၈၉။ သာယမေက န ဒိဿန္တိ၊ ပါတော ဒိဋ္ဌာ ဗဟုဇ္ဇနာ။
ပါတော ဧကေ န ဒိဿန္တိ၊ သာယံ ဒိဋ္ဌာ ဗဟုဇ္ဇနာ။
၉၀။ ပရဒေဝယမာနော စေ၊ ကိဉ္စိဒတ္ထံ ဥဒဗ္ဗဟေ။
သံမူဠှော ဟိံသမတ္တာနံ၊ ကယိရာ တံ ဝိစက္ခဏော။
၉၁။ ကိသော ဝိဝဏ္ဏော ဘဝတိ၊ ဟိံသမတ္တာနမတ္တနော။
န တေန ပေတာ ပါလေန္တိ၊ နိရတ္ထာ ပရိဒေဝနာ။
၉၂။ ယထာ သရဏမာဒိတ္တံ၊ ဝါရိနာဝ နိဗ္ဗာပယေ။
ဧဝမ္ပိ ဓီရော သုတဝါ၊ မေဓာဝီ ပဏ္ဍိတော နရော။
ခိပ္ပမုပ္ပတ္တိတံ သောကံ၊ ဝါတော တူလံဝ ဓံသယေ။
၉၃။ မစ္စော ဧကောဝ အစ္စေတိ၊ ဧကောဝ ဇာယတေ ကုလေ။
သံယောဂပရမာတွေဝ၊ သမ္ဘောဂါ သဗ္ဗပါဏိနံ။
၉၄။ တသ္မာဟိ ဓီရဿ ဗဟုဿုတဿ၊
သမ္ပဿတော လောကမိမံ ပရဉ္စ။
အညာယ ဓမ္မံ ဟဒယံ မနဉ္စ၊
သောကာ မဟန္တာပိ န တာပယန္တိ။
၉၅။ ဘောဟံ ဒဿဉ္စ ဘောက္ခဉ္စ၊ ဘရိဿာပိ စ ဉာတကေ။
သေသဉ္စ ပါလယိဿာမိ၊ ကိစ္စမေတံ ဝိဇာနတော။

ဟူသော ဤဆယ်ဂါထာကို ဆို၏။

သေကြရမှာချည်း

၈၆။ တာတ ဘရတ၊ ညီထွေး ဘရတ။ ပေါသေန၊ ယောက်ျားသည်။ ဗဟုံ၊ များစွာ။ လပတံ-လပန္တာနံ၊ ငိုမြည်တမ်းသောသူတို့တွင်။ ဧကေနပိ၊ တစ်ယောက်မျှသည်လည်း။ ယံ၊ အကြင် ဇီဝိတိန္ဒြေသည်။ အတ္ထိ၊ ရှိ၏။ တံ၊ ထိုဇီဝိတိန္ဒြေကို။ နိပါလေတုံ၊ စောင့်ခြင်းငှာ။ န သက္ကာ၊ မတတ်နိုင်။ အထ၊ ထိုသို့ဖြစ်လျက်။ ကိဿ၊ အဘယ်ကြောင့်။ ဝိညူ၊ သိကြားလိမ္မာသော။ မေဓာဝီ၊ ပညာရှိသော။ သော၊ ထိုသူသည်။ အတ္တာနံ၊ မိမိကိုယ်ကို။ ဥပတာပယေ၊ ပူပန်စေအံ့နည်း။

၈၇။ တာတ ဘရတ၊ ငါ့ညီ ဘရတ။ ယေ ဒဟရာ စ၊ အကြင်သူငယ်တို့သည်လည်းကောင်း။ ယေ ဝုဒ္ဓါ စ၊ အကြင် ကြီးသူတို့သည်လည်းကောင်း။ ယေ ဗာလာ စ၊ အကြင်သူမိုက်တို့သည်လည်းကောင်း။ ယေ ပဏ္ဍိတာစ၊ အကြင်ပညာရှိတို့သည်လည်းကောင်း။ ယေ အဍ္ဎာ စေဝ၊ အကြင် ကြွယ်ဝသော သူတို့သည်လည်းကောင်း။ ယေ ဒလိဒ္ဒါ စ၊ အကြင်သူဆင်းရဲတို့သည်လည်းကောင်း။ အတ္ထိ-သန္တိ၊ ရှိကုန်၏။ သဗ္ဗေ၊ အလုံးစုံသော သူတို့သည်။ မစ္စုပရာယနာ၊ သေမင်းခံတွင်း၌လျှင် လဲလျောင်းရာရှိကုန်၏။

ဖြစ်လျှင်ပျက်မည်

၈၈။ ပက္ကာနံ၊ မှည့်ကုန်သော။ ဖလာနံ၊ သစ်သီးတို့အား။ နိစ္စံ၊ အမြဲ။ ပတနတော၊ ကြွေကျခြင်းမှ။ ဘယံ၊ ဘေးသည်။ ဟောတိ ဣဝ၊ ဖြစ်သကဲ့သို့။ ဧဝံ၊ ဤအတူ။ ဇာတာနံ၊ ဖြစ်ကုန်သော။ မစ္စာနံ၊ သတ္တဝါတို့အား။ မရဏတော၊ သေခြင်းမှ။ နိစ္စံ၊ အမြဲ။ ဘယံ၊ ဘေးသည်။ ဟောတိ၊ ဖြစ်၏။

နေ့မြင်ညပျောက်

၈၉။ ကဏိဋ္ဌ၊ ညီထွေးအငယ်။ ပါတော၊ နံနက်မှ။ ဗဟုဇ္ဇနာ၊ များစွာကုန်သော သူတို့ကို။ ဒိဋ္ဌာ၊ မြင်အပ်ကုန်၏။ တေသု၊ ထိုနံနက်၌ မြင်သောသူတို့တွင်။ ဧကေ၊ အချို့သောသူတို့ကို။ သာယံ၊ ညဉ့်အခါ၌။ န ဒိဿန္တိ၊ မမြင်ကုန်။ ဗဟုဇ္ဇနာ၊ များစွာသောလူတို့ကို။ သာယံ၊ ညချမ်းအခါ၌။ ဒိဋ္ဌာ၊ မြင်အပ်ကုန်၏။ တေသု၊ ထိုညဉ့်၌မြင်သော သူတို့တွင်။ ဧကေ၊ အချို့သော သူတို့ကို။ ပါတော၊ နံနက်အခါ၌။ န ဒိဿန္တိ၊ မမြင်ကုန်။

၉၀။ စေ၊ အကယ်၍။ ပရိဒေဝယမာနော၊ ငိုကြွေးသောသူသည်။ အတ္တာနံ၊ မိမိကိုယ်ကို။ ဟိံသံ-ဟိံသန္တော၊ ညှဉ်းဆဲသည် ဖြစ်၍။ သံမူဠှော၊ တွေဝေသည်ဖြစ်၍။ ကိဉ္စိ၊ တစ်စုံတစ်ခုသော။ အတ္ထံ၊ အကျိုးစီးပွားကို။ ဥဒ၊ စင်စစ်။ အဗ္ဗဟေ-အာဝဟေ အာဟရေယျ၊ ဆောင်ငြားအံ့။ တံ၊ ငိုကြွေးခြင်းကို။ ဝိစက္ခဏော၊ ပညာရှိသည်။ ကယိရာ၊ ပြုရာ၏။

ကိုယ်ကို မညှဉ်းဆဲ

၉၁။ ပရိဒေဝေန၊ ငိုသဖြင့်။ အတ္တနော၊ မိမိ၏။ အတ္တာနံ၊ အတ္တဘောကို။ ဟိံသံ-ဟိံသန္တော၊ ညှဉ်းဆဲသည်ဖြစ်၍။ ကိသော၊ ကြုံလှီသည်။ ဝိဝဏ္ဏော၊ အဆင်းမလှသည်။ ဘဝတိ၊ ဖြစ်၏။ တေန၊ ထိုသို့ငိုသဖြင့်။ ပေတာ၊ တမလွန်ဘဝသို့သွားသောသူတို့သည်။ န ပါလေန္တိ၊ မစောင့်ပေကုန်။ တေန၊ ထို့ကြောင့်။ ပရိဝေဒနာ၊ ငိုကြွေးခြင်းသည်။ နိရတ္ထာ၊ အကျိုးမရှိ။

၉၂။ ကဏိဋ္ဌ၊ ညီထွေး။ ယထာ၊ ဥပမာကား။ သရဏံ၊ နေရာအိမ်ကို။ အာဒိတ္တံ၊ မီးလောင်သည်ရှိသော်။ ဝါရိနာ၊ ရေအိုး အရာအထောင်ဖြင့်။ နိဗ္ဗာပယေ ဣဝ၊ ငြိမ်းစေသကဲ့သို့။ ဧဝမ္ပိ၊ ဤအတူလည်း။ ဓီရော၊ မြဲမြံတည်ကြည်သော။ သုတဝါ၊ အကြားအမြင်ရှိသော။ ပဏ္ဍိတော၊ ပညာရှိသော။ နရော၊ လူသည်။ ဥပ္ပတိတံ၊ ဖြစ်သော။ သောကံ၊ စိုးရိမ်ခြင်းကို။ ခိပ္ပံ၊ လျင်စွာ။ နိဗ္ဗာပယေ၊ ငြိမ်းစေရာ၏။ ဝါတော၊ လေသည်။ တူလံ၊ လဲကို။ ဓံသယေ ဣဝ၊ လွှင့်သကဲ့သို့။ သောကံ၊ စိုးရိမ်ခြင်းကို။ ဓံသယေ၊ လွှင့်ဖျောက်ရာ၏။

တစ်ယောက်တည်း လာရ-သွားရ

၉၃။ တာတ ဘရတ၊ အမောင်ဘရတ။ မစ္စော၊ သတ္တဝါသည်။ ဧကောဝ၊ တစ်ယောက် တည်းသာလျှင်။ အစ္စေတိ၊ လွန်ရ၏။ ဧကောဝ၊ တစ်ယောက်တည်းသာလျင်။ ကုလေ၊ အမျိုးလေးပါး၌။ ဇာယတေ၊ ဖြစ်၏။ သဗ္ဗပါဏိနံ၊ အလုံးစုံသော သတ္တဝါတို့အား။ သံယောဂပရမာတွေဝ၊ အဆွေအမျိုးနှင့် စပ်ယှဉ်ခြင်းသည်သာလျှင် အလွန်ဖြစ်ကုန်၏။ သမ္ဘောဂါ ဧဝ၊ အဆွေအမျိုးဟု သုံးဆောင်ခြင်းသာလျှင် ရှိကုန်၏။

၉၄။ တသ္မာ ဟိ၊ ထို့ကြောင့်လျှင်။ ဗဟုသုတဿ၊ များသော အကြားအမြင်ရှိသော။ ဣမဉ္စ လောကံ၊ ဤပစ္စုပ္ပန်လောကကိုလည်းကောင်း။ ပရလောကဉ္စ၊ တမလွန်လောကကိုလည်းကောင်း။ သမ္ပဿတော၊ မျာစွာရှုမြင်သော။ ဓီရဿ၊ ပညာရှိအား။ ဓမ္မံ၊ လောကဓံတရား ရှစ်ပါးကို။ အညာယ၊ သိ၍။ ဟဒယဉ္စ၊ ဟဒယဝတ္ထုကိုလည်းကောင်း။ မနဉ္စ၊ စိတ်ကိုလည်းကောင်း။ မဟန္တာပိ၊ များစွာလည်း ဖြစ်ကုန်သော။ သောကာ၊ စိုးရိမ်ခြင်းတို့သည်။ န တာယန္တိ၊ မပူပန်စေနိုင်ကုန်။

၉၅။ သော အဟံ၊ ထိုငါသည်။ ဒဿဉ္စ၊ အလှူဒါန, ရာထူးဌာနန္တရ, အခြံအရံကိုလည်း။ ဒဿယမိ၊ ပေးအံ့။ ဘောက္ခဉ္စ၊ စည်းစိမ်ဥစ္စာကိုလည်း။ ပရိဘုဉ္ဇိဿာမိ၊ အဖသုံးဆောင်သောနည်းဖြင့် သုံးဆောင်အံ့။ ဉာတကေ စ၊ အဆွေအမျိုးတို့ကိုလည်း။ ပေါသေဿာမိ၊ လုပ်ကျွေး မွေးမြူအံ့။ သေသဉ္စ၊ ကြွင်းသောသူ ခပ်သိမ်းကိုလည်း။ ပါလယိဿာမိ၊ ကောင်းစွာ စောင့်ရှောက်အံ့။ ဝိဇာနတော၊ သိသောသူအား။ ဧတံကိစ္စံ၊ ဤစောင့်ရှောက်ခြင်းကိစ္စသည်။ အနုရူပံ၊ လျော်၏။

ဤဆယ်ဂါထာတို့ဖြင့် အမြဲမရှိသော အဖြစ်ကို ပြတော်မူ၏။ ပရိသတ်တို့သည် ရာမပဏ္ဍိတ၏ ဤသို့ အမြဲမရှိသော အဖြစ်ကိုပြသော ဓမ္မဒေသနာတော်ကို ကြားနာရ၍ စိုးရိမ်ခြင်းကင်းကြကုန်၏။

တိုင်းပြည်ကိုအပ်နှင်းခြင်း

ထို့နောင်မှ ဘရတမင်းသားသည် ရာမပဏ္ဍိတကို ရှိခိုး၍ ဗာရာဏသီပြည်ကို နောင်တော်တို့သည် ဝန်ခံမူပါကုန် ဟု လျှောက် ကြားလျှင် အမောင်ညီထွေး ညီတော်အလတ် လက္ခဏကိုလည်းကောင်း, သီတာဒေဝီကိုလည်းကောင်း ခေါ်၍ ပြည်ကိုဆုံးမလကုန် ဟု ဆိုလတ်သော် အရှင်မင်းကြီး အရှင်မင်းကြီးတို့သည် အသို့ပြုကုန်အံ့နည်း ဟု လျှောက်ဆိုသည်ရှိသော် ညီထွေး ငါ့အဖသည် တစ်ဆယ့်နှစ်နှစ် လွန်သဖြင့်လာ၍ ပြည်ကို မင်းပြုရစ်လော့ ဟု ငါ့ကို မှာတော်မူခဲ့၏။ ငါသည် ယခု သွားချေသော် အဖ၏စကားကို နားမထောင်သည်မည်ရာ၏။ ဤနှစ်မှစ၍ သုံးနှစ်လွန်သဖြင့် လာခဲ့အံ့ ဟု မိန့်တော်မူလေလျှင် သုံးနှစ်သော ကာလပတ်လုံး အဘယ်သူသည် ပြည်ကို မင်းပြုလိမ့်မည်နည်း ဟု ဘရတမင်းသားက မေးလျှောက်သည်ရှိသော် ငါ့ညီထွေး သင်တို့သည် ပြည်ကို မင်းပြုကြကုန် ဟု မိန့်တော်မူလျှင် အကျွန်ုပ်တို့သည် မင်းမပြုပါကုန် ဟု လျှောက်ကြကုန်သော် ထိုသို့ မင်းမပြုလိုကုန်ကြသည်ဖြစ်မူ ငါလာသည့်တိုင်အောင် ဤမြက်ခြေနင်းတို့သည် မင်းပြုကုန်လတ္တံ့ ဟု ဘုရားလောင်း၏ မြက်ခြေနင်းတို့ကို ချွတ်၍ ပေးလိုက်၏။

သုံးနှစ်ကြာသော် မင်းပြုပြီ

ထိုမင်းသားသုံးပါးတို့သည်လည်း ခြေနင်းတို့ကိုယူကုန်၍ ရာမသုခမိန်ကိုရှိခိုး၍ လူများအပေါင်းခြံရံလျှက် ဗာရာဏသီပြည်သို့ ပြန်ကြလေကုန်၏။ ပြည်သို့ရောက်လျှင် သုံးနှစ်တို့ပတ်လုံး ခြေနင်းတို့သည် ပြည်ကိုမင်းပြုကုန်၏။ အမတ်တို့သည် မြက်ခြေနင်းတို့ကို ရာဇပလ္လင်၌ထား၍ တရားကို ဆုံးဖြတ်ကုန်၏။ မကောင်းသဖြင့် ဆုံးဖြတ်သည်ရှိသော် ခြေနင်းတို့သည် အချင်းချင်း တိုက်ခတ်ကုန်၏။ ထိုအမှတ်ဖြင့် တဖန် ဆုံးဖြတ်ကုန်၏။ ကောင်းစွာ ဆုံးဖြတ်မိသည်ဖြစ်အံ့၊ ခြေနင်းတို့သည် အသံမရှိကုန်သည်ဖြစ်၍ ငြိမ်သက်စွာ တည်ကုန်၏။ ရာမသုခမိန်သည် သုံးနှစ်တို့ကိုလွန်သဖြင့် တောမှထွက်၍ ဗာရာ ဏသီပြည်သို့ရောက်၍ ဥယျာဉ်သို့ ဝင်တော်မူ၏။

ထိုရာမမင်းကြီး၏ လာသောအဖြစ်ကိုသိ၍ မင်းသားတို့သည် အမတ်အပေါင်းခြံရံကုန်လျှက် ဥယျာဉ်သို့သွား၍ နှမတော် သီတာဒေဝီကို မိဖုရားကြီးပြု၍ မင်းမိဖုရား နှစ်ယောက်တို့အား အဘိသိက်သွန်းကုန်၏။ ဤသို့ အဘိသိက်သွန်းခြင်းသို့ ရောက်သော ဘုရားလောင်းသည် တန်ဆဆင်သော ရထား၌တည်၍ များစွာသော အခြံအရံဖြင့် မြို့သို့ ဝင်တော်မူ၍ လက်ယာရစ်လှည့်၍ အနှစ်တစ်သောင်း ခြောက်ထောင်တို့ပတ်လုံး တရားနှင့်အညီ ပြည်ကို မင်းပြု၍ အသက်၏အဆုံး၌ နတ်ပြည်ကို ပြည့်စေ၏။

သဗ္ဗညူ မြတ်စွာဘုရားသည် ဘုရားအဖြစ်သို့ ရောက်တော်မူ၍-

၉၆။ ဒသဝဿ သဟဿာနိ၊ သဋ္ဌိဝဿသတာနိ စ။
ကမ္ဗုဂီဝေါ မဟာဗာဟု၊ ရာမော ရဇ္ဇမကာရယိ။

ဟူသော အဆုံးဖြစ်သော ဤဂါထာကို ဟောတော်မူ၏။

၉၆။ ဘိက္ခဝေ၊ ရဟန်းတို့။ ကမ္ဗုဂီဝေါ၊ ရွှေမရိုးစည်နှင့်တူသော လည်တော်ရှိတော်မူသော။ မဟာဗာဟု၊ ကြီးသော လက်ရုံးအားလည်း ရှိတော်မူထသော။ ရာမော၊ ရာမမင်းသည်။ ဒသဝဿ သဟဿာနိ၊ အနှစ်တစ်သောင်းတို့ပတ်လုံး လည်းကောင်း။ သဋ္ဌိဝဿသတာနိ၊ အနှစ်ခြောက်ထောင်တို့ပတ်လုံး လည်းကောင်း။ ရဇ္ဇံ၊ ဗာရာဏသီပြည်၌ မင်းအဖြစ်ကို။ အကာရယိ၊ ပြုတော်မူ၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤသို့ ဓမ္မဒေသနာကို ဆောင်တော်မူ၍ သစ္စာတို့ကို ပြတော်မူပြီး၍ ဇာတ်ကို ပေါင်းတော်မူ၏။ သစ္စာတို့ကို ပြတော်မူပြီးသည်အဆုံး၌ သူကြွယ်သည် သောတာပတ္တိဖိုလ်၌တည်၏။ ထိုရာမမင်း ဖြစ်တော်မူသောအခါ၌ ဒသရထမင်းကြီးသည် သိရီသုဒ္ဓေါဒနမင်းကြီး ဖြစ်လာ၏။ မယ်တော်သည် မယ်တော်မာယာမိဖုရား ဖြစ်လာ၏။ နှမတော် သီတာဒေဝီသည် ရာဟုလာမယ်တော် ဖြစ်လာ၏။ ဘရတမင်းသားသည် အာနန္ဒာဖြစ်လာ၏။ ညီတော်လက္ခဏသည် သာရိပုတ္တရာ ဖြစ်လာ၏။ ရာမမင်းကြီး၏ ပရိသတ်တို့သည် ငါဘုရား ပရိသတ်ဖြစ်လာကုန်၏။ ရာမသုခမိန်သည်ကား ငါဘုရားဖြစ်လာ၏။ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

မိဘစကား၊ နားထောင်ငြား၊ သံပြားကျောက်စောင်း ကျိုသော်ပျောင်း

ခုနစ်ခုမြောက်သော ဒသရထဇာတ်သည်ပြီး၏။

*****