ထူးထွေလည်ဆန်းစွလေ-ချီ လူးတား

From Wikisource
Jump to navigation Jump to search
"ထူးထွေလည်ဆန်းစွလေ"ချီ လူးတား
by နဝဒေး

ထူးထွေလည်ဆန်းစွလေ ။
သံခြေပျံ့ပြူး လင်္ကာကျူးပိမ့် တန်ခူးအစ စိတြနှင့် မိဿခေါ်ညွန်း ရေသွန်းပွဲတော် ကံ့ကော်ရင်ခတ် ပွင့်မြဲမှတ်လော့ လမြတ်ပြိဿ ကဆုန်လဝယ် ကြယ်ဝိသာခါ ရောင်ဝါလျှံမြူး ကွမ်းဖူးစကား ကြိုင်ပျံ့ရှားသည် ပွဲကားညောင်ရေ တထွေနယုန် မေထုန်ခေါ်ကြ ထိုသည်လဝယ် ဇေဌရွှေကြယ် ရောင်လျှံကယ်သည် စံပယ်မုလေး စာမေးသဘင် ထိုပြင်တထူး ဝါဦးခေါ်မှတ် ကရကဋ်လက် ပြုိးပြက်ရောင်ဝှန် ပြုပ္ပါသန်နှင့် နတ်မွန်ပျော်စက် ပုန်းညက်ကြာခိုင် ကြူလှိုင်ပျံ့သင်း ပဉ္ဇင်းတော်ပွဲ ညံမစဲသည် ရိုက်နွှဲကျွေးကြော်ကာတည့်လေ ။
သံသာတည့်ကျူးအေး တခြေးခြေး ။

ဖူးဝေစည်လန်းလှလေ ။
သပြေပင်ဝန်း ဇမ္ဗူကျွန်းထက် မော်ကွန်းတစောင် စိုက်လွှတ်ထောင်ပိမ့် ဝါခေါင်ခေါ်ညီ သိန်ရာသီ၌ ခတ္တရီခတ္တာ နတ်မှာညီနောင် လျှံပြောင်ကဲလွန် သရဝဏ်နှင့် စာရေးတန်ပွဲ လှူမြဲရွှင်ပျော် တော်သလင်းလ ကန်လက်ကျမူ ပုပ္ဗကြိုင်မွန်း ရွှေပန်းယင်းမာ ပြုပ္ပါဘဒြပိုက် ခါလိုက်ပျော်မြဲ လှေပွဲသဘင် ထို့ပြင်တတည် ငါးမည်ရွှေကြာ ကြိုင်လှာပျံ့သင်း သီတင်းကျွတ်လျက် တူလက်ခေါ်ကြ အသဝနီ ပြည့်လာညီသည် စဉ်စီခင်းကျင်း ဝင်းလေးမျက်နှာ ညီလာခံမြဲ ခဝဲရွှေရောင် တန်ဆောင်မုန်းရက် လက်ကားဗြိစ္ဆာ ကြတ္တိကာနှင့် ရောင်ဝါလျှံညီး ဆီမီးမြင့်မို ကြည်ညိုမြတ်နိုး မသိုးသင်္ကန်း ကျွတ်ဆုမှန်းသည် ရွှေကျွန်းနိဗ္ဗုတာတည့်လေ ။
မကြာတည့်မနှေး ရောက်မည်ရေး ။

ဖြူးလေပြည်ဖြန်းစလေ ။
ဟေမန်ဆောင်းရက် ဓနုလက်နှင့် ပြိုးပြက်လျှံထိန် ဆင်ရာတိမ်လည်း သွန်းချိန်ကာလ သစ်ခွပန်းတင် သဇင်ပန်းပေါ် နတ်တော်ရာသီ မိဂသီနက္ခတ် ဝေဒတ္တရ ကျမ်းမှအလာ မဟာပိန္နဲ ဆင်ပွဲသဘင် ထိုပြင်တသွယ် ရွှေကြယ်ဖုသျှ မကာရဟု ဆောင်းလပြာသို ခွါညိုပွင့်ကာ သာယာပိခြင်း မြင်းခင်းတော်ပွဲ သဘင်စဲက ပေါက်လဲဆူးပန်း ပြိုင်မွှန်းပျံ့လာ ရာသီကုံလက် နက္ခတ်မာသ လတပို့တွဲ လှူမြဲယာဂု နွေရောက်လုသော် ဖဂ္ဂုနက္ခတ် လမြတ်တပေါင်း ရက်ကောင်းခေါ်ညီ မိန်ရာသီဟု သရဖီပိတောက် ဖူးညှောက်ကင်းငုံ သဲပုံစေတီ ယာယီဘုရား တည်ထားကိုးကွယ် ပြည့်ကြွယ်ထွန်းပ ဂါမနိဂုံး ပတ်ကုံးဝန်းမြှောင် တောတောင်ကြည်းရေ အထွေထွေကို ဗိုလ်ခြေသီးသီး ရှုမညီးသည် ပြည်ကြီးလွန်သာယာတည့်လေ ။
ယာမာတည့်ဆိုရေး ပုံမဝေး ။